← Chapters

အခန်း (၂၇၀၇)

Vol. 116 Ch. 2707

အခန်း (၂၇၀၇)

Vol. 116 Ch. 2707

“ဟုတ်တယ်လေ… ဒါက တကယ့်နဂါးကျွန်းတံဆိပ်ပြားပဲ…” ရန်ကိုင်သည် ပြုံးဖြီးဖြီးဖြင့် နဂါးကျွန်းတံဆိပ်ပြားကို ပြန်သိမ်းလိုက်သည်။ ထို့နောက် တစ်ချက်ရပ်၍ မေးလိုက်လေသည်။ “အိုး ဟုတ်သားပဲ… နဂါးကျွန်းတံဆိပ်ပြားနဲ့ဆိုရင် နင်တို့နဂါးကျွန်းဆီကို သွားပြီးတော့ နင်တို့တတ်နိုင်တဲ့ ဘောင်အတွင်းမှာ ရှိနေတဲ့ တောင်းဆိုချက်တစ်ခုကို လုပ်လို့ရတယ်လို့ ငါကြားဖူးတယ်… အဲ့ဒါ တကယ်ပဲလား…”

ကျုချင်းက ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… အဲ့ဒါအမှန်ပဲ…”

“ငါ ဘာမဆိုတောင်းဆိုလို့ရတာလား…” ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ယခုမှသာလျှင် နဂါးကျွန်းတံဆိပ်ပြား၏ တန်ဖိုးကို နားလည်သွားသည့်အလား။

“ရတယ်… ငါတို့ဖြည့်ဆည်းပေးနိုင်တဲ့အရာဖြစ်ရင် အကုန်ရတယ်…” ကျုချင်းက ခေါင်းညိတ်လိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ နဂါးကျွန်းဆီသို့ ဤတံဆိပ်ပြားကို ယူသွားပြီး ကျုချင်းနှင့် သွားလဲလျှင် ကောင်းမလားဟုပင် သူ့စိတ်ထဲ စဉ်းစားနေခဲ့သည်။ သို့သော်ငြား ရန်ကိုင်သာ ထိုသို့ တကယ်ကြီး လုပ်လိုက်ပါက နဂါးကလန်ကို ရန်စမိလိုက်သလို ဖြစ်သွားပေလိမ့်မည်။

နဂါးကလန်အနေဖြင့် သူ့တောင်းဆိုချက်ကို လုံးဝ သဘောတူလိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ခေါင်းတခါခါဖြင့် ထိုအကြောင်းကို ဆက်စဉ်းစားမနေတော့ဘဲ တန်ကျွင်းဟောင်ပိုင်ဆိုင်ထားသည့် အခြားသောပစ္စည်းများကိုသာ လိုက်စစ်ဆေးကြည့်တော့လေ၏။

“နင်… နင် နဂါးကျွန်းကို သွားချင်တာလား…” ကျုချင်း ရုတ်တရက် စိတ်လှုပ်ရှားလာပြီး မေးလိုက်လေ၏။

သူမသည်သာ ရန်ကိုင်အား နဂါးကျွန်းတံဆိပ်ပြားကို နဂါးကျွန်းဆီသို့ သယ်သွားခိုင်းပါက သူမ၏တာဝန်မှာ ပြီးမြောက်သွားပြီဟု ပြော၍ရသည်။ နောက်ဆုံး နဂါးကျွန်းတံဆိပ်ပြားကို ရှာတွေ့နိုင်ခဲ့သလို ဘိုးဘေးနဂါးအမြုတေကို ပိုင်ဆိုင်ထားသည့်လူကိုလည်း နဂါးကျွန်းဆီသို့ ဖိတ်ခေါ်နိုင်ပါက သူမအနေဖြင့် သူမ၏သွေးမျိုးဆက်ကို တိုးတက်အောင် လုပ်ရန်အတွက် တားမြစ်နေရာထဲသို့ ကျိန်းသေ ဝင်နိုင်ပေလိမ့်မည်။

“အဲ့ကိုသွားပြီး ဘာလုပ်ရမှာလဲ…” ရန်ကိုင်ကမူ ခေါင်းတခါခါဖြင့် ရတနာများကိုသာ အမျိုးအစား ခွဲခြားနေခဲ့လေသည်။

ကျုချင်းက စိတ်စောနေသည့်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “နင်တောင်းဆိုချင်တာ မရှိဘူးလား… နင်သာ ဒီနဂါးကျွန်းတံဆိပ်ပြားကိုယူပြီး အဲ့ကိုသွားမယ်ဆိုရင် နဂါးကလန်က သူတို့ဘောင်အတွင်းမှာရှိတဲ့ နင်တောင်းဆိုတဲ့အရာမှန်သမျှကို ဖြည့်ဆည်းပေးမှာလေ…”

“အင်း… ငါတောင်းဆိုချင်တာတော့ ရှိတယ်…” ရန်ကိုင်က တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ရုတ်တရက် ခေါင်းမော့၍ ပြောလာခဲ့သည်။

“ဘာလဲ… ပြောကြည့်လေ…” ကျုချင်းက မေးလိုက်သည်။

“ငါက ဟုန်းလော့ကြယ်စီရင်စုလို့ခေါ်တဲ့ အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုကနေလာတာ… ငါ အခု အဲ့ကို ပြန်သွားချင်လို့… နင်တို့နဂါးကျွန်းက ငါ့ကို အဲ့ကို ပို့ပေးနိုင်လား…” ရန်ကိုင်သည် ကျုချင်းကိုကြည့်၍ မေးလိုက်သည်။ ယခု သူသည် ကြယ်တာရာအစုအဝေး၌ အခြေတကျ ဖြစ်သွားပြီဖြစ်သလို ကိုယ်ပိုင်ပိုင်နက်နယ်မြေလည်း ရှိနေပြီဖြစ်သည့်အတွက်ကြောင့် ဟုန်းလော့ကြယ်စီရင်စုကြီးတွင် ရှိနေသော သူ့မိတ်ဆွေများနှင့် မိသားစုများကို ပို၍ လုံခြုံကာ ကောင်းမွန်သည့် ဤနေရာဆီသို့ ခေါ်လာချင်ပေသည်။

သို့သော်ငြား ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ မည်ကဲ့သို့ ပြန်သွားလို့သွားရမလဲ ရန်ကိုင်မသိပေ။ အစကတော့ ယန်ယန်ကိုရှာကာ သွားမေးကြည့်ချင်ပါသော်ငြား သူ့တွင် နဂါးကျွန်းတံဆိပ်ပြား ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်သည် နဂါးကလန်ဆီမှ အကူအညီတောင်းလို့ ရနိုင်လောက်ပေသည်။

နဂါးကလန်သည် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့လေရာ ဤလောကကြီးထဲရှိ ကိစ္စအရပ်ရပ်နှင့် ပတ်သက်၍ အလွန်ကိုမှ ရင်းနှီးကျွမ်းဝင်လှသည်။ ထို့အတွက်ကြောင့် သူ့အား ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်သွားအောင် လုပ်ပေးနိုင်သည့် နည်းလမ်းတစ်ခုကို သူတို့ ကျိန်းသေ သိထားရပေလိမ့်မည်။

“နင့်ကို အဆင့်နိမ့်ကြယ်စီရင်စုဆီ ပြန်ပို့ပေးဖို့…” ကျုချင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။

“အဲ့ဒါ ခက်ခဲလို့လား…” ကျုချင်း၏မျက်နှာအမူအယာကိုမြင်သော် အဆင့်နိမ့်ကြယ်စီရင်စုဆီ ပြန်သွားဖို့ရာမှာ ထင်သလောက် မရိုးရှင်းမှန်း ရန်ကိုင် တွေးမိသွားလေ၏။

ကျုချင်းက ပြန်ပြောလိုက်သည်။ “ခက်တာပေါ့… ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကြောင့် အဆင့်နိမ့်ကြယ်စီရင်စုတွေအများကြီး ပျက်စီးသွားခဲ့တဲ့အချိန်တည်းက ကြယ်တာရာအစုအဝေးနဲ့ ကြယ်စီရင်စုတွေကို ဆက်စပ်ပေးထားတဲ့ လမ်းကြောင်းတွေအကုန်လုံးကို ချိတ်ပိတ်ပစ်လိုက်တာ… ဒီတော့ ကြယ်တာရာအစုအဝေးနဲ့ ကြယ်စီရင်စုကြားကို ဘယ်လိုမှ သွားလို့မရတော့ဘူး…”

ရန်ကိုင်လည်း ထိုအကြောင်းကို ကြားခဲ့ဖူးပေသည်။ လွန်ခဲ့သော နှစ်သောင်းနှင့်ချီခန့်က ကြယ်တာရာအစုအဝေးမှလူတစ်ဦး အဆင့်နိမ့်ကြယ်စီရင်စုဆီ သွားဖို့ရာ ကိစ္စမရှိပေ။ သို့သော်ငြား ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ကြောင့် ဖြစ်ပေါ်လာရသည့် နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် အဆင့်နိမ့်ကြယ်စီရင်စုဆီ ဆက်သွယ်ထားသော လမ်းကြောင်းအားလုံး ချိတ်ပိတ်ခြင်း ခံလိုက်ရသည်။ အဆင့်နိမ့်ကြယ်စီရင်စုထဲတွင် ရှိနေသည့် ကျင့်ကြံသူများ၏ ခွန်အားမှာ မြင့်မားလှခြင်းမရှိဘဲ အားအကောင်းဆုံးသည် တန်ခိုးရှင်ဘုရင်အဆင့်သာ ရှိသည့်အတွက်ကြောင့် ကြယ်တာရာအစုအဝေးမှ ကျင့်ကြံသူတစ်ဦးဦးသာ ထိုနေရာတွင် သွားသောင်းကျန်းမည်ဆိုပါက မည်သူမျှ ခုခံနိုင်ကြလိမ့်မည်မဟုတ်။

ကြယ်တာရာအစုအဝေးတွင်ရှိနေသော မည်သည့်တာအိုသခင်အဆင့် ကျင့်ကြံသူမဆို အဆင့်နိမ့်ကြယ်စီရင်စုထဲတွင် ရှိနေသော မီလီယံနှင့်ချီသည့် ကျင့်ကြံသူပေါင်းများစွာကို လွယ်လင့်တကူ သတ်ပစ်နိုင်ပေသည်။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် အကောင်းဆုံးဥပမာဖြစ်သည်။ သူ့ကြောင့် မရေမတွက်နိုင်သော ကြယ်စီရင်စုများ ပျက်စီးခဲ့ရသည်။ သူသွားလေရာနေရာတိုင်းတွင် ရှိနေသော ကြယ်အမြုတေအားလုံးကို စိတ်ကြိုက် ဝါးမျိုပစ်ကာ ကျင့်ကြံရေးကြယ်များကို ဖျက်ဆီးပစ်ခဲ့ပြီး ထရီလီယံနှင့်ချီသော ကျင့်ကြံသူပေါင်းများစွာ သတ်ပစ်ခဲ့သည်။

“အခု အဲ့ချိတ်ပိတ်ထားတဲ့ လမ်းကြောင်းတွေအကုန်လုံး ကြယ်တာရာတရားရုံးဆိုတဲ့ အဖွဲ့အစည်းတစ်ခုက စောင့်ကြပ်နေတာ… အဲ့အဖွဲ့အစည်းကို ဦးဆောင်နေတာက မဟာဧကရာဇ်တစ်ပါးပဲ… ဒီတော့ အဆင့်နိမ့်ကြယ်စီရင်စုဆီ ပြန်သွားဖို့က ဘယ်လိုမှကို မလွယ်ဘူး…”

“ကြယ်တာရာတရားရုံး…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

ကျုချင်းက ရှင်းပြလိုက်လေ၏။ “ကြယ်တာရာတရားရုံးက ကြယ်တာရာအစုအဝေးထဲမှာ အရမ်းကိုအားကောင်းလွန်းတဲ့ အဖွဲ့အစည်းတစ်ခုပဲ… ဂိုဏ်းတစ်ခုလို့တော့ ပြောလို့မရဘူး… အဲ့အစား မဟာဧကရာဇ်ဆယ်ပါးက ပူးပေါင်းပြီး ဖန်တီးထားတဲ့ အဖွဲ့အစည်းတစ်ခုလို့ပဲ ပြောလို့ရမယ်… မဟာဧကရာဇ်ဆယ်ပါးလုံးက ချိတ်ပိတ်ထားတဲ့ လမ်းကြောင်းတွေရှိနေတဲ့ နေရာမှာ တည်ထားတဲ့ သူတို့ရဲ့ဌာနချုပ်ကို တစ်ယောက်တစ်လှည့်ဆီ စောင့်ကြပ်ကြတယ်… ငါသိသလောက်ဆိုရင် အခု ကြယ်တာရာတရားရုံးရဲ့ခေါင်းဆောင်က သံမဏိသွေးမဟာဧကရာဇ်ပဲ… မဟာဧကရာဇ်ဆယ်ပါးထဲမှာ ခွန်အားအရာမှာဆိုရင် သူက အားအကောင်းဆုံးပဲ…”

“အဲ့လိုအဖွဲ့အစည်းမျိုး ငါတစ်ခါမှ မကြားဖူးဘူး…” ရန်ကိုင် အံ့အားသင့်နေခဲ့လေသည်။

ကျုချင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။ “ကြယ်တာရာတရားရုံးက မဟာဧကရာဇ်တွေဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဆိုမှတော့ နင့်အနေနဲ့ မကြားဖူးတာ မဆန်းပါဘူး… ဒါပေမယ့် နင့်မိသားစုထဲက စီနီယာတွေ ဒါမှမဟုတ် နင့်ဂိုဏ်းက စီနီယာတွေဆိုရင်တော့ သိရင်သိလောက်တယ်… ပိုသိချင်ရင်တော့ သူတို့ကို သွားမေးကြည့်လိုက်ပေါ့…”

ယခုမှသာ ရန်ကိုင် နားလည်သွားတော့သည်။

နောက်ခံကောင်းကောင်းကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်အဆင့်ပညာရှင်များမှာ ကြယ်တာရာတရားရုံးအကြောင်း ကြားဖူးကောင်း ကြားဖူးလိမ့်မည် ဖြစ်ပါသော်ငြား ရန်ကိုင်သည် အမြဲလိုလို သူ့ဘာသာသူ တစ်ကိုယ်တည်း သွားလာနေတတ်သူ ဖြစ်သဖြင့် သူ့အား ထိုအကြောင်းကို ပြောပြပေးမည့်လူတစ်ဦးမှ ရှိမနေခဲ့ပေ။

“ကြယ်တာရာတရားရုံးက ဘယ်လိုမှကို သွားရန်စလို့မရတဲ့ အဖွဲ့အစည်းတစ်ခုပဲ… ကြယ်တာရာတရားရုံးကို ဖွဲ့စည်းထားတာ မဟာဧကရာဇ်ဆယ်ပါးတည်းမဟုတ်ဘူး… ပုန်းကွယ်ပြီးတည်ရှိနေတဲ့ မဟာဧကရာဇ်တွေလည်း ပါသေးတယ်… ဒီတော့ ငါတို့နဂါးကလန်တောင် အဲ့အဖွဲ့အစည်းကို အလွယ်တကူ သွားရန်စမရဲဘူး…”

“အခြားမဟာဧကရာဇ်တွေ…” ရန်ကိုင်ကြောင်သွားခဲ့လေသည်။ “မဟာဧကရာဇ်ဆယ်ပါးပဲ ရှိတာမဟုတ်ဘူးလား…”

ကျုချင်းက ရယ်မောလိုက်၏။ “ဆယ်ပါးပဲရှိတယ်လို့ နင့်ကိုဘယ်သူပြောလဲ…”

ရန်ကိုင် ဆွံ့အသွားခဲ့လေသည်။

ကျုချင်းပြောသည်မှာလည်း အမှန်ပင်။ မဟာဧကရာဇ်ဆယ်ပါးတည်းရှိသည်ဟု သူ့အား မည်သူမျှမပြောခဲ့ပေ။ သို့သော်ငြား သူ ကြားဖူးနားဝရှိနေသည်မှာ နာမည်ကျော်ကြားသည့် မဟာဧကရာဇ်ဆယ်ပါးအကြောင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် မဟာဧကရာဇ် ဆယ်ပါးသာ ရှိလိမ့်မည်ဟု ရန်ကိုင် ထင်သွားခဲ့ခြင်းပင်။

“မဟာဧကရာဇ်တွေက အရမ်းသက်တမ်းရှည်ကြတယ်… လုံးဝမသေနိုင်တဲ့ မသေမျိုးတွေမဟုတ်ပေမယ့် ကောင်းကင်ကြီးတည်ရှိနေသရွေ့ သူတို့ အသက်ရှင်နိုင်တယ်လို့ ပြောလို့ရတယ်… ကြယ်တာရာအစုအဝေးတည်ရှိလာခဲ့တဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ မဟာဧကရာဇ်အဆင့်ကို ရောက်နိုင်တဲ့လူတွေ အများကြီးမရှိခဲ့ပေမယ့် အချို့ ပါရမီရှိပြီး ကံကောင်းတဲ့လူတွေကတော့ မဟာဧကရာဇ်အဆင့်ကို အောင်အောင်မြင်မြင်ရောက်သွားကြတယ်… ဒါပေမယ့် မဟာဧကရာဇ်အဆင့်ကို ရောက်သွားတဲ့လူတိုင်းကို ငါတို့အားလုံးသိကြတာမဟုတ်ဘူးပေါ့… ဥပမာပြောရရင် ငါတို့နဂါးကလန်ရဲ့အကြီးအကဲချုပ်ပဲ… သူဆိုရင် မဟာဧကရာဇ်တစ်ပါးနဲ့ယှဉ်နိုင်တယ်… ဒါပေမယ့် သူ့ကို မဟာဧကရာဇ်ဆယ်ပါးထဲ ထည့်မတွက်ဘူး…”

“နင်ရော…” ရန်ကိုင်က မေးလိုက်လေသည်။

ကျုချင်းက ယဲ့ယဲ့လေးပြုံးလျက် “ငါကတော့ အဲ့အဆင့်နဲ့ အဝေးကြီးလိုသေးတယ်… မဟာဧကရာဇ်ဆိုတာ လူတိုင်းဖြစ်လာနိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး…”

“အဲ့ဒါဆိုလို့ရှိရင် ငါလည်း ကြိုးစားရမှာပေါ့…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။

ကျုချင်း ရန်ကိုင်အား မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်ရာ ရန်ကိုင်နောက်နေခြင်းမဟုတ်ဘဲ အတည်ကြီးပြောနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်ကြည့်ရသလောက် မဟာဧကရာဇ်တစ်ပါး တကယ်ဖြစ်လာချင်သည့်ပုံပင်။ ထိုအချင်းအရာကိုမြင်သော် ကျုချင်းသည် စိတ်ထဲမှနေ၍ ကြိတ်ကာ ပြောလိုက်လေ၏။ (ကြိုးစားလိုက်ရုံနဲ့ မဟာဧကရာဇ်သာ ဖြစ်လာနိုင်ကြေးဆိုရင်တော့ ဒီလောကကြီးမှာ မဟာဧကရာဇ်တွေ ရိုက်သတ်လို့တောင် ကုန်မှာမဟုတ်ဘူး…)

သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်လျှင်လည်း လက်ရှိ သူမရှေ့တွင် ရှိနေသည့်သူအဖို့ မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့ရာ လုံးဝမဖြစ်နိုင်သည့် အရာတစ်ခုတော့ မဟုတ်ချေ။ ရန်ကိုင်သည် လူအင်အားရော ကျင့်ကြံခြင်းပါ မသာသည့်တိုင် သူ့ထက်အဆင့်မြင့်မားသည့် ကျင့်ကြံသူပေါင်းများစွာကို သတ်ပစ်နိုင်ခဲ့သည်။ ဤသည်မှာ အလွန်ကိုမှ မယုံကြည်နိုင်စရာကောင်းသည့် စွမ်းဆောင်ရည်တစ်မျိုးဖြစ်ပေသည်။ လက်ရှိ မဟာဧကရာဇ်အဆင့်သို့ ရောက်နေသည့် ပညာရှင်ဘယ်လောက်များများကများ ရန်ကိုင်၏ကျင့်ကြံခြင်းတွင် ရှိစဉ်က ထိုကဲ့သို့ လုပ်နိုင်ခဲ့လေသနည်း။

“ဒီတော့ ငါ့အနေနဲ့ ကြယ်စီရင်စုဆီ သွားချင်တယ်ဆိုရင် ကြယ်တာရာတရားရုံးဆီ အရင်သွားရမှာပေါ့ ဟုတ်လား…” ရန်ကိုင်က မေးလိုက်သည်။

“ဟုတ်တယ်… ဒါပေမယ့် အဲ့ဒါကလည်း ဒီလောက်မရိုးရှင်းဘူး… တဇွတ်ထိုးသိပ်မလုပ်နဲ့…”

ရန်ကိုင်ခေါင်းညိတ်လိုက်သည်။ ယခု သူစ၍ပြဿနာတက်လေပြီ။ အစကတော့ ဟုန်းလော့ကြယ်စီရင်စုကြီးဆီ သွားနိုင်မည့်နည်းလမ်းကို သူ့ဘာသာသူရှာဖို့ပင်။ တကယ်တော့ သူသည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်သည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် ဟုန်းလော့ကြယ်စီရင်စု၏ တည်နေရာကိုသာ ရှာတွေ့နိုင်မည်ဆိုပါ ကမ္ဘာလောကနှစ်ခုကြား တားဆီးထားသည့် အတားအဆီးများကို ဖြတ်ကျော်၍ သွားရန် စဉ်းစားထားခဲ့သည်။

သို့သော်ငြား နက်နဲဆန်းကြယ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော ကြယ်တာရာတရားရုံးမှ ကြယ်တာရာအစုအဝေးထဲရှိ ကျင့်ကြံသူများ အဆင့်နိမ့်ကြယ်စီရင်စုများဆီသို့ မသွားနိုင်အောင် စောင့်ကြပ်နေကြောင်း ကြားလိုက်ရသော် ရန်ကိုင်အနေဖြင့် အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ သွားလိုပါက လွယ်ကူတော့လိမ့်မည်မဟုတ်မှန်း သိသွားရတော့လေသည်။

“ဒီတော့ နင် နဂါးကျွန်းဆီ သွားချင်သေးလား…” ကျုချင်းသည် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေ၏။

ရန်ကိုင်က ကျုချင်းကိုကြည့်၍ “နဂါးကျွန်းမှာ ကြယ်တာရာတရားရုံးကို ငါ့ကို အဆင့်နိမ့်ကြယ်စီရင်စုဆီ ပြန်ပို့အောင် လုပ်ပေးနိုင်တဲ့ အင်အား ရှိလို့လား…”

ကျုချင်း ခေါင်းခါပြလိုက်သည်။ တွေးပင်တွေးနေစရာမလိုပေ။ နဂါးကျွန်းအားကောင်းသည်မှာ မှန်ပါသော်ငြား ကြယ်တာရာတရားရုံးသည် ကြယ်တာရာအစုအဝေးတစ်ခုလုံး ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လေရာ ထိုကဲ့သို့သော အဖွဲ့အစည်းတစ်ခုသည် နဂါးကျွန်းအား ဤမျှ အရေးစိုက်နေလိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင် ငါ ဘာဖြစ်လို့ သွားရမှာလဲ…” ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်သည်။

“အခြားတစ်ခုခု တောင်းဆိုလို့ ရသေးတယ်လေ…” ရန်ကိုင်မှ နဂါးကျွန်းဆီသို့ မသွားချင်ကြောင်း ကြားလိုက်ရသော် ကျုချင်းမှာ စတင်၍ စိတ်ပူလာရပြီး အလျင်အမြန် ပြောလိုက်လေ၏။ “ဟုတ်သားပဲ… နင် အခု ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာမလား… နဂါးကျွန်းဆီသွားပြီး အဲ့မှာကျင့်ကြံမယ်ဆိုရင် နင့်ရဲ့ကျင့်ကြံခြင်းက အကြီးအကျယ် တိုးတက်လာနိုင်တယ်… နှစ်တစ်ရာအတွင်းမှာတောင် ဧကရာဇ်တတိယအဆင့်ကို ရောက်နိုင်တယ်…”

“နှစ်တစ်ရာတောင်…” ရန်ကိုင် မျက်နှာကြီး မဲ့လိုက်လေသည်။ (ငါ စကျင့်ကြံတည်းက အခုချိန်ထိ နှစ်တစ်ရာတောင် ရှိသေးတာမဟုတ်ဘူးလေ… ဒါတောင် ဧကရာဇ်ပထမအဆင့်ဖြစ်နေပြီ… ပြီးတော့ ငါ ဧကရာဇ်ပထမအဆင့်ရဲ့ အထွဋ်အထိပ်မှာရှိနေတာ.. အခွင့်အရေးတစ်ခုခုနဲ့သာ ကြုံရရင် ဧကရာဇ်ဒုတိယအဆင့်ကို အလွယ်လေးရောက်နိုင်တယ်… ဧကရာဇ်တတိယအဆင့်ကို ရောက်ဖို့အတွက် ဘာလို့ နှစ်တစ်ရာအချိန်ယူရမှာလဲ… အဲ့အစား သေပဲသေလိုက်မယ်… အဲ့လောက်ထိတော့ အချိန်ယူမနေဘူး…)

“နှစ်တစ်ရာဆိုတာ တိုတဲ့အထဲပါတယ်နော်… ကြယ်တာရာအစုအဝေးထဲမှာ နင် စိတ်ကြိုက်လိုက်ရှာကြည့်လိုက်… ငါတို့နဂါးကျွန်းလို ကျင့်ကြံဖို့ကောင်းတဲ့နေရာမျိုး များများစားစား ရှိတာမဟုတ်ဘူး… နင်သာ နဂါးကျွန်းတံဆိပ်ပြားကို ယူသွားမယ်ဆိုရင် ငါတို့အကြီးအကဲက နင်ကျင့်ကြံဖို့အတွက် အကောင်းဆုံး ကျင့်ကြံရေးနေရာကို ပြင်ဆင်ပေးမှာ… ငါလုံးဝ အာမခံတယ်…” ကျုချင်းက ပြောလိုက်သည်။

“ထားလိုက်တော့… ငါ့စိတ်ထဲ ဘာတောင်းဆိုရမလဲ စဉ်းစားပြီးတော့မှပဲ နဂါးကျွန်းဆီသွားတော့မယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဒါဆိုရင် နင်စဉ်းစားဖို့ ဘယ်လောက်တောင် အချိန်ယူဦးမှာလဲ…”

ရန်ကိုင်က ခေါင်းခါလျက် “မသိဘူးလေ… နဂါးကလန်ရဲ့ အကူအညီမလိုရင် နဂါးကျွန်းကို တစ်ခါမှ မသွားတာလည်း ဖြစ်သွားနိုင်တာပဲ…”

ကျုချင်း၏မျက်နှာ သုန်မှုန်သွားခဲ့လေ၏။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ကျုချင်းက ပြန်မေးလိုက်လေသည်။ “ဒါဆိုရင် နင်ငါ့ကို အဲ့နဂါးကျွန်းတံဆိပ်ပြား ပေးလို့ရလား…”

“နင့်ကိုပေးရမယ်…” ရန်ကိုင် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ စိတ်ထဲတွင်လည်း ကြိတ်၍ တွေးလိုက်လေ၏။ (ငါတို့နှစ်ယောက်က ဒီလောက်ရင်းနှီးသေးတာလည်း မဟုတ်ဘဲနဲ့ ဒီကောင်မလေးက ကိုယ့်အကြောင်းကိုယ်မသိဘဲ သူလိုချင်တာကို လာတောင်းရဲတယ်ပေါ့…)

ကျုချင်းက ဆက်၍ပြောလိုက်သည်။ “ငါ နင့်ဆီက အလကားမတောင်းပါဘူး… အဲ့အစား အဲ့ဒါနဲ့ အခြားတစ်ခုခုနဲ့ လဲပေးမယ်… ရှင်းရှင်းပြောရရင် အခုတစ်ချိန် ငါ နဂါးကျွန်းကနေ ထွက်လာရတဲ့ အကြောင်းအရင်းက နဂါးကျွန်းတံဆိပ်ပြား ဘယ်မှာရှိနေလဲဆိုတာကို လိုက်ရှာဖို့ပဲ… အခု ရှာတွေ့သွားပြီဆိုတော့ ငါသာ နဂါးကျွန်းတံဆိပ်ပြားကို ပြန်သယ်သွားနိုင်ပြီဆိုရင် ငါ့တာဝန်ပြီးသွားပြီလို့ ပြောလို့ရတယ်… နင်ငါ့ကို ကျေးဇူးပြုပြီး ကူညီပေးလို့ရမလား…”

သူမကဲ့သို့ နဂါးတစ်ကောင်အတွက် အခြားတစ်ယောက်ကို တောင်းဆိုရသည်မှာ အတော်လေးကိုမှ ခက်ခဲလှပေသည်။ ထို့အတွက်ကြောင့် ကျုချင်း၏ ပါးပြင်နှစ်ဖက်မှာ ရှက်ရွံ့မှု‌ကြောင့် နီမြန်းနေခဲ့သည်။

ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့ပြီး တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “နင် အရင်တစ်ကြိမ် ငါ့အသက်ကို ကယ်ပေးခဲ့အတွက် ငါနင့်ကို အခွင့်အရေးတစ်ခုပေးမယ်…”

ထိုစကားကိုကြားသော် ကျုချင်း၏မျက်နှာ ဝင်းပသွားခဲ့သည်။ သို့သော်ငြား သူမ ဘာမှပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က သူ့လက်ကိုမြှောက်၍ “သေချာမှတ်ထားနော်… အခွင့်အရေးက တစ်ခုပဲနော်… နင့်မှာ ငါလိုချင်တာမရှိရင် မေ့လိုက်ပေတော့…”

ကျုချင်း ခေါင်းညိတ်ပြလိုက်လေ၏။ ထို့နောက် သူမ၏သိုလှောင်လက်စွပ်ကိုချွတ်၍ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေ၏။ “ငါ့မှာပစ္စည်းကောင်းတွေ အများကြီးရှိတယ်… နင် ဘာလိုချင်လဲ ကြည့်ကြည့်လိုက်… လိုချင်တာကို ယူလိုက်… ငါ နဂါးကျွန်းတံဆိပ်ပြားပဲ လိုချင်တာ…”

“ရက်ရောချက်ပါလား…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ပုံမှန်အားဖြင့် သိုလှောင်လက်စွပ်ထဲတွင် ကျင့်ကြံသူတစ်ဦး၏ အဖိုးအတန်ဆုံးသော ရတနာပေါင်းများစွာ ရှိနေကြသည်။ သို့သော်ငြား ကျုချင်းသည် သူမ၏သိုလှောင်လက်စွပ်ကို တစ်ချက်ပင် စဉ်းစားမနေဘဲ ရန်ကိုင်ဆီသို့ ပစ်ပေးလာခဲ့လေ၏။ ကြည့်ရသလောက် ဤနဂါးကျွန်းတံဆိပ်ပြားသည် သူမအတွက် အလွန်ကိုမှ အရေးကြီးသည့်ပုံပင်။ နဂါးကျွန်းတံဆိပ်ပြားကို ရရန်အတွက် သူမတွင် ရှိနေသည့် မည်သည့်အဖိုးတန်ရတနာကိုမဆို စတေးရဲသည့် ပုံပင်။

(လူတိုင်းက အလဲအလှယ်လုပ်ပြီဆိုရင် ရသလောက် အမြတ်ထုတ်ဖို့ ကြိုးစားကြတာကို ဒီကောင်မလေး မသိသေးပါလား.. သူပိုင်ဆိုင်ထားတွေကို ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ထုတ်ပြတယ်ဆိုမှတော့လည်း ဒီသခင်လေးကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ…)

ထိုသို့တွေးပြီးသည့်နောက်တွင် ရန်ကိုင်သည် နဂါးမလေးတစ်ဦး၏ သိုလှောင်လက်စွပ်ထဲ မည်ကဲ့သို့သော အဖိုးတန်ရတနာများ ရှိနေမလဲ ဆိုသည်ကို တွေးရင်းမှ သိုလှောင်လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် တောင်နှယ်ပုံထပ်နေသော ပစ္စည်းများကြောင့် ရန်ကိုင်၏မျက်လုံးများ ဝင်းပသွားခဲ့ရလေ၏။

(ဝိုး… အဖိုးတန်ရတနာတွေအများကြီးပါလား…) ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ပစ္စည်းများကို သေသေချာချာ စတင် လိုက်လံစစ်ဆေးကြည့်တော့လေ၏။

All Chapters