အခန်း (၂၇၁၀)
Vol. 116 Ch. 2710
“သခင်လေးရန်…”
“စီနီယာရန်…” ဧကရာဇ်ပညာရှင်များမှာ နေ့အလင်းရောင်ကို ပြန်မြင်လိုက်ရသည့်အတွက်ကြောင့် အံ့လည်း အံ့အားသင့်မိသွားကြသလို ဝမ်းလည်း ဝမ်းသာမိသွားကုန်ကြလေသည်။ လှည့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်ကိုမြင်လိုက်သည့်အခါ ထိုလူများမှာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြသည်။ ရန်ကိုင် သူတို့ထက် မည်မျှ အသက်ငယ်သလဲဆိုသည်ကို မသိသလို ရန်ကိုင်၏ကျင့်ကြံခြင်းမှာလည်း သူတို့ထက် ပိုမြင့်မားခြင်း မရှိပါသော်ငြား လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရန်ကိုင်ထုတ်ပြသွားသည့်ခွန်အားကြောင့် မည်သူမျှ သူ့အား မလေးမစား မလုပ်ရဲကြပေ။
ရှရှန်း၏ မိတ်ဆွေဟု ခေါ်သည့် အမျိုးသမီးက ရန်ကိုင်ဆီသို့ ပျံသန်းလာလျက် နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ သခင်လေးရန်… ကျွန်မနာမည်က ဟွာယုလုပါ…”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ “သူတို့ ဘယ်လိုလုပ်ပြီး ဒဏ်ရာရကုန်ကြတာလဲ…”
ဟွာယုလုက ရယ်သွမ်းသွေးလျက် တိုးတိုးလေးပြောလိုက်လေ၏။ “အဲ့လူအချို့က နည်းနည်းစိုးရိမ်ပြီးတော့ ခေါင်းလောင်းထဲကနေထွက်ဖို့ အတင်းအကြပ် ကြိုးစားကြတယ်လေ… ဒါပေမယ့် သူတို့ခွန်အားက လုံမှမလုံလောက်တာ... ဒီတော့…”
“ကျုပ်သိပြီ…” ရန်ကိုင် နားလည်သွားခဲ့လေပြီ။
မည်သူမဆို ဘာမှန်းမသိသည့်နေရာထဲ ရက်အတော်ကြာအောင် အပိတ်ခံထားရသည့်အခါ စိတ်ဂနာမငြိမ် ဖြစ်လာမည်မှာ သဘာဝသာ ဖြစ်ကြလေသည်။ ထို့အပြင် ကိစ္စအားလုံး ပြီးပြတ်သွားသည့်နောက် ရန်ကိုင် သူတို့အပေါ် မည်ကဲ့သို့ လုပ်လာမလဲဆိုသည်ကို မည်သူမျှ မသိကြချေ။ ထို့အတွက်ကြောင့် အခွင့်အရေး ရတုန်းရခိုက် စော၍ ထွက်ပြေးချင်ကြပါသော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းသည် ရှေးဟောင်းမှော်ရတနာတစ်ခု ဖြစ်နေခဲ့လေသည်။ ထိုသို့ဖြစ်လေရာ သူတို့၏ခွန်အားဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းအား မည်ကဲ့သို့များ မ တင်နိုင်ပါမည်နည်း။ ထိုလူများ ဒဏ်ရာရထားရခြင်းမှာ သူတို့၏ တိုက်ခိုက်မှုများ တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ တန်ပြန်လာသည့်အတွက်ကြောင့် ဒဏ်ရာရသွားရခြင်းသာ ဖြစ်ပေသည်။
ဟွာယုလုသည် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်သည်။ အနီးအနားတစ်နေရာတွင် မည်သူ့ကိုမှ မတွေ့ရ။ တိုက်ပွဲအရိပ်အယောင်များကိုတော့ နေရာအနှံ့တွင် တွေ့နေရသည်။ ထို့နောက်တွင် ရန်ကိုင်အား ပြန်၍ လှည့်ကြည့်လိုက်လေသည်။ ရန်ကိုင်၏အရှိန်အဝါမှာ တည်တည်ငြိမ်ငြိမ်နှင့် အကောင်းအတိုင်းသာ ရှိနေသေးသလို သူ့ကိုယ်ထက် ဒဏ်ရာရထားသည့် မည်သည့်အရိပ်အယောင်ကိုမှလည်း မတွေ့ရသည့်အတွက်ကြောင့် ဟွာယုလုက အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။ “သခင်လေးရန်… အကြီးအကဲတန်ရော…”
ဟွာယုလုမှ ထိုကဲ့သို့ မေးလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာကြသည်။ သူတို့သည်လည်း ထိုအဖြေကို သိချင်နေကြပေသည်။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က ရန်ကိုင်မှ သူတို့အား တောင်နဲ့မြစ်ခေါင်းလောင်းဖြင့် အုပ်ပေးနေစဉ် ရန်ကိုင်နှင့် တန်ကျွင်းဟောင်တို့ အမှန်တကယ် တိုက်ခိုက်ကြတော့မည်ကို မြင်တွေ့ခဲ့ရသည်။ သို့သော်ငြား ခေါင်းလောင်းထဲတွင် ပိတ်ခံလိုက်ရသည့်အတွက်ကြောင့် အပြင်ဘက်၌ ဘာတွေဖြစ်ပျက်သွားသလဲ ဆိုသည်ကို သူတို့မသိကြချေ။ ယခု ရန်ကိုင် အကောင်းအတိုင်းသာ ရှိနေသေးသည်ကိုမြင်သော် သူတို့စိတ်ထဲ အတွေးတစ်ခုစီ ဖြစ်ပေါ်လာမိကြလေ၏။ အကြီးအကဲတန် ထွက်ပြေးသွားခြင်းပေလော။
မည်သို့များ ထိုကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ တန်ကျွင်းဟောင်သည် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သလို ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းထက် ပိုမိုများပြားသည့်စွမ်းအားကို ထုတ်ဖော်နိုင်မည်ဆိုလျှင်ပင် တန်ကျွင်းဟောင်၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါမည်နည်း။ ထို့အပြင် တန်ကျွင်းဟောင်သည် ဤနေရာတွင် အစောကြီးကတည်းက ရှေးဟောင်းအစီအရင်တစ်ခုကို ခင်းကျင်းထားခဲ့ခြင်း ဖြစ်လေရာ သူ့အနေဖြင့် မည်သို့ပင်တိုက်တိုက် ရန်ကိုင်အား အထက်စည်းမှနေ၍ တိုက်ခိုက်နိုင်ပေသည်။
“ခွေးအိုကြီးတန်က ရက်စက်ပြီး ကြမ်းကြုတ်လွန်းတယ်… ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ရက်နဲ့ သူ့ဂုဏ်သိက္ခာကို မထောက်ထားဘူး… ကြယ်ဝိဉာဉ်နန်းတော်ရဲ့ မြင့်မြတ်တဲ့ဂုဏ်သတင်းကို လိုက်ဖျက်ဆီးဖို့ ကြိုးစားတယ်… တကယ်တော့ သူက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ဆိုပေမယ့် ကပ်ဆိုးကပ်ဘေးကောင်တစ်ကောင်ပဲ… ဒီလိုလူမျိုးကို ဘယ်လိုမှ အရှင်ထားလို့မရဘူး… အခု တောင်ဘက်နယ်မြေရဲ့ အဲ့ကျက်သတုံးကောင်ကို ဒီသခင်လေးကိုယ်တိုင် ရှင်းပစ်လိုက်ပြီ…” ရန်ကိုင်က အော်ရယ်မော၍ သူ့ကိုယ်သူချီးကျူးလိုက်လေ၏။ “ဂုဏ်ယူစရာပဲ… ဟုတ်တယ်နော်… ဒါမျိုးမှ ဂုဏ်ယူစရာ…”
အကုန်လုံး မင်သက်သွားခဲ့ပြီး ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြည့်လာကြလေသည်။
ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ဘာလဲ… ခင်ဗျားတို့ ဒီသခင်လေးပြောတာကို မယုံတာလား…”
အကုန်လုံး အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်၏မျက်နှာထက် ဒေါသအရိပ်အယောင်တို့ ထွက်ပေါ်လာသည်ကိုမြင်သော် အလျင်အမြန် ထိုသို့မဟုတ်ရကြောင်း ပြန်ပြောလိုက်လေသည်။ တကယ်ဆိုလျှင် သူတို့ ရန်ကိုင်ပြောသည်ကို မယုံသည်မဟုတ်။ ရန်ကိုင်ပြောသွားသည့်စကားမှာ အလွန်ကိုမှ မယုံကြည်နိုင်စရာ ကောင်းနေခြင်းသာ ဖြစ်လေသည်။
တန်ကျွင်းဟောင်သာ လက်ရှိအချိန်၌ သူတို့ရှေ့တွင်ရပ်၍ ရန်ကိုင်သေသွားပြီဟု ပြောလာခဲ့လျှင် ယုံချင်စရာ ကောင်းပေဦးမည်။ သို့သော်ငြား ယခု သူတို့အား ထိုကဲ့သို့ပြောနေသည့်လူမှာ ရန်ကိုင်ဖြစ်နေပြီး တန်ကျွင်းဟောင်၏အရိပ်အယောင်ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရချေ။
ထို့အပြင် ဤကိစ္စသည် ဂုဏ်ယူစရာကောင်းသည့် ကိစ္စရပ်တစ်ခုမဟုတ်။ တကယ်တော့ တန်ကျွင်းဟောင်သည် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး မဟုတ်ပေလော။ သူ့အနေဖြင့် ဤနေရာတွင် သေသွားသည်မှာ တောင်ဘက်နယ်မြေတစ်ခုလုံးကို ရိုက်ခတ်သွားနိုင်ပေသည်။ ကြယ်ဝိဉာဉ်နန်းတော်သာ ဤကိစ္စအကြောင်းကို စုံစမ်းစစ်ဆေးလာပါက မည်သူမျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
သူတို့သည် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပါသော်ငြား ကြယ်ဝိဉာဉ်နန်းတော်ကဲ့သို့သော မဟာအင်အားစုကြီးတစ်ခုကိုတော့ သွားရန်မစရဲကြပေ။
ဟွာယုလုသည် အားတင်း၍ ပြုံးလိုက်ရင်းမှ သေချာသတိထားလျက် မေးလိုက်လေသည်။ “သခင်လေးရန်… အကြီးအကဲတန်ကို သခင်လေးရန် တကယ်ကြီး သတ်လိုက်တာလား…”
“ဟုတ်တယ်… ကျုပ် သူ့ကို သတ်လိုက်တာ… ခင်ဗျားတို့အားလုံးကို ဘာဖြစ်လို့ ကျုပ် အလကားသက်သက် ငြိမ်နေရမှာလဲ… သူတင်မဟုတ်ဘူး ဝူမင်ပါ သေသွားပြီ…” ရန်ကိုင်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။
ထိုအခါမှသာလျှင် လူအုပ်ကြီး ရန်ကိုင်အား ယုံသွားတော့လေသည်။
တကယ်တော့ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးကို သတ်လိုက်သည့်ကိစ္စမှာ လိမ်လို့ကောင်းသည့် ကိစ္စတစ်ခုမှ မဟုတ်လေပဲ။ ကိုယ့်ကိုယ်ကို ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးကို သတ်လိုက်ပါသည်ဟု လိုက်ပြောနေလျှင် ကိုယ့်ပြဿနာကိုယ် ရှာနေသလို ဖြစ်နေပေလိမ့်မည်။ ရန်ကိုင်သည် အရူးတစ်ယောက်မဟုတ်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ သူ့ကိုယ်သူ ပြဿနာတွင်းထဲ ဆွဲခေါ်ပါမည်နည်း။
လက်ရှိအချိန်တွင် လူအုပ်ကြီးတစ်ခုလုံးမှာ ပို၍ပင် အံ့ဩသွားကြရတော့သည်။
ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးကို သတ်နိုင်ရလောက်အောင် ဤလူငယ်လေးသည် မည်မျှများ အားကောင်းနေလေသနည်း။ ဤလောကကြီးတွင် ဤလူငယ်လေးကို အနိုင်ယူနိုင်သူဆို၍ မဟာဧကရာဇ်များသာ ရှိတော့သည်ဟု ပြောလိုက်ခြင်းပေလော။
“သခင်လေးရန်က အကြီးအကဲတန်ကို သတ်လိုက်တာဆိုတော့ အခုကိစ္စက နည်းနည်း ပိုရှုပ်သွားပြီ…” ဟွာယုလု မျက်မှောင်ကျုံ့သွားခဲ့လေသည်။ တန်ကျွင်းဟောင် မည်သို့ပင် လုပ်ခဲ့စေကာမူ သူ့အဆင့်အတန်းမှာ သူတို့မျက်ကွယ်ပြု၍ရသည့် အရာမျိုး မဟုတ်ချေ။ ယခု တန်ကျွင်းဟောင်ကို ရန်ကိုင်မှ သတ်လိုက်သည့်အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်သည် ယခုကိစ္စကို လုံးဝ အလွတ်ပေးတော့လိမ့်မည် မဟုတ်ချေ။
“စီနီယာရန်… ဒီကိစ္စက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူးနော်… ဘာတွေဖြစ်သွားလဲဆိုတာကို ကျုပ်တို့ သိတာမဟုတ်ဘူး…”
“ဟုတ်တယ် ဟုတ်တယ် စီနီယာရန်… ကျုပ်တို့ ကြယ်ဝိဉာဉ်နန်းတော်ကို တိုက်ခိုက်ချင်နေတာ မဟုတ်ဘူးနော်…”
“ကျုပ်တို့ အခုလေးတင် လေလံပွဲကနေထွက်လာတာ… ကျုပ်တို့ ဒီမှာဖြစ်သွားတဲ့ကိစ္စတွေကို ဘာမှသိတာမဟုတ်ဘူး…”
ဧကရာဇ်အဆင့်ပညာရှင်များမှာ စတင်၍ အော်ဟစ်ကြတော့လေသည်။
ထိုအကြောင်းကိုကြားလိုက်သည်နှင့် ထိုလူများ ယခုကဲ့သို့ တုံ့ပြန်လာမည်မှန်း ရန်ကိုင် အစောကြီးကတည်းက ခန့်မှန်းမိပြီးသားပင်။ သူသာ တန်ကျွင်းဟောင်ကို မသတ်လိုက်ပါက ထိုလူများအနေဖြင့် ယခုကဲ့သို့ပင် ပြောနေနိုင်တော့လိမ့်မည်မဟုတ်။ ကြယ်ဝဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည့်အလျောက် သူမှ နှလုံးချုပ်အင်းစက်များကိုသုံး၍ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို ထိန်းချုပ်ခဲ့သည့်အကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက ကြယ်ဝိဉာဉ်နန်းတော်သည် တန်ကျွင်းဟောင်၏လုပ်ရပ်ကို လုံးဝ သည်းခံနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် တန်ကျွင်းဟောင်သည် မျက်မြင်သက်သေအားလုံးကို သတ်ဖြတ်ပစ်၍ ရန်ကိုင်အပေါ် အပြစ်ပုံချပေလိမ့်မည်။
ထိုသို့ဖြစ်လာသည့်အခါ သူသည် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာအတွက် လက်စားချေပေးသည့် သူရဲကောင်းကြီးတစ်ဦး ဖြစ်လာပြီး ရန်ကိုင်ကမူ လူအများမုန်းတီးရာ ဘုံရန်သူတစ်ယောက် ဖြစ်လာရပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်မှ သူတို့၏အသက်ကို ကယ်တင်ပေးခဲ့သည်ကိုပင်လျှင် သတိမရတော့ဘဲ ရန်ကိုင်နှင့် ဆက်ဆံရေးဖြတ်တောက်ပစ်ချင်နေသည့် ထိုလူများ၏လုပ်ရပ်မှာ အမှန်တကယ်ကို ရယ်စရာကောင်းလှပေသည်။
မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်ကလည်း သူတို့၏ကျေးဇူးကို လိုသည်မဟုတ်။ ဤလောကကြီး၏အကြောင်းကို သိထားသူတစ်ဦးပီပီ ရန်ကိုင်အနေဖြင့် ထိုလူများ သူ့အပေါ် ကျေးဇူးတင်လာမည်ကို မျှော်လင့်မနေပေ။
“သခင်လေးရန်… ရှင်မြန်မြန်ထွက်ပြေးရင် ကောင်းမယ်နော်… ဝေးဝေးပြေးနိုင်လေ ကောင်းလေပဲ… အနည်းဆုံးတော့ တောင်ဘက်နယ်မြေမှာ မနေတော့ရင် ကောင်းလိမ့်မယ်…” ဟွာယုလုက ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။ “သခင်လေးရန် သွားမယ်ဆိုရင် မြောက်ဘက်နယ်မြေကိုသွားသင့်တယ်… အဲ့မှာ မဟာဧကရာဇ်တွေတောင် ဝင်ချင်တိုင်းမဝင်ရဲတဲ့ ရေခဲနယ်မြေဆိုတဲ့ တားမြစ်နေရာတစ်ခု ရှိတယ်လို့ ကျွန်မကြားတယ်… ဒီလောကကြီးမှာ သခင်လေးရန် လုံလုံခြုံခြုံနဲ့ နေနိုင်တဲ့ နေရာဆိုလို့ အဲ့နေရာတစ်ခုပဲ ရှိလိမ့်မယ်…”
ရန်ကိုင်သည် ဟွာယုလုအား အံ့အားသင့်ဟန်ဖြင့် ကြည့်လာခဲ့သည်။ သူမအနေဖြင့် သူ့အပေါ် ယခုကဲ့သို့ စိုးရိမ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အနည်းဆုံးတော့ ဟွာယုလုသည် ရန်ကိုင်အပေါ် ကျေးဇူးတင်လို့ တင်ရကောင်းမှန်း သိသည့်ပုံပင်။
“ကိစ္စမရှိဘူး…” ရန်ကိုင်က ဝမ်းသာအားရဖြင့် လူအုပ်ကြီးဘက်သို့လှည့်၍ ပြန်အော်ပြောလိုက်လေ၏။ “တိတ်တိတ်နေကြစမ်း…”
ကျွတ်ကျွတ်ညံနေကြသော ဧကရာဇ်အဆင့်ပညာရှင်အားလုံး ရုတ်ချည်း တိတ်သွားခဲ့ကြလေ၏။
ရန်ကိုင်က အလေးအနက်လေသံဖြင့် ပြောလိုက်သည်။ “စိတ်မပူနဲ့… ဒီနေ့ကိစ္စအားလုံးကို ဒီသခင်လေးတစ်ယောက်တည်း တာဝန်ယူတယ်… တန်ကျွင်းဟောင်ကိုသတ်လိုက်တာ ကျုပ်ပဲ… ဒီတော့ ကြယ်ဝိဉာဉ်နန်းတော်က တစ်ယောက်ယောက် လာမေးလို့ရှိရင် ခင်ဗျားတို့ ဘာမှဖုံးကွယ်နေစရာမလိုဘူး… အမှန်အတိုင်းသာ ပြောလိုက်…”
ထိုစကားကိုကြားသော် လူတိုင်း ဝမ်းသာသွားကုန်ကြလေသည်။
“စီနီယာရန်က တကယ်ကို သဘောထားကြီးပြီး မြင့်မြတ်တာပဲ… ဒီလူအိုကြီး စီနီယာရန်ကို တကယ် လေးစားမိသွားပြီ…”
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာရန်… အဲ့နေ့ရောက်လာလို့ရှိရင် ကျုပ်တို့ အမှန်အတိုင်း ကျိန်းသေ ပြောပြလိုက်ပါမယ်…”
“ဒါပေါ့ ဒါပေါ့… အဲ့သက်ကြားအိုကြီးတန်ကျွင်းဟောင်သေတာ သနားဖို့ ဘာမှမကောင်းဘူး… စီနီယာရန်က ကြယ်ဝိဉာဉ်နန်းတော်ကိုယ်စား သူတို့အတွက် အမှိုက်ထုပ်တစ်ခုကို ရှင်းပစ်ပေးလိုက်တာပဲ…”
ရန်ကိုင်မှ ကိစ္စရပ်အားလုံးကို သူတာဝန်ခံမည်ဟု ပြောလာသော် လူတိုင်းမှာ စိတ်သက်သာရာ ရသွားခဲ့ကြပြီး ဝမ်းပန်းတသားဖြင့် ပြုံးနိုင်ကြတော့လေသည်။
“အပိုတွေပြောမနေနဲ့…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီသခင်လေး အခု ခင်ဗျားတို့အားလုံးရဲ့အသက်ကို ကယ်ခဲ့တယ်… ဒါပေမယ့် ခင်ဗျားတို့ဆီကနေ ဘာမှ တောင်းနေမှာမဟုတ်ဘူး… အဲ့အစား ကျုပ်ကို တစ်ခုပဲ ပြန်လုပ်ပေး…”
“ပြောပါ စီနီယာရန်… စီနီယာရန်တောင်းဆိုတာကို ကျုပ်တို့ တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်..” လူအိုကြီးတစ်ဦးက လက်သီးဆုပ်၍ ပြောလိုက်သည်။
ရန်ကိုင်မှ သူတို့၏အသက်ကို ကယ်ခဲ့သည်ဟု ပြောလာခဲ့သည်မှာ ချဲ့ကားပြောနေခြင်းမဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်၏ တည့်တိုးဆန်မှုသည် သူတို့အားလုံးအား ရှက်သွားစေခဲ့လေသည်။ သူတို့မှာ ရန်ကိုင်အပေါ် ကျေးဇူးမသိတတ်သည့်ပုံစံမျိုးလည်း ပေါက်သွားလေ၏။
“တန်ကျွင်းဟောင်က သေသွားပြီ… ဒီတော့ ကြယ်ဝိဉာဉ်နန်းတော်က ဒီကိစ္စကို ကျိန်းသေ စစ်ဆေးလာလိမ့်မယ်… အဲ့ခါကြရင် ခင်ဗျားတို့အားလုံး အဲ့နေ့မှာဖြစ်သွားခဲ့တဲ့ ဖြစ်ကြောင်းကုန်စင်ကို သေသေချာချာ ရှင်းပြပေးမယ်လို့ ကျုပ် မျှော်လင့်ပါတယ်… အထူးသဖြင့် နှလုံးချုပ်အင်းစက်တွေအကြောင်းပဲ…”
အကုန်လုံးက ခေါင်းညိတ်လိုက်လေသည်။ “ကျုပ်တို့ သေချာရှင်းပြလိုက်ပါမယ်…”
ဟွာယုလုက ပြန်ပြောလိုက်သည်။ “သခင်လေးရန် အဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူမနေနဲ့… သခင်လေးရန် အခုလိုမျိုး မတောင်းဆိုဘူးဆိုရင်တောင် ကျွန်မတို့အားလုံးကတော့ ဒီကိစ္စအကြောင်းကို ဖုံးကွယ်ထားမှာမဟုတ်ဘူး… ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ဒီလို ယုတ်ညံ့အောက်တန်းကျတဲ့ နည်းလမ်းတွေကိုသုံးတာ လုံးဝ သည်းခံပေးနေလို့မရဘူး… သခင်လေးရန်သာ ပေါ်လာပြီး အခြေအနေကို ပြောင်းလဲပေးလိုက်လို့ပေါ့… မဟုတ်ရင် ကျွန်မတို့အားလုံး တမလွန်ဘဝကို ရောက်နေလောက်ပြီ… အသက်ကယ်ကျေးဇူးဆိုတာ ကိုယ့်အသက်ကိုယ် ပုံအောပြီးတော့ ပြန်ဆပ်ပေးရတယ်… တစ်ယောက်ယောက်သာ ဒီအကြောင်းကို လိမ်လည်ပြီး သခင်လေးရန်ကို အပြစ်ပုံချရဲတယ်ဆိုရင် အဲ့လူကို ပထမဦးဆုံး အပြစ်ပေးမှာက ကျွန်မတို့တွေပဲ…”
“ဟုတ်တယ်…” လူအုပ်ကြီးကလည်း ပြန်၍ အော်ပြောလိုက်ကြသည်။
“ကောင်းပြီ… အဲ့ဒါဆိုအဆင်ပြေပြီ…” ရန်ကိုင်က ခေါင်းညိတ်၍ လက်သီးဆုပ်လိုက်လေသည်။ “ဒါဆိုရင် ခင်ဗျားတို့ကိုပဲ အားကိုးနေမယ်နော်…”
“အားသာကိုးလိုက်ပါ သခင်လေးရန်…”
ယခုဆိုလျှင် သူတို့အားလုံးသာ တက်ညီလက်ညီဖြင့် အမှန်အတိုင်း ပြောပြနိုင်မည်ဆိုပါက ကြယ်ဝိဉာဉ်နန်းတော်သည် ရန်ကိုင်ကိုရော သူတို့ကိုပါ ဘာမှလိုက်လုပ်လိမ့်မည်မဟုတ်မှန်း လူတိုင်း နားလည်သွားခဲ့ကြလေသည်။
တကယ်တော့ တန်ကျွင်းဟောင်သည်သာ သူတို့အပေါ် အောက်တန်းကျသည့်နည်းလမ်းများသုံး၍ အကောက်ကြံလာခဲ့သည့် လူတစ်ဦး မဟုတ်ပေလော။
ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးပင် ဖြစ်လင့်ကစား သူသည် ကြယ်ဝိဉာဉ်နန်းတော်၏ ဂုဏ်သတင်းကိုမှမထောက် ဧကရာဇ်အဆင့်ပ့ညာရှင်များကို အောက်တန်းကျသည့် နည်းလမ်းများသုံး၍ ကျွန်ပြုခဲ့လေသည်။ သူသည် လုံးဝကို သေသင့်သည့်လူတစ်ဦး ဖြစ်သည်။
ကြယ်ဝိဉာဉ်နန်းတော်သည် ရန်ကိုင်ကိုပင်လျှင် ကျေးဇူးတင်ကောင်း တင်နိုင်ပေသေးသည်။
သို့သော်ငြား အဆုံးတွင်တော့ ထိုကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်မလဲ ဆိုသည်မှာ ကြယ်ဝိဉာဉ်နန်းတော်ပေါ်တွင်သာ မူတည်ပေသည်။ သူတို့အပေါ်တွင် မမူတည်။ ထို့အတွက်ကြောင့် သွားရောက်မထိန်းချုပ်နိုင်သည့်ကိစ္စတစ်ခုအား စိတ်ပူနေလဲ အပိုပင်။
“ကဲ အခု ခင်ဗျားတို့အားလုံး ထွက်သွားလို့ရပြီ…” ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်လေ၏။
အကုန်လုံးမှာ ဝမ်းသာအားရဖြင့် တစ်ယောက်ပြီးတစ်ယောက် လက်သီးဆုပ်ကာ နှုတ်ဆက်၍ အလျင်အမြန် ထွက်သွားကြလေ၏။ ရန်ကိုင်သည် သူတို့အား လိုက်၍ ပြဿနာရှာမနေခဲ့ပါသော်ငြား ဤလူငယ်လေးသည် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်ပြီး လူများ၏အသက်ကို ယင်ကောင်သဖွယ် သတ်ဖြတ်သူတစ်ဦး ဖြစ်လေရာ သူ့အနားတွင်နေရသည်မှာ သူတို့အတွက် မလုံခြုံသလို ခံစားရပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့် ဝေးဝေးနေခြင်းသည် ပို၍ကောင်းပေ၏။ ထိုသို့သာမဟုတ်ပါက ပြဿနာတစ်ခုခုနှင့်ကြုံရသော် သူတို့သည်လည်း ထိုပြဿနာထဲသို့ ဆွဲခေါ်ခံရနိုင်ပေသည်။
“စီနီယာအစ်မဟွာ ခဏနေခဲ့ပါဦး…” ရန်ကိုင်က ဟွာယုလုအား ရုတ်တရက် လှမ်းတားလိုက်သည်။
ဟွာယုလုက ပြုံးလျက် ရန်ကိုင်အား ပြန်၍မေးလိုက်လေသည်။ “သခင်လေးရန်… ကျွန်မ ဘာများ ကူညီပေးရဦးမလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်၏။ “စီနီယာအစ်မဟွာက စီနီယာအစ်ကိုရှရှန်းရဲ့ မိတ်ဆွေတစ်ယောက်ဆိုတော့ ကျုပ်ရဲ့မိတ်ဆွေပဲပေါ့… ခင်ဗျားကိုယ်ထဲမှာ ရှိနေတဲ့ နှလုံးချုပ်အင်းစက်ကို ကျုပ် ကူပြီးဖယ်ပေးမယ်… အဲ့ဒါဆိုရင် နောက်ပိုင်း ခင်ဗျား အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ စိတ်ပူနေစရာ လိုတော့မှာမဟုတ်ဘူး…”
ထိုစကားကိုကြားသော် ဟွာယုလု ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး အလွန်ကိုမှ အံ့အားသင့်နေဟန်ဖြင့် သူမပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိလေသည်။
သူမကိုယ်တိုင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပူနေရခြင်းဖြစ်ပေသည်။ သူမ၏ကိုယ်ထဲတွင် ပုန်းလျှိုးပုန်းကွယ်နေသည့် အန္တရာယ်ကောင်ဖြစ်သော နှလုံးချုပ်အင်းစက်မှာ အမြဲတစေ တည်ရှိနေပြီဖြစ်လေရာ သူမဂိုဏ်းသို့ ပြန်ရောက်လျှင် နှလုံးချုပ်အင်းစက်အား ပြန်ထုတ်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် စဉ်းစားနေခြင်း ဖြစ်ပေသည်။ သို့သော်ငြား နှလုံးချုပ်အင်းစက်အကြောင်း တစ်ခါမှ မကြားဖူးသဖြင့် ထိုအင်းစက်ကို သူမကိုယ်ထဲမှ မည်ကဲ့သို့ ဖယ်ထုတ်ရမလဲ ဆိုသည်ကိုလည်း မသိပေ။
မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင်မှ သူမအား ကူညီပေးလာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့။
(အရမ်းကို ချစ်ဖို့ကောင်းတာပဲ…)
“ရွှစ်… ရွှစ်… ရွှစ်…”
ထွက်သွားရန် ပြင်နေကြသည့် ဧကရာဇ်အဆင့်ပညာရှင်များ၏ ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားခဲ့ကြလေသည်။ ချက်ချင်းဆိုသလို အကုန်လုံးသည် ရန်ကိုင်ဘက်သို့ ခေါင်းလှည့်လာ၍ သေချာ နားစွင့်လိုက်ကြလေ၏။ ထို့နောက်တွင် လူအုပ်ထဲမှတစ်ယောက်က ရန်ကိုင်ဆီသို့ အမြန်ပျံသန်းလာလျက် ရန်ကိုင်ရှေ့တွင်ရပ်ကာ ဖားယားစွာပြုံးရင်းမှ ပြောလိုက်လေသည်။ “စီနီယာရန်… စီနီယာရန် အခု နှလုံးချုပ်အင်းစက်တွေကို ဖယ်ပေးမယ်လို့ ပြောလိုက်တာလား…”
“ခင်ဗျားဘာပြောနေတာလဲ… ကျုပ် နားမလည်ဘူး…” ရန်ကိုင်သည် ထိုလူကိုကြည့်၍ ခေါင်းခါပြလိုက်လေသည်။
ထိုလူမှာ စိုးရိမ်လာခဲ့ပြီး ပြန်မေးလိုက်လေသည်။ “စီနီယာရန်… ကျုပ်… ကျုပ်… ကျုပ် အခုလေးတင် စီနီယာရန်ကနေပြီးတော့ နန်းတော်သခင်ဟွာကိုယ်ထဲမှာရှိတဲ့ နှလုံးချုပ်အင်းစက်ကို ဖယ်ပေးမယ်လို့ပြောတာ ကြားလိုက်ပါတယ်…”
ရန်ကိုင်က ဟွာယုလုဘက်သို့လှည့်၍ မေးလိုက်လေ၏။ “ကျုပ် အဲ့လိုမျိုး ပြောလိုက်လို့လား…”
ဟွာယုလုမှာ ရန်ကိုင် ဘာကြံလို့ကြံနေမှန်းမသိ။ သို့သော်ငြား သူမအနေဖြင့် ပြန်ဖြေဖို့ရာ ခက်လှသဖြင့် ဘာမှပြန်မပြောဘဲ ပြုံးသာ ပြုံးပြလိုက်လေသည်။