အခန်း (၂၇၀၆)
Vol. 116 Ch. 2706
ကျုချင်းသည် ရန်ကိုင်မှ သူ့ခန္ဓာကိုယ်အား စစ်ဆေးကြည့်နေသည်ကို သွားမနှောင့်ယှက်ခဲ့ဘဲ ရပ်၍သာ ကြည့်နေခဲ့သည်။
ရန်ကိုင် ဒဏ်ရာရနေစဉ်အတောအတွင်း သူ့အား ပထမဦးဆုံး ရှာတွေ့သည့်လူမှာ သူမဖြစ်ပါသော်ငြား ဘာတွေဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်ကိုတော့ သူမ မသိပေ။ ရန်ကိုင်သည် အလွန်ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲအား တိုက်ခိုက်ခဲ့ရသည်ကိုသာ နားလည်ထားခဲ့ပေသည်။ သို့သော်ငြား နောက်ပိုင်းတွင် ရန်ကိုင်ရင်ဆိုင်ရသည့် ပြိုင်ဘက်များမှာ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး၊ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်အချို့နှင့် ဧကရာဇ်ပထမအဆင့်ပညာရှင်ပေါင်းများစွာတို့ဖြစ်ကြောင်း သိခဲ့ရလေသည်။
ရန်ကိုင် ရင်ဆိုင်ရသည့် ရန်သူများသည် သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားကာ ထိုထဲမှ တစ်ယောက်ဆိုလျှင် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးပင် ဖြစ်နေခဲ့သည်။
သို့သော်ငြား ရန်ကိုင်ကမူ ထိုလူအားလုံးကို အနိုင်ယူနိုင်ခဲ့လေသည်။
ကျုချင်းစိတ်ထဲ ရန်ကိုင်အပေါ် ထိုကိစ္စနှင့်ပတ်သက်၍ အမှန်တကယ်ကို အထင်ကြီးမိသွားခဲ့သည်။
နဂါးကလန်သည် နတ်သားရဲများအနက် သူတို့ကိုယ်သူတို့ အားအကောင်းဆုံးဖြစ်သည်ဟု အမြဲတစေ ကြွားဝါလေ့ရှိကြသည်။ ထို့အတွက်ကြောင့် သူတို့၏စံသတ်မှတ်ချက်များမှာ အလွန်တရာကိုမှ မြင့်မားလှကာ အခြားကလန်များကိုပင်လျှင် မျက်လုံးထဲမထည့်ကြချေ။ အချို့သောနတ်သားရဲများသည်ပင်လျှင် နဂါးကလန်အာရုံစိုက်ဖို့ရာ မထိုက်တန်ကြ။
သို့သော်ငြား သူမသည်သာ ရန်ကိုင်နှင့် ကျင့်ကြံခြင်းအဆင့် အတူတူဖြစ်သလို ရန်ကိုင်နေရာတွင်သာဆိုပါက ရန်ကိုင်ကဲ့သို့ မလုပ်နိုင်လောက်ဟု ခံစားရပေသည်။
(ဒီကောင် လူရော ဟုတ်သေးရဲ့လား…) ကျုချင်းမှာ ရန်ကိုင်၏စရိုက်ကို မကြိုက်သည့်တိုင် သူ့ခွန်အားကိုတော့ အမှန်တကယ်ကို လေးစားမိသည်။ ပထမဦးဆုံးတစ်ကြိမ် တွေ့စဉ်က သွေးမျိုးဆက်ဆွဲဆောင်မှုကြောင့် သူမအပေါ် အသားယူမိခဲ့သည်ဟု ပြောနိုင်ပါသော်ငြား ဒုတိယတစ်ကြိမ်တွင်တော့ ထိုကဲ့သို့မဟုတ်ဘဲ တမင်တကာကို လုပ်ခဲ့ခြင်း ဖြစ်ပေသည်။
သူမ၏အကြီးအကဲသည်သာ ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ရန် ပြောမထားပါက ကျုချင်းသည် ရန်ကိုင်အား တစ်ခါတည်း တစ်စစီ လုပ်ပစ်ပြီးနေလောက်ပေပြီ။
“နင် ငါ့ကို စိုက်ကြည့်နေလို့ ငါ ရှက်မယ်ထင်နေတာလား…” ရန်ကိုင်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး ကျုချင်းကိုကြည့်၍ ပြုံးကာ ပြောလိုက်လေသည်။
ကျုချင်း အလျင်အမြန် အကြည့်ရှောင်ဖယ်သွားခဲ့လေ၏။
“ငါသိချင်နေတာ နင် ဘာဖြစ်လို့ ငါ့ကို မသတ်တာလဲ…” ရန်ကိုင်က မျက်မှောင်ကျုံ့၍ မေးလိုက်သည်။
“ဘာလို့ နင့်ကို သတ်ရမှာလဲ…” ကျုချင်းသည် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်နေရင်းမှ ရန်ကိုင်ဆီသို့ ပြန်လှည့်မကြည့်ဘဲ ပြောလိုက်၏။
ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် “နင် ငါ့ကို မသတ်ဘူးဆိုရင် ဘာလို့ ပြန်လာတာလဲ…”
ရန်ကိုင် သူမအား မတွေ့ရသည်မှာ တစ်လနီးပါးခန့် ရှိနေလေပြီ။ ထို့အတွက်ကြောင့် ကျုချင်းမှ သူအားအနည်းဆုံးအချိန်တွင် ရုတ်တရက်ပေါ်လာသည်ကို မြင်သည့်အခါ ကျုချင်း သူ့အား သတ်ရန် ကြံနေခြင်းဖြစ်သည်ဟု ရန်ကိုင် ထင်သွားခဲ့ရခြင်းဖြစ်သည်။ သို့သော်ငြား တကယ့်တကယ်တွင် ထိုကဲ့သို့ မဟုတ်ချေ။
ကျုချင်းသည် ရန်ကိုင်ဘက်သို့ ပြန်လှည့်လာလျက် ပြောလိုက်လေ၏။ “ဘာဖြစ်ရမှာလဲ… နင်နဲ့ မိတ်ဆွေဖြစ်ချင်လို့လေ…
“မိတ်ဆွေ…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထိုစကားကို သူ့စိတ်ထဲ ရင်းနှီးနေသလို ခံစားနေရလေ၏။
ကျုချင်းသည် ရုတ်တရက် ရန်ကိုင်ဆီသို့ တစ်ခုခုပစ်ပေးလိုက်ပြီးသည့်နောက် ပြောလိုက်၏။ “ဒီမှာ နင်လိုချင်တဲ့ဟာ… ငါ ဒါကိုရဖို့ တော်တော်လေး အားစိုက်လိုက်ရတယ်…”
ရန်ကိုင်သည် ကျုချင်းမှ သူ့ဆီသို့ ပစ်ပေးလိုက်သည့်အရာကို အလိုလို ဖမ်းယူမိလိုက်ပြီး ကျုချင်းအား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။ ခဏကြာမှသာ သူဖမ်းယူထားသည့်အရာသည် အရက်အိုးတစ်အိုးဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။
(ဒါက…)
ရန်ကိုင်သည် ချက်ချင်းပဲ အရက်အိုးကိုဖွင့်၍ အရက်နံ့ကို ရှူရှိုက်ကြည့်လိုက်လေ၏။
“အနောက်ဘက်နယ်မြေ ဓါးစံအိမ်က ဓါးဝိုင်ကို တစ်နှစ်မှ ကိုးဆယ့်ကိုးပုလင်းပဲ ထုတ်တယ်… အဲ့ထဲက တစ်ပုလင်းက အခု နင့်လက်ထဲမှာ ရှိနေတာ…”
ရန်ကိုင်၏နဖူးထက် ချွေးအေးများ စီးကျလာခဲ့ပြီး ကျုချင်းအား မယုံသင်္ကာဟန်ဖြင့် ကြည့်လျက် မေးလိုက်လေသည်။ “နင် အနောက်ဘက်နယ်မြေကို သွားခဲ့တာလား…”
ရန်ကိုင် ကျုချင်းအား ယခုကဲ့သို့ ဤဝိုင်ကို လိုချင်သည်ဟု တောင်းဆိုခဲ့ရခြင်းမှာ ကျုချင်းအား အခက်တွေ့အောင် လုပ်ရန်ဖြစ်ကာ သူ့အနားမှ ထွက်သွားစေရန် ဖြစ်ပေသည်။ သို့သော်ငြား ကျုချင်းသည် သူပြောသည့်အတိုင်း အနောက်ဘက်နယ်မြေသို့ တကယ်ကြီးသွား၍ ဓါးဝိုင်ကို ရအောင် ယူလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခု ကျုချင်း သူ့မြင်ကွင်းမှ တစ်လနီးပါးခန့် ပျောက်ကွယ်သွားရခြင်းမှာ ရန်ကိုင်မှ သူမအား အခက်တွေ့အောင် လုပ်သည့်အတွက်ကြောင့် ထွက်သွားခြင်းမဟုတ်ဘဲ ရန်ကိုင်ပြောသည့်အတိုင်း အနောက်ဘက်နယ်မြေသို့သွားကာ ဓါးဝိုင်ကို သွားယူနေသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။
ရန်ကိုင် အမှုမဲ့အမှတ်မဲ့ဖြင့် ပြောလိုက်သောစကားသည် ကျုချင်းအား အမှန်တကယ်ကို တစ်လနီးပါးခန့် အလုပ်များသွားအောင် ဖြစ်သွားစေခဲ့လေသည်။ ဤနဂါးမလေးမှာ ဤမျှ တုံးအလေသလားဟုပင် ရန်ကိုင် တွေးမိသွားခဲ့ရသည်။
သို့သော်ငြား ထိုကိစ္စနှင့်ပတ်သက်၍ သူ့စိတ်ထဲ အနည်းငယ် အပြစ်မကင်းသလိုတော့ ဖြစ်မိပေသည်။
သို့သော်ငြား နောက်တစ်ကြိမ် သေချာထပ်စဉ်းစားကြည့်လိုက်သည့်အခိုက် ကျုချင်းသည် နဂါးတစ်ကောင်ဖြစ်မည်ဆိုလျှင်ပင် အနောက်ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေကို အသွားအပြန်လုပ်ဖို့ရာ အချိန်တစ်လလောက်ဖြင့် လောက်လိမ့်မည်မဟုတ်ပေ။
“ငါ ဘယ်သွားတယ်ဆိုတာကို နင် ဘာလို့ သိချင်နေရတာလဲ… ဘာပဲဖြစ်ဖြစ် နင်တောင်းတာကို ငါ ယူလာပေးပြီးသွားပြီ…” ကျုချင်းသည် အံကိုတင်းတင်းကြိတ်ရင်း ပြောလိုက်လေ၏။ ကြည့်ရသလောက် ဤဝိုင်အိုးကိုရရန်အတွက် သူမအနေဖြင့် တန်ရာတန်ကြေး ကြီးကြီးမားမားတစ်ခု ပေးဆပ်ခဲ့ရသည့်ပုံပင်။
“အခု ငါတို့ မိတ်ဆွေဖြစ်ပြီလား…” ကျုချင်းသည် ရန်ကိုင်ကိုစိုက်ကြည့်၍ မေးလိုက်သည်။
ရန်ကိုင်သည် ပါးစပ်အဟောင်းသားဖြင့် ကျုချင်းကို ပြန်မော့ကြည့်လာခဲ့သည်။
ကျုချင်း ဒေါသူပုန်ထသွားခဲ့လေ၏။ “ဘာလဲ… နင့်ကတိနင်ဖျက်ချင်နေတာလား…”
ဤခွေးကောင်သာ သူ့ကတိသူ ဖျက်ပါက သူမ၏အကြီးအကဲမှ သူမအား အပြစ်ပေးမည်ဆိုလျှင်ပင် ဤခွေးကောင်ကိုတော့ သတိလစ်သွားသည်အထိ ရိုက်နှက်ပစ်ရမည်ဟု သူမစိတ်ထဲ ကြိတ်၍ တွေးထားခဲ့လေသည်။ ထို့နောက် သူ့အား နဂါးကျွန်းဆီသို့ ဆွဲခေါ်သွားရပေလိမ့်မည်။ လက်ရှိ ရန်ကိုင်၏အခြေအနေအရ သူမအနေဖြင့် ရန်ကိုင်အား နိုင်နိုင်လောက်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သာ သူ့ကတိသူ ဖျက်လာပါက အချိန်မရွေးလှုပ်ရှားနိုင်ရန်အတွက် လက်သီးကိုပင် တင်းတင်းဆုပ်ထားခဲ့သည်။ သို့သော်ငြား ရန်ကိုင်အား တိုက်ခိုက်ရာတွင် အမြန်ဆုံးလှုပ်ရှားနိုင်ရန် လိုအပ်ပေသည်။ ရန်ကိုင်မှ ဘိုးဘေးနဂါးအမြုတေစွမ်းအားကိုသာ ထုတ်သုံးလာပါက သူမအနေဖြင့် ဒုက္ခလှလှနှင့် တွေ့ရပေလိမ့်မည်။
ရန်ကိုင်သည် ကျုချင်းအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “ကောင်းပြီ… ငါတို့ မိတ်ဆွေတွေဖြစ်သွားပြီ…”
သူ့စိတ်ထဲ နဂါးကလန်အဖွဲ့သားတစ်ဦးနှင့် မိတ်ဆွေဖြစ်ရသည်မှာ အနည်းငယ်ထူးဆန်းနေသလို ခံစားနေခဲ့ရလေသည်။ ထို့အပြင် သူတို့နှစ်ဦး မိတ်ဆွေဖြစ်သွားသည်မှာ တစ်ဖက်လူအား သူ့အား ခြိမ်းခြောက်နေသည့်အတွက်ကြောင့် ဖြစ်၏။
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဝိုင်ပုလင်းကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။
“တကယ်လား…” ထိုစကားကိုကြားသည့်အခါ ကျုချင်း ပါးစပ် နားရွက်တက်ချိတ်လုမတတ် ပြုံးသွားခဲ့သည်။
“တကယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။
ရုတ်တရက်ဆိုသလို ကျုချင်း၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထပ်ပြောလာခဲ့လေ၏။ “တကယ်ဆိုရင် အဲ့ဝိုင်ကို ဘာဖြစ်လို့ တစ်ခါတည်းမသောက်တာလဲ… နင့်ပါးစပ်ကပဲ ငါတို့ မိတ်ဆွေဖြစ်နေပြီလို့ ပြောနေတာမလား… တကယ်တမ်း ငါ့ကို မိတ်ဆွေအဖြစ် သဘောမထားဘူးမလား…”
ရန်ကိုင်က ပြုံးလျက် “ဘယ်သူမှ ငါ့ကို လက်ဆောင်တစ်ခုပေးဖို့ ဒီလောက်ထိ ခက်ခက်ခဲခဲ မလုပ်ခဲ့ဖူးဘူးလေ… ဒီတော့ ငါ ဒီဝိုင်ပုလင်းကို အမှတ်တရအဖြစ် သိမ်းထားချင်လို့… ဒါမှ နောက်ပိုင်း ဒီဝိုင်ပုလင်းကိုမြင်တဲ့အခါ နင့်အကြောင်း ပြန်စဉ်းစားမိမှာ…”
ဤဝိုင်ပုလင်းထဲတွင် အဆိပ်တစ်မျိုးမျိုး ထည့်မထားပါဟု မည်သူကများ ပြောနိုင်ပါမည်နည်း။ သူသည် ကျုချင်းနှင့် မိတ်ဆွေဖြစ်ရန် သဘောတူခဲ့ပါသော်ငြား သူမအနေဖြင့် သူနှင့် မိတ်ဆွေဖြစ်ချင်နေသည်မှာ အမှန်တကယ်ကို ထူးဆန်းလှသည်။ ကျုချင်းတွင် သူနှင့် မိတ်ဆွေဖြစ်ချင်ရသည့် အခြားသော အကြောင်းအရင်းများလည်း ရှိနေရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူမအား အပြည့်အဝ မယုံကြည်နိုင်သေးပေ။
သို့သော်ငြား တစ်ချက်ကတော့ သေချာပေသည်။ ဤကောင်မလေးသည် သူ့အပေါ် မည်သည့်ရန်လိုစိတ်မှမရှိ။ ထို့ကြောင့်သာမဟုတ်ပါက ရန်ကိုင် ယခုကဲ့သို့ ဤနေရာတွင် ထိုင်နေနိုင်တော့လိမ့်မည်မဟုတ်ချေ။
သူ ကျုချင်းအား တစ်ကြိမ်ပြောခဲ့ဖူးပေသည်။ မိတ်ဆွေဖြစ်ရန်မှာ လွယ်ကူရိုးရှင်းသည့် ပြောလိုက်ရုံဖြင့် ဖြစ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလာလိမ့်မည်ဟု မထင်ထားသဖြင့် ကျုချင်းမှာ ရှက်ရွံ့မှုကြောင့် သူမ၏မျက်နှာလေး အနည်းငယ် နီမြန်းသွားခဲ့ရသည်။ ရင်လည်း တဒုန်းဒုန်း ခုန်လာခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ “မဟုတ်တရုတ်တွေ လျှောက်မပြောနဲ့…”
ကျုချင်း ရှက်နေသည့်ပုံကိုကြည့်ရင်း ရန်ကိုင်မျက်လုံးများ တောက်ပလာခဲ့သည်။ ဤကောင်မလေး၏ ချိုမြမြ လျှာဖျားလေး၊ နူးအိအိ နီစွေးစွေး နှုတ်ခမ်းနွေးနွေးလေးကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင်စိတ် ဂနာမငြိမ်ဖြစ်လာရတော့သည်။
ကျုချင်းကိုယ်တိုင်သည်လည်း စိတ်ရှုပ်နေရလေသည်။ ရန်ကိုင်နှင့် ပထမဦးဆုံး မိတ်ဆွေဖြစ်ရမည့်အဆင့်ကို ချိုးဖြတ်သွားနိုင်ခဲ့ပြီ ဖြစ်ပါသော်ငြား မိတ်ဆွေဖြစ်ဖြစ်ချင်း ရန်ကိုင်အား နဂါးကျွန်းသို့ ဖိတ်ခေါ်လိုက်လျှင် မကောင်းဟု သူမစိတ်ထဲ ခံစားနေရသည်။ ထိုသို့သာလုပ်လျှင် သူမ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထို့အတွက်ကြောင့် ကျုချင်းမှာ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိဖြစ်ကာ တုံ့ဆိုင်းနေမိလေ၏။
အခန်းထဲရှိအခြေအနေမှာ အနည်းငယ် ကသိကအောက် ဖြစ်နေခဲ့သည်။ ရန်ကိုင်မှာ သူ့သွေးများ အဆက်မပြတ် ဆူပွက်လာနေသည်ကို ခံစားနေခဲ့ရလေသည်။ သူ့ကိုယ်သူသာ ထိန်းချုပ်မထားပါက တစ်ခုခုဖြစ်တော့မည်အထိပင်။
ကျုချင်းကိုမြင်တိုင်း ဘာကြောင့် ဤကဲ့သို့ ဖြစ်ရသလဲဆိုသည်ကို ရန်ကိုင်ကိုယ်တိုင်လည်း လုံးဝနားမလည်ချေ။ ကျုချင်း၏ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ကိုမှ မက်မောစရာကောင်းလှပြီး ရုပ်ရည်မှာလည်း အပြစ်ပြောစရာမရှိသည့်တိုင် အပြင်ဘက်တွင်လည်း သူမကဲ့သို့ ချောမော၊ ကိုယ်လုံးကိုယ်ပေါက် အပြစ်ပြောရက်စရာမရှိသည့် မိန်းမလှပေါင်းများစွာ ရှိပေသည်။ သို့သော်ငြား ထိုအမျိုးသမီးများကို မြင်လိုက်ချိန် ဘာဆိုဘာမှမခံစားရဘဲ သူမနှင့်တွေ့သည့်အခါမှသာ ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရလေသနည်း။
ရန်ကိုင်မှာ ကျုချင်းအား မောင်းထုတ်ပစ်ချင်ပါသော်ငြား သူမနှင့်မိတ်ဆွေဖြစ်ပြီဟု ပြောပြီးကာမှ သူမအား မောင်းထုတ်လိုက်လျှင် မသင့်တော်သလို ဖြစ်မည့်အတွက်ကြောင့် တုံ့ဆိုင်းနေရလေ၏။
ထို့အတွက်ကြောင့် ရန်ကိုင်သည် ကျုချင်းကို အာရုံစိုက်မနေတော့ဘဲ သူ့အိပ်ယာဘေးတွင် ရှိနေသော သိုလှောင်လက်စွပ်များကို လှမ်းယူ၍ တစ်ကွင်းချင်းစီ စတင်စစ်ဆေးကြည့်တော့သည်။
ထိုသိုလှောင်လက်စွပ်များကို ရန်ကိုင်သတ်ပစ်ခဲ့သည့် ဧကရာဇ်အဆင့်ပညာရှင်များမှာ ပိုင်ဆိုင်ထားကြခြင်းဖြစ်ကာ စုစုပေါင်း သိုလှောင်လက်စွပ် ရှစ်ကွင်းတိတိ ရှိပေသည်။
ရန်ကိုင်သတိလစ်နေစဉ်အတောအတွင်း ထိုသိုလှောင်လက်စွပ်များကို ယင်ဖေးမှ ကောက်ယူပြီး သူ့အနားတွင် လာတင်ပေးထားခဲ့ခြင်း ဖြစ်သည်။
“အထဲမှာ ဘာတွေရှိမလဲ ကြည့်ရအောင်…” ရန်ကိုင်သည် ကုတင်ပေါ်တွင် တင်ပလင်ခွေထိုင်ရင်း အင်္ကျီလက်ကို စိတ်လှုပ်ရှားစွာဖြင့် လိပ်တင်လိုက်သည်။
ကျုချင်းသည် သိုလှောင်လက်စွပ်များကို တစ်ချက်လှမ်းကြည့်လိုက်ပါသော်ငြား ဆက်၍ အာရုံစိုက်မနေခဲ့ပေ။ ထိုသိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းကောင်းများစွာ ရှိနေလိမ့်မည်ဖြစ်ပါသော်ငြား မည်သည့်ပစ္စည်းမှ သူမစိတ်ဝင်စားစရာမဟုတ်ပေ။
“ကျွတ် ကျွတ် ကျွတ်… အရင်းအမြစ်ကျောက်တွေ အများကြီးပါလား…” ပထမဦးဆုံးသိုလှောင်လက်စွပ်ကို စဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အထဲတွင် အရင်းအမြစ်ကျောက်များစွာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။
အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်မျိုးတည်းနှင့်ပင် ဆယ်သန်းနီးပါးခန့် ရှိနေပြီး အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်များမှာတော့ သန်းသုံးဆယ်မှ လေးဆယ်အထိရှိကာ အဆင့်နိမ့်အရင်းအမြစ်ကျောက်များမှာတော့ သန်းရာနှင့်ချီရှိလေသည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ အမျိုးမျိုးသောဆေးလုံးများ၊ ကျင့်စဉ်များ၊ သိုင်းပညာရပ်များ၊ ရှားပါးသတ္တုများနှင့် မှော်ရတနာများကိုလည်း သိုလှောင်လက်စွပ်ထဲတွင် တွေ့နေရသေး၏။
ပုံမှန်အားဖြင့် သာမန်လူများသည် နှစ်ရာနှင့်ချီကာ ကျင့်ကြံပြီးသည့်နောက်မှသာ ဧကရာဇ်အဆင့်သို့ ရောက်နိုင်သည့်အတွက်ကြောင့် သူတို့အနေဖြင့် ဤမျှများပြားလှသော အဖိုးတန်ရတနာများကို စုဆောင်းထားနိုင်သည်မှာ သိပ်တော့ မထူးဆန်းလှပေ။
ရန်ကိုင်သည် အလွန်ကိုမှ ချမ်းသာကြွယ်ဝနေပြီဖြစ်သလို အထက်ကောင်းကင်နန်းတော်ကိုလည်း တည်ထောင်ပြီးသွားခဲ့ပြီ ဖြစ်ပါသော်ငြား သူ့အနေဖြင့် အနာဂတ်အတွက် စတင်ပြင်ဆင်ရတော့ပေမည်။ နောက်ပိုင်းတွင် အရိပ်ကြယ်မှ သောင်းနှင့်ချီသောလူများ ကြယ်တာရာအစုအဝေးသို့ ရွှေပြောင်းလာကြမည်ဖြစ်လေရာ ထိုလူများရောက်လာပြီးသည့်နောက်တွင် ကျင့်ကြံရန်အတွက် အရင်းအမြစ်များကို အကြီးအကျယ် လိုအပ်လာရပေလိမ့်မည်။ ထို့အတွက်ကြောင့် သူ့တွင် အဖိုးတန်ရတနာများစွာ ရှိနေခြင်းသည် ပို၍ကောင်းပေသည်။
အရင်းအမြစ်ကျောက်များသည် အထက်ကောင်းကင်နန်းတော်ထဲရှိ တပည့်များ ကျင့်ကြံရန်အတွက် လိုအပ်မည့် အဓိကကျင့်ကြံရေးပစ္စည်းများ ဖြစ်ကြသည်။ သိုင်းပညာရပ်များ၊ မှော်ရတနာများသည် ရေရှည်သုံးစွဲလို့ရသည့် ကျင့်ကြံရေးအရင်းအမြစ်များ ဖြစ်ကြပါသော်ငြား အရင်းအမြစ်ကျောက်များမှာမူ တစ်ခါသုံးရုံဖြင့် ကုန်သွားနိုင်သည့်အတွက်ကြောင့် များများရှိထားခြင်းမှာ ပို၍ကောင်းပေသည်။
ရန်ကိုင်လည်း ဝမ်းပန်းတသာဖြင့် ပထမဦးဆုံး သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော ပစ္စည်းအားလုံးကို သိမ်းဆည်းထားလိုက်လေသည်။ ထို့နောက် ဒုတိယသိုလှောင်လက်စွပ်ကို ထပ်ဖွင့်ကြည့်လိုက်ရာ ထိုထဲတွင် ရှိနေသည့် ပစ္စည်းများမှာ ပထမတစ်ကွင်းထဲ၌ ရှိနေသည့် ပစ္စည်းများထက်ပင် ပိုများနေကြောင်း တွေ့လိုက်ရလေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်မှာ အရူးတစ်ယောက်နှယ် ထအော်ရယ်တော့လေသည်။
ရန်ကိုင်ပုံစံကိုကြည့်ရင်း ကျုချင်းမှာမူ မျက်မှောင်ကြီးကျုံ့နေခဲ့လေသည်။
သိုလှောင်လက်စွပ်ရှစ်ကွင်း၌ တစ်ကွင်းချင်းစီတိုင်းတွင် အနည်းဆုံး အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းခန့်ရှိကာ မရေမတွက်နိုင်သော အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်အရင်းအမြစ်ကျောက်များ ရှိနေကြလေသည်။
သို့သော်ငြား သေချာစဉ်းစားကြည့်မည်ဆိုပါက ထိုဧကရာဇ်အဆင့်ပညာရှင်များမှာ အရိပ်ဓါးပျံမြို့သို့ လေလံပွဲကိုတက်ရောက်ရန်အတွက် လာရောက်ကြခြင်းဖြစ်လေရာ အထူးသဖြင့် သူတို့၏ရည်ရွယ်ချက်မှာ ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို ဝယ်ရန် ဖြစ်သည့်အတွက်ကြောင့် သူတို့နှင့်အတူ အရင်းအမြစ်ကျောက်များ များစွာပါလာသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
ထိုအဆင့်မြင့်အရင်းအမြစ်ကျောက်များသည် ထိုဧကရာဇ်အဆင့်ပညာရှင်များ ရှိနေကြသော ဂိုဏ်းအသီးသီး၏ ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို ကိုယ်စားပြုလောက်ပေသည်။ သို့သော်ငြား ထိုပစ္စည်းအားလုံးမှာတော့ ရန်ကိုင်အိတ်ကပ်ထဲသို့သာ ရောက်လာခဲ့ရသည်။
“ဝိုး…” ရန်ကိုင် ရုတ်တရက် အံ့အားသင့်သွားခဲ့လေသည်။ တစ်ခုသော သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် အရင်းအမြစ်ကျောက်များမှာ အခြားသော သိုလှောင်လက်စွပ်ထဲ၌ ရှိနေသည့် အရင်းအမြစ်ကျောက်များထက် အဆပေါင်းများစွာ ပိုမိုများပြားနေကြောင်း တွေ့လိုက်ရလေသည်။ အဆင့်မြင့်အရင်းအမြစ်ကျောက်တစ်မျိုးတည်းနှင့်ပင် သန်းငါးဆယ် ခြောက်ဆယ်ခန့် ရှိနေခဲ့ရာ ထိုပမာဏသည် အခြားသောသိုလှောင်လက်စွပ်များထဲတွင် ရှိသည့် ပမာဏထက် ငါးဆမက ပိုမိုများပြားပေသည်။
ဤသိုလှောင်လက်စွပ်သည် တန်ကျွင်းဟောင်၏လက်စွပ် ဖြစ်လောက်သည်။ အကြောင်းမှာ သိုလှောင်လက်စွပ်ထဲ၌ ရန်ကိုင်ပေးခဲ့သော နဂါးကျွန်းတံဆိပ်ပြားကို တွေ့လိုက်ရသည့်အတွက်ကြောင့်ပင်။
ရန်ကိုင်သည် နဂါးကျွန်းတံဆိပ်ပြားကိုထုတ်၍ သူ့ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်လေသည်။ ပုံမှန်အားဖြင့် ရန်ကိုင်သည် သူ၏ အဖိုးတန်ဆုံးသော ရတနာများကို ကမ္ဘာငယ်လေးထဲတွင်သာ ထည့်သိမ်းထားတတ်သည် မဟုတ်ပေလော။ သိပ်အဖိုးမတန်သည့်အရာများကိုသာ သိုလှောင်လက်စွပ်ထဲတွင် သိမ်းထားခြင်းဖြစ်သည်။
“နေဦး…” တစ်ချိန်ကုန် တိတ်ဆိတ်နေခဲ့သော ကျုချင်းက ရုတ်တရက် လှမ်းအော်ပြောလာခဲ့သည်။
“ဘာဖြစ်လို့လဲ…” ရန်ကိုင်က ခေါင်းမော့၍ မေးလိုက်၏။
“နင် ခုနတုန်းက သိမ်းလိုက်တဲ့ဟာလေ…” ကျုချင်းသည် ရန်ကိုင်ဆီသို့ ကပ်လာလျက် အနည်းငယ်စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “ငါ့ကို အဲ့တံဆိပ်ပြား တစ်ချက်လောက်ပြလို့ရမလား…”
“နင် ဒါကိုပြောနေတာလား…” ရန်ကိုင်သည် နဂါးကျွန်းတံဆိပ်ပြားကို ထုတ်ပြလိုက်လေ၏။
“ဟုတ်တယ် ဟုတ်တယ်… အဲ့ဒါပဲ…” ကျုချင်းက အားတက်သရောဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏မျက်ဝန်းလှလှလေးများမှာလည်း တဖျတ်ဖျတ်ကိုတောက်ပလာတော့သည်။
“နင် ဘာလုပ်ချင်နေတာလဲ…” ရန်ကိုင်သည် နဂါးကျွန်းတံဆိပ်ပြားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ သူ့လက်ကို နောက်သို့ ပြန်ရုတ်လိုက်ရင်းမှ ပြောလိုက်လေ၏။ “ဒါ ငါ့အပိုင်နော်…”
ကျုချင်းက ခြေဆောင့်လိုက်လေ၏။ “နင့်အပိုင်မှန်း ငါသိပါတယ်… ငါ ကြည့်ချင်ရုံလေးပါ…”
(ဒီကောင်က ငါ့ကို ဘာမှတ်နေတာလဲ… သူခိုးတစ်ယောက်မှတ်နေတာလား… ငါတို့လို မြင့်မြတ်တဲ့နဂါးတွေက သူ့ပစ္စည်းတွေကို ဓါးပြတိုက်စရာလား…)
“နင်စစ်ဆေးနေစရာ မလိုဘူး… ဒါ နဂါးကျွန်းတံဆိပ်ပြားအစစ်ပဲ…” ရန်ကိုင်သည် တံဆိပ်ပြားကို သူမရှေ့၌ ဝှေ့ယမ်းပြလိုက်လေသည်။ နဂါးကျွန်းတံဆိပ်ပြားသည် နဂါးကျွန်းမှ လာသည့်အတွက်ကြောင့် နဂါးတစ်ကောင်ဖြစ်သော ကျုချင်းအနေဖြင့် ထိုတံဆိပ်ပြားကို သိနေသည်မှာတော့ အထူးအဆန်းမဟုတ်ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ဖုံးကွယ်မနေခဲ့။
“တကယ်ကြီး နဂါးကျွန်းတံဆိပ်ပြားလား…” ကျုချင်း အံ့အားသင့်သွားခဲ့သည်။
သူမအနေဖြင့် ယခုတစ်ကြိမ် နဂါးကျွန်းဆီမှ ထွက်လာရသည့် အကြောင်းအရင်းမှာ နောက်ဆုံးလက်ကျန်နဂါးကျွန်းတံဆိပ်ပြား၏ သဲလွန်စကို ရှာဖွေရန် ဖြစ်ပေသည်။ သို့သော်ငြား အရိပ်ဓါးပျံမြို့မှ ဖြတ်သွားစဉ် ရန်ကိုင်ဆီမှ နဂါးချီကို အာရုံခံမိလိုက်သည့်အတွက်ကြောင့် သူမ၏ ရှာဖွေစုံစမ်းမှုမှာ အနည်းငယ် နှောင့်နှေးသွားခဲ့ရသည်။
သို့သော်ငြား နဂါးကျွန်းတံဆိပ်ပြားကို အမှတ်မထင် ရန်ကိုင်ဆီ၌ လာရှာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ဤနဂါးကျွန်းတံဆိပ်ပြားကိုသာ ရရှိသွားမည်ဆိုပါက သူမ၏တာဝန်ကို အဆုံးသတ်ကာ နဂါးကျွန်းဆီသို့ ပြန်သွားနိုင်လေပြီ။ ထို့နောက်တွင် သူမ၏သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ရန်အတွက် တားမြစ်နေရာထဲသို့ ဝင်ရောက်နိုင်လေပြီ။
ဤနဂါးကျွန်းတံဆိပ်ပြားမှာ သူမအတွက် အလွန်ကိုမှ အဖိုးတန်လေရာ ကျုချင်းအနေဖြင့် စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။