← Chapters

အခန်း (၂၇၂၂)

Vol. 116 Ch. 2722

အခန်း (၂၇၂၂)

Vol. 116 Ch. 2722

ရန်ကိုင်သည် သူထွက်မသွားခင် ဤကောင်လေးမှာ ဆေးလုံးတောင်ကြား၏ တပည့်တစ်ဦးဖြစ်ကာ ဆေးလုံးမဟာဧကရာဇ်၏ တပည့်တစ်ဦးဖြစ်သည်ဟု ကျုချင်းအား ပြောသွားခဲ့လေသည်။

သူမ ဤကောင်လေးအား ပါးရိုက်လိုက်သည့်အတွက်ကြောင့် ဖြစ်လာမည့် ပြဿနာများသည် သူတို့အထက်ကောင်းကင်နန်းတော်ဆီသို့သာ ရောက်လာကြပေလိမ့်မည်။ သို့သော်ငြား ကျုချင်း စိတ်ပူနေသည်မှာ ထိုကိစ္စမဟုတ်။ သူမ၏ လုပ်ရပ်ကြောင့် ရန်ကိုင် ဒေါသထွက်သွားခဲ့ပြီး သူမ၏တာဝန်အား ပြီးဆုံးအောင် မလုပ်နိုင်တော့မည်ကိုပင်။

ထို့အတွက်ကြောင့် ကျုချင်းမှာ ထိုအကြောင်းကိုတွေးရင်း အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ သို့သော်ငြား ထိုကောင်လေးမှ သူမအား အတင်းအကြပ် အသားယူရန် ကြိုးစားလာသည်ကိုလည်း သူမအနေဖြင့် မည်သို့မှ သည်းမခံနိုင်ပေ။

“အဲ့ခွေးမရိုက်လိုက်တာ ငါ သေခါနီးပဲ… ဒါလေးကိုတောင် မင်း မမြင်နိုင်ဘူးလား…” လူငယ်လေးက သွေးရူးသွေးတမ်းဖြင့် အော်ပြောလိုက်လေသည်။

“အိုး… ဟုတ်လား…” ရန်ကိုင်သည် လူငယ်လေးအား အံ့ဩတကြီးဖြင့် ကြည့်လျက် သူ့နားသို့ လက်ယပ်ခေါ်လိုက်လေ၏။ “ငါ့နားကို တစ်ချက်လောက် လာခဲ့ပါလား… ငါ သေသေချာချာလေး ကြည့်လို့ရအောင်လို့…”

လူငယ်လေးသည် မြောက်ကြွမြောက်ကြွဖြင့် ရန်ကိုင်ဆီသို့ လျှောက်သွားလေ၏။ ထို့နောက် သူ့ပါးပြင်ကို ရန်ကိုင်သေချာမြင်နိုင်အောင် ရှေ့သို့ထိုးပြလျက် ပြောလိုက်လေ၏။ “ဒီမှာကြည့်… ငါ့မျက်နှာမှာ သူ့လက်ချောင်းရာတွေ အထင်းသားကြီးပဲ… ဒီကိစ္စကို မင်း သေသေချာချာ မဖြေရှင်းပေးနိုင်ဘူးဆိုရင် ငါ ဒီကိစ္စကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး…”

ရန်ကိုင်သည် လီရွှမ်း၏ဒဏ်ရာကို သေသေချာချာလေး စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ခေါင်းတညိတ်ညိတ်လုပ်၍ သူ့လက်ကိုမြှောက်ကာ လူငယ်လေး၏ပါးပြင်ကို အားရပါးရ ရိုက်ချလိုက်လေ၏။

“ဖြန်း…”

လီရွှမ်း လေထဲ လွင့်ပျံတက်သွားခဲ့ပြီး ကျွမ်းသုံးလေးပတ်ထိုးကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။ ရန်ကိုင်၏ရိုက်ချက်ကြောင့် သူ့သွားတစ်ဝက်လောက် ကျွတ်ထွက်သွားခဲ့လေ၏။

မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက်တွင် လီရွှမ်းမှာ ကြယ်လများကို မြင်လိုက်ရသည့်အလား ထိုနေရာတွင်သာ ငေးကြောင်ကြောင်ကြီးဖြင့် ထိုင်နေလေ၏။ အချိန်အတော်ကြာမှသာ မူးဝေနေရာမှ အသိပြန်ဝင်လာနိုင်ခဲ့လေသည်။

ရန်ကိုင်၏လုပ်ရပ်ကြောင့် ဤနေရာတွင် ရှိနေကြသော အမျိုးသမီးအားလုံး မျက်လုံးအပြူးသား ဖြစ်သွားကုန်ကြလေ၏။

“နန်းတော်သခင်… ရှင်…” ဟွာချင်းစီမှာ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ ကျုချင်း၏ရိုက်ချက်ကြောင့် အထက်ကောင်းကင်နန်းတော် ပြဿနာတက်သွားနိုင်သည်ဆိုပါက အထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်သော ရန်ကိုင်၏ရိုက်ချက်သည် သူတို့နန်းတော်အား ပြဿနာတွင်းထဲသို့ တွန်းပို့လိုက်သည်နှင့် မခြားချေ။

ရန်ကိုင်သည် လက်ရှိအချိန်တွင် အထက်ကောင်းကင်နန်းတော်ကို ကိုယ်စားပြုနေသူတစ်ဦး ဖြစ်လေရာ သူ၏လုပ်ရပ်သည် ကျုချင်း၏လုပ်ရပ်ထက် ပိုမိုဆိုးရွားသော အကျိုးဆက်များကို ဖြစ်လာနိုင်စေပေသည်။ လက်ရှိ သူ့လုပ်ရပ်မှာ ဆေးလုံးတောင်ကြားအား ပွင့်ပွင့်လင်းလင်း စိန်ခေါ်လိုက်ခြင်းပင် မဟုတ်လေလော။

ထိုကြောက်မက်ဖွယ်ရာ ကိစ္စများအကြောင်းကို တွေးရင်း အထက်ကောင်းကင်နန်းတော်၏ မန်နေဂျာချုပ်ဖြစ်သော ဟွာချင်းစီမှာ ရုတ်တရက် အားကုန်ချင်သလို ဖြစ်လာခဲ့လေသည်။ သို့သော်ငြား မကြာမီ သူမ စိတ်သက်သာရာ ရသွားခဲ့လေ၏။ လီရွှမ်းဟုခေါ်သည့် လူငယ်လေး ကျွမ်းထိုးမှောက်ခုန်ဖြစ်သွားရသည်အထိ ပါးရိုက်ခံရသည်ကိုကြည့်ရင်း သူမစိတ်ထဲ အလွန်ကိုမှ နေလို့ထိုင်လို့ ကောင်းသွားခဲ့လေသည်။

ခွေးသူတောင်းစားကောင်သည် ဒီထက်မက ပိုအရိုက်ခံသင့်သည့် လူစားမျိုးဖြစ်သည်။

“နောက်တစ်ကြိမ် သူ့လိုလူတွေနဲ့တွေ့ရင် ဒီထက် ပြင်းပြင်းသာရိုက်…” ရန်ကိုင်က ကျုချင်းကိုကြည့်ရင်းမှ ပြောလိုက်သည်။

ကျုချင်းကမူ ကြောင်တောင်တောင်ဖြင့်သာ ခေါင်းညိတ်ပြလိုက်လေသည်။

နဂါးမလေးတစ်ဦး ဖြစ်သည့်အလျောက် ကျုချင်း၏ရုပ်ခွန်အားမှာ အလွန်ကိုမှ အားကောင်းလွန်းလှသည်။ ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် ကျုချင်းလက်ချက်ကြောင့် ဒုက္ခလှလှနှင့် တွေ့ခါနီး ဖြစ်သွားခဲ့ရသည်။ သူမသည်သာ သူမ၏ခွန်အား တစ်ဆယ်ရာခိုင်နှုန်းကိုသုံး၍ ရိုက်ခဲ့မည်ဆိုလျှင်ပင် လီရွှမ်းဆိုသည့်ကောင် တစ်ခါတည်း ပေါက်ကွဲထွက်သွားလောက်ပေပြီ။ ရန်ကိုင်ပြောခဲ့သည့် စကားများကြောင့်သာ ကျုချင်းမှာ သူမ၏လက်စကို ထိန်းထားခဲ့ခြင်းဖြစ်ပြီး တစ်ဖက်လူအား ဖွဖွလေး ရိုက်လိုက်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်သာမဟုတ်ပါက လီရွှမ်းအနေဖြင့် ယခုအချိန်ထိတိုင် အသက်ရှင်နေလိမ့်မည် မဟုတ်ပေ။

“မင်း… မင်း တကယ်ကြီး ငါ့ကို…” လီရွှမ်းမှာ အချိန်အတော်ကြာမှ အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်အား တုန်တုန်ရီရီဖြင့် လက်ညှိုးငေါက်ငေါက်ထိုး၍ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်လေ၏။ “မင်း… ငါ့ကို တကယ်ကြီး ရိုက်ရဲတယ်ပေါ့…”

“ရိုက်ရဲတော့ ဘာဖြစ်လဲ…” ရန်ကိုင်က စိန်ခေါ်လျှင် တိမ်ပေါ်ထိ လိုက်မည့်ပုံစံမျိုးဖြင့် မေးငေါ့ကာ ပြန်မေးလိုက်လေသည်။

ရန်ကိုင်၏ အမှန်တကယ်ကြီး ဆော်ပလော်တီးတော့မည့် ပုံစံမျိုး‌‌ကြောင့် လီရွှမ်းမှာ ကြောက်ကြောက်လန့်လန့်ဖြင့် သူ့လက်ကို အလျင်စလို ပြန်ရုတ်သိမ်း၍ ခေါင်းကို လက်ဖြင့် အုပ်လိုက်လေ၏။

အချိန်အတော်ကြာသွားသည့်တိုင် ဘာမှဖြစ်မလာသည့်အခါမှသာ လီရွှမ်းမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ရန်ကိုင်အား ပြန်ချောင်းကြည့်လာခဲ့လေသည်။ ရန်ကိုင် သူ့အား နောက်နေခြင်းသာဖြစ်မှန်း နားလည်လိုက်သော် လီရွှမ်း၏မျက်နှာ ရဲတက်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထအော်လိုက်လေ၏။ “ငါက ဆေးလုံးတောင်ကြားရဲ့တပည့်ပဲ… အဲ့ဒါကိုတောင် မင်းငါ့ကို ရိုက်ရဲတယ်ပေါ့… မင်းတော့သေပြီ…”

“မင်းကို ရိုက်တာကျတော့ မှတ်မိပြီးတော့ နာတာကိုကျတော့ မမှတ်မိတော့ဘူးပေါ့ ဟုတ်လား…” ရန်ကိုင်သည် လီရွှမ်းဆီသို့ လျှောက်သွားလိုက်ပြီး လီရွှမ်းအား အင်္ကျီလည်တိုင်မှ ဆွဲကိုင်၍ သူနှင့် မျက်နှာချင်းဆိုင် အနေအထားသို့ ရောက်သည်အထိ ဆွဲမလိုက်လေသည်။

လီရွှမ်းမှ အသည်းအသန် ရုန်းကန်ပါသော်ငြား ရန်ကိုင့်လက်မှ မည်သို့မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထို့ကြောင့် ကြောက်လန့်တကြားဖြင့်သာ ထအော်လေ၏။ “မင်း… မင်း… မင်း ဘာလုပ်ချင်နေတာလဲ…”

“ဘာလုပ်ချင်နေတာလဲ ဟုတ်လား… မင်းကို သင်ခန်းစာပေးချင်နေတာကွ…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်ပြီးသည့်နောက် နောက်တစ်ကြိမ် ပါးထပ်ရိုက်လိုက်လေသည်။

“ဖြန်း… ဖြန်း… ဖြန်း…”

ပါးရိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ပါးရိုက်ရာတွင် သူ၏ ဧကရာဇ်ချီကို ထုတ်မသုံးခဲ့ပါသော်ငြား သူ့ရုပ်ခွန်အားသက်သက်သည်ပင်လျှင် လီရွှမ်းအား ငိုယို၍ ဒူးထောက်တောင်းပန်သွားရစေအောင် လုပ်နိုင်ပေသည်။ လေးငါးချက်လောက် အရိုက်ခံရပြီးသည့်နောက် လီရွှမ်းမှာ မျက်ရည်နှင့်မျက်ခွက် ဖြစ်သွားခဲ့ပြီး အရှက်မရှိအော်ငိုတော့လေ၏။

“အသက်က ငယ်ငယ်လေးပဲရှိသေးတယ်… လူက သောက်ကျင့်ကိုမကောင်းဘူး…” ရန်ကိုင်သည် လီရွှမ်းအား စူးရဲစွာစိုက်ကြည့်၍ လီရွှမ်း၏မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးရင်းမှ အော်မေးလိုက်လေ၏။ “မင်း အခုချိန်ကနေစပြီး စကားကောင်းကောင်း ပြောမှာလား…”

“ပြော… ပြော… ပြောပါ့မယ်…” လီရွှမ်းမှာ အဆက်မပြတ်ကို ခေါင်းညိတ်နေခဲ့လေသည်။ လက်ရှိအချိန်၌ သူ့ပါးပြင်တစ်ပြင်လုံး ထုံထိုင်းနေသလို ခံစားနေခဲ့ရသည်။ ဖူးယောင်ကိုင်းနေသည့် သူ့မျက်နှာကိုပင်လျှင် သူ ပြန်မြင်နေရလေ၏။

“အဲ့ဒါဆို တောင်းပန်လိုက်…” ရန်ကိုင်သည် လီရွှမ်းအား ကျုချင်းခြေထောက်နားဆီသို့ လွှင့်ပစ်လိုက်လေ၏။

ရန်ကိုင် ကျုချင်းဘက်မှ ကာပြောနေခြင်းပေလော။ လက်ရှိရန်ကိုင်၏ ဂုဏ်ပုဒ်အရ သူလုပ်သင့်သည့်အရာမှာ ပြဿနာကို သေးငယ်သထက် သေးငယ်အောင် လုပ်၍ နောက်နောင် သူ့ဆီသို့ မည်သည့်ပြဿနာမှ ရောက်ရှိမလာနိုင်အောင် လုပ်ရန်သာ ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုကဲ့သို့ မလုပ်ခဲ့ဘဲ ပြဿနာကို ပိုကြီးအောင် ဤလူငယ်လေးကို ပါးရိုက်ကာ ကျုချင်းအား တောင်းပန်ခိုင်းလိုက်သည်။

ရန်ကိုင်သည် သူမအား စိတ်ပျက်၍ သူမကို ရှောင်နေခဲ့ခြင်း မဟုတ်ပေလော။ ဘာကြောင့်များ သူမအတွက် ယခုကဲ့သို့ လုပ်ပေးနေရလေသနည်း။

ကျုချင်းမှာ ရန်ကိုင်၏လုပ်ရပ်နှင့်ပတ်သက်၍ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။

လီရွှမ်းသည် ခက်ခက်ခဲခဲဖြင့် မတ်တပ်ရပ်လိုက်ပြီးသည့်နောက် ကျုချင်းအား ဦးညွှတ်လျက် တောင်းပန်လိုက်လေ၏။ “အစ်မအပေါ် ရိုင်းပျမိခဲ့တာအတွက် မောင်လေး တကယ်ကို တောင်းပန်ပါတယ်… အစ်မ ရက်ရက်ရောရောနဲ့ မောင်လေးကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်… မောင်လေးက အခုမှ ကလေးပဲ ရှိသေးတာပါ… အစ်မကို သေချာမသိလို့ ရိုင်းပျမိသွားတာကို အစ်မ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”

ရန်ကိုင်၏ သင်ခန်းစာပေးခြင်း ခံရပြီးသည့်နောက်တွင် လီရွှမ်းမှာ စိတ်သစ်လူသစ် ဖြစ်သွားခဲ့ရလေသည်။ လက်ရှိ သူ့ပုံစံမှာ လူငယ်တစ်ဦး ရှိသင့်ရှိထိုက်သည့် ပုံစံမျိုးသာ ဖြစ်လေ၏။

ကျုချင်းက မျက်မှောင်ကျုံ့လျက် “ဘာမှမဖြစ်ဘူး… ထားလိုက်တော့…”

သူမအတွက်တော့ ဤကိစ္စမှာ တကယ်ကို ဘာမှမဟုတ်ချေ။ ဤလူငယ်လေးမှာ အစောပိုင်းက သူမအား အသားယူရန် ကြိုးစားခဲ့ပါသော်ငြား သူ့ခွန်အားကြောင့် သူမ၏ အဝတ်စကိုပင်လျှင် မထိနိုင်ခဲ့။ ထို့အတွက်ကြောင့် ကျုချင်းအဖို့ ဘာမှမဆုံးရှုံးလိုက်ရပေ။ ထို့အစား လီရွှမ်းသည်သာ သူ့လုပ်ရပ်‌ကြောင့် ရန်ကိုင်၏ ဖူးယောင်ကိုင်းနေအောင် ရိုက်နှက်ခြင်း ခံလိုက်ရလေသည်။

“အခုလိုမျိုး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးတဲ့အတွက် အစ်မကို ကျေးဇူးအများကြီးတင်ပါတယ်…” လီရွှမ်းက ကျေးဇူးတင်တကြီးဖြင့် ပြောလိုက်သည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ ဖားယားစွာပြုံးလျက် “အစ်ကို ညီလေး အခု တောင်းပန်ပြီးသွားပါပြီ… အစ်ကိုမြင်တဲ့အတိုင်း အစ်မကလည်း ခွင့်လွှတ်လိုက်ပါတယ်…”

ရန်ကိုင်က မျက်လုံးမှေးစင်းလျက် “အင်း… မင်း သေချာသိသွားပြီပေါ့…”

လီရွှမ်းက ပြုံးလျက် “အစ်ကိုရဲ့ ဆုံးမသွန်သင်ပေးမှုကြောင့် ညီလေး တကယ်ကို နားလည်သွားပါပြီ… ဒါကြောင့် အခု ညီလေးကို သွားခွင့်ပေးပါဦး…”

“မင်းရဲ့ဆေးပင်တွေကို မလိုချင်တော့ဘူးလား…” ရန်ကိုင်က လီရွှမ်းကိုကြည့်၍ မေးလိုက်လေသည်။

ထိုအခါ လီရွှမ်းက သူ့နဖူးသူ လက်ဖြင့်ရိုက်လျက် ခြောက်ကပ်ကပ်လေသံဖြင့် ရယ်မောရင်း “ဟဲ ဟဲ… အဲ့ဒါကိုတောင် မေ့ခါနီးဖြစ်သွားတယ်… ဆရာ ကျုပ်ကို ပေးလိုက်တဲ့တာဝန်ကို ဘယ်လိုလုပ်ပြီး မေ့လို့ဖြစ်ပါ့မလဲ…”

ရန်ကိုင်က ပြုံးလျက် သိုလှောင်လက်စွပ်ကို ပစ်ပေးလိုက်ရင်းမှ ပြောလိုက်သည်။ “စာရင်းထဲမှာပါတဲ့ ဆေးပင်တွေအကုန်လုံး အဲ့ထဲမှာရှိနေတယ်… တစ်ချက် စစ်ဆေးကြည့်လိုက်ပါဦး…”

“မလိုတော့ပါဘူး မလိုတော့ပါဘူး… ကျုပ် အစ်ကို့ကို ယုံပါတယ်…” လီရွှမ်းသည် သိုလှောင်လက်စွပ်ကိုသိမ်း၍ နောက်ထပ် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ကာ ရန်ကိုင်ဆီသို့ ပေးလိုက်လေ၏။ “ဒါက ဆေးပင်တွေအတွက် အရင်းအမြစ်ကျောက်တွေပါ… အစ်ကို တစ်ချက် စစ်ဆေးကြည့်လိုက်ပါဦး…”

ရန်ကိုင်လည်း ခေါင်းညိတ်၍ သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်လေသည်။ အထဲရှိ ပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် လီရွှမ်းကိုကြည့်၍ မေးလိုက်လေသည်။ “ပမာဏက နည်းနည်း နည်းနေသလိုပဲ… ဒါ မင်းဆရာပေးလိုက်တဲ့ အရင်းအမြစ်ကျောက်တွေဆိုတာ သေချာလား…”

စာရင်းပေါ်တွင် ဖော်ပြထားသည့် ဆေးပင်များမှာ သာမန်ဆေးပင်များ မဟုတ်ကြ။ ရန်ကိုင်တွက်ချက်ကြည့်ရသလောက် ထိုဆေးပင်များသည် အနည်းဆုံး အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ဆယ် တန်ကြေးရှိပေသည်။ သို့သော်ငြား ဤသိုလှောင်လက်စွပ်ထဲတွင် အရင်းအမြစ်ကျောက် တစ်ထောင်သာ ရှိပြီး ထိုအရင်းအမြစ်ကျောက်များမှာလည်း အဆင့်နိမ့်အရင်းအမြစ်ကျောက်များသာ ဖြစ်ကြပေသည်။ ကွာခြားချက်နှစ်ခုမှာ မိုးနဲ့မြေလိုပင်။

လီရွှမ်း ကြောင်သွားခဲ့ပြီး ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “မှားသွားလို့ မှားသွားလို့… ဆရာပေးလိုက်တဲ့ဟာက ဒီမှာ…”

ထိုသို့ပြောပြီးသည့်နောက်တွင် အခြားသောသိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်၍ ရန်ကိုင်အား ပေးလိုက်လေ၏။

ဤသိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်ကျောက်များသည်သာလျှင် ရန်ကိုင်ထင်ထားသည့်အတိုင်း ဖြစ်နေခဲ့လေသည်။ သူထင်ထားသည့်အတိုင်းမဟုတ် သူထင်ထားသည်ထက်ပင် ပိုများနေခဲ့သည်။ စုစုပေါင်း အဆင့်မြင့်အရင်းအမြစ်ကျောက် နှစ်ဆယ့်ငါးသန်း ရှိနေခဲ့လေသည်။ ကြည့်ရသလောက် ကျိယောင်ပြောသည်မှာ အမှန်ဖြစ်သည့်ပုံပင်။ ဆေးလုံးတောင်ကြားသည် မြောက်ဘက်နယ်မြေတွင်ရှိနေသော ထိပ်တန်းဂိုဏ်းများကို ဆေးပင်များအား လိုက်လံစုဆောင်းခိုင်းပြီး ထိုဆေးပင်များကို ပေါက်ဈေးထက် ပိုပေးကာ ဝယ်ယူပေသည်။ ထို့အတွက်ကြောင့် မြောက်ဘက်နယ်မြေထဲရှိ ဂိုဏ်းများအဖို့ မည်သည့်အဆုံးအရှုံးနှင့်မှ မကြုံရရုံမက ဆေးလုံးတောင်ကြားနှင့်လည်း ဆက်ဆံရေးတစ်ခု ထူထောင်နိုင်လေ၏။

တကယ်တော့ ဆေးလုံးတောင်ကြားအနေဖြင့် ယခုကဲ့သို့ လုပ်ရသည်မှာ ဆေးလုံးတောင်ကြားအား ကျောထောက်နောက်ခံပေးထားသော ဆေးလုံးမဟာဧကရာဇ်၏ ဂုဏ်သတင်းနှင့် ပတ်သက်နေသည် မဟုတ်ပေလော။ ဆေးလုံးတောင်ကြားမှ တပည့်များအနေဖြင့် သူတို့တောင်ကြား၏ ဂုဏ်သတင်းကို အလွဲသုံးစား လုပ်ရဲလိမ့်မည် မဟုတ်ချေ။

ပေးစရာရှိသည်ကို ပေးပြီးသည့်နောက်တွင် လီရွှမ်းသည် ထိုနေရာမှ အမြန်ပြန်ထွက်လာခဲ့လေသည်။

ရန်ကိုင်လည်း သူ့အား သွားမတားခဲ့ပေ။

လူငယ်လေးမှာ လှေပျံပေါ်သို့ ကျော့ကျော့မော့မော့ဖြင့် တက်သွားလေ၏။ ဝက်ခေါင်းပမာ ဖူးယောင်နေသည့် သူ့မျက်နှာကြောင့်သာ မဟုတ်ပါက သူ့ပုံစံမှာ အမှန်တကယ်ကို လူကြီးလူကောင်းတစ်ဦးပုံစံ ပေါက်ပေသည်။

“အစ်ကိုနဲ့ အစ်မတို့ကို နှုတ်ဆက်ပါတယ်…” လီရွှမ်းသည် ကုန်းပတ်ပေါ်သို့ ရောက်ပြီးသည့်နောက် ရန်ကိုင်တို့အား အားတက်သရောဖြင့် လက်ပြနှုတ်ဆက်လိုက်လေသည်။

“ခရီးအဆင်ပြေပါစေ…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

လီရွှမ်း၏လှေပျံ အဝေးတစ်နေရာသို့ လျင်မြန်စွာ ထွက်သွားလေ၏။ သို့သော်ငြား ရန်ကိုင်တို့ဆီမှ မျက်နှာလွှဲလိုက်သည့်အခိုက် ပြုံးရွှင်နေသည့် သူ့မျက်နှာမှာ တမုဟုတ်ချည်းကို အေးစက်သွားခဲ့လေသည်။

“နင် ဘာလုပ်ချင်နေတာလဲ…” ကျိယောင်သည် ရန်ကိုင်ရှေ့တွင် ပိတ်ရပ်၍ မေးလိုက်လေသည်။ သူမ၏မျက်လုံးများသည် ရန်ကိုင်၏ခန္ဓာကိုယ်ကို ထိုးဖောက်၍ သူ့ဝိဉာဉ်အထိတိုင် ရောက်ရှိနေသည့် ထက်ရှသည့် ဓါးသွားများပမာ။

ကျိယောင်၏ ရုတ်တရက် လုပ်ရပ်သည် ဟွာချင်းစီနှင့် ကျုချင်းတို့နှစ်ဦးစလုံးအား ကြောင်သွားစေခဲ့လေသည်။ ကျိယောင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူတို့နားမလည်ကြ။

“ဘာမှမဟုတ်ဘူး… ငါ ဒီအတိုင်း လမ်းလျှောက်ထွက်မလို့…” ရန်ကိုင်က ကောင်းကင်ကိုကြည့်ရင်းမှ ပြောလိုက်လေ၏။

“ဒါဆို ငါလည်း နင့်နောက် လိုက်ခဲ့မယ်…” ကျိယောင်က ပြောလိုက်လေသည်။

“ငါ ဒီတိုင်း လမ်းလျှောက်ပဲထွက်မှာ… နင် ဘာဖြစ်လို့ ငါ့နောက် လိုက်ချင်နေရတာလဲ…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။

“ငါလည်း လမ်းလျှောက်ချင်လို့…”

ရန်ကိုင်က အံကြိတ်၍ ပြန်ပြောလိုက်သည်။ “ငါ အခုချိန် စိတ်ပြေလက်ပျောက် ဆောင်ကြာမြိုင်တစ်ခုကို သွားချင်နေတာ… အဲ့ဒါတောင် နင်ငါ့နောက် လိုက်ချင်နေသေးတာလား…”

“နင်က ဆောင်ကြာမြိုင်ကို သွားချင်နေတယ်ပေါ့ ဟုတ်လား…” ကျိယောင်က လှောင်ပြုံးပြုံးလျက် “ကောင်းပြီလေ… ဒါဆို နင် ငါနဲ့ ရေခဲနှလုံးသားတောင်ကြားဆီ ပြန်လိုက်ခဲ့လိုက်… နင်ဆန္ဒရှိတယ်သာပြောလိုက်… ရေခဲနှလုံးသားတောင်ကြားက ရာနှင့်ချီတဲ့ တပည့်တွေအကုန်လုံး နင့်ဆီပြေးဝင်လာမှာ…”

ရန်ကိုင်သည် နဖူးထက် ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်းမှ “ဒါပေမယ့် ရေခဲနှလုံးသားတောင်ကြားက တပည့်တွေက သူတို့ရဲ့ အပျိုရည်သန့်စင်မှုကို အရမ်း တန်ဖိုးထားကြတာလေ… ပြီးတော့ သာမန်လူတွေလိုလဲ စိတ်ဆန္ဒရိုင်းတွေ ရှိကြတာမှမဟုတ်တာ…”

“ကိုယ်လိုအပ်တာကို စိတ်ကျေနပ်အောင် လုပ်လိုက်ရုံပဲလေ… ဘာတွေရှက်နေစရာလိုလို့လဲ… အခြားသူတွေကို မပြောလိုပေမယ့် နင့်ကို အရမ်းမြတ်နိုးလေးစားတဲ့ ဂိုဏ်းတူတူမလေးအချို့ကိုတော့ ငါသိတယ်… နင်သာ ဆန္ဒရှိတယ်ဆိုလို့ရှိရင် သူတို့ကို နင့်အတွက် စီစဉ်ပေးလို့ရတယ်… သူတို့လည်း ကျိန်းသေ ဝမ်းပန်းတသာနဲ့ လက်ခံမှာ…”

(ဒီဂိုဏ်းတူဒေါ်လေးက တကယ်ကို စဉ်းစားတတ်တာပါလား…)

ရန်ကိုင် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။ ကျိယောင်ပြောသည်ကို သူ သဘောတူမိခါနီးပင်။

သို့သော်ငြား မီးတောက်မတတ် အကြည့်စူးစူးနှစ်ခု သူ့ကျောပြင်အား စိုက်ကြည့်နေသည်ကို ခံစားမိလိုက်သည့်အတွက်ကြောင့် ပြောရန် ကြံနေသည့် စကားလုံးများကို ပြန်မြိုချလိုက်ရလေ၏။ ထို့နောက် ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေ၏။ “သူတို့လိုမျိုး လိမ္မာတဲ့ မိန်းမကောင်းတွေနဲ့ ပျော်ပါးရတာ ဘာပျော်စရာရှိမှာမို့လို့လဲ… ဒီသခင်လေးက ပျက်စီးနေတဲ့ ပန်းပွင့်လေးတွေ၊ ညှိုးလျော်နေတဲ့ ပန်းညှိုးလေးတွေနဲ့ ပျော်ပါးရတာကိုမှ ကြိုက်တာ… အဲ့ဒါမှ တကယ့် ပျော်စရာအစစ်ကို ရှာနိုင်တာ…”

“တော်လောက်ပြီ…” ကျိယောင်မှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။ ရန်ကိုင်သည် ပါးစပ်ထဲရှိရာ ရောက်တက်ရာရာများကို လျှောက်ပြောနေခဲ့ပါသော်ငြား ကျိယောင်မှာမူ ရန်ကိုင်စကားများကို လက်မခံနိုင် ဖြစ်နေခဲ့သည်။ ထို့အပြင် ရန်ကိုင်၏ပြောပုံသည် မသိလျှင် သူသည် ဆောင်ကြာမြိုင်သို့ မကြာခဏ သွားနေသည့်အလား။

“နင်ကိုယ်တိုင်ကလည်း ဘယ်အချိန်ရပ်လို့ ရပ်ရမယ်မှန်း သိသင့်တယ်လေ… ဘာဖြစ်လို့ ငါ့လမ်းကို လာပြီး ပိတ်ရပ်နေရတာလဲ… အခုတောင် ငါ့နောက်ကို တကောက်ကောက်လိုက်နေတဲ့ မိန်းမတစ်ယောက်ကြောင့် စိတ်ညစ်နေပါတယ်ဆိုမှ နင်ကပါ ထပ်လိုက်လာမယ်ဆိုတော့ ငါ ဘယ်လိုလုပ်ပြီး အသက်ရှင်ရတော့မှာလဲ…” ရန်ကိုင်သည် ကျိယောင်အား စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။

ကျုချင်းက စူပုပ်ပုပ်မျက်နှာထားဖြင့် မျက်မှောင်ကျုံ့ကာ ပြောလိုက်လေ၏။ “နင် ဘယ်သူ့ကို ပြောချင်နေတာလဲ… ပြောမယ်ဆို ရှင်းရှင်းလင်းလင်းပြော…”

“နင့်ကိုပြောနေတာ… ငါနင့်ကိုပြောနေတာ ဟုတ်ပြီလား…” ရန်ကိုင်က ကျုချင်းအား စူးရဲစွာ စိုက်ကြည့်၍ ပြောလိုက်လေ၏။

ကျုချင်းက အကြည့်လွှဲဖယ်လျက် ပြန်ပြောလိုက်လေ၏။ “ငါလည်း နင့်နောက် လိုက်ချင်လို့ လိုက်နေတယ် ထင်နေတာလား..”

“အပိုတွေ လာပြောမနေနဲ့…” ကျိယောင်က ပြန်ပြောလိုက်လေသည်။ “နင် ဘာလုပ်ချင်နေတာလဲ ငါမသိဘူး မှတ်နေတာလား… ဆောင်ကြာမြိုင်ကို သွားချင်နေတာမဟုတ်ဘူး… မျက်မြင်သက်သေကို နှုတ်ပိတ်ပစ်ချင်နေတာ… ဟုတ်တယ်မလား…”

“မျက်မြင်သက်သေကို နှုတ်ပိတ်ချင်တာ…” ဟွာချင်းစီ ထိတ်လန့်သွားခဲ့လေသည်။ “ဘယ်မျက်မြင်သက်သေကို နှုတ်ပိတ်မှာလဲ…”

All Chapters