← Chapters

အခန်း (၂၇၀၈)

Vol. 116 Ch. 2708

အခန်း (၂၇၀၈)

Vol. 116 Ch. 2708

ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို စိတ်လှုပ်စွားဖြင့် စတင်၍ စစ်ဆေးကြည့်တော့လေ၏။

သို့သော်ငြား မကြာမီ မျက်မှောင်ကျုံ့သွားခဲ့ပြီး သူ့အမူအယာမှာ ထူးဆန်းလာတော့လေသည်။ အချိန်ကြာလာသည်နှင့် ရန်ကိုင်၏အမူအယာမှာ ပိုပို၍ အရုပ်ဆိုးလာခဲ့ပြီး နဖူးကြောကြီးများပင် ထောင်တက်လာခဲ့လေ၏။ နောက်ဆုံးတွင် သည်းမခံနိုင်တော့သည့်အလား ကျုချင်းအား မော့ကြည့်လာလျက် မေးလိုက်လေ၏။ “ဒါ ဘာတွေလဲ…”

“ဘာလဲ… နင်ကြိုက်တာ တစ်ခုမှမရှိဘူးလား…” ကျုချင်း ရန်ကိုင်အား အလန့်တကြားဖြင့် ကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း သူမဘာသာသူမ တွေးလိုက်လေ၏။ (မဖြစ်နိုင်ဘူး… အဲ့ထဲကရတနာတွေအကုန်လုံးက ငါ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရလာတဲ့ ရတနာတွေချည်းပဲ… တန်ဖိုးနည်းတာ တစ်ခုမှမပါဘူး… အကုန်လုံးက ငါ့အတွက် အရမ်းအဖိုးတန်တာတွေချည်းပဲ… အဲ့ထဲက တစ်ခုလေးကိုတောင် သူစိတ်မဝင်စားတာ သိပ်တော့မဟုတ်သေးသလိုပဲ…)

“နင့်ရဲ့ဦးလေးကိုပဲကြိုက်…” ရန်ကိုင်မှာ ဒေါသထွက်ထွက်နှင့် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဆံထိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းဆံထိုးမှာ အတော်လေးကိုမှ လှပလှပါသော်ငြား အဆင့်နိမ့်မှော်ရတနာတစ်ခုသာ ဖြစ်လေသည်။ ၎င်းဆီမှ ဖြာထွက်နေသည့် စွမ်းအင်အရှိန်အဝါများမှာလည်း အတော်လေးကိုမှ အားနည်းလှကာ အဆင့်နိမ့် အကာအကွယ်မှော်ရတနာ အမျိုးအစားတစ်ခုသာ ဖြစ်သည့်ပုံပင်။

“နင်ပြောတဲ့ပစ္စည်းကောင်းတွေဆိုတာ ဒါကိုပြောတာလား…”

ကျုချင်းသည် ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်လျက် ပြောလိုက်လေသည်။ “ဖြည်းဖြည်းလုပ်နော်… ကျိုးသွားမယ်…”

ကြည့်ရသလောက် ဤကျောက်စိမ်းဆံထိုးသည် သူမအတွက် အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ခု ဖြစ်သည့်ပုံပင်။

ရန်ကိုင်မှာ အလွန်တရာကိုမှ ဒေါသထွက်နေခဲ့လေသည်။

ကျုချင်းက အလျင်စလို နှစ်သိမ့်ပေးလိုက်လေ၏။ “အဲ့ဒါကိုမကြိုက်ရင် အခြားဟာတွေကို ကြည့်ကြည့်လေ… အဲ့မှာ ပစ္စည်းကောင်းတွေ အများကြီး ထပ်ရှိသေးတယ်…”

ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအချို့ကို ထုတ်ယူပြလိုက်သည်။ အချို့မှာ မှော်ရတနာများဖြစ်ကြပြီး အချို့မှာတော့ အမျိုးအမည် ခွဲခြားမရသည့် ပစ္စည်းများ ဖြစ်ကြသည်။

အကုန်လုံးမှာ အရောင်တလက်လက် တောက်ပနေခဲ့လေသည်။ အလွန်ကိုမှလည်း လှပသည့် အသွင်သဏ္ဍာန်များကို ပိုင်ဆိုင်ထားကြသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ထိုအရာအားလုံးသည် ရန်ကိုင်ကဲ့သို့ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးအတွက် ဘာဆိုဘာမှ အသုံးမဝင်ချေ။ ထိုအရာများသည် မှော်ရတနာများ၊ ကျင့်ကြံရေးအရင်းအမြစ်များကဲ့သို့ အဖိုးတန်ခြင်း မရှိပါသော်ငြား ကျုချင်းကမူ ထိုအရာများကို အဖိုးတန်ရတနာများအဖြစ် သေသေချာချာ သိမ်းဆည်းထားခဲ့သည်။

ဤသည်မှာ နဂါးတစ်ကောင်၏ သိုလှောင်လက်စွပ် ဖြစ်လိမ့်မည်ဟု ရန်ကိုင် လုံးဝ မယုံကြည်နိုင်ချေ။ သူ့မျက်လုံးများကို ဆွဲထုတ်ပစ်ချင်လိုက်မိတော့သည်။ အစောကြီးတည်းက မမြင်လိုက်မိလျှင် အကောင်းသားဟုလည်း တွေးနေမိလေသည်။

“နင်လိုချင်တဲ့ဟာ ဘာမှမရှိဘူးလား… နင်ကြိုက်တဲ့ဟာတစ်ခု ရွေးလိုက်လေ… ငါနင့်နဲ့ လဲပေးမယ်…” ကျုချင်းမှာမူ သူမပိုင်ဆိုင်ထားသည့် ပစ္စည်းအားလုံးသည် ရန်ကိုင်အမြင်တွင် အမှိုက်သာဖြစ်နေသည်ဟူသော အချက်ကို သတိမထားမိခဲ့ဘဲ ဆက်၍ပြောလိုက်လေ၏။

“နင် ရူးနေတာလား… ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား…” ရန်ကိုင်က ပြောလိုက်သည်။

“နင်ဘာပြောချင်တာလဲ…” ကျုချင်းမှာ စတင်၍ ဒေါသထွက်လာတော့လေသည်။

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထို့နောက် ရုတ်တရက် ပြောလိုက်လေသည်။ “နင်တို့ နဂါးကလန်လုပ်တာ သုံးမျိုးပဲရှိတယ်ဆိုပြီး ငါကြားဖူးတယ်… အဲ့ဒါတကယ်ပဲလား…”

“ဘာသုံးမျိုးလဲ…” ကျုချင်း နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။ သူမသည် မွေးဖွားလာစဉ်ကတည်းက နဂါးကျွန်းတွင်သာ နေခဲ့ပြီး ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် ကြယ်တာရာအစုအဝေးထဲ လျှောက်သွားဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် ကြယ်တာရာအစုအဝေးထဲ သူမတို့ကလန်နှင့် ပတ်သက်၍ မည်ကဲ့သို့သော အရာမျိုး ပြန့်နေသလဲဆိုသည်ကို မသိပေ။

ရန်ကိုင်က သက်ပြင်းချ၍ “အိပ်တာရယ်… အရောင်တောက်တောက် ပစ္စည်းလေးတွေရယ် ပြီးတော့ နင်သိပါတယ်…”

“ဘာသိရမှာလဲ…” ကျုချင်းသည် ရန်ကိုင်အား စိုက်ကြည့်လျက် ပြောလိုက်လေ၏။ “ပြော…”

ရန်ကိုင်သည် ကျုချင်းအား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လျက် “သိပ်မေးမနေနဲ့… ဒါ ကလေးတွေ သိစရာမဟုတ်ဘူး…”

“နင်ကသာ ကလေး… နင်တို့တစ်မျိုးလုံးတစ်ဆွေလုံးကသာ ကလေးတွေ…” ကျုချင်း ဒေါသူပုန်ထသွားလေ၏။

ရန်ကိုင်ကမူ ကျုချင်းနှင့် ပြိုင်ငြင်းရန် ပျင်းရိလွန်းနေသဖြင့် ရယ်မော၍သာ ပြောလိုက်လေ၏။ “ဘာပဲဖြစ်ဖြစ် နင့်ပစ္စည်းတွေအကုန်လုံးက ငါ့အတွက် အမှိုက်ပဲ… ငါ နင်နဲ့လဲမှာမဟုတ်ဘူး…” ထို့နောက်တွင် သိုလှောင်လက်စွပ်ကို ကျုချင်းဆီသို့ ပြန်ပစ်ပေးလိုက်လေ၏။

ဤနဂါးမလေး၏ သိုလှောင်လက်စွပ်ထဲတွင် အရင်းအမြစ်ကျောက်တစ်တုံးပင် ရှိမနေခဲ့ချေ။ ထို့အတွက်ကြောင့် သူမ မည်ကဲ့သို့များ ကျင့်ကြံနေသလဲဟုပင် ရန်ကိုင်တွေးမိသွားရလေသည်။ နဂါးကလန်သည် ကျင့်ကြံဖို့ရာအတွက် အရင်းအမြစ်ကျောက်များကို မသုံးသည်မှာလည်း ဖြစ်နိုင်လောက်သည်။ တကယ်တော့ နဂါးများသည် နတ်သားရဲများ မဟုတ်ကြလေလော။ ရှင်းရှင်းပြောရလျှင် မွန်းစတားသားရဲများ ဖြစ်ကြလေသည်။ အရင်းအမြစ်ကျောက်များကိုသုံး၍ ကျင့်ကြံသည့် မွန်းစတားသားရဲများကို ရန်ကိုင် တစ်ခါမှ မမြင်ခဲ့ဖူးပေ။ မွန်းစတားမျိုးနွယ်စုဝင်များသည် မိုးမြေစွမ်းအင်ကို တိုက်ရိုက်စုပ်ယူ၍သာ ကျင့်ကြံကြသည်။ ထိုသို့မဟုတ်ပါက အဖိုးတန်ရတနာများ ဖြစ်ကြသည့် မွန်းစတားအမြုတေများကို စားသုံးခြင်း၊ ဆေးပင်များကို တိုက်ရိုက်စားသုံးခြင်းဖြင့် ကျင့်ကြံကြပေသည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ကျုချင်းမှာ ဒေါသူပုန်ထနေခဲ့လေသည်။ ရန်ကိုင်ကိုလည်း ‘နင်ငါ့ကို စော်ကားချင် စော်ကားလို့ရမယ်… ငါ့ရတနာတွေကိုတော့ လာမစော်ကားနဲ့’ ဟူသော မျက်နှာထားမျိုးဖြင့်လည်း ကြည့်နေလေ၏။

သို့သော်ငြား ရန်ကိုင်ဆီမှ အကူအညီတောင်းနေရသည့်လူမှာ သူမဖြစ်ကြောင်း ပြန်စဉ်းစားမိလိုက်သော် သူမ၏ဒေါသမှာ တစ်ဝက်လောက် ပြေလျော့သွားခဲ့ပြီး ဆက်၍ပြောလိုက်လေ၏။ “အဲ့ဒါတွေကို မကြိုက်ဘူးဆိုရင် ဒါရော…”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်ရှေ့၌ သူမလက်ကို ဆန့်ထုတ်ပြလိုက်လေ၏။ လက်ဆေးဇလုံအရွယ်အစားရှိသော အကြေးခွံတစ်ခုနှင့် ပုလင်းလေးတစ်လုံး သူမလက်ပေါ်တွင် ပေါ်လာခဲ့သည်။

“နဂါးအကြေးခွံလား…” ရန်ကိုင်၏မျက်လုံးများ ဝင်းပသွားခဲ့လေသည်။ ဤအကြေးခွံဆီမှ နဂါးချီစွမ်းအင်လှိုင်းတို့ ဖြာထွက်နေသည်ကို ရန်ကိုင် အတိုင်းသား ခံစားမိလေသည်။

ထို့နောက်တွင် ရန်ကိုင်သည် နဂါးအကြေးခွံနှင့် ကျောက်စိမ်းပုလင်းကို လှမ်းဆွဲယူ၍ နဂါးအကြေးခွံကို သေချာစစ်ဆေးကြည့်လေသည်။

ရန်ကိုင်သည် ဟုန်းလော့ကြယ်စီရင်စုကြီးတွင် နဂါးအကြေးခွံတစ်ခုကို ရရှိခဲ့ဖူးပေသည်။ ထို့နောက်တွင် ထိုအရာကို သန့်စင်ခဲ့ပြီး ထိုနဂါးအကြေးခွံမှာ လက်ရှိ ရန်ကိုင်၏ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်၏ စွမ်းအားကို သိသိသာသာ တိုးတက်လာစေခဲ့လေ၏။

ရန်ကိုင်သည်သာ နောက်ထပ်နဂါးအကြေးခွံတစ်ခုကို ထပ်မံသန့်စင်လိုက်မည်ဆိုပါက နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်၏ စွမ်းအားမှာ ကျိန်းသေကို တိုးတက်လာပေလိမ့်မည်။

ရန်ကိုင်သည် နဂါးအကြေးခွံကို ပွတ်သပ်စစ်ဆေးကြည့်လိုက်သော် ဤနဂါးအကြေးခွံဆီမှ ရင်းနှီးနေသည့် အရှိန်အဝါတစ်ရပ်ကို ခံစားမိလိုက်ရလေ၏။ ဤနဂါးအကြေးခွံသည် ကျုချင်း၏ နဂါးအကြေးခွံမှန်း ချက်ချင်း နားလည်သွားခဲ့လေသည်။ ဤနဂါးအကြေးခွံကို သူမချွတ်ထားသည်မှာ မကြာလောက်သေးပေ။ ထိုကဲ့သို့စဉ်းစားမိလိုက်သော် ရန်ကိုင်သည် ကျုချင်းအား တွေးတွေးဆဆဖြင့် လှမ်း၍ ကြည့်လိုက်လေ၏။

ကျုချင်းမျက်နှာမှာ လုံးဝကို နီမြန်းနေကြောင်း တွေ့လိုက်ရလေသည်။ ကျုချင်း ဘာကြောင့်များ ဤကဲ့သို့ အရှက်သည်းနေရသလဲဆိုသည်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။

တကယ့်တကယ်တော့ ရန်ကိုင်ထင်ထားသကဲ့သို့ပင် ဤနဂါးအကြေးခွံသည် ကျုချင်းချွတ်ထားသည်မှာ မကြာသေးသည့် နဂါးအကြေးခွံတစ်ခု ဖြစ်ပေသည်။ ဤသည်မှာ တစ်ချိန်က သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည့်အတွက်ကြောင့် ယခု ရန်ကိုင်မှ သူမ၏ နဂါးအကြေးခွံအား တယုတယဖြင့် ပွတ်သပ်နေသည်ကို မြင်သော် ရန်ကိုင်မှ သူမအား ပွတ်သပ်နေသလို ကျုချင်း ခံစားလိုက်ရလေသည်။ ထို့ကြောင့်ပင်လျှင် ရှက်ရွံ့နေရခြင်းဖြစ်လေ၏။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် ထိုကဲ့သို့ အချိန်အကြာကြီး လုပ်မနေခဲ့ပေ။ တစ်ခဏအကြာ၌ နဂါးအကြေးခွံကို ချထားလိုက်ပြီး ကျောက်စိမ်းပုလင်းအဖုံးကို ဖွင့်လိုက်လေသည်။

တိုးလျလျ နဂါးဟိန်းသံတစ်သံ ကျောက်စိမ်းပုလင်းဆီမှ ထွက်ပေါ်လာခဲ့ပြီး အဖုံးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းပုလင်းအတွင်းပိုင်းသည် အနီရောင်တောက်ပလာခဲ့လေသည်။

အထဲသို့ ငုံ့ကြည့်လိုက်လေရာ အထဲတွင် နဂါးပုံစံ အသွင်ယူထားသည့် သွေးတစ်စက်ရှိနေကြောင်း တွေ့လိုက်ရလေသည်။

“အစစ်အမှန်နဂါးတစ်ကောင်ရဲ့ သွေးလား…” ရန်ကိုင်သည် ကျောက်စိမ်းပုလင်းအဖုံးကို အမြန်ပြန်ပိတ်လိုက်လေ၏။

“အဲ့နှစ်ခုဆိုရင်ရော… နဂါးကျွန်းတံဆိပ်ပြားနဲ့ လဲချင်လား…” ကျုချင်းသည် ရန်ကိုင်အား မသက်မသာဖြင့် ကြည့်ရင်း မေးလိုက်သည်။

ရန်ကိုင်က တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ “ဒါတွေက တကယ်ကို အဖိုးတန်တဲ့ ပစ္စည်းတွေ… ဒါပေမယ့် နင့်အထင်မှာဆိုရင် ဒီပစ္စည်းနှစ်ခုက နဂါးကျွန်းတံဆိပ်ပြားတစ်ခုနဲ့ လဲဖို့ တန်လား…”

ကျုချင်းက နှုတ်ခမ်းကိုတွန့်ကွေးလျက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေ၏။ “တန်တော့မတန်ဘူးပေါ့…”

သူမသည် အမှန်တကယ်ကို ရိုးသားလွန်းလှပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူမအပေါ် ပို၍ အမြင်ကြည်လာရတော့လေသည်။ သို့သော်ငြား ဤသည်မှာ နဂါးကလန်၏ မွေးရာပါသဘာဝလား ဆိုသည်ကိုတော့ ရန်ကိုင်မပြောတတ်ချေ။ နဂါးကလန်သားများသည် သူတို့ကိုယ်သူတို့ အလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားသည့်အတွက်ကြောင့် အခြားသူများအပေါ် လိမ်ညာရမည်ကို အထင်သေးသည်မှာလည်း ဖြစ်နိုင်လောက်သည်။

“ဒါပေမယ့် နင်အရင်တုန်းက နဂါးမှော်ရတနာတွေကို သန့်စင်ခဲ့တယ်မလား… နင် အခု ဒီပစ္စည်းနှစ်ခုကိုသာ ထပ်ပြီး သန့်စင်လိုက်မယ်ဆိုရင် နင့်ရဲ့ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်က ပိုပြီး အားကောင်းလာမှာ…” ကျုချင်းသည် ရန်ကိုင်အား ထပ်မံ၍ စည်းရုံးလိုက်သည်။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။ “ငါနဲ့ စစချင်းတွေ့တုန်းက ငါ မသန့်စင်သင့်တဲ့အရာတွေကို သန့်စင်ထားတယ်လို့ နင်ပြောတယ်နော်… အဲ့တုန်းက နင်ပြောလိုက်တဲ့ပစ္စည်းတွေက နဂါးမှော်ရတနာတွေကို ပြောတာလား…”

ကျုချင်း မည်သူမည်ဝါဖြစ်မှန်း သိသွားသည့်နောက်မှသာလျှင် ရန်ကိုင်လည်း သူမဘာပြောချင်နေသလဲ ဆိုသည်ကို နားလည်သွားခဲ့ရသည်။

နဂါးမှော်ရတနာတစ်ခုချင်းစီတိုင်းသည် နဂါးတစ်ကောင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ ထို့အတွက်ကြောင့် နဂါးတစ်ကောင်ဖြစ်သော ကျုချင်းသည် လူသားတစ်ဦးမှ သူမတို့နဂါးတစ်ကောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား သန့်စင်ထားသည်ကိုမြင်သော် သူ့အား သတ်ဖြတ်ရန် ကြိုးစားလာခဲ့သည်မှာ အထူးအဆန်းတော့မဟုတ်ချေ။

သို့သော်ငြား သူမ၏ လုပ်ရပ်မှာ မအောင်မြင်ခဲ့ပဲ သူမသည်သာ ပြန်လည်၍ ဖိနှိပ်ခံခဲ့ရလေသည်။

“ငါ နဂါးမှော်ရတနာတွေကို သန့်စင်ထားပြီမှန်း နင်သိနေပြီဆိုမှတော့ ဒီနှစ်ခုကို ထပ်သန့်စင်လိုက်လို့ ငါ့ခွန်အား ဘယ်လောက်တိုးလာမယ်လို့ နင်ထင်လဲ…” ရန်ကိုင်သည် နဂါးအကြေးခွံနှင့် ကျောက်စိမ်းပုလင်းကို ကျုချင်းဆီသို့ ပြန်ပေးရင်းမှ ပြောလိုက်လေသည်။ ထို့နောက် နဂါးကျွန်းတံဆိပ်ပြားကို လက်ထဲတွင် ထုတ်ဆော့ကစားလျက် “ဒီဟာက တော်တော်လေး အဖိုးတန်တဲ့ဟာ… ဒီတော့ သိမ်းထားတာပဲပိုကောင်းတယ်…”

“ဒါပေမယ့်…” ကျုချင်း မျက်မှောင်ကျုံ့သွားခဲ့သည်။ “ငါတို့တွေက မိတ်ဆွေတွေမဟုတ်ဘူးလား…”

“မိတ်ဆွေကမိတ်ဆွေ… စီးပွားရေးကစီးပွားရေး… အဲ့နှစ်ခုက မတူဘူး…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ကဲ ကဲ ကဲ… ငါ အနားယူချင်လာပြီ… သွားပေတော့…”

ကျုချင်းကမူ ထွက်မသွားသေးဘဲ ရန်ကိုင်ကိုသာ သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေ၏။ “နင်မသွားရင် ငါ့ရဲ့ ရွှေနဂါးအမြုတေစွမ်းအားကို ထုတ်သုံးတော့မှာနော်… ယောက်ျားနဲ့ မိန်းမဆိုတာ တစ်ခန်းတည်းမှာ အတူရှိနေလို့ မရဘူး… နောက်တော့မှ တစ်ခုခုဖြစ်လာရင် ငါ့ကို လာအဆိုးမဆိုနဲ့… အဲ့အချိန်ကြရင်လည်း နင့်ကို မိတ်ဆွေတစ်ယောက်လို့ မဆက်ဆံဘူးလို့ ငါ့ကို လာမပြောနဲ့နော်…”

ကျုချင်း အံ့အားသင့်သွားခဲ့ပြီး တစ်ခဏမျှ မင်သက်နေပြီးသည့်နောက် ဒေါသတကြီးဖြင့် ခြေဆောင့်လျက် အခန်းထဲမှ ထွက်သွားလေ၏။

ဘိုးဘေးနဂါးအမြုတေစွမ်းအားသည် သူမ၏ခွန်အားကို ဖိနှိပ်နိုင်ပေသည်။ သူမ၏သွေးမျိုးဆက် ထပ်မံ၍ တိုးတက်လာမည်ဆိုလျှင်ပင် ထိုစွမ်းအားကို ခုခံနိုင်လိမ့်ဦးမည် မဟုတ်ချေ။ ရန်ကိုင်သည်သာ ဘိုးဘေးနဂါးအမြုတေစွမ်းအားကို အသက်သွင်းလိုက်ပါက သူမသည်သာ ဒုက္ခရောက်ရပေလိမ့်မည်။

ကျုချင်းအား မောင်းထုတ်လိုက်ပြီးသည့်နောက် ရန်ကိုင် ပြုံးဖြီးလိုက်လေသည်။

ဧကရာဇ်အဆင့် ပညာရှင်များ၏ သိုလှောင်လက်စွပ်များကို စစ်ဆေးကြည့်စဉ်က အဖိုးတန်ရတနာများစွာကို တွေ့ခဲ့ရသည်။ ယခုတစ်ကြိမ်တိုက်ပွဲကြောင့် ရန်ကိုင်သည် အခြားသောရတနာများကို ထည့်မတွက်လျှင်ပင် အဆင့်မြင့်အရင်းအမြစ်ကျောက်သက်သက်နှင့်ပင် သန်းရာနှင့်ချီမျှ ပိုင်ဆိုင်သွားခဲ့ရလေသည်။

အရေးကြီးဆုံးအချက်မှာ ထိုအရာမဟုတ်။ တကယ်အရေးကြီးသည်မှာ သူ ပိုမိုအားကောင်းလာရခြင်းပင်။ သို့သော်ငြား တန်ကျွင်းဟောင်ဆီမှ ရရှိခဲ့သည့် ရွှေသံချပ်စာအုပ်မှာလည်း အတော်လေးကိုမှ စိတ်ဝင်စားစရာကောင်းသည်ဟု ပြော၍ရသည်။ သူသာ ထိုအရာကို သန့်စင်နိုင်မည်ဆိုပါက သူ့တိုက်ပွဲစွမ်းရည်မှာ အကြီးအကျယ် တိုးတက်လာရပေလိမ့်မည်။

ရန်ကိုင်မှာ ရွှေသံချပ်စာအုပ်ကို ထုတ်ကြည့်၍ စစ်ဆေးကြည့်ချင်ပါသော်ငြား ထိုအရာကို မသန့်စင်ရသေးဘဲနှင့် စာအုပ်ကို မည်သို့မျှ ဖွင့်နိုင်လိမ့်မည်မဟုတ်ကြောင်း သိသွားခဲ့ရသည်။ ထို့အတွက်ကြောင့် စာအုပ်ပေါ်တွင်ရှိနေသော တန်ကျွင်းဟောင်၏ ဝိဉာဉ်အမှတ်အသားကို အရင်ဦးစွာ ဖျက်ဆီးပစ်၍ သူ၏ဧကရာဇ်ချီနှင့် စိတ်စွမ်းအင်ကို စာအုပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်သွင်းရင်း ဤဧကရာဇ်အဆင့် မှော်ရတနာကို စတင်၍ သန့်စင်တော့လေသည်။

ထိုအချိန်အတောအတွင်း ကျုချင်းမှာ သူမအခန်းဆီသို့ ပြန်ရောက်လာခဲ့လေ၏။ အခန်းထဲသို့ ရောက်သည်နှင့် နဂါးအဆောင်ကို ချက်ချင်းထုတ်လျက် အသက်သွင်းလိုက်လေသည်။ နဂါးအဆောင် အသက်ဝင်လာပြီးသည့်နောက် အိုမင်းသည့်အသံတစ်သံ ထွက်လာခဲ့လေ၏။ “ပြီးသွားပြီလား…”

ကျုချင်းက တလေးတစားဖြင့် ပြန်ပြောလိုက်လေ၏။ “မပြီးသေးပါဘူး…”

“မပြီးသေးရင် ဘာဖြစ်လို့ ငါ့ကို ခေါ်တာလဲ…”

ကျုချင်းက ပြန်ပြောလိုက်သည်။ “ချင်းအာ နောက်ဆုံးနဂါးကျွန်းတံဆိပ်ပြားကို ရှာတွေ့ပါပြီ…”

အိုမင်းသည့်လေသံက ပြန်ပြောလိုက်သည်။ “နင်က တော်တော်ကံကောင်းတာပဲ… ကျန်တဲ့လူလေးယောက်တောင် ရှာမတွေ့သေးဘူး… နင်က အစောကြီး ရှာတွေ့တယ်ဆိုတော့ နင် အခု အဲ့ဒါကို ရပြီလား…”

ကျုချင်းက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။ “မရသေးပါဘူး…”

အိုမင်းသည့်လေသံက ထပ်ပြောလိုက်သည်။ “မရသေးရင် မြန်မြန်ရအောင်လုပ်… အဲ့ဒါ အပြင်လူလက်ထဲ ရောက်သွားလို့မဖြစ်ဘူး… မြန်နိုင်သမျှ မြန်မြန် ပြန်ယူလာခဲ့… အကြမ်းနည်းသုံးပြီး ယူရမယ်ဆိုရင်တောင် ယူလာခဲ့… နင့်ခွန်အားနဲ့ ဒီလောကကြီးမှာ နင့်ပြိုင်ဘက်ဖြစ်နိုင်တဲ့လူ များများစားစားမရှိဘူး…”

ကျုချင်းက ပြန်ပြောလိုက်သည်။ “ချင်းအာလည်း အဲ့ဒါနဲ့ပတ်သက်ပြီး ပြဿနာတက်နေတာပါ… နဂါးကျွန်းတံဆိပ်ပြားကို ပိုင်ဆိုင်ထားတဲ့လူက အရင်တစ်ကြိမ် ချင်းအာပြောခဲ့တဲ့လူပဲ ဖြစ်နေလို့ပါ… ဒါကြောင့် အဲ့ဒါကို ပြန်ယူဖို့က နည်းနည်း အခက်တွေ့နေရပါတယ်…”

“နဂါးကျွန်းတံဆိပ်ပြားကလည်း အဲ့လူရဲ့ လက်ထဲမှာပဲ ရှိနေတာလား…” ယခုတစ်ကြိမ်တွင်တော့ နဂါးကလန်၏အကြီးအကဲ အံ့အားသင့်သွားရတော့လေသည်။ ဤသည်မှာ ကံကြမ္မာပေလော။

အခြားတစ်ယောက်သာဆိုပါက ကျုချင်းအနေဖြင့် အကြမ်းနည်းသုံး၍ လုယူလိုက်၍ ရပါသော်ငြား ကံမကောင်းစွာဖြင့် နဂါးကျွန်းတံဆိပ်ပြားကို ပိုင်ဆိုင်ထားသည့်လူမှာ ဘိုးဘေးနဂါးအမြုတေကို ပိုင်ဆိုင်ထားခဲ့လေသည်။ ထို့အတွက်ကြောင့် ကျုချင်းသည် ထိုလူထက် ပို၍ အားကောင်းနေမည်ဆိုလျှင်ပင် ထိုလူမှ ဘိုးဘေးနဂါးအမြုတေစွမ်းအားကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ကျုချင်းမှာ လုံးဝကို ဖိနှိပ်ခံရပေလိမ့်မည်။

“ချင်းအာ သူ့ကို နဂါးကျွန်းဆီ ဖိတ်ခေါ်လိုက်ပါသေးတယ်… ဒါပေမယ့် သူက မလာဘူးလို့ပြောတယ်… အခု ချင်းအာလည်း ဘာလုပ်လို့လုပ်ရမှန်း မသိတော့နဲ့ အကြီးအကဲကို ဆက်သွယ်လိုက်တာပါ…”

နဂါးအဆောင်မှာ အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ နောက်ဆုံးတွင် အိုမင်းနေသည့်အသံ ပြန်ထွက်လာခဲ့လေသည်။ “သူ အခုနောက်ပိုင်း သတိထားစရာဖြစ်လောက်တဲ့ အရာတွေ လုပ်ခဲ့သေးလား…”

“လုပ်ခဲ့ပါတယ်…”

“ငါ့ကို အသေးစိတ်ပြောပြစမ်း…”

ကျုချင်းလည်း ရန်ကိုင်နှင့် ဧကရာဇ်အဆင့်ပညာရှင်များကြားမှ တိုက်ပွဲအကြောင်းကို အကြီးအကဲအား အစီရင်ခံ တင်ပြလိုက်လေသည်။

သူမပြောလို့ပြီးသွားသည့်နောက်တွင် နဂါးအဆောင်ထဲမှ အသံပိုင်ရှင်က အံ့အားသင့်နေဟန်ဖြင့် “သူ တကယ် အဲ့လောက်တောင် အားကောင်းတာလား… ဧကရာဇ်ပထမအဆင့်လေးနဲ့ ဧကရာဇ်ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေကို သတ်ပစ်ဖို့လေ… အဲ့ထဲမှာ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်တောင် ပါနေသေးတယ်လေ…”

ကျုချင်းက ပြန်ပြောလိုက်သည်။ “တကယ်ပါ အကြီးအကဲ… တိုက်ပွဲကို ချင်းအာကိုယ်တိုင် မတွေ့လိုက်ရပေမယ့် အဲ့ဒါကတော့ တကယ်ကို အမှန်ပါပဲ…”

“အဲ့ဒါဆိုရင် ရှင်းပါတယ်…” ထို့နောက်တွင် နဂါးအဆောင်ထဲမှ အသံပိုင်ရှင်က ယုံကြည်ချက်အပြည့်ဖြင့် “ဒါကိုသာ သူ့ကို ပြောလိုက်…”

ကျုချင်းသည် သူမ၏အကြီးအကဲပြောနေသည်ကို သေသေချာချာ နားစိုက်ထောင်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေခဲ့လေသည်။

All Chapters