အခန်း (၂၇၂၄)
Vol. 116 Ch. 2724
လူသုံးဦးသည် စကားပြောဆိုဝိုင်းဖွဲ့ရင်း ရေနွေးကြမ်းသောက်နေကြလေရာ စံအိမ်တစ်ခုလုံး ရေနွေးကြမ်း မွှေးရနံ့တို့ သင်းထုံနေလေ၏။
လီကျောက်နှင့် မီချီတို့၏ မြှောက်ဖားပင့်ကော်မှုကြောင့် ကျိယင်မှာ နှစ်ထောင်းအားရ ဝမ်းသာနေကာ အဆက်မပြတ်ကို အော်ရယ်မောနေခဲ့လေသည်။
အချိန်တစ်ခု ကြာသွားပြီးသည့်နောက် ဆေးဥယျာဉ်ထဲရှိ တစ်နေရာဆီမှ ထူးဆန်းသည့်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ တိုးလျပါသော်ငြား စံအိမ်ထဲတွင် ရှိနေသည့် လူသုံးဦးစလုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် ထိုအသံကို သေသေချာချာ ကြားလိုက်ရပေသည်။
ကျိယင်သည် ထိုင်နေရာမှ ရုတ်တရက် ထရပ်၍ အသံထွက်ပေါ်လာရာ ဘက်ဆီသို့ စိတ်လှုပ်ရှားစွာ လှမ်းကြည့်ရင်းမှ ပြောလိုက်လေသည်။ “ပန်းပွင့်တော့မယ်…”
မီချီနှင့် လီကျောက်တို့သည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ဦးစလုံး၏ မျက်လုံးများထဲ စိတ်လှုပ်ရှားမှုတို့ကို အထင်းသား မြင်တွေ့နေရလေသည်။
လီကျောက်က အမြန်ပြောလိုက်လေ၏။ “ဆေးဝိဇ္ဇာကျိက တကယ်ကို အမြင်စူးရှတာပဲ… ဒီနေ့ ဆေးဝိဇ္ဇာကျိရှိနေလို့ပေါ့… မဟုတ်ရင်တော့ ဒီပန်း မကြာခင်ပွင့်တော့မယ်ဆိုတာကို ဒီလီ လုံးဝ သိမှာမဟုတ်ဘူး…”
မီချီက ရယ်ရယ်မောမောဖြင့် ဝင်ပြောလိုက်လေ၏။ “ဆေးဝိဇ္ဇာကျိက ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ယောက်လေ… ဆေးလုံးမဟာဧကရာဇ်ရဲ့ အမွေခံတပည့်တစ်ယောက်လည်း ဟုတ်တယ်… ဒီလောကကြီးမှာရှိတဲ့ ဆေးပင်တွေအကြောင်းကို ဆေးဝိဇ္ဇာကျိက နောကြေနေအောင် သိထားပြီးသား… မင်းလိုလူက ဘယ်လိုလုပ်ပြီး ဆေးဝိဇ္ဇာကျိနဲ့ သွားယှဉ်နေသေးတာလဲ… မင်းသာဆိုရင်တော့ ပန်းပင်ပွင့်လို့ပွင့်မှန်းတောင် မသိဘဲနဲ့ ဆေးအာနိသင်တွေ အများကြီးကို ဆုံးရှုံးသွားရမှာ…”
“ဟုတ်တယ် ဟုတ်တယ်…” လီကျောက်က ထပ်တလဲလဲ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ရောင်းရင်းမီချီပြောတာ အမှန်ပဲ… ဆေးဝိဇ္ဇာကျိ သတိပေးတာကြောင့်သာ မဟုတ်လို့ရှိရင် ဒီပန်းပွင့်ရဲ့ ဆေးအာနိသင်တွေ တော်တော်များများ ဆုံးရှုံးသွားရမှာ… ပန်းကပွင့်တော့မှာဆိုတော့ သွားကြည့်ကြတာပေါ့…”
“ဟုတ်တယ်… သွားကြည့်ရအောင်…” ကျိယင်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီးသည့်နောက် ရှေ့မှ ဦးဆောင်သွားလေသည်။
မီချီနှင့် လီကျောက်တို့သည် စကားတစ်ခွန်းမှမပြောဘဲ တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
မကြာမီတွင် သူတို့သုံးဦးသည် ဆေးဥယျာဉ်ထဲရှိ ဆေးပင်တစ်ပင်တည်းသာ ပွင့်လန်းနေသော နေရာတစ်ခုဆီသို့ ရောက်လာကြလေသည်။ ပန်းပွင့်မှာ မီတာဝက်ခန့် အမြင့်ရှိပြီး အမြစ်များမှာ တွန့်လိမ်နေကာ အရွက်များမှာလည်း အတွန့်အတွန့်နှင့် ဖြစ်နေခဲ့သည်။ သို့သော်ငြား ပန်းပွင့်ဆီမှ ထူးဆန်းသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်နေခဲ့လေသည်။ ကျုချင်း သို့မဟုတ် ရန်ကိုင်သည်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤပန်းပွင့်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ နဂါးချီမှန်း တန်းပြောနိုင်ပေလိမ့်မည်။
သို့သော်ငြား ဤနဂါးချီမှာ အတော်လေးကိုမှ အားနည်းလှကာ ရန်ကိုင်နှင့် ကျုချင်းတို့ နဂါးအမြုတေစွမ်းအားကို ထုတ်သုံးလိုက်ချိန် သူတို့ဆီမှ ထွက်ပေါ်လာသည့် နဂါးချီနှင့် လုံးဝ မယှဉ်နိုင်ပေ။
သို့တိုင် ပန်းတစ်ပွင့်မှ နဂါးချီအား ထုတ်လွှတ်နိုင်နေသည်မှာ အတော်လေးကိုမှ အံ့ဩစရာ ကောင်းလှပေသည်။
ပို၍ထူးဆန်းသည့်အချက်မှာ ဤပန်းပွင့်သည် အားနည်းဖျော့တော့သည့် နဂါးချီကို ထုတ်လွှတ်နိုင်ရုံသာလျှင် မဟုတ်ဘဲ ပန်းပွင့်ပုံစံမှာလည်း နဂါးတစ်ကောင်အား အဆပေါင်းများစွာ အရွယ်အစား ချုံ့ထားသည့် ပုံစံနှင့် တူနေခြင်းပင်။
ကျိယင်သည် ပန်းပွင့်နှင့် ဆယ်မီတာခန့်အကွာတွင် ရပ်လျက် အသက်ကိုပင် ရဲရဲမရှူဝံ့ဘဲ ဆေးပင်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
ကျိယင်ပုံစံမှာ ပန်းပွင့်တစ်ပွင့် ပွင့်လာမည်ကို စောင့်ဆိုင်းနေသည်နှင့်မတူဘဲ အဖေတစ်ယောက်မှ သူ့ကလေး မွေးလာမည်ကို စိုးရိမ်တကြီးဖြင့် ရပ်စောင့်နေသည့် ပုံစံနှင့်ပင် တူနေပေသေးသည်။
လီကျောက်သည် ပွင့်လာတော့မည့် ပန်းပွင့်အား ဂုဏ်ယူဝံ့ကြွားသည့် အမူအယာဖြင့် လှမ်းကြည့်နေရင်းမှ မီချီဆီသို့ မသိမသာလေး တစ်ချက် လှမ်းကြည့်လိုက်လေသည်။
မီချီက ချက်ချင်း ပြောလိုက်လေ၏။ “ဆေးဝိဇ္ဇာကျိ… ဒီနဂါးသွေးပန်းက တကယ်ကြီး အဖိုးတန်တာလား…”
“မင်း ဘာသိလို့လဲ…” ကျိယင်မှာ ပန်းပွင့်အပေါ် အာရုံစိုက်နေခဲ့လေရာ မီချီ၏စကားကိုကြားသော် မသိလိုက်မသိဘာသာဖြင့် ပြစ်တင်ပြောဆိုမိလိုက်လေသည်။ သို့သော်ငြား ပြောပြီးသည့်အခါမှ မီချီသည် သူ့တပည့်မဟုတ်ဘဲ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးဖြစ်ကြောင်းကို ပြန်သတိရသွားခဲ့သည်။
ထို့အတွက်ကြောင့် သူ့လေသံကို မသိမသာလေး ပြန်ပြင်၍ ရှင်းပြလိုက်လေ၏။ “မင်းတို့က ဆေးပညာရှင်တွေမဟုတ်တော့ နဂါးသွေးပန်း ဘယ်လောက်ရှားလဲဆိုတာကို သိမှာမဟုတ်ဘူး… ဒါပေမယ့် နန်းတော်သခင်လီက ဒီနဂါးသွေးပန်းကို သူ့သွေးအဆီအနှစ်နဲ့ တစ်ချိန်လုံး ပျိုးထောင်ထားခဲ့တာဆိုတော့ အနည်းဆုံးတော့ ဒီဆေးပင်အကြောင်းကို အနည်းအကျဉ်းတော့ သိလောက်မှာပေါ့…”
လီကျောက်က အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “ဆေးဝိဇ္ဇာကျိ ကျုပ်ကို အထင်ကြီးလွန်နေပါပြီ… ဒီပန်းပွင့်နဲ့ပတ်သက်ပြီး ကျုပ်လည်း ဘာမှမသိဘူး… ဒါကြောင့် ဆေးဝိဇ္ဇာကျိ ကျေးဇူးပြုပြီး ရှင်းပြပေးလို့ရမလား…”
ထိုပန်းပွင့်ကို နှစ်ပေါင်းများစွာကြာအောင် ဂရုတစိုက်နှင့် ပျိုးထောင်လာခဲ့သူတစ်ဦး ဖြစ်လေရာ လီကျောက်အနေဖြင့် ဤပန်းပွင့်အကြောင်းကို မည်ကဲ့သို့များ မသိဘဲ နေရမည်နည်း။ သို့သော်ငြား ဆေးဝိဇ္ဇာကျိအား ပစားပေးနိုင်ရန်အတွက် မသိချင်ယောင်ဆောင်နေခြင်းသာ ဖြစ်လေသည်။
ကျိယင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ဒီနဂါးသွေးပန်းက နဂါးကျွန်းမှာပဲ သဘာဝအလျောက် ပေါက်တဲ့ ပန်းတစ်မျိုးပဲ… ရှင်းရှင်းပြောရရင် ဒီနဂါးသွေးပန်းကို နဂါးကျွန်းမှာပဲ တွေ့နိုင်တယ်… ဒီတော့ ဒီပန်းပွင့် ဘယ်လောက်ရှားတယ်လို့ မင်းတို့ထင်လဲ…”
မီချီက အထိတ်တလန့်ဖြင့် “တကယ်ကြီးလား…” ထို့နောက် လီကျောက်ဘက်သို့လှည့်၍ “ဒါဆိုရင် ရောင်းရင်းလီ… ဒီနဂါးသွေးပန်းကို ဘယ်ကနေ ရလာတာလဲ…”
လီကျောက်က ရယ်ရယ်မောမောဖြင့် “ဟိုးတစ်ခေါက် ငါ အပြင်ထွက်တုန်းက တွေ့ခဲ့တာ… အဲ့တုန်းက ဒီပန်းပွင့်လေးက ထူးခြားပါတယ်ဆိုပြီး ပြန်ယူလာခဲ့တာ… ဒါပေမယ့် ဒီနေရာမှာ ပြန်စိုက်ရုံတင်ရှိသေး ပန်းပွင့်က ချက်ချင်းကြီး ညှိုးသွားလို့ ငါ့သွေးအဆီအနှစ်နဲ့ ကမန်းကတန်း အားဖြည့်ပေးလိုက်ရတယ်… ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ အသက်ပြန်ရှင်သွားတယ်… အဲ့အချိန်ကနေစပြီး ဒီပန်းပွင့်ကို ငါ့သွေးအဆီအနှစ်တွေသုံးပြီး တောက်လျှောက် ပျိုးထောင်လာခဲ့တာ…”
“ဒီတော့ တိုက်ဆိုင်သွားတာပေါ့…” မီချီအတွေးနက်သွားခဲ့လေသည်။
ကျိယင်က ခေါင်းညိတ်လျက် “နန်းတော်သခင်လီလုပ်တာ တကယ်မှန်တယ်… နဂါးသွေးပန်း နဂါးကျွန်းမှာပဲ ပေါက်ရောက်နိုင်တဲ့အကြောင်းအရင်းက နဂါးသွေးကပဲ ဒီပန်းပွင့်ကို ပျိုးထောင်နိုင်လို့ပဲ… ဒီလောကကြီးထဲမှာ နဂါးကလန်အဖွဲ့သားတွေကို နဂါးကျွန်းကလွဲပြီး အခြား ဘယ်နေရာမှာ သွားရှာနိုင်လို့လဲ… ဒါကြောင့်ပဲ နဂါးသွေးပန်းတွေက နဂါးကျွန်းကလွဲပြီး အခြား ဘယ်နေရာမှာမှ မပေါက်နိုင်တာ… နန်းတော်သခင်လီက နဂါးကလန်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာကြောင့်မလို့ပဲ သူ့သွေးအဆီအနှစ်က ဒီနဂါးသွေးပန်းကို အသက်ဆက်ရှင်စေနိုင်ခဲ့တာ…”
လီကျောက်သည် လူသားစစ်စစ်မဟုတ်။ လူသားတစ်ဝက် မွန်းစတားသားရဲတစ်ဝက် ဖြစ်ပေသည်။ မြောက်ဘက်နယ်မြေတစ်ခုလုံးတွင် ဤလျှို့ဝှက်ချက်ကို သိထားသည့်လူ များများစားစားမရှိလှ။ ကျိယင်နှင့် မီချီတို့သာ သိထားကြသည်။
နဂါးသွေးပန်းကို ပျိုးထောင်လိုပါက နဂါးသွေးဖြင့် အားဖြည့်ပေးရပေသည်။ လီကျောက်၏ နဂါးသွေးမျိုးဆက်မှာ အတော်လေးကိုမှ ပါးလှပါသော်ငြား သူ့ကိုယ်ထဲတွင် နဂါးသွေးများ စီးဆင်းနေသည်မှာတော့ ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူ့သွေးဖြင့် နှစ်ပေါင်းများစွာကြာအောင် တယုတယဖြင့် ပျိုးထောင်လာပြီးသည့်နောက်တွင် နဂါးသွေးပန်းမှာ စတင်၍ ပွင့်လန်းလာတော့လေ၏။
“ငါထင်တာတော့ နန်းတော်သခင်လီ ဒီနဂါးသွေးပန်းကို ကောက်ရတဲ့နေရာမှာ နဂါးကလန်က အဖွဲ့သားတစ်ယောက် သေသွားတာဖြစ်လိမ့်မယ်… မဟုတ်ရင် အဲ့နေရာမှာ နဂါးသွေးပန်း ပေါက်စရာအကြောင်း လုံးဝမရှိဘူး…” ကျိယင်က ပြောလိုက်သည်။
လီကျောက်က တလေးတစားဖြင့် ချီးကျူးလိုက်လေ၏။ “ဆေးဝိဇ္ဇာကျိပြောတာ တကယ်မှန်လောက်တယ်… ကျုပ် အဲ့နဂါးသွေးပန်းကို တွေ့လိုက်တုန်းက အဲ့နေရာမှာ နဂါးကလန်အဖွဲ့သားတစ်ယောက်ရဲ့ အရိုးတွေကိုပါ တွေ့လိုက်သေးတယ်… ဒါပေမယ့် အဲ့လူသေသွားတာ ဘယ်လောက်တောင် ကြာနေပြီလဲတော့မသိဘူး… သွားထိလိုက်တာနဲ့ အဲ့အရိုးတွေ အကုန် အမှုန့်ဖြစ်ကုန်ရော…”
“နဂါးကလန်အဖွဲ့သားတွေရဲ့ အရိုးက အရမ်းမာတာ… ဘယ်လိုမှ လွယ်လွယ်နဲ့ မပျက်စီးနိုင်ဘူး… အဲ့အရိုးတွေကို သွားထိလိုက်ရုံနဲ့ အမှုန့်တွေဖြစ်သွားရတာက ဒီနဂါးသွေးပန်းက အဲ့အရိုးတွေထဲမှာပါတဲ့ အဆီအနှစ်တွေအကုန်လုံးကို စုပ်ယူသွားလို့ပဲ…”
“အဲ့ဒါကြောင့်ကိုး…” လီကျောက် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့လေသည်။
ကျိယင်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေ၏။ “နဂါးသွေးပန်းနဲ့ဆိုရင် နဂါးသွေးဆေးလုံးကို ဖော်စပ်လို့ရပြီ… အဲ့ဆေးလုံးက နန်းတော်သခင်လီအတွက် အရမ်းအဖိုးတန်တယ်…”
“ဘာလို့လဲ…” ကျိယင်ပြောသည်ကို ကြားပြီးသည့်နောက် လီကျောက် အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။
“နဂါးကလန်ကအဖွဲ့သားတွေ နဂါးသွေးပန်းတွေကို စားသောက်ရတဲ့ အကြောင်းအရင်းက သူတို့ရဲ့ သွေးမျိုးဆက်ကို ပိုပြီး သန့်စင်အောင် လုပ်ချင်လို့ပဲ… နဂါးကလန်ရဲ့ သွေးမျိုးဆက်တွေကို အဆင့်ခွဲထားတာလည်း မင်းတို့လည်း သိပြီးသားဖြစ်မှာပေါ့… သွေးမျိုးဆက် ပိုပြီး အဆင့်မြင့်လေ အဆင့်နိမ့်တဲ့သွေးမျိုးဆက်ကို ပိုပြီး ဖိနှိပ်နိုင်လေပဲ… ဒီတော့ နဂါးကလန်က အဖွဲ့သားနှစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ကြလို့ သူတို့ခွန်အားက တူနေရင်တောင် သွေးမျိုးဆက်မတူဘူးဆိုရင် သွေးမျိုးဆက်နိမ့်တဲ့လူက သွေးမျိုးဆက်မြင့်တဲ့လူကို ဘယ်လိုမှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး”
မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး ခေါင်းအသီးသီး ညိတ်လိုက်ကြလေသည်။ ဤအကြောင်းကို သူတို့နှစ်ဦးစလုံး သိထားပြီးသားပင်။
“နဂါးကလန်သားတွေက မွေးရာပါ အားကောင်းကြတာ… သူတို့အတွက် ဧကရာဇ်အဆင့်ကို ရောက်ဖို့က ဘာမှမခက်ဘူး… နည်းနည်းလောက် ထပ်ကြိုးစားလိုက်မယ်ဆိုရင် ဧကရာဇ်တတိယအဆင့်နဲ့ ယှဉ်ပြိုင်နိုင်တဲ့စွမ်းအားကို အသာလေးပိုင်ဆိုင်နိုင်တယ်… သူတို့ကျင့်ကြံရတဲ့ အဓိကအကြောင်းအရင်းက သူတို့ရဲ့သွေးမျိုးဆက်ကို သန့်စင်ချင်လို့ပဲ… သွေးမျိုးဆက် ပိုပြီးသန့်စင်လေ သူတို့က ပိုပြီးအားကောင်းလာလေပဲ… နဂါးကလန်ရဲ့ လက်ရှိအကြီးအကဲချုပ်က အဆင့်ရှစ်မိုးပြာနဂါးပဲ… သူ့ခွန်အားက မဟာဧကရာဇ်တွေနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်… သူ့အထက်မှာတော့ ဒဏ္ဍာရီလာ အဆင့်ကိုးနဲ့ အဆင့်တစ်ဆယ် သွေးမျိုးဆက်တွေ ရှိသေးတယ်… ရှင်းရှင်းပြောရရင် နဂါးသွေးပန်းတွေက သူတို့အတွက် အရေးကြီးဆုံး ကျင့်ကြံရေး အရင်းအမြစ်တစ်ခုပဲ…”
လီကျောက်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်လေ၏။ “ဆေးဝိဇ္ဇာကျိပြောချင်တာက…”
“ဟုတ်တယ်…” ကျိယင်က ခေါင်းညိတ်လိုက်သည်။ နန်းတော်သခင်လီကိုယ်ထဲက နဂါးသွေးမျိုးဆက်က တော်တော်လေးကို ကျဲပါးတယ်ဆိုပေမယ့် ဒီနဂါးသွေးပန်းကို စားလိုက်မယ်ဆိုလို့ရှိရင် အဲ့သွေးမျိုးဆက်စွမ်းအားကို မြှင့်တင်လို့ရတယ်… ဒီတိုင်းမစားဘဲနဲ့ နဂါးသွေးဆေးလုံးအဖြစ် ဖော်စပ်ပြီးတော့ သောက်လိုက်မယ်ဆိုရင်တော့ ပိုပြီးတော့တောင် အကျိုးအာနိသင် ရှိဦးမှာ…”
ကျိယင်ရှင်းပြသည်ကို ကြားပြီးသည့်နောက် လီကျောက် အသက်ရှူနှုန်း မြန်ဆန်လာခဲ့လေသည်။ ဤအကြောင်းနှင့် ပတ်သက်၍ တိုးတိုးတိတ်တိတ်ကြိတ်ကာ စုံစမ်းထားပြီးသွားခဲ့ပြီ ဖြစ်ပါသော်ငြား ကျိယင်ကိုယ်တိုင်မှ အတည်ပြုပေးလာခဲ့သော် ဤနဂါးသွေးပန်းကို နှစ်ပေါင်းရာနှင့်ချီတိုင်အောင် သူ့သွေးအဆီအနှစ်ကိုသုံး၍ ပျိုးထောင်ခဲ့ရသည်မှာ အချည်းအနှီးမဖြစ်ဟု လီကျောက်စိတ်ထဲ ခံစားလိုက်ရလေသည်။
နဂါးသွေးပန်းကို သူမှ လွန်ခဲ့သောနှစ်တစ်ရာခန့်က ရရှိခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကတည်းက သူ၏ သွေးအဆီအနှစ်ကိုသုံး၍ တောက်လျှောက် ပျိုးထောင်လာခဲ့သည့် အတွက်ကြောင့် သူ့ခွန်အားမှာ နှစ်အတော်ကြာအောင် ရပ်တန့်နေခဲ့ရသည်။ သူနှင့် မီချီတို့နှစ်ဦးစလုံး ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဖြစ်ကြပါသော်ငြား သွေးမျိုးဆက်ကျေးဇူးကြောင့် လီကျောက်မှာ မီချီထက် အနည်းငယ် ပို၍ အားကောင်းပေသည်။
သို့သော်ငြား သူသည်သာ ဤနဂါးသွေးပန်းကို စားသုံးနိုင်မည်ဆိုပါက လီကျောက်၏ခွန်အားသည် မီချီ၏ခွန်အားကို ကျိန်းသေ ကျော်တက်သွားပေလိမ့်မည်။
“ဒါပေမယ့်…” ကျိယင်က မျက်မှောင်ကြုတ်လျက် ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်လေသည်။
“ဒါပေမယ့် ဘာလဲ…” လီကျောက် ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။
ကျိယင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဒီလောက်ကြီးလည်း စိုးရိမ်မနေပါနဲ့ နန်းတော်သခင်လီရာ… ကျုပ်ပြောချင်တာက နဂါးကလန်က အဖွဲ့သားတွေရဲ့ သွေးမျိုးဆက်ကို အဆင့်ခွဲထားသလို ဒီနဂါးသွေးပန်းတွေကိုလည်း အဆင့်ခွဲထားတယ်ဆိုပြီးတော့ပါ… ဒီနဂါးသွေးပန်း ပွင့်လာမယ်ဆိုလို့ရှိရင်တောင် သူ့အဆင့်က အနိမ့်ဆုံးအဆင့်ပဲ ဖြစ်နေမှာ…”
ဤမျှ အဆင့်နိမ့်လှသည့် နဂါးသွေးပန်းလောက်ကိုတော့ နဂါးကျွန်းပေါ်တွင် ရှိနေသော မည်သည့်နဂါးမှ တစ်ချက်ပင် စောင်းငဲ့ကြည့်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား မီးနဂါးနန်းတော်၏ ဆေးဥယျာဉ်ထဲတွင်တော့ နဂါးသွေးပန်းသည် အဖိုးအတန်ဆုံး ဆေးပင်တစ်ပင် ဖြစ်နေခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်း၏ ရှားပါးမှုကြောင့် ဖြစ်လေသည်။
ဤအကြောင်းကြောင့်သာ မဟုတ်လျှင် ကျိယင် မီးနဂါးနန်းတော်တွင် နေခဲ့လိမ့်မည် မဟုတ်ချေ။ သူ့တပည့်များနှင့်အတူ ဆယ်နှစ်တာသဘောတူညီချက်အတိုင်း ဆေးပင်များကို စုဆောင်းရန်အတွက် ရေခဲနှလုံးသားတောင်ကြားနှင့် အထက်ကောင်းကင်နန်းတော်ဆီသို့ ကိုယ်တိုင်သွားနေပေလိမ့်မည်။ ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် နဂါးသွေးပန်း ပွင့်လန်းလာမည့်အခိုက်အတန့်ကို စောင့်ကြည့်ချင်သည့် အတွက်ကြောင့်သာ ဤနေရာတွင် နေနေခဲ့ခြင်း ဖြစ်လေသည်။
ကျိယင်သည် ဆေးလုံးမဟာဧကရာဇ်ဘေးနားတွင် နှစ်ပေါင်းများစွာကြာအောင် ဆေးပညာကို သင်ယူခဲ့ပါသော်ငြား ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် နဂါးသွေးပန်းကို မြင်ဖူးခြင်း ဖြစ်လေသည်။ ဤကဲ့သို့သော ဆေးပင်တစ်ပင်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်လေရာ ဧကရာဇ်အဆင့် ဆေးပညာတစ်ဦးဖြစ်သော ကျိယင်၏ ဆေးဘက်ဆိုင်ရာ စိတ်ဆန္ဒတို့မှာ ထကြွလာရတော့လေသည်။
မီချီက ရပ်နေရင်းမှ မေးလိုက်လေ၏။ “ဆေးဝိဇ္ဇာကျိ… ဒီနဂါးသွေးဆေးလုံးက နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့အတွက် ရောင်းရင်းလီအတွက်ပဲ အသုံးဝင်ပြီးတော့ လူသားကျင့်ကြံသူတွေအတွက်တော့ အသုံးမဝင်ဘူးပေါ့ အဲ့ဒါဆိုရင်…”
ကျိယင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဘယ်လိုလုပ်ပြီး လူသားကျင့်ကြံသူတွေအတွက် အသုံးမဝင်ဖြစ်ရမှာလဲ… ဒီနဂါးသွေးဆေးလုံးကို သောက်လိုက်မယ်ဆိုရင် အရိုးအဆစ်တွေ သန်မာလာမယ်… ကြွက်သားတွေ ပိုပြီး မာကျောကျစ်လျစ်လာမယ်… ဧကရာဇ်ချီကလည်း ပိုပြီးတော့ သန့်စင်လာလိမ့်မယ်… အဲ့လိုအကျိုးကျေးဇူးတွေမှ အများကြီးပဲ… ဘယ်လိုလုပ်ပြီး အသုံးမဝင်ဘဲ နေရမှာလဲ…”
တစ်ချက်မျှ ရပ်ပြီးသည့်နောက် ကျိယင်က ဆက်ပြောလိုက်သည်။ “နန်းတော်သခင်လီ… မင်း ငါ့ကို ယုံတယ်ဆိုရင် နဂါးသွေးပန်း ပွင့်လာတဲ့အချိန်ကြရင် ငါဒါကို နဂါးသွေးဆေးလုံးအဖြစ် ဖော်စပ်ပေးမယ်…”
ထိုစကားကိုကြားသော် လီကျောက် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “ကျုပ် အခုပဲ ဆေးဝိဇ္ဇာကျိကို အဲ့လိုမျိုး တောင်းဆိုတော့မလို့ပါ… ဆေးဝိဇ္ဇာကျိကိုယ်တိုင်က ကူညီပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ…”
လီကျောက်မှာ အလွန်ကိုမှ ဝမ်းသာနေခဲ့သည်။ သူသည် မီးနဂါးနန်းတော်၏ နန်းတော်သခင်ဖြစ်ပါသော်ငြား ကျိယင်အား သူ့အတွက် ဆေးဖော်စပ်ပေးလာအောင် တောင်းဆိုဖို့ရာမှာ လွယ်ကူသည့်အရာတစ်ခု မဟုတ်ပေ။ သူ့အနေဖြင့် လိုအပ်သည့်ဆေးလုံးများ ရှိနေသည့်အတွက်ကြောင့် ဆေးလုံးတောင်ကြားဆီသို့ အကြိမ်ပေါင်းများစွာ သွားခဲ့ဖူးသည်။ ထိုစဉ်က ဆေးလုံးတောင်ကြားဆီမှ တစ်ခါတစ်ခါ အကူအညီတောင်းလိုက်တိုင်း မြောက်မြားလှစွာသော ငွေကြေးပမာဏကို ပေးချေရပေသည်။ ထို့အပြင် တောင်းဆိုထားသည့် ဆေးလုံးကို ရရှိရန်အတွက်လည်း အချိန်အတော်ကြာအောင် စောင့်ရသေးသည်။
သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ ကျိယင်က သူကိုယ်တိုင်ဖော်စပ်ပေးမည်ဟု သူ့ဘာသာသူ ပြောလာခဲ့လေသည်။
ထို့အပြင် ထိုကဲ့သို့ဖော်စပ်ပေးသည့်အတွက်လည်း သူ့အနေဖြင့် ဘာမှပေးစရာမလို။
ကြည့်ရသလောက် နဂါးသွေးပန်းသည် ကျိယင်ကဲ့သို့သော ဆေးပညာရှင်တစ်ဦးအတွက် အလွန်ကိုမှ စွဲမက်ဖွယ်ရာကောင်းလှသည့် ဆေးအမယ်တစ်မျိုး ဖြစ်သည့်ပုံပင်။
“ဒီနဂါးသွေးပန်းကို ဆေးလုံးအဖြစ် ဖော်စပ်မယ်ဆိုလို့ရှိရင် ဆေးဝိဇ္ဇာကျိ ဘယ်နှစ်လုံးလောက် ဖော်စပ်နိုင်မလဲ သိလို့ရမလား…” လီကျောက်က မေးလိုက်သည်။
ကျိယင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “တပ်အပ်ကြီးတော့ မပြောရဲပေမယ့် သုံးလုံးလောက်ကတော့ ပြဿနာမရှိလောက်ဘူး…”
ကျိယင်မှ တစ်ခါတစ်ခါ ဆေးဖော်စပ်ပေးတိုင်း ဆေးဖော်စပ်ခကို တောင်းယူသည့်အပြင်ကိုမှ ဖော်စပ်၍ ရရှိလာသော ဆေးလုံးများအနက် သုံးပုံတစ်ပုံကိုလည်း ယူထားပေသေးသည်။ ဤသည်မှာ သူ့ဆီမှ ဆေးဖော်စပ်ပေးရန် လာရောက်အကူအညီတောင်းပါက လိုက်နာရမည့် စည်းမျဉ်းများ ဖြစ်ကြသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ကျိယင် ဆေးဖော်စပ်သည့်အခါ ဆေးလုံးဘယ်နှစ်လုံး ဖော်စပ်နိုင်မလဲဟု လီကျောက်မှ မေးလိုက်ခြင်းဖြစ်ပေသည်။ ယခု ကျိယင်မှ ဆေးလုံး အနည်းဆုံး သုံးလုံးခန့် ဖော်စပ်နိုင်ကြောင်း ပြောလာသော် လီကျောက် ဝမ်းသာအားရ ဖြစ်သွားလေ၏။ ထိုသို့သာဆိုလျှင် သူ့အနေဖြင့် နဂါးသွေးဆေးလုံး အနည်းဆုံး နှစ်လုံးလောက်ရပေမည်။ ထိုပမာဏသည် သူ့ခွန်အားကို တိုးတက်အောင်လုပ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုပေသေးသည်။
“ဂုဏ်ယူပါတယ် ရောင်းရင်းလီ…” မီချီက လက်သီးဆုပ်၍ လီကျောက်အား ဂုဏ်ပြုပေးလိုက်လေ၏။ သို့သော်ငြား သူ့စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေမိလေသည်။