← Chapters

အခန်း (၂၇၂၅)

Vol. 116 Ch. 2725

အခန်း (၂၇၂၅)

Vol. 116 Ch. 2725

ရန်ကိုင်မှ ရမ္မက်ရှာဂိုဏ်းကို ဖျက်ဆီး၍ အထက်ကောင်းကင်နန်းတော်ကို တည်ထောင်လိုက်သည့်အတွက်ကြောင့် အာကာယံကောင်းကင်ဂိုဏ်းနှင့် မီးနဂါးနန်းတော်တို့ ယခုကဲ့သို့ နီးနီးကပ်ကပ် ဖြစ်လာခဲ့ရပါသော်ငြား လူတိုင်းသည် ကိုယ့်ဘက်ကိုယ်ယက်သည့် လိပ်များသာ ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် လီကျောက် အလွန်အားကောင်းလာမည်ကို မီချီမမြင်ချင်ပေ။

သူ့စိတ်ထဲတွင် ကျိယင် နဂါးသွေးဆေးလုံးအား အောင်မြင်စွာ မဖော်စပ်နိုင်ပါစေနှင့်ဟုသာ ကြိတ်၍ ဆုတောင်းနေခဲ့လေသည်။

သို့သော်ငြား သူ့ဆုတောင်းမှာ ပြည့်နိုင်လောက်လိမ့်မည် မဟုတ်မှန်းတော့ မီချီ သိနေခဲ့လေသည်။ ကျိယင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ၏ဆေးစွမ်းရည်မှာ မေးခွန်းထုတ်စရာမလို။ သူကိုယ်တိုင်က ဆေးလုံးသုံးလုံး ဖော်စပ်နိုင်သည်ဟု ပြောလာသည့်အတွက်ကြောင့် ကျိန်းသေ ဖော်စပ်နိုင်သည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

လီကျောက်မှာမူ အလွန်ကိုမှ ကျေနပ်အားရဟန်ဖြင့် ရယ်မောနေခဲ့လေသည်။

သို့သော်ငြား ထိုအခိုက်အတန့်မှာပင် နောက်ထပ် ထူးဆန်းသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သုံးယောက်စလုံး အံ့အားသင့်သွားခဲ့ပြီး နဂါးသွေးပန်းရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်ကြသည်။

တဖြည်းဖြည်း ပွင့်လန်းလာနေသော နဂါးသွေးပန်းသည် အမှန်တကယ် ဖူးပွင့်လာတော့မည့်အလား မျက်စိကျိန်းမတတ် ကြက်သွေးရောင်အလင်းတန်းကို ထုတ်လွှတ်လာခဲ့လေသည်။

ဧကရာဇ်အဆင့်ပညာရှင်သုံးဦးစလုံးသည် အသက်ကိုပင် ရဲရဲ မရှူရဲတော့ပဲ နဂါးသွေးပန်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြတော့လေ၏။

နဂါးသွေးပန်း၏ ပွင့်ချပ်များ တဖြည်းဖြည်း ပွင့်အာလာသည်နှင့်အမျှ ၎င်းဆီမှ ဖြာထွက်နေသည့် သွေးနီရောင်အလင်းတန်းမှာလည်း ပိုပို၍ တောက်ပလာခဲ့သည်။ တစ်ချိန်တည်းတွင် နဂါးသွေးပန်းဆီမှ ထွက်ပေါ်နေသော အားနည်းဖျော့တော့သည့် နဂါးချီမှာလည်း အဘက်ဘက်သို့ ပျံ့နှံ့လာတော့သည်။

“ဒုတ်… ဒုတ်… ဒုတ်…”

လီကျောက်၏ နှလုံးခုန်သံကို အတိုင်းသား ကြားနေရလေသည်။ ယခုကိစ္စသည် သူ့ခွန်အား တိုးတက်လာနိုင်သည့်အရေးနှင့် ပတ်သက်နေလေရာ လီကျောက်အနေဖြင့် ကျန်နှစ်ဦးထက် ပို၍ စိုးရိမ်နေလေ၏။

ရုတ်တရက်ဆိုသလို နဂါးသွေးပန်းသည် ကိစ္စတစ်ရပ်ရပ်ကြောင့် ၎င်း၏ပွင့်လန်းခြင်းဖြစ်စဉ် နှောင့်နှေးသွားခဲ့ရသည့်အလား ၎င်းဆီမှ ဖြာထွက်နေသည့် သွေးနီရောင်အလင်းမှာ အနည်းငယ် မှိန်ကျသွားခဲ့လေသည်။ ပွင့်အာရန် ပြင်ဆင်နေသော ပွင့်ချပ်များသည်ပင်လျှင် အဖူးအငုံအဖြစ်သို့ တဖြည်းဖြည်း ပြန်လည် ပြောင်းလဲသွားလေ၏။

ပန်းတစ်ခုလုံးမှာ ညှိုးကျသွားတော့မည့်ပုံပင်။

လီကျောက်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “ဘာတွေ…”

လီကျောက်မှာ သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ကျိယင်က ဖြတ်ပြောလိုက်လေ၏။ “နန်းတော်သခင်လီ… နောက်မကျလွန်းခင် နဂါးသွေးပန်းကို ခင်ဗျားရဲ့သွေးအဆီအနှစ် မြန်မြန်တိုက်လိုက်…”

နဂါးသွေးပန်းသည် နဂါးကလန်၏ သွေးအဆီအနှစ်ကို သုံး၍သာ ကြီးထွားနိုင်သည့်အတွက်ကြောင့် လက်ရှိအခြေအနေတွင် ဤထူးဆန်းသည့်ပန်းကို ကယ်တင်နိုင်သည့်လူမှာ လီကျောက်တစ်ဦးတည်းသာ ရှိလေသည်။

ကျိယင်ပြောသည်ကိုကြားသော် လီကျောက်သည် တစ်ချက်ကလေးမှပင် စဉ်းစားမနေဘဲ သူ့လက်ချောင်းအား ဧကရာဇ်ချီဖြင့် ဖျတ်ခနဲ လှီးချ၍ ပညာရပ်တစ်ခုကိုသုံးကာ သွေးအဆီအနှစ်တစ်စက်ကို ထုတ်ယူလိုက်လေသည်။

“သွားလိုက်တော့…” ထို့နောက် ထိုသွေးအဆီအနှစ်ကို နဂါးသွေးပန်းဆီသို့ တွန်းပို့လိုက်လေ၏။ ထိုသွေးအဆီအနှစ်သည် နဂါးသွေးပန်း၏ ပွင့်ချပ်အလယ်တည့်တည့်ဆီသို့ ဖြည်းဖြည်းချင်း ကျဆင်းသွားခဲ့လေသည်။

သွေးအဆီအနှစ်ကို ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် နဂါးသွေးပန်းသည် အသက်စွမ်းအင်ကို တစ်ဖန်ပြန်လည် ရရှိလိုက်သည့်အလား ဖူးငုံရန် ပြင်နေသော ၎င်း၏ပွင့်ချပ်များမှာ ယခင်ကထက် ပိုမိုလျင်မြန်သည့်အမြန်နှုန်းဖြင့် ပွင့်အာလာခဲ့လေသည်။ တစ်ချိန်တည်းတွင် ထူးဆန်းသည့် သင်းရနံ့တစ်ခုမှာ ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့လာခဲ့လေ၏။

အခြားတစ်ဖက်တွင်တော့ လီကျောက်မှာ သွေးအဆီအနှစ်တစ်စက်ကို ထုတ်ပေးလိုက်ရသည့်အတွက်ကြောင့် သူ့မျက်နှာမှာ အနည်းငယ် ဖြူလျော်နေခဲ့လေသည်။ သူ့အနေဖြင့် ဤကဲ့သို့သော သွေးအဆီအနှစ်တစ်စက်ကို ပြန်လည်စုဆောင်းလိုပါက အနည်းဆုံး ဆယ်နှစ်ခန့် ကျင့်ကြံအားထုတ်ရန် လိုအပ်ပေလိမ့်မည်။ သို့သော်ငြား နဂါးသွေးဆေးလုံးအကြောင်း စဉ်းစားမိလိုက်သော် လီကျောက်စိတ်ထဲ တန်သည်ဟု ခံစားလိုက်ရလေသည်။

နဂါးသွေးပန်း ပွင့်လန်းလာသည်နှင့်တစ်ပြိုင်နက် ရုတ်တရက်ဆိုသလို ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုနဂါးဟိန်းသံနှင့်အတူ အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အာကာယံထက်ဆီသို့ အသက်ရှိနေသည့် သတ္တဝါတစ်ကောင်အလား ပျံထွက်သွားခဲ့လေသည်။

ကျိယင်သည် ထိုအခိုက်အတန့်ကို အစောကြီးတည်းက စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေ၏။ ထို့အတွက်ကြောင့် အနီရောင်အလင်းတန်း ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ဖြင့် အနီရောင်အလင်းတန်းကို လှမ်းဖမ်းဆုပ်လိုက်လေသည်။ အနီရောင်အလင်းတန်းမှာ ကောင်းကင်ပေါ်သို့ပင် ပျံတက်မသွားနိုင်တော့ဘဲ လေထဲတွင် တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။

မီချီနှင့် လီကျောက်တို့မှာတော့ ထိုမြင်ကွင်းအား အံ့ဩတကြီးဖြင့် ကြည့်နေကြလေသည်။

အကြောင်းမှာ ကျိယင်မှ လှမ်းဖမ်းလိုက်သည့် အနီရောင်အလင်းတန်းသည် နဂါးတစ်ကောင်ပုံစံ ပေါက်နေသည့် အတွက်ကြောင့်ပင်။

“ဒါက နဂါးသွေးပန်းလား…” လီကျောက်နှင့် မီချီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နှစ်ဦးစလုံးမှာ လုံးဝကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။ နဂါးသွေးပန်းသည် ပန်းတစ်ပွင့်နှင့် လုံးလုံးမျှမတူ။ ထို့အစား နဂါးတစ်ကောင်နှင့်သာ တူနေပေသည်။ ဤအရာသည် တကယ်ကြီး နဂါးသွေးပန်းပေလော။

ကျိယင်သည် သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလျက် နဂါးသွေးပန်းအား ထိုသေတ္တာထဲသို့ ထည့်သွင်းကာ ချိတ်ပိတ်လိုက်သည်။ ထိုသို့လုပ်ပြီးသည့်နောက်မှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလျက် “ဒီပန်းပွင့် အရမ်းကြီး အဆင့်မမြင့်နေတာ ကံကောင်းသွားတယ်… မဟုတ်ရင် ငါတို့ ဒီပန်းပွင့်ကို ဘယ်လိုမှ ဖိနှိပ်နိုင်မှာမဟုတ်ဘူး…”

နဂါးသွေးပန်းကို နဂါးကျွန်းတွင်သာ ပျိုးထောင်နိုင်ပြီး နဂါးကလန်ကသာလျှင် ခူးဆွတ်နိုင်ပေသည်။

“ပန်းပွင့်သွားပြီဆိုတော့ ဆေးလုံးဖော်စပ်မယ့်ကိစ္စကို ဆေးဝိဇ္ဇာကျိဆီပဲ အပ်ထားလိုက်တော့မယ်နော်…” လီကျောက်မှာ စိတ်လှုပ်ရှားမှုကို တတ်နိုင်သမျှ ဖုံးဖိရင် ကျိယင်အား တလေးတစားဖြင့် ပြောလိုက်သည်။

“ရတယ်… ငါ့တာဝန်သာထားလိုက် နန်းတော်သခင်လီ… အခုတော့ ငါ့အတွက် အခန်းလေးတစ်ခန်းလောက် ပြင်ပေးဦး…” ကျိယင်က ပြောလိုက်သည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့…” လီကျောက်မှာ အလွန်ကိုမှ ပျော်နေခဲ့သည်။ အစကတော့ ကျိယင်သည် နဂါးသွေးဆေးလုံးကို ဖော်စပ်ရန်အတွက် နဂါးသွေးပန်းကို ဆေးလုံးတောင်ကြားဆီသို့ ပြန်ယူသွားမည်ဟု ထင်ခဲ့သည်။ သို့သော်ငြား ယခု ကျိယင်ပြောသည်ကို ကြားရသလောက် ကျိယင်သည် ဆေးလုံးကို ဤနေရာတွင်ပင် တန်းကာ ဖော်စပ်ချင်နေသည့် ပုံပင်။ လီကျောက် မပျော်ဘဲ ဘယ်နေပါမည်နည်း။

မီချီက အားတင်းပြုံးလျက် “ရောင်းရင်းလီ… မင်းကိုယ်တိုင် သွားစီစဉ်ပေးလိုက်လေ… ငါ ဒီမှာနေပြီး ဆေးဝိဇ္ဇာကျိကို အဖော်ပြုပေးနေလိုက်မယ်…”

လီကျောက်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ… ဒါဆို ဒီမှာ ကျေးဇူးပြုပြီး ခဏလောက်စောင့်နေပေးနော် ဆေးဝိဇ္ဇာကျိ...”

ထိုသို့ပြောပြီးသည့်နောက် လီကျောက်သည် လှည့်ထွက်ရန် ပြင်လိုက်လေသည်။

ထိုအခိုက်အတန့်မှာပင် ကျိယင်သည် သူ၏ဆက်သွယ်ရေးမှော်ရတနာကို ရုတ်တရက် ထုတ်ယူလိုက်လေသည်။ ဆက်သွယ်ရေးမှော်ရတနာထဲရှိ သတင်းစကားကို ကြားပြီးသည့်နောက် ပြုံးပျော်နေသည့် သူ့မျက်နှာထက် ဒေါသရိပ်တို့ တလှိုက်လှိုက် တက်လာခဲ့ပြီး ထအော်လေ၏။ “ရိုင်းလိုက်တဲ့ကောင်ကွာ…”

လီကျောက် ကြောင်သွားခဲ့ပြီး ချက်ချင်းလှည့်၍ မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ ဆေးဝိဇ္ဇာကျိ…”

ဆေးဝိဇ္ဇာကျိယင်ကို သူများ မတော်တဆ ရန်စမိသွားလေသလားဟု တွေးရင်း လီကျောက် ရင်ထိတ်မိသွားခဲ့သည်။

မီချီကလည်း မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ ဆေးဝိဇ္ဇာကျိ…”

ကျိယင်၏မျက်နှာ သုန်မှုန်နေခဲ့သည်။ “လီရွှမ်း အရိုက်ခံရတယ်တဲ့…”

“လီရွှမ်း…” မီချီနှင့် လီကျောက်တို့နှစ်ဦးစလုံး ထိုနာမည်ကို ရေရွတ်လိုက်ကြသည်။ မကြာမီ နာမည်ပိုင်ရှင်ကို မှတ်မိသွားကြလေသည်။ လီရွှမ်းသည် ဆေးဝိဇ္ဇာကျိ၏ တပည့်နှစ်ယောက်ထဲမှ တစ်ယောက် မဟုတ်ပေလော။ ထိုကောင်လေးမှာ အသက်မကြီးသေးပါသော်ငြား သူ၏ ကျင့်ကြံခြင်းနှင့် ဆေးပညာပါရမီမှာ အတော်လေးကိုမှ ထူးချွန်လှပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ကျိယင်၏ တန်ဖိုးထားခြင်းခံရကာ သေသေချာချာ ပြုစုပျိုးထောင်ပေးခြင်းကိုလည်း ခံရခြင်း ဖြစ်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က လီရွှမ်းသည် ကျိယင်နှင့်အတူ မီးနဂါးနန်းတော်သို့ ရောက်လာခဲ့လေသည်။ သို့သော်ငြား ကျိယင်သည် ဆယ်နှစ်တာသဘောတူညီချက်အတိုင်း ပြောထားသည့်ဆေးပင်များကို လီရွှမ်းအား သွားစုဆောင်းခိုင်းလိုက်လေသည်။

“ရေခဲနှလုံးသားတောင်ကြားမှာလား… အထက်ကောင်းကင်နန်းတော်မှာလား…” မီချီ ရင်တဒုန်းဒုန်းခုန်လာခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။

လီရွှမ်းအား ရိုင်းစိုင်းလိုက်သည့်လူမှာ အထက်ကောင်းကင်နန်းတော်မှလူများသာ ဖြစ်မည်ဆိုလျှင်တော့ သူတို့အတွက် သတင်းကောင်းပင်။ သူနှင့် လီကျောက်မှာ အထက်ကောင်းကင်နန်းတော်အား မည်သို့ ဖိနှိပ်ထားလျှင် ကောင်းမလဲ ဆိုသည်ကို စဉ်းစားနေကြခြင်းဖြစ်လေသည်။ အထက်ကောင်းကင်နန်းတော်သာ ကိုယ့်သေတွင်းကိုယ် တူးလာမည်ဆိုပါက သူတို့ဘက်က ဝမ်းပန်းတသာဖြင့် ကြိုဆိုပေးပေလိမ့်မည်။

“ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်တဲ့…” ကျိယင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “အဲ့ကောင် ငါ့တပည့်ကိုရိုက်ပြီး ငါ သူ့ကို ဆေးပင်တွေဝယ်ဖို့ပေးလိုက်တဲ့ အရင်းအမြစ်ကျောက်တွေကို ခိုးသွားတာ… အထက်ကောင်းကင်နန်းတော်က တကယ်ကို စည်းမရှိကမ်းမရှိ လုပ်ချင်တိုင်း လုပ်နေကြတာပဲ…”

“ဘယ်လို…” မီချီ ထိတ်လန့်သွားခဲ့လေသည်။ “လူကိုရိုက်ရုံတင်မဟုတ်ဘူး အရင်းအမြစ်ကျောက်တွေကိုပါ လုသွားတာလား… ဒါက…”

သူ့စိတ်ထဲ အူနှိပ်ကာ အော်ရယ်ပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာတော့လေသည်။ တစ်ချိန်တည်းတွင်လည်း စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။ (ထက်ကောင်းကင်နန်းတော်… မင်းတို့တော့ ကိုယ့်သေတွင်းကိုယ် တူးတာပဲ… အားလေးဘာလေး ကောင်းနေပြီဆိုတာနဲ့ ဆေးလုံးတောင်ကြားက လူတွေကိုတောင် ဂရုမစိုက်ဘဲ သွားထိချင်နေပါလား…)

“ဒီကောင်တွေ တကယ်လွန်သွားပြီ… အထက်ကောင်းကင်နန်းတော်က ဘယ်လိုလုပ်ပြီး ဆေးလုံးတောင်ကြားကို အထင်သေးရတာလဲ… ကျုပ် လီကျောက် ဒီကောင်ရဲ့လုပ်ရပ်ကို ဘယ်လိုမှ သည်းမခံနိုင်ဘူး…” လီကျောက်မှာ သူ့အတွက် အခွင့်အရေးတစ်ခု ရောက်လာပြီမှန်း သိလိုက်သော် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

“နန်းတော်သခင်လီ… ခင်ဗျားရဲ့ နဂါးသွေးဆေးလုံးကို ဖော်စပ်ပေးမယ့် ကိစ္စကတော့ နည်းနည်းနောက်ဆုတ်ထားမှ ရတော့မယ်… ဒီကိစ္စက ကျုပ်တို့ဆေးလုံးတောင်ကြားရဲ့ ဂုဏ်သတင်းနဲ့ ပတ်သက်နေတဲ့အရာဆိုရင်တော့ ကျုပ်ကိုယ်တိုင် အထက်ကောင်းကင်နန်းတော်ကိုသွားပြီး သူတို့ ဘာလုပ်ချင်နေသလဲ ဆိုတာကို ကြည့်ရမယ်…” ကျိယင်က ပြောလိုက်လေသည်။ သူသည် လီကျောက်ကို နဂါးသွေးဆေးလုံး ဖော်စပ်ပေးမည်ဟု ကတိပေးခဲ့ပါသော်ငြား လက်ရှိကိစ္စသည် သူ့အနေဖြင့် နှောင့်နှေးနေ၍ မရသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ဘဲ ယနေ့အကြောင်းသာ သတင်းပျံ့သွားမည်ဆိုပါ ဆေးလုံးတောင်ကြားနှင့် ဆေးလုံးမဟာဧကရာဇ်၏ ဂုဏ်သတင်းကို ထိခိုက်နိုင်ပေသည်။

“အဲ့လိုဆိုမှတော့လည်း စောင့်ရုံပဲ ရှိတော့တာပေါ့…” လီကျောက် အနည်းငယ် စိတ်ပျက်သွားခဲ့လေသည်။ သူ့စိတ်ထဲ နဂါးသွေးဆေးလုံးကို ချက်ချင်း လိုချင်နေမိလေသည်။ သို့သော်ငြား ယခုကဲ့သို့ မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။ အစကတည်းက ထက်ကောင်းကင်နန်းတော်ကို အမြင်မကြည်သည့် လီကျောက်မှာ ယခုဆိုလျှင် ထက်ကောင်းကင်နန်းတော်အား ပို၍ပင် မုန်းတီးသွားတော့လေသည်။

“ဒါပေမယ့် ဆေးဝိဇ္ဇာကျိ… ခင်ဗျားတစ်ယောက်တည်း သွားလို့ အဆင်မပြေလောက်ဘူးနော်…” မီချီက မျက်မှောင်ကျုံ့လိုက်သည်။

ကျိယင်က ပြန်ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ…. ငါ့လိုလူကိုတောင် သူတို့က လာပြီး ရာရာစစ ရန်စရဲမှာလား…”

မီချီက မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်တို့လို မြောက်ဘက်နယ်မြေက ကျင့်ကြံသူတွေဆိုရင်တော့ ဆေးဝိဇ္ဇာကျိကို ဘယ်လိုလုပ်ပြီး ရန်စရဲပါ့မလဲ… ဒါပေမယ့် ကျုပ်ကြားတာတော့ ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်က မြောက်ဘက်နယ်မြေက မဟုတ်ဘူးတဲ့… သူများတွေပြောကြတာ သူက တောင်ဘက်နယ်မြေက လာတာတဲ့… ပြီးတော့ ဒီကောင်က အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့လူ… သူ့စရိုက်ကလည်း အရမ်းရက်စက်တယ်… အဲ့ဒါကြောင့်သာ မဟုတ်လို့ရှိရင် ရမ္မက်ရှာဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်မှာမဟုတ်ဘူး… ဒီတော့ ဒီလိုရက်စက်ပြီး သွေးဆာတဲ့လူမျိုးနဲ့ တွေ့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ ဆေးဝိဇ္ဇာကျိ… ကံကိုယုံပြီး ဆူးပုံနင်းလိုက်ရင် မှားသွားနိုင်တယ်နော်…”

“ရောင်းရင်းမီချီပြောတာ အမှန်ပဲ…” လီကျောက်ကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။ “အဲ့မျိုးရိုးနာမည်ရန်နဲ့ကောင်က ရက်စက်ပြီး သွေးဆာရုံတင်မဟုတ်ဘူး…. မွန်းစတားမျိုးနွယ်စုဝင်တွေနဲ့ပါ ပူးပေါင်းနေတယ်လို့ ကျုပ် သတင်းကြားတယ်… ဒီတော့ သတိထားတာ အကောင်းဆုံးပဲ ဆေးဝိဇ္ဇာကျိ…”

ကျိယင်က ပြန်ပြောလိုက်လေသည်။ “နဂါးလိုဏ်ဂူထဲ သွားရမယ်ဆိုရင်တောင် ငါ သွားကို သွားရမှ ဖြစ်မယ်… ငါ့တပည့် အရိုက်ခံလိုက်ရပြီး ဆေးပင်တွေဝယ်ဖို့ ပေးလိုက်တဲ့ အရင်းအမြစ်ကျောက်တွေအကုန်လုံး လုခံနေရတဲ့ကိစ္စကို ဘယ်လိုမှ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူး… ငါ ဒီတိုင်းပဲ လက်ပိုက်ပြီး ကြည့်နေမယ်ဆိုရင် ဆေးလုံးတောင်ကြားကို ပြန်ရောက်တဲ့အခါကျ ငါ့ဆရာကို ဘယ်လိုမျက်နှာနဲ့ သွားပြီးတော့ မျက်နှာချင်းဆိုင်ရမှာလဲ…”

“သွားတာတော့ သွားရမှာပေါ့ ဆေးဝိဇ္ဇာကျိရဲ့…” မီချီနှင့် လီကျောက်တို့ နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “ဒါပေမယ့် ဆေးဝိဇ္ဇာကျိ တစ်ယောက်တည်းသွားလို့တော့ မဖြစ်ဘူးလေ…”

“ဟုတ်တယ်…” လီကျောက် ခေါင်းညိတ်လိုက်သည်။ “ဒီလိုလုပ်ပါလား ဆေးဝိဇ္ဇာကျိ… ရောင်းရင်းမီချီနဲ့ ကျုပ်က နှစ်ဦးစလုံး အားနေကြတာဆိုတော့ ကျုပ်တို့ ဆေးဝိဇ္ဇာကျိနောက် အဖော်လိုက်ပေးမယ်လေ… အဲ့လိုသာဆိုရင် ထက်ကောင်းကင်နန်းတော်က ရုတ်တရက် စိတ်လွတ်ပြီး တစ်ခုခု လုပ်လာခဲ့ရင် ကျုပ်တို့ ဆေးဝိဇ္ဇာကျိကို အချိန်မီ ကာကွယ်ပေးလို့ရတာပေါ့…”

“ရောင်းရင်းလီပြောတာ မဆိုးဘူး… အထက်ကောင်းကင်နန်းတော်ကသာ ဆေးဝိဇ္ဇာကျိကို တကယ်ကြီး တစ်ခုခု လုပ်လာမယ်ဆိုရင် ရောင်းရင်းလီနဲ့ ကျုပ်တို့နှစ်ယောက် ပေါင်းပြီးတော့ ဆေးဝိဇ္ဇာကျိကို အချိန်မီ ကာကွယ်ပေးလို့ရတယ်…”

“အဲ့ဒါဆိုရင် မင်းတို့နှစ်ယောက်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့…” ကျိယင်လည်း ငြင်းမနေခဲ့ပေ။ အကြောင်းမှာ သူကိုယ်တိုင်သည်လည်း သူတို့နှစ်ဦးပြောသည်ကို ကြားပြီးသည့်နောက် စိုးရိမ်သွားသည့် အတွက်ကြောင့်ပင်။ အထက်ကောင်းကင်နန်းတော် တကယ်ကြီး စိတ်လွတ်ပြီး သူ့အဆင့်အတန်းကိုပင် ဂရုမစိုက်တော့ဘဲ သူ့အား တိုက်ခိုက်လာမည်ကို ကျိယင် အမှန်တကယ် ကြောက်မိပေသည်။

“ဒီကိစ္စကို နှောင့်နှေးနေလို့မဖြစ်ဘူး… မြန်မြန်သွားကြရအောင်…”

အထက်ကောင်းကင်နန်းတော်ထဲရှိ တောင်တစ်လုံးပေါ်၌ ရန်ကိုင်သည် မြေပြင်ထက် တင်ပလင်ခွေထိုင်ရင်း နေစာလှုံနေခဲ့သည်။

သာယာလှပသည့် နေ့လေးတစ်နေ့ ဖြစ်သည့်အတွက်ကြောင့် ကောင်းကင်ထက် တိမ်ကင်းစင်နေခဲ့လေရာ ရန်ကိုင်သည် အလှလေးများခြံရံရင်း စိတ်ပြေလက်ပျောက် အနားယူနေခဲ့လေသည်။

ကျုချင်းသည် ရန်ကိုင်သောက်ရန်အတွက် အရက်ခွက်ထဲသို့ အရက်ငှဲ့ပေးလိုက်ပြီးသည့်နောက် အံကိုတင်းတင်းကြိတ်၍ အရက်ခွက်ကို ရန်ကိုင်ရှေ့၌ ချပေးလိုက်သည်။ “ရော့… ဒီမှာ သောက်ပေတော့…”

ရန်ကိုင်အား မျက်ခြေမပြတ်စေရန်အတွက် ကျုချင်းသည် ရန်ကိုင်အနားတွင်သာ တစ်ချိန်လုံး ကပ်နေတော့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ သူမအား အရှက်ခွဲနေသည်ကိုလည်း ကြိတ်မှိတ်၍ သည်းခံနေခဲ့ရသည်။ ယခုဆိုလျှင် ရန်ကိုင်ပေးသည့်အမိန့်အတိုင်း လိုက်လုပ်နေခဲ့လေရာ သူမပုံစံမှာ ရန်ကိုင်၏ အိမ်ဖော်မလေးတစ်ဦးနှင့်ပင် တူနေပေသေးသည်။ သူမ၏မာနမှာ ကုန်းကောက်စရာမရှိအောင်ကို နင်းချေဖျက်ဆီးခံနေရလေသည်။ သူမအတွက်မူ ဤလောကကြီး၌ လက်ရှိ သူမရှေ့တွင် ရှိနေသောလူထက် ပို၍ မုန်းစရာကောင်းသည့်လူ မရှိလောက်တော့ဟုပင် ကျုချင်း ခံစားနေရသည်။

“အာ…” ရန်ကိုင်သည် ပါးစပ်ကို ဟလိုက်သည်။ လှုပ်တော့မလှုပ်။

ကျုချင်းမှာ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် အရက်ခွက်ကိုကိုင်၍ ရန်ကိုင်ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်လေသည်။

ရန်ကိုင်က တစ်ကျိုက်တည်း သောက်ချလိုက်လေ၏။

“အာ……” ရန်ကိုင်သည် ကျေနပ်ပီတိဖြစ်နေသည့် အမူအယာဖြင့် မျက်လုံးလေးမှေးလျက် ပါးစပ်ထပ်ဟပေးလိုက်သည်။

ဒေါသကြောင့် ကျုချင်း၏ရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေသည်။ လက်ရှိအချိန်တွင် သူမစိတ်ထဲ သူမရှေ့၌ ရှိနေသည့် လူအား နဂါးမီးတောက်တို့ဖြင့် ပြာအတိ ဖြစ်သွားအောင် မီးမြှိုက်ပစ်ချင်နေမိပေသည်။ သို့သော်ငြား အဆုံးတွင်တော့ ထိုသို့မလုပ်ခဲ့ဘဲ စပျစ်သီးတစ်လုံးကိုကောက်၍ ရန်ကိုင်ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေ၏။

စပျစ်သီးအား ဇိမ်ပြေနပြေဖြင့် ဝါးစားလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ဘေးဘက်သို့လှည့်၍ ခေါင်းကို လက်ဖြင့်ထောက်ရင်းမှ ကျုချင်းအား ကြည့်ကာ မေးလိုက်လေ၏။ “ချင်းအာ… နင့်ရဲ့နဂါးကျွန်း အခု အခြေအနေ ဘယ်လိုရှိလဲ…”

ကျုချင်းက ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “သိချင်ရင် ငါ့နောက်လိုက်ခဲ့…”

“နင် အဲ့အကြောင်းကို ထပ်ပြောနေပြန်ပြီလား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “နင် ငါနဲ့ တကယ်ကြီး မိတ်ဆွေမဖြစ်ချင်တော့ဘူးလား…”

“နင်ပဲ လာမေးနေတာလေ…” ကျုချင်း၏မျက်နှာထက် ထိတ်လန့်တုန်လှုပ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သူမအဖို့ ရန်ကိုင်နှင့် မိတ်ဆွေဖြစ်ရန် အတော်လေးကိုမှ ကြိုးစားခဲ့ရလေရာ ရန်ကိုင်သာ သူမတို့ကြားရှိ ဆက်ဆံရေးကို ဤအကြောင်းကြောင့် ဖြတ်တောက်လိုက်မည်ဆိုပါက သူမတော့ သွားပေပြီ။

ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလျက် ကျုချင်းအား စိတ်ဝင်တစားဖြင့် ကြည့်ရင်းမှ မေးလိုက်သည်။ “နင့်မှာ အခြားမိတ်ဆွေတွေ ရှိလား…”

ကျုချင်း ခေါင်းခါလိုက်သည်။

(ငါလိုနဂါးတစ်ကောင်မှာ ဘာလို့မိတ်ဆွေလိုရမှာလဲ… ဟာသပဲ…)

ရန်ကိုင်က ကျုချင်းအား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်လျက် “ငါနင့်ကိုပြောပြမယ်… မိတ်ဆွေဆိုတာတောင် ဒီလောကမှာ မိတ်ဆွေအမျိုးအစား အများကြီးရှိတယ်… ငါတို့တွေက အခု မိတ်ဆွေတွေဆိုပေမယ့် သာမန်မိတ်ဆွေထက်မပိုဘူး…”

“မိတ်ဆွေတွေထဲမှာ အခြားအမျိုးအစားတွေ ထပ်ရှိသေးတာလား…” ကျုချင်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ရှိတာပေါ့…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ “ပထမဆုံး မိတ်ဆွေဖြစ်လာခဲ့ရင် သာမန်မိတ်ဆွေဆိုပြီးတော့ ရှိတယ်… အဲ့သာမန်မိတ်ဆွေထက် ပိုပြီးတော့ အဆင့်မြင့်သွားရင်တော့‌ မိတ်ဆွေရင်းပေါ့… အဲ့ထက်ပိုပြီး အဆင့်မြင့်သွားရင်တော့ ဆွေမျိုးမိတ်ဆွေပေါ့… ငါသာ နင်နဲ့ ဆွေမျိုးမိတ်ဆွေတစ်ယောက် ဖြစ်သွားခဲ့မယ်ဆိုရင် ငါတို့ဆက်ဆံရေးက ပြောင်းလဲသွားပြီ… အဲ့လိုဖြစ်သွားမယ်ဆိုရင် ငါ့အနေနဲ့ နင်နဲ့အတူ နဂါးကျွန်းကို လိုက်ခဲ့ဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အရာတစ်ခု မဟုတ်တော့ဘူး…”

ကျုချင်း၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “ဒါဆိုရင် ငါတို့ ဆွေမျိုးမိတ်ဆွေတွေ လုပ်ကြရအောင်လေ…”

“နင်တကယ်လုပ်ချင်တာ သေချာတာလား…” ရန်ကိုင်သည် ကျုချင်းအား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။

“သေချာတယ်…” ကျုချင်းက ခေါင်းညိတ်ပြလိုက်လေသည်။

All Chapters