အခန်း (၂၇၀၉)
Vol. 116 Ch. 2709
သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့ပြီး ရွှေသံချပ်စာအုပ်အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ သူ့အနေဖြင့် ဤရွှေသံချပ်စာအုပ်ကို သန့်စင်နေသည်မှာ သုံးရက်ခန့်ရှိသွားပြီ ဖြစ်ပါသော်ငြား မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။ ရွှေသံချပ်စာအုပ်သည် သူ၏ဧကရာဇ်ချီနှင့် စိတ်စွမ်းအင် နှစ်ခုစလုံးအား အရှင်းမျှ စုပ်ယူခြင်းမရှိ။
ထိုတစ်ချက်နှင့်ပင် ဤရွှေသံချပ်စာအုပ်ကို သန့်စင်ဖို့ရာ အချိန်တိုအတွင်း ဖြစ်နိုင်လိမ့်မည်မဟုတ်မှန်း ရန်ကိုင်နားလည်သွားခဲ့ရသည်။
တန်ကျွင်းဟောင်အနေဖြင့် ဤရွှေသံချပ်စာအုပ်ကို စိတ်ရှိသလို အသုံးပြုနိုင်ရခြင်းမှာ သူ့အနေဖြင့် ဤမှော်ရတနာကို နှစ်ပေါင်းမြောက်မြားစွာကြာအောင် သန့်စင်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ပထမဦးဆုံးအကြိမ်ကြိုးစားမှု မအောင်မြင်သည့်အတွက်ကြောင့် ရန်ကိုင် စိတ်ဓာတ်ကျသွားခြင်းမရှိပေ။ ထို့အစား အနည်းငယ်ပင် ဝမ်းသာမိသွားခဲ့သည်။ အကြောင်းမှာ သူ့အနေဖြင့် ဤရွှေသံချပ်စာအုပ်ကို ပို၍ ခက်ခက်ခဲခဲ သန့်စင်ရလေ ရွှေသံချပ်စာအုပ်၏အစွမ်းမှာ ပို၍ ထူးခြားလေဟု ပြောနိုင်သည့် အတွက်ကြောင့်ပင်။ သူ့အနေဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းကို သန့်စင်ရန်အတွက်ပင် အချိန်တစ်နှစ်ခန့် ယူခဲ့ရသည်မဟုတ်ပေလော။
ရွှေသံချပ်စာအုပ်ကို သန့်စင်ရာတွင် မည်သည့်တိုးတက်မှုမှ မရှိခဲ့ပါသော်ငြား ရန်ကိုင်၏ဒဏ်ရာများမှာတော့ ထိုသုံးရက်အတောအတွင်း လုံးဝ ပျောက်ကင်းသွားခဲ့လေသည်။ ယခုဆိုလျှင် သူ၏ ဧကရာဇ်ချီသည် ယခင်ကထက်ပို၍ အားကောင်းသန့်စင်လာရုံမက သူ့စိတ်စွမ်းအင်သည်လည်း အရည်အသွေးပိုင်း၌ တိုးတက်လာခဲ့ရသည်။ ထို့အတွက်ကြောင့် နောက်နောင်တွင် ရန်ကိုင်အဖို့ ဧကရာဇ်ဒုတိယအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် ပို၍ လွယ်ကူသွားလေပြီ။
ရွှေသံချပ်စာအုပ်ကို ပြန်သိမ်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အခန်းအပြင်ဘက်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်၍ အခြားလူများကို ဆက်သွယ်လိုက်လေသည်။ ထို့နောက် အခန်းထဲတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်လေ၏။
တစ်ခဏအကြာ၌ ဟွာချင်းစီ၊ ချီယွဲ့၊ အိုင်းအောင်၊ ကွေ့ဇူနှင့် ကုချန်းယွင်တို့ အခန်းထဲသို့ ဝင်လာကြလေသည်။ ထို့နောက်တွင် ယင်ဖေးနှင့် ကျုချင်းတို့ပါ လိုက်လာကြလေ၏။
“စီနီယာတို့… တန်ကျွင်းဟောင်က သေသွားပြီဆိုပေမယ့် သူ့ရဲ့နှလုံးချုပ်အင်းစက်တွေက ခင်ဗျားတို့ခန္ဓာကိုယ်တွေထဲမှာ ရှိနေသေးတုန်းပဲ… ဒီတော့ ကျုပ် အခု အဲ့အင်းစက်တွေကို ဖယ်ပေးမှာမို့ ကျေးဇူးပြုပြီး ကျုပ်နဲ့ ပူးပေါင်းပေးကြပါလို့…” ရန်ကိုင်က လူအုပ်ကြီးကိုကြည့်၍ အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။
ချီယွဲ့က ဝမ်းသာအားရဖြင့် “ရန်ကောင်လေး… နင် အဲ့အင်းစက်တွေကို ထုတ်ပေးနိုင်တာလား…”
“ကြိုးစားကြည့်ပေးမယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ပုံမှန်အားဖြင့် နှလုံးချုပ်အင်းစက်များကို ထည့်သွင်းပေးခဲ့သည့်လူသည်သာ ထိုနှလုံးချုပ်အင်းစက်များကို ပြန်ထုတ်ပေးနိုင်ပေသည်။ ရန်ကိုင်ကိုယ်တိုင်သည် ရှေးဟောင်းအင်းစက်များကို ထိန်းချုပ်ရာတွင် မကျွမ်းကျင်သလို နှလုံးချုပ်အင်းစက်များကို မည်ကဲ့သို့ ပြုစုပျိုးထောင်ရသလဲ ဆိုသည်ကိုပင် မသိပါသော်ငြား သူ့တွင် အင်းစက်ချုပ်နှောင်လက်ကောက် ရှိနေခဲ့လေသည်။
ထိုဧကရာဇ်အဆင့်မှော်ရတနာသည် အင်းစက်ဧကရာဇ်ချန်ရစ်ခဲ့သည့် မှော်ရတနာတစ်ခုဖြစ်ကာ တိုက်ပွဲတွင် သုံး၍ မရပါသော်ငြား အင်းစက်များကို ကိုင်တွယ်ရာတွင်တော့ အလွန်ကိုမှ အသုံးဝင်ပေသည်။ အင်းစက်စာရင်းတွင် မှတ်တမ်းတင်ထားသည့် အင်းစက်အားလုံးကို အင်းစက်လက်ကောက်ဖြင့် ထိန်းချုပ်နိုင်ပေသည်။
ကံကောင်းစွာဖြင့် နှလုံးချုပ်အင်းစက်သည် မြေကမ္ဘာအဆင့်၏ ထိပ်ဆုံးပိုင်းနားလေးတွင်သာ ရှိနေခဲ့သည်။
ကောင်းကင်အဆင့်စာရင်းဝင်ဖြစ်သော ဝိဉာဉ်ဝါးမျိုခြင်းအင်းစက်များကိုပင်လျှင် အင်းစက်လက်ကောက်ဖြင့် ထိန်းချုပ်နိုင်လေရာ မြေကမ္ဘာအဆင့်တွင်ရှိနေသော နှလုံးချုပ်အင်းစက်များကို ဘာကြောင့်များ မထိန်းချုပ်နိုင်စရာအကြောင်း ရှိမည်နည်း။
“အဲ့လိုဆိုမှတော့လည်း ဘာတွေစောင့်နေဦးမှာလဲ… ငါအရင်လာပြီ…” ထိုသို့ပြောပြီးသည့်နောက်တွင် ကုချန်းယွင်သည် ဖျတ်ခနဲ ရန်ကိုင်ရှေ့၌ လာထိုင်လေသည်။
အိုင်းအောင်က ကုချန်းယွင်၏ အင်္ကျီလည်တိုင်ကို ဆွဲကိုင်လျက် ဘေးသို့ ဖယ်ထုတ်လိုက်ရင်းမှ အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “ဒုတိယညီလေး… မင်းဘယ်လိုလုပ်ပြီး ငါ့ရှေ့ကနေ ကြိုသွားရဲရတာလဲ… စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ဘူးလား…”
ကွေ့ဇူက ပါးစပ် နားရွက်တတ်ချိတ်လုမတတ် ပြုံးဖြီးရင်းမှ “ကြီးစဉ်ငယ်လိုက်ဆိုရင်တော့ ငါပဲ အရင်သွားရမှာပေါ့… အကုန်လုံး ဘေးဖယ်နေ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ကွေ့ဇူသည် အိုင်းအောင်နှင့် ကုချန်းယွင်တို့ကို တွန်းထုတ်လိုက်ပြီးသည့်နောက် ရန်ကိုင်ရှေ့၌ ထိုင်ချလိုက်လေ၏။
ရန်ကိုင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ သို့သော်ငြား တစ်ချက်မျှ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ထိုသုံးယောက် ဘာကြောင့် ပြိုင်ဆိုင်နေကြမှန်း နားလည်သွားတော့သည်။
ရန်ကိုင်သည် ကြိုးစားပေးမည်ဟုသာ ပြောခဲ့ပြီး အမှန်တကယ်အောင်မြင်လိမ့်မည်ဟု မပြောခဲ့ပေ။ ထို့အတွက်ကြောင့် သူသာ မအောင်မြင်ခဲ့ပါက ပထမဆုံးစမ်းသပ်ခံရသည့်လူသည် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပေသည်။
ထို့အတွက်ကြောင့် တစ်ယောက်ကိုတစ်ယောက် ဒုက္ခမရောက်စေချင်သည့်အတွက် ထိုသုံးယောက်မှာ တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေကြခြင်း ဖြစ်လေသည်။
ချီယွဲ့သည် ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်၍ “ရန်ကောင်လေး… သတိထားဦးနော်… ပထမအစ်ကိုက တော်တော်အသက်ကြီးနေပြီ… သူ့ခန္ဓာကိုယ်က အထိအခိုက် သိပ်ခံနိုင်တော့တာမဟုတ်ဘူး…”
ကွေ့ဇူက မပျော်မရွှင်ဖြင့် “အပိုတွေ… ငါ အခုမှ ငယ်ငယ်လေးပဲရှိသေးတယ်… ဂိုဏ်းချုပ်… စိတ်မပူနဲ့… လုပ်သာလုပ်…”
ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ ရယ်မောလျက် ပြန်၍ပြောလိုက်လေသည်။ “စိတ်မပူကြနဲ့… ဒီနှလုံးချုပ်အင်းစက်လောက်လေးပဲကို… ဘာမလုပ်နိုင်စရာအကြောင်း ရှိရမှာလဲ… မသေချာဘူးဆိုရင်တောင် ကျုပ်တို့မှာ စမ်းသပ်လို့ရတဲ့လူ အယောက်နှစ်ဆယ်ကျော်ရှိသေးတယ်… ဒီတော့ သူတို့ဆီမှာ သွားပြီး စမ်းသပ်လို့ရတယ်…”
တောင်နဲ့မြစ်ခေါင်းလောင်းသည် ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ဆယ်ကျော်ကို ဖုံးအုပ်ထားခဲ့သည်။ ရန်ကိုင်မှာ ထိုလူများကို ပြန်လွှတ်မပေးနိုင်သေးခြင်းမဟုတ်။ ထိုအစား ထိုလူအယောက်နှစ်ဆယ်နှင့် ပတ်သက်၍ သူ့တွင် အခြားသော အကြံအစည်များ ရှိနေသေးသည့်အတွက်ကြောင့် ချက်ချင်း မလွှတ်ပေးသေးခြင်းသာ ဖြစ်လေသည်။
ရန်ကိုင်ပြောပြသည်ကို ကြားပြီးသည့်နောက် အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ကြလေ၏။
“အကြီးအကဲ… စိတ်အေးအေးထား…” ရန်ကိုင်သည် သူ့ရှေ့တွင်ရှိနေသော ကွေ့ဇူကိုကြည့်ရင်းမှ ပြောလိုက်သည်။
ကွေ့ဇူသည် ခေါင်းညိတ်၍ မျက်လုံးပိတ်လိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် အင်းစက်လက်ကောက်ကို ထုတ်ယူကာ ထိုလက်ကောက်ထဲသို့ ဧကရာဇ်ချီထည့်သွင်း၍ အသက်သွင်းလိုက်လေ၏။ ဧကရာဇ်ချီဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အင်းစက်လက်ကောက်ဆီမှ သိမ်မွေ့သည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် ထိုစွမ်းအားကို သူ့လက်ညှိုးဖြင့် ဆွဲယူလျက် သူ့လက်ညှိးတစ်ဝိုက်တွင် ရစ်သိုင်းစေလိုက်ကာ သူ့လက်ညှိုးကို ကွေ့ဇူခန္ဓာကိုယ်ပေါ် ထိလိုက်လေ၏။ ထို့နောက်တွင် ဧကရာဇ်ချီနှင့်တကွ ကောင်းကင်စိတ်အာရုံကိုပါ အသက်သွင်း၍ ရန်ကိုင်သည် ထိုစွမ်းအားကို ကွေ့ဇူ၏ခန္ဓာကိုယ်ထဲသို့ သေသေချာချာ ပို့လွှတ်လိုက်လေသည်။
ကွေ့ဇူမှာ တစ်ချက်ငြီးလိုက်ပါသော်ငြား ဘာမှတော့ ထပ်ဖြစ်မသွားခဲ့။
ရန်ကိုင်နှင့် ကွေ့ဇူ၏ ကျင့်ကြံခြင်းမှာ အတော်လေး ကွာခြားနေသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အင်းစက်လက်ကောက်၏စွမ်းအားကို ကွေ့ဇူ၏ကိုယ်ထဲသို့ အသာအယာ ပို့လွှတ်ပေးနိုင်လေသည်။ သူတို့နှစ်ဦးသာ ကျင့်ကြံခြင်းအဆင့် တူနေမည်ဆိုပါက ရန်ကိုင်အနေဖြင့် ထိုစွမ်းအားကို ကွေ့ဇူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးဖို့ရာ လွယ်လိမ့်မည်မဟုတ်ချေ။
တစ်ခဏအကြာ၌ ရန်ကိုင်၏ သိမ်မွေ့သည့် ထိန်းချုပ်မှုအောက်တွင် ထိုစွမ်းအားသည် ကွေ့ဇူ၏ရင်ဘတ်နေရာဆီသို့ ရောက်ရှိသွားခဲ့ပြီး နှလုံးချုပ်အင်းစက် ပုန်းအောင်းနေသည့်နေရာအား ရှာတွေ့သွားခဲ့လေသည်။
ထိုစွမ်းအားရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် နှလုံးချုပ်အင်းစက်မှာ ဂနာမငြိမ်ဖြစ်ကာ စတင်၍ ထွက်ပြေးရန် ကြိုးစားတော့သည်။ ရန်ကိုင်သည် ကွေ့ဇူ၏ ရင်ဘတ်နေရာတစ်ဝိုက်အား လက်ညှိုးဖြင့် အဆက်မပြတ် တောက်၍ နှလုံးချုပ်အင်းစက် ထွက်ပြေးမည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ပစ်လိုက်လေသည်။
အင်းစက်လက်ကောက်၏ အရှိန်အဝါသည် အင်းစက်များအပေါ် အကြီးအကျယ် ဖိနှိပ်နိုင်ပေသည်။ ထိုစွမ်းအား၏ ဖိနှိပ်ခြင်း ခံလိုက်ရပြီဆိုသည်နှင့် မည်သည့်အင်းစက်မှာ ထွက်မပြေးနိုင်ကြတော့ပေ။
ရန်ကိုင်သည် သူ့လက်ညှိုးကို ကွေ့ဇူ၏ ရင်ဘတ်နေရာမှတစ်ဆင့် လည်ချောင်းဆီသို့ ဖြည်းဖြည်းချင်း မ တင်လျက် နောက်တစ်ကြိမ် ထပ်တောက်လေ၏။
ကွေ့ဇူ၏မျက်လုံးများ ပြူးကျယ်လာခဲ့ပြီး သွေးတစ်ပွက်ကို ထိုးအန်ချလေသည်။
ရန်ကိုင်သည် ထိုအခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့လေ၏။ ကွေ့ဇူမှာ သွေးအန်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့လက်ကို ဝှေ့ယမ်းလျက် ကွေ့ဇူအန်ထုတ်လိုက်သည့်သွေးကို ကျုချင်းရှိနေရာဘက်ဆီသို့ ဆွဲပစ်ထည့်လိုက်ပြီးသည့်နောက် အော်ပြောလိုက်လေ၏။ “သခင်မလေးချင်း… ကျေးဇူးပြုပြီး…”
ကျုချင်းမှာ ယခုကိစ္စနှင့်ပတ်သက်၍ ကြိုသိမထားရပါသော်ငြား သူမ၏တုံ့ပြန်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်လှပေသည်။ ချက်ချင်းပဲ ပါးစပ်ကိုဟ၍ မီးတောက်တစ်ခုကို မှုတ်ထုတ်ကာ သူမဆီသို့ တိုးဝင်လာနေသည့် သွေးပွက်ကို တမုဟုတ်ချည်း ပြာချပစ်လိုက်လေ၏။ ထိုသို့ဖြင့် နှလုံးချုပ်အင်းစက်မှာလည်း တစ်ခါတည်း ပြာပုံဘဝသို့ ရောက်ရှိသွားခဲ့ရလေသည်။
ထိုသို့လုပ်ပြီးသည့်နောက်တွင် ကျုချင်းသည် ရန်ကိုင်အား မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်လေသည်။ ယမန်နေ့က သူမ၏သွေးစက်ကို မြင်ပြီးသည့်နောက် သူမသည် မီးနဂါးတစ်ကောင်ဖြစ်ကြောင်းကို ရန်ကိုင်မှ သိသွားလောက်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ထိုအင်းစက်များကို ရှင်းပစ်ရန်အတွက် သူမဆီသို့ ပို့လိုက်ခြင်း ဖြစ်လေ၏။
သူ့ကိုယ်ထဲမှအင်းစက် ထွက်သွားပြီမှန်း သိလိုက်သည့်နောက် ကွေ့ဇူ သက်ပြင်းအမောကြီး ချလိုက်လေသည်။ ယခုဆိုလျှင် သူ့ခန္ဓာကိုယ်မှာ ယခင်ကနှင့်မတူ အနည်းငယ်ပို၍ လွတ်လပ်ပေါ့ပါး လန်းဆန်းသွားသလို ခံစားလိုက်ရလေ၏။
“ငါးယောက်မြောက်ညီမလေး… နင့်အလှည့်…” အိုင်းအောင်က ချီယွဲ့ကိုကြည့်၍ ပြောလိုက်သည်။
ယခု ရန်ကိုင်မှ အင်းစက်များကို ထုတ်ပေးနိုင်သည်မှာ သေချာသွားကြသည့်အတွက်ကြောင့် သူတို့အနေဖြင့် ဘာမှ စိတ်ပူနေစရာ မလိုတော့ပေ။ မည်သူအရင်သွားသွား ကိစ္စမရှိတော့။
မည်သို့ပင်ဖြစ်နေစေကာမူ ချီယွဲ့က ရှက်သွေးဖြာလျက် ပြန်ပြောလိုက်လေသည်။ “ရှင်တို့ပဲအရင်သွားနှင့်… စီနီယာဟွာနဲ့ ကျွန်မ နောက်ဆုံးမှသွားမယ်…”
အိုင်းအောင် ကြောင်သွားခဲ့လေသည်။ သို့သော်ငြား မကြာမီတွင် ချီယွဲ့ပြောချင်နေသည့်အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး ဘာမှပြန်ပြောမနေတော့ဘဲ ကုချန်းယွင်ကို ရန်ကိုင်ရှေ့သို့ တွန်းပို့လိုက်၏။
တစ်ကြိမ်လုပ်ဖူးပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဒုတိယအကြိမ်သည် ရန်ကိုင်အတွက် ပို၍ လွယ်ကူလာခဲ့ရလေသည်။
အချိန်တစ်ခဏလေးအတွင်း ကုချန်းယွင်နှင့် အိုင်းအောင်းတို့၏ ကိုယ်ထဲတွင် ရှိနေသော နှလုံးချုပ်အင်းစက်များကို ဖယ်ထုတ်ပေးနိုင်ခဲ့လေသည်။
“ငါတို့ အပြင်မှာစောင့်နေမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် အိုင်းအောင်သည် အခြားသူများနှင့်အတူ အပြင်သို့ ထွက်သွားလေ၏။ အကုန်လုံးမှာ အကြောင်းအရင်းကို နားလည်ထားကြလေရာ အလျင်အမြန် ထွက်သွားကြလေသည်။ ကျုချင်းပင်လျှင် ယင်ဖေးမှ အချက်ပြနေသဖြင့် နာနာခံခံနှင့် ထွက်သွားလေ၏။
ယခု ဟွာချင်းစီနှင့် ချီယွဲ့တို့သည်သာ အခန်းထဲ၌ ကျန်ရစ်ကြတော့လေသည်။
“ငါ အရင်သွားမယ်…” ဟွာချင်းစီက ပြုံးလျက် ရန်ကိုင်ရှေ့တွင် တင်ပလင်ခွေထိုင်ချလိုက်လေသည်။
“မျက်လုံးမှိတ်ထားလိုက်…” ရန်ကိုင်က ပြောလိုက်သည်။
ဟွာချင်းစီသည် ရန်ကိုင်အား မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် မျက်လုံးကို ဖြည်းဖြည်းချင်း ပိတ်လိုက်လေသည်။
အကုန်လုံးမှာ ရန်ကိုင်မှ နှလုံးချုပ်အင်းစက်များအား မည်ကဲ့သို့ ဖယ်ထုတ်ခဲ့သလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြရသည်။ ရန်ကိုင်သည် ခန္ဓာကိုယ်ပေါ် သူ့လက်ချောင်းဖြင့် ထိရလေ၏။ အထူးသဖြင့် သူထိရသည့်နေရာမှာ အမျိုးသမီးများအတွက် အထိခံဖို့ရာ မလွယ်ကူသည့် ရင်ဘတ်နေရာ ဖြစ်နေခဲ့လေသည်။ ယောက်ျားသားများအတွက်တော့ ကိစ္စမရှိပါသော်ငြား အမျိုးသမီးနှစ်ဦးဖြစ်သည့် ဟွာချင်းစီနှင့် ချီယွဲ့တို့မှာတော့ သူမတို့၏ကိုယ်ထဲမှ နှလုံးချုပ်အင်းစက်များကို ရန်ကိုင်မှ ဖယ်ထုတ်နေသည်ကို အခြားသူများမြင်သွားမည်ကို သိပ်၍ ဆန္ဒမရှိကြပေ။ ထို့အတွက်ကြောင့် အိုင်းအောင်နှင့်ကျန်သူများမှာ အလိုက်တသိဖြင့် ထွက်သွားပေးကြခြင်း ဖြစ်လေသည်။
သို့သော်ငြား ဤနည်းလမ်းမှအပ အခြားနည်းလမ်းလည်း မရှိချေ။ နှလုံးချုပ်အင်းစက်များသည် နာမည်အတိုင်း နှလုံးကို အထူးတလည် ပစ်မှတ်ထားကာ တိုက်ခိုက်ကြသည့် အင်းစက်များ ဖြစ်သလို နှလုံးနေရာတွင်လည်း ပုန်းအောင်းနေလေ့ ရှိကြပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ဤနည်းလမ်းမှအပ အခြားနည်းလမ်းကို မစဉ်းစားတတ်တော့။
ရန်ကိုင်သည် အိုင်းအောင်၊ ကွေ့ဇူတို့၏ ခန္ဓာကိုယ်ထဲမှ နှလုံးချုပ်အင်းစက်များကို ထုတ်ပေးခဲ့သည့် နည်းလမ်းအတိုင်း ပြန်လုပ်လိုက်လေသည်။ မကြာမီတွင် ဟွာချင်းစီသည် သွေးတစ်ပွက်ကို ထိုးအန်လေသည်။
ရန်ကိုင်သည် ဟွာချင်းစီမှ သွေးတစ်ပွက် ထိုးအန်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ ထိုသွေးစက်ကို ပြာချပစ်ရန် ကြိုးစားကြသည်။ ရန်ကိုင်အဖို့ ထိုသွေးစက်ကို ပြာချရန်အတွက် ကျုချင်းထက်ပို၍ ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။
ဟွာချင်းစီသည် ခါးကိုမတ်၍ ရန်ကိုင်အား ပြုံးကာ တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် အခန်းတံခါးကိုဖွင့်ကာ ထွက်သွားလေ၏။
ရှောင်လွှဲ၍ ရလိမ့်မည်မဟုတ်မှန်း သိလိုက်ပြီးသည့်နောက်တွင် ချီယွဲ့သည် သက်ပြင်းတစ်ချက်ချ၍ ရန်ကိုင်ရှေ့၌ တင်ပလင်ခွေထိုင်ချကာ သတိပေးလိုက်လေသည်။ “ရန်ကောင်လေး… မဟုတ်တရုတ်တွေ လာမတွေးနဲ့နော်…”
ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီးတွေးရမှာလဲ စီနီယာရဲ့… အပိုတွေမပြောစမ်းပါနဲ့လား… မထိပဲနဲ့ လုပ်လို့ရတယ်ဆိုပေမယ့် အဲ့နည်းလမ်းကို နည်းနည်းအန္တရာယ်များလို့ ဒီနည်းလမ်းနဲ့ပဲ လုပ်နေရတာ…”
ချီယွဲ့က ပြန်ပြောလေသည်။ “ငါသိတယ်… လုပ်စရာရှိတာသာလုပ်…”
ပြောပြီးသည့်နောက်တွင် သူမ၏ကံကြမ္မာကို လက်ခံလိုက်သည့်အလား သူမ၏မျက်လုံးများကို ပိတ်ချလိုက်လေသည်။ သို့သော်ငြား စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များကိုတော့ သူမ၏မျက်နှာထက် အထင်းသား မြင်တွေ့နေရလေ၏။
ရန်ကိုင်ရှေ့တွင်ရှိနေသည့်လူမှာ သူ၏ ယောက္ခမကြီးဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အခြားသူများနည်းတူ လုပ်ဖို့ရာ ရှက်နေခဲ့သဖြင့် ဘယ်ကနေ စလို့စရမှန်းမသိ ဖြစ်နေလေ၏။ သို့သော်ငြား အဆုံးတွင်မူ ရွေးစရာမရှိတော့သည့်အတွက်ကြောင့် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရုံသာ ဆုံးဖြတ်လိုက်လေသည်။
ရန်ကိုင်၏လက်ချောင်းမှ ချီယွဲ့၏ခန္ဓာကိုယ်အား ပွတ်တိုက်သွားစဉ် ချီယွဲ့၏ခန္ဓာကိုယ် တုန်တက်သွားသည်ကို ရန်ကိုင် သေသေချာချာ ခံစားမိလိုက်ရလေသည်။ သူမ၏ပါးပြင်နှစ်ဖက်မှာ မီးတောက်နေသည့်အလား ရဲတက်လာခဲ့လေ၏။ ရန်ကိုင်၏လက်ချောင်း သူမ၏ရင်ဘတ်နေရာအား ဖြတ်သွားသည့်အခါ သူမ၏မျက်နှာမှာ ပို၍ပင် နီမြန်းလာခဲ့လေသည်။ သူမတစ်ကိုယ်လုံးမှာလည်း တောင့်တောင့်ကြီးဖြစ်လာပြီး ရန်ကိုင်၏ လာရောက်ထိတွေ့မှုကို အလိုလို ခုခံရန်ပင် ကြိုးစားလာခဲ့လေ၏။
ရန်ကိုင်၏ခွန်အားသည်သာ သူမထက် အများကြီး ပိုမြင့်မနေပါက ရန်ကိုင် ထိန်းချုပ်နေသည့် စွမ်းအားသည် ချီယွဲ့၏ တမုဟုတ်ချည်း ဖိနှိပ်ခြင်း ခံလိုက်ရပေလိမ့်မည်။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာနိုင်လေ၏။
ခက်ခက်ခဲခဲ ကြိုးစားပြီးသည့်နောက်တွင် ချီယွဲ့၏ခန္ဓာကိုယ်ထဲမှ အင်းစက်ကို အဆုံး၌ ဖယ်ထုတ်နိုင်ခဲ့လေ၏။
ချီယွဲ့မှာ အလျင်အမြန်ကုန်းထ၍ အခန်းထဲမှထွက်သွားရန် ပြင်လိုက်လေသည်။ သို့သော်ငြား တံခါးနားသို့ရောက်သော် ရန်ကိုင်ဘက်သို့လှည့်၍ အလေးအနက်အမူအယာဖြင့် သတိပေးလိုက်လေသည်။ “ဒီအကြောင်းကို ချင်းလော့ကို လုံးဝ သွားမပြောနဲ့နော်…”
“အင်း အင်း အင်း…” ရန်ကိုင်က အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သည်။ “သေတာတောင် မပြောဘူး…”
သို့သော်ငြား မကြာမီတွင် အသိပြန်ဝင်လာခဲ့ပြီး သူ့ဘာသာသူ တွေးလိုက်လေ၏။ (ငါ အင်းစက်ကိုပဲ ဖယ်ပေးလိုက်တာလေ… အခြား ဘာမှလုပ်ခဲ့တာမှမဟုတ်တာ… ဘာဖြစ်လို့ ဒီလောက်တောင် လူသိမခံချင် ဖြစ်နေရတာလဲ…)
ရန်ကိုင်မှာ ထိုအကြောင်းကို ငုတ်တုတ်ကြီးထိုင်လျက် အချိန်အတော်ကြာအောင် ထိုင်စဉ်းစားခဲ့သည်။ သို့သော်ငြား အဆုံးတွင်မူ ခေါင်းတခါခါလုပ်ရင်းဖြင့်သာ မတ်တပ်ရပ်လိုက်လေ၏။
ယခု လုပ်စရာရှိသည့် အရေးကြီးကိစ္စများကို ဖြေရှင်းပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်းအောက်တွင် ပိတ်ထားသော ဧကရာဇ်အဆင့် ပညာရှင်များကို သွားကြည့်ရပေလိမ့်မည်။ သူ့အနေဖြင့် ထိုလူများကို တောင်နဲ့မြစ်ခေါင်းလောင်းအောက်တွင် တစ်သက်လုံး ပိတ်ထား၍ မဖြစ်နိုင်ပေ။
ထိုသို့ဖြင့် ရန်ကိုင်သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တိုက်ပွဲဖြစ်ခဲ့သည့် နေရာဆီသို့ ပြန်ရောက်လာခဲ့လေ၏။
ဤနေရာတွင် မည်သူမျှ ရှိမနေခဲ့။ သို့သော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြားပြားဝပ်အောင် ဖျက်ဆီးထားခံရလေရာ ထီးထီးမားမားကြီး ရှိနေသည့်အရာဆို၍ ခေါင်းလောင်းကြီးတစ်လုံးသာ ရှိတော့လေသည်။
ရန်ကိုင်သည် အတွေးတစ်ချက်နှင့် တောင်နဲ့မြစ်ခေါင်းလောင်းကို သူ့ဆီသို့ ဆင့်ခေါ်လိုက်လေ၏။ တောင်နဲ့မြစ်ခေါင်းလောင်းသည် ဧရာမအိမ်ကြီးတစ်လုံး၏ အရွယ်အစားမှ တဖြည်းဖြည်း ကျုံ့ဝင်လာခဲ့ရာ မကြာမီ ရန်ကိုင်၏ လက်တစ်ဝါးအရွယ်အစားလောက်သာ ရှိတော့လေသည်။
တောင်နဲ့မြစ်ခေါင်းလောင်း မရှိတော့သည်နှင့်တစ်ပြိုင်နက် အထဲတွင် ပိတ်မိနေကြသော ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ဆယ်ကျော် စိုးရိမ်တကြီးဖြင့် ထွက်လာကြလေ၏။
သူတို့ထဲမှ အချို့ဆိုလျှင် သိပ်၍ အဆင်မပြေကြသည့်ပုံပင်။ သူတို့၏အရှိန်အဝါများအရ ထိုလူများ ထိခိုက်ထားသည်မှာ သိသာလှသည်။ ထို့ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်း မရှိတော့သည်နှင့် တစ်ပြိုင်နက် ထိုလူအားလုံးသည် ချက်ချင်း တင်ပလင်ခွေထိုင်ချ၍ သူတို့၏ဒဏ်ရာများကို စတင်ကုသကြတော့လေသည်။
ရန်ကိုင်သည် ဒဏ်ရာရထားသော ဧကရာဇ်အဆင့်ပညာရှင်များကို ကြည့်၍ မေးလိုက်လေသည်။ “ဘာတွေဖြစ်သွားတာလဲ…”
ထိုလူများကို တောင်နဲ့မြစ်ခေါင်းလောင်းဖြင့် အုပ်ထားပေးလိုက်စဉ်က ထိုလူအားလုံး အကောင်းအတိုင်း ရှိနေသေးမှန်း ရန်ကိုင် သေချာမြင်ရခဲ့ပေသည်။ သို့သော်ငြား ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက် ထိုလူများ ဘာကြောင့်များ ရုတ်တရက်ကြီး ဒဏ်ရာရကုန်ကြရလေသနည်း။ တောင်နဲ့မြစ်ခေါင်းလောင်းအတွင်း အချင်းချင်းများ ခိုက်ရန်ဖြစ်၍ တိုက်ခိုက်ခဲ့ကြလေသလော။