← Chapters

အခန်း (၂၇၂၃)

Vol. 116 Ch. 2723

အခန်း (၂၇၂၃)

Vol. 116 Ch. 2723

ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင်၊ ဟွာချင်းစီသည် တစ်ခုခုကို စဉ်းစားမိသွားပြီး ရန်ကိုင်အား ကြောက်လန့်တကြားဖြင့် ကြည့်လျက် “နန်းတော်သခင်၊ ရှင်မဟုတ်မှလွဲရော...”

မျက်မြင်သက်သေကို နှုတ်ပိတ်ပစ်ချင်နေသည်မှာ ဘာနည်း။ ယခုလေးတင် ဖြစ်သွားသည့် ကိစ္စကို ပြန်စဉ်းစားမိသွားသည့်နောက် သူနှုတ်ပိတ်ပစ်ချင်နေသည့် လူမှာ မည်သူဖြစ်သလဲ အသိသာကြီးပင်။

ရန်ကိုင်၏ တဇွတ်ထိုးနိုင်မှုအပေါ် သူမ တကယ်ကို ဩချနေရသည်။

ထိုကောင်လေးသည် ဆေးလုံးတောင်ကြား၏ တပည့်တစ်ဦးဖြစ်ရာ ရန်ကိုင်မှ သူ့အား သတ်ပစ်ရန် မည်သို့များ စဉ်းစားရဲရသနည်း။ သူသာ ထိုကောင်လေးကို တကယ်ကြီး သတ်လိုက်မည်ဆိုပါက ဆေးလုံးတောင်ကြားသည် ဤကိစ္စကို ဘယ်သောအခါမှ ကြေအေးပေးလိမ့်မည် မဟုတ်ချေ။

“နင်ဘာအပိုစကားတွေ လာပြောနေတာလဲ...” ရန်ကိုင်က ချက်ချင်းပဲ အကြောက်အကန် ပြန်လည် ငြင်းဆိုလေ၏ “နင့်အတွေးလွန်ချက်ကလည်း ကြောက်စရာပါလား ယောင်အာ”

“ဒါဆို ငါနဲ့ စကားနဲ့ပြောနေတဲ့အချိန် နင်ဘာလို့ ငါနဲ့ အကြည့်ချင်း မဆိုင်ရဲတာလဲ” ကျိယောင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ၊ ငါနင့်ကိုကြည့်ပြီးပြောမယ်” ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မျက်လုံးကြီးကို ပြူးကျယ်လျက် ကျိယောင်အား စိုက်ကြည့်လိုက်သည်။

သူ့ရှေ့ရှိ မျက်ဝန်းလှလှလေးများသည် နွေဦးစမ်းရေအလား ပြစ်ချက်မရှိ ကြည်လင်နေ၏။

“ဟန့်” ကျိယောင်က လှောင်ပြုံးပြုံးလိုက်သည် “ငါ့ကို အဲ့လို မျက်လုံးကြီးပြူးပြီး ကြည့်နေလိုက်လို့ နင်ဘာတွေးနောလဲ ငါမသိတော့ဘူး ထင်နေလား”

(နင်မိမွေးဖမွေးအတိုင်း ဖြစ်နေတဲ့အချိန်တုန်းက ကိစ္စကို ငါပြန်စဉ်းစားနေတာဟဲ့)

“အဲ့ကောင်လေးက ဒီကိစ္စကို ကျိန်းသေ အလွတ်ပေးမှာ မဟုတ်ဘူး။ ငါတို့ရှေ့မှာသာ ငြိမ်ကုပ်ပြနေတာ။ သူ့စိတ်ထဲမှာတော့ နင့်ကို ကြိတ်မုန်းနေမှာ အသေအချာပဲ။ နည်းနည်းပါးပါးလေး သရုပ်ဆောင်ပြလိုက်လို့ သူဘာတွေးနေလဲ ငါတို့ မသိတော့ဘူး ထင်နေတယ်။ တကယ့်တကယ်တမ်း ငါတို့အကုန်လုံး သိပြီးသား။ ဒီကနေ မြန်မြန် ထွက်သွားပြီး ဆေးလုံးတောင်ကြားဆီ ဆက်သွယ်ချင်လို့သာ အဲ့လိုပုံစံမျိုး လုပ်နေတာ။ သူသေသွားတာနဲ့ ဘာသဲလွန်စမှ မကျန်တော့ဘူးလို့ နင်ထင်နေတာလား။ အဲ့ဒါကြောင့်ပဲ နင်သူ့ကို သတ်ချင်နေတာမလား”

ရန်ကိုင်က မှုန်ကုတ်ကုတ် အမူအရာဖြင့် “အဲ့နည်းလမ်းကလွဲပြီး အခြား ဘာနည်းလမ်း ရှိသေးလို့လဲ”

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် ငြင်းမနေတော့ချေ။ သူဟန်ဆောင်သည်မှာ ဤမျှ သိသာနေသလားဟုလည်း တွေးနေမိသည်။ ထိုကြောင့်သာ မဟုတ်လျှင် ကျိယောင်သည် သူဘာကြံနေလဲဆိုသည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သို့များ သိသွားရသနည်း။

“ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုသတ်တာက အဖြေမဟုတ်ဘူး” ကျိယောင်က မျက်မှောင်ကြုတ်လျက် “နင်သူ့ကို တကယ်ကြီး သတ်လိုက်မယ်ဆိုရင် ဒီကိစ္စက ပိုပြီး ပြဿနာများသွားမှာ။ ပြောရရင် နင်သူ့ကို အစကတည်းက မရိုက်လိုက်သင့်တာ။ ပြဿနာ မဖြစ်စေချင်ရင် အစကတည်းက မစနဲ့လေ။ နန်းတော်သခင် ဖြစ်နေတာတောင် အခုထိ တဇွတ်ထိုး နိုင်တုန်း”

“ငါသူ့ကို မရိုက်လိုက်သင့်ဘူးဟုတ်လား” ရန်ကိုင်သည် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် “အဲ့ကောင်က ဘယ်သူလဲဆိုတာတောင် ငါသိတာမဟုတ်ဘူး။ အဲ့လိုလူတစ်ယောက်က ငါ့ထက်ကောင်းကင်နန်းတော်ထဲ လာပြီး မြောက်ကြွမြောက်ကြွနဲ့ ငါ့လူတွေကို အနိုင်ကျင့်စော်ကားဖို့ ကြိုးစားနေတာကို ငါက ဒီအတိုင်း ထိုင်ကြည့်နေရမှာလား။ ရိုက်တာမပြောနဲ့၊ ငါက အဲ့ကောင်ကို သတ်တောင် သတ်ပစ်ချင်နေတာ။ ထက်ကောင်းကင်နန်းတော်ထဲက အသက်ရှင်လျက် ထွက်သွားခွင့် ပေးထားတာတောင် တော်တော် သဘောထားကြီးပေးရာ ရောက်နေပြီ”

“ဘယ်သူက နင့်လူလဲ” ကျုချင်းက ရှက်ရှက်နှင့် ပြန်ပြောလိုက်သည်။

“ငါကဒီအတိုင်း ပြောလိုက်တာ၊ နင်ဘာတွေ လိုက်ပြီး အရေးတယူ လုပ်နေတာလဲ” ရန်ကိုင်က စိတ်မရှည်စွာ ပြန်ပြောလိုက်သည် “သူသာ သူ့အမှားသူသိရင် ငါသူ့ကို လွှတ်ပေးထားလိုက်လို့ ရသေးတယ်။ ဒါပေမယ့် သူငါ့ကို လက်စားချေမှာကို ငါက ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ”

“အို သဘောကကောင်းချက်ပါလား” ကျိယောင်က ထေ့ငေါ့ ပြောဆိုလိုက်လေသည် “နင်တို့ ယောကျာ်းတွေအကုန်လုံး ဒီအတိုင်းပဲလား”

“ငါ့ကို လာပြီး ငေါ့မနေနဲ့” ရန်ကိုင်က မှုန်ကုတ်ကုတ်လေသံဖြင့် “ဒါက လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ”

“နင်သူ့ရိုက်တာကို ငါနင့်ကို အပြစ်မတင်ပါဘူး... တကယ်ဆို ငါတောင် အဲ့ကောင်ကို သတ်ပစ်ချင်နေတာ” ကျိယောင်က ရုတ်တရက် ပြန်ပြောလိုက်သည် “တစ်ချက်ပဲ၊ နင်သူ့ကို သတ်ပစ်ဖို့ လုံးဝ မလုပ်သင့်ဘူး”

“နင်ပဲအခု ငါ့ကို တားလိုက်တာ မဟုတ်ဘူးလား” ရန်ကိုင်က ပြန်ပြောလေ၏။

“နင်သာ တကယ်လုပ်လိုက်ရင် သွားပြီ။ အဲ့လိုမျိုးဆို နင့်က အကျိုးအကြောင်း ခိုင်လုံနေတယ်ဆိုရင်တောင် နင့်စကားက အရာရောက်တော့မှာ မဟုတ်ဘူး” ကျိယောင်က သက်ပြင်းချလျက် “နင်က ဒေါသကို ရှေ့တန်းတင်လိုက်တာကိုး၊ အဲ့ဒါကြောင့် ဘာမှ သေချာမစဉ်းစားတတ်တော့တာ”

“နင်ပြောတာသာပြောတော့” ရန်ကိုင်က နင်ဘာပြောပြော ငါဂရုစိုက်တော့မှာ မဟုတ်ဘူး ဟူသော ပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

ရန်ကိုင်၏ လုပ်ပုံကြောင့် ကျိယောင်မှာ ဒေါသလည်းထွက်၊ ရယ်လည်း ရယ်ချင်မိသွားခဲ့သည် “နင်ကြယ်တာရာအစုအဝေးကို ရောက်နေတာ ဒီလောက် နှစ်တွေ ကြာနေပြီကို ဘယ်လိုလုပ်ပြီး သူတို့လို လူစားမျိုးတွေကိုတောင် မသိရတာလဲ။ အဲ့ကောင်က ဆေးလုံးတောင်ကြားရဲ့ ဒုတိမျိုးဆက်က တပည့်တစ်ယောက်ပဲ၊ ဆေးလုံးတောင်ကြားကို ကိုယ်စားပြုနိုင်တဲ့လူ မဟုတ်ဘူး...”

“ဒုတိယမျိုးဆက် တပည့်” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ၁

“ဟုတ်တယ်” ကျိယောင်က ခေါင်းညိတ်၍ ရှင်းပြလိုက်သည် “ဆေးလုံးမဟာဧကရာဇ်ရဲ့ အမွေခံတပည့်တွေက ပထမမျိုးဆက်ပဲ။ သူတို့အကုန်လုံးက ဧကရာဇ်အဆင့် ဆေးပညာရှင်တွေချည်းပဲ။ ဆေးလုံးမဟာဧကရာဇ် တပည့်လက်မခံတော့တာ တော်တော် ကြာနေပြီ။ ဒီတော့ သူ့အမွေခံတပည့်တွေကနေ လက်ခံလိုက်တဲ့ တပည့်တွေက ဒုတိယမျိုးဆက် တပည့်တွေ ဖြစ်သွားရော။ လီရွှမ်းက အဲ့လူတွေထဲက တစ်ယောက်ပဲ”

“အဲ့လိုသာဆိုရင်... ငါသူ့ကို ဂရုစိုက်နေစရာ မလိုတော့ဘူး” ရန်ကိုင်က သူ့မေးစေ့ကို တွေးတွေးဆဆဖြင့် ပွတ်ရင်းမှ ပြန်ပြောလိုက်သည်။ သူတကယ် လန်သည့်လူမှာ ဆေးလုံး မဟာဧကရာဇ်ဖြစ်သည်။ သို့သော် ကျိယောင်ပြောသည်မှာ အမှန်သာဆိုပါက လက်ရှိ အခြေအနေသည် အရမ်းကြီး မဆိုးတော့ချေ။

လီရွှမ်းနှင့် ဆေးလုံးမဟာဧကရာဇ်တို့ကြား မျိုးဆက်ကြီးတစ်ခု ခြားနေသည်။ ထို့အတွက်ကြောင့် လီရွှမ်းအနေဖြင့် အကူခေါ်မည်ဆိုလျှင်ပင် ဆေးလုံးမဟာဧကရာဇ်၏ အမွေခံတပည့်ကိုသာ သွားရောက် အကူအညီ တောင်းနိုင်ပေလိမ့်မည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လေရာ အခြား ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးကို ဘာကြောင့်များ ကြောက်နေရမည်နည်း။

ထို့အပြင် လက်ရှိကိစ္စတွင် လီရွှမ်းဘက်က ပထမဆုံး စမှားခြင်းဖြစ်သည်။ ဆေးလုံးတောင်ကြားတပည့်ဟူသော သူ့အဆင့်အတန်းကို အသုံးချလျက် အခြားသူများကို အနိုင်ကျင့်ဗိုလ်ကျရန် ကြိုးစားရာမှ ပြဿနာ ဖြစ်လာရခြင်း ဖြစ်သည်။ သူ့ဆရာသည်သာ ယုတ္တိတန်သည့် လူစားမျိုးဖြစ်ပါက ယခုကိစ္စ၌ ရန်ကိုင်နှင့် ထက်ကောင်းကင်နန်းတော်ကို အပြစ်တင်လိမ့်မည် မဟုတ်ချေ။

ထိုဆေးပညာရှင်မှ သူ့အား ကျေးဇူးတင်လာမည်ကိုလည်း ရန်ကိုင် မမျှော်လင့်ပေ။ ရန်ကိုင်သည် တစ်ဖက်လူ၏ တပည့်ကို သွားရိုက်သည့်အတွက်ကြောင့် ထိုလူသည်သာ စိတ်ထားသေးသိမ်သည့်လူ ဖြစ်မည်ဆိုပါက သူ့ကိုပင်လျှင် ပြဿနာ လာရှာနိုင်ပေသည်။

“ဒီတော့ နင်သူ့ကို သတ်ပစ်ချင်သေးလား” ကျိယောင်က မေးလိုက်သည်။

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် လက်ဝှေ့ရမ်းလျက် “နင်ဘာတွေ လာပြောနေတာလဲ။ ငါက ဘယ်သူ့ကို သတ်ပစ်ရမှာလဲ။ အဲ့လို ကြောက်စရာစကားတွေ မပြောစမ်းနဲ့ ယောင်အာရယ်။ ဒီနန်းတော်သခင်က တံမြက်စည်းလှည်းရင်တောင် ပုရွက်ဆိတ်လေးတွေကို သွားထိမှာကြောက်နေတာ။ လူသတ်ဖို့ဆိုရင်တော့ ဝေလာဝေး”

မိန်းကလေးသုံးဦးစလုံး ရန်ကိုင်အား မျက်နှာကြီးမဲ့လျက် ကြည့်လိုက်ကြသည်။

“ဒိကိစ္စက ဘာမှစိတ်ပူစရာမရှိပေမယ့် သတိဆိုတာ ပိုတယ်မရှိဘူး။ ငါရေခဲနှလုံးသားတောင်ကြားဆီပြန်ပြီး နင့်အတွက် သွားမေးကြည့်လိုက်ရင် ပိုကောင်းလိမ့်မယ်။ လီရွှမ်းရဲ့ စီနီယာအစ်ကိုက ရေခဲနှလုံးသားတောင်ကြားမှာ ရှိနေတာ” ကျိယောင်က ပြောလိုက်သည်။

“ကောင်းပြီလေ” ရန်ကိုင် ခေါင်းညိတ်လိုက်၏။

ထိုသို့ပြောပြီးသည့်နောက်တွင် ကျိယောင် လှည့်ထွက်သွားလေသည်။

ရန်ကိုင်သည် ဘေးဘက်သို့ကြည့်၍ လှမ်းအော်ပြောလိုက်၏ “ခင်ဗျား အဲ့မှာပုန်းပြီး ဘာတွေလုပ်နေတာလဲ။ မြန်မြန် ထွက်လာခဲ့စမ်း”

ဟင်းလင်းပြင်ထဲ ကန်ထဲသို့ ခဲတစ်လုံးကျသွားသည့်နှယ် လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီး နန်မန်တကျွင်း ပေါ်လာခဲ့လေသည်။

“နန်းတော်သခင်က တကယ်ကို အမြင်စူးရှတာပဲ။ ဒီနန် နန်းတော်သခင်ကို တကယ် အထင်ကြီးသွားပြီ” နန်မန်တကျွင်းသည် ရန်ကိုင်ဆီသို့ လျှောက်လာရင်းမှ ဖားဖားယားယား ပြုံးလျက် ပြောလိုက်လေသည်။

“အပိုတွေပြောမနေနဲ့။ ခင်ဗျားဘာလို့ ဒီရောက်နေတာလဲ” ရန်ကိုင်က မေးလိုက်သည်။

ဤသက်ကြားအိုကြီး ဤနေရာ၌ ခိုးကြောင်ခိုးဝှက် ဘာလုပ်ချင်နေလဲ ဆိုသည်ကို သူမသိချေ။ သို့သော်ငြား နန်မန်တကျွင်းသည် ထက်ကောင်းကင်နန်းတော်၏ အစီအရင်ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဂိုဏ်းအား ထိခိုက်စေမည့် အလုပ်မျိုး မလုပ်လောက်ဟု ရန်ကိုင် ထင်ပေသည်။

နန်မန်တကျွင်းက ချက်ချင်း ပြန်ပြောလိုက်သည် “ဒီလက်အောက်ငယ်သား နန်းတော်သခင် သဘောတွေ့စေလောက်မယ့် ပစ္စည်းတစ်ခု ပြင်ထားပါတယ်”

“ငါသဘောတွေ့မယ့်အရာ၊ ဘာလဲ”

နန်မန်တကျွမ်းက အဓိပ္ပါယ်ပါပါပြုံးလျက် ပြန်ပြောလိုက်၏ “တစ်ချက်ကြည့်ကြည့်လိုက်ပါ နန်းတော်သခင်”

…

“ခွေးကောင်၊ ခွေးကောင်၊ ခွေးကောင်”

လီရွှမ်းသည် မျက်နှာကြီးကိုမဲ့လျက် သင်္ဘောပေါ်တွင်ရပ်ကာ ကျိန်ဆဲနေခဲ့သည်။

ယနေ့ဖြစ်သွားသည့် ကိစ္စသည် သူ့အတွက် တကယ်ကို အရှက်ရစရာပင်။ သူသည် ဆေးလုံးတောင်ကြား၏ တပည့်တစ်ဦးဖြစ်ကာ အနာဂတ်တွင် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာမည့်လူ ဖြစ်သည်။ သူ့အနေဖြင့် မည်သို့များ ယခုကဲ့သို့ အရှက်ခွဲခံခဲ့ရသနည်း။ ကျိယောင် ပြောသလိုပင် သူသည် ရန်ကိုင်တို့ရှေ့တွင်သာ ငြိမ်နေခြင်းဖြစ်ပြီး စိတ်ထဲတွင်တော့ မည်ကဲ့သို့ လက်စားပြန်ချေရမည်လဲ ဆိုသည်ကို စဉ်းစားနေခြင်း ဖြစ်သည်။

လူသူအရောက်အပေါက်မရှိသည့် တောင်ကြားတစ်ခုဆီသို့ရောက်အောင် ပျံသန်းလာပြီးသည့်နောက်တွင် လီရွှမ်းသည် လှေပျံကို ရပ်နားလိုက်လေသည်။

ပျံသန်းရေး မှော်ရတနာကို ပြန်သိမ်းလိုက်ပြီးသည့်နောက်၊ သူ့မျက်နှာကို ပွတ်သပ်ရင်းမှ ဒေါသတကြီးဖြင့် သူ့ရှေ့တွင် ရှိနေသော ကျောက်တုံးကြီးကို ထိုးချလိုက်ရာ ကျောက်တုံး တစ်ခုလုံး တစ်စစီ ဖြစ်ကုန်လေသည်။ ထို့နောက်တွင် လီရွှမ်းသည် မြင်မြင်ရာမှန်သမျှကို စိတ်ထွက်ပေါက်အနေဖြင့် လိုက်ထိုးနေတော့လေ၏။

အချိန်အတော်ကြာသွားသည့် အခါမှသာ အမောတကောဖြင့် ထိုင်ချလိုက်ကာ ကုသရေးဆေးလုံးတစ်လုံးကို ထုတ်သောက်လိုက်လေသည်။ ထိုနောက် ဒေါသတကြီး အမူအရာဖြင့် အော်ဆဲလေ၏ “ခွေကောင်တွေ၊ မင်းတို့အားလုံး မလွတ်ဘူးမှတ်”

ထိုသို့ ပြောပြီးသည့်နောက်တွင် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်၍ သတင်းပို့လိုက်လေ၏။

မိုင်ပေါင်းသန်းနှင့်ချီဝေကွာသော နေရာ၌...

မီးနဂါးနန်းတော်၏ ဠာနချုပ်ထဲရှိ တစ်ခုသော နေရာ၌… ဤနေရာသည် မီးနဂါးနန်းတော်၏ တားမြစ်နေရာဖြစ်ကာ အကြီးအကဲ အနည်းငယ်နှင့် နန်းတော်သခင် လီကျောက်သာ ဝင်ခွင့်ရသည့်နေရာတစ်ခု ဖြစ်ပေသည်။ အကြောင်းမှာ ဤနေရာသည် ဂိုဏ်း၏ အဖိုးတန်ဆေးဥယျာဉ် ရှိနေသည့်နေရာ ဖြစ်သည့်အတွက်ကြောင့်ပင်။

ဆေးဥယျာဉ်ထဲ စိုက်ပျိုးထားသည့် ဆေးပင် အရေအတွက်မှာ မများလှသော်ငြား ဆေးပင်တစ်ပင်ချင်းစီတိုင်းသည် ဧကရာဇ်အဆင့် ဆေးပင်များ ဖြစ်ကြကာ အပြင်ဘက်တွင် ရှာတွေ့ရန် မလွယ်ကူသည့် ဆေးပင်များ ဖြစ်ကြသည်။ လက်ရှိ အချိန်တွင် ဆေးဥယျာဉ်ဘေးရှိ ကျောက်စံအိမ်ထဲ၌ ရှိနေသော စားပွဲတစ်လုံးတွင် လူသုံးဦး ထိုင်နေကြလေသည်။

ဘယ်ဘက်တွင် ရှိနေသည့်လူသည် သားနားရွှန်းစိုသည့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မေးရိုးဖြောင်ဖြောင့်၊ နှာတံဖြောင့်ဖြောင့် လူတစ်ဦး ဖြစ်သည်။ ထိုလူသည် မီးနဂါးနန်းတော်၏ နန်းတော်သခင် လီကျောက် ဖြစ်ပေသည်။

ညာဘက်တွင် ရှိနေသည့်လူမှာတော့ အသက်လေးဆယ်လောက် ရှိမည်ထင်ရပြီး ထူးခြားသည့် အရှိန်အဝါတစ်ရပ်ကို ပိုင်ဆိုင်ထားပေသည်။ ထိုလူသည် အာကာယံကောင်းကင်နန်းတော်၏ ဂိုဏ်းချုပ် မီချီ ဖြစ်ပေသည်။

သူတို့နှစ်ဦးကို အတူတကွ တွေ့ရသည်မှာ အထူးအဆန်း မဟုတ်ချေ။ ရန်ကိုင်မှ ရမ္မက်ရှာဂိုဏ်းအား ဖျက်စီးလိုက်သည် ဟူသည့် သတင်း ပြန့်လာသည့်အချိန်မှစ၍ ထိုဂိုဏ်းနှစ်ဂိုဏ်း စတင်၍ တပူးပူးတကပ်ကပ် လုပ်လာကြခြင်း ဖြစ်ပေသည်။

အလယ်တွင် ထိုင်နေသည့် လူမှာတော့ ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးသည့် သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်သည်။ သို့သော်ငြား လီကျောက်နှင့် မီချီတို့မှာတော့ ထိုလူအား တလေးတစားဖြင့် ဆက်ဆံနေကြပေသည်။

ကြယ်တာရာအစုအဝေးထဲတွင် ဧကရာဇ်တတိယအဆင့် ပညာရှင်များကပင် တလေးတစားနှင့် ဆက်ဆံရသည့်လူ များများစားစား မရှိပါသော်ငြား ဆေးလုံးမဟာဧကရာဇ်၏ အမွေးတပည့်များမှာတော့ ထိုကဲ့သို့သော လူမျိုးထဲ ပါဝင်ကြပေသည်။

ထိုလူသည် ဆေးလုံးမဟာဧကရာဇ်၏ နောက်ဆုံးတပည့်လည်းဖြစ်၊ ငါးယောက်မြောက် တပည့်လည်း ဖြစ်သည့် ဧကရာဇ်အဆင့် ဆေးပညာရှင် ကျိယင်သာ ဖြစ်ပေသည်။

ဆယ်နှစ်တာ သဘောတူညီချက်အရ ဆေးပင်များကို စုဆောင်းရမည့် တာဝန်ကို ဂျူနီယာများလက်ထဲ ပုံအပ်ထားလိုက်၍ မဖြစ်သည့်အတွက်ကြောင့် ကျိယင်ကိုယ်တိုင် သူ့တပည့်နှစ်ယောက်ကို ဦးဆောင်၍ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား မီးနဂါးနန်းတော်သို့ ရောက်သည်နှင့် ခရီးကြန့်ကြာစရာကိစ္စတစ်ခုနှင့် လာတိုးသည့် အတွက်ကြောင့် သူ့တပည့်နှစ်ဦးကိုသာ ရေခဲနှလုံးသားတောင်ကြားနှင့် ထက်ကောင်းကင်နန်းတော်ဆီသို့ ပို့လိုက်ရတော့သည်။

သူ့တပည့် လီရွှမ်း တဏှာကြီးမှန်း ကျိယင်သိသည်။ ထို့ကြောင့်ပင် ထိုကောင်ကို ရေခဲနှလုံးသားတောင်ကြားထဲသို့ မပို့ဘဲ ထက်ကောင်းကင်နန်းတော်ဆီသို့ ပို့လိုက်ခြင်း ဖြစ်သည်။

သို့သော်ငြား တစှဦကြီးသည်မှာ ပြဿနာတော့ မဟုတ်ချေ။ တကယ်တော့ လီရွှမ်းသည် ငယ်ငယ်လေးသာ ရှိသေးသည် မဟုတ်ပေလော။ ဆေးလုံးတောင်ကြားထဲတွင်သာ ဆေးပညာကို တောက်လျှောက်ကြီး လေ့လာနေခဲ့ရပြီးနောက် သူ့စိတ်ထဲ တဏှာစိတ် နိုးကြွလာသည်မှာ သဘာဝသာ ဖြစ်လေသည်။

ကျိယင်၏ အမြင်အရ၊ သူ့တပည့်နှစ်ယောက်စလုံးသည် တကယ်ကို တော်ကြသည်။ သူသာ နည်းနည်းပါးပါး ညွှန်ကြားပြသပေးလိမ့်မည် ဆိုပါက တစ်နေ့နေ့ကျ သူ့အဆင့်သို့ မရောက်နိုင်လျှင်ပင် သူ့ထက်တော့ အများကြီး နိမ့်ကျလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူနှင့်အတူ ရှိစဉ်အတောအတွင်း တပည့်နှစ်ဦးစလုံးမှာ အလွန်ကိုမှ လိမ္မာကြသည့် အတွက်ကြောင့် ကျိယင်လေး စိတ်အေးအေးနှင့် ထိုနှစ်ဦးကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

All Chapters