အခန်း (၂၇၁၂)
Vol. 116 Ch. 2712
“ပြီးသွားပြီလား” ဟွာယုလုက မေးလိုက်၏။
“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
ဟွာယုလု အံ့အားသင့်သွားရလေ၏။ အစောပိုင်းက ရန်ကိုင်မှ နှလုံးချုပ်အင်းဆက်များကို ဖယ်ရှားရန်အတွက် အလွန်ကိုမှ အားစိုက်ရလိမ့်မည်ဟု ပြောခဲ့သည့်အတွက်ကြောင့် သူမလည်း ရန်ကိုင် ပြောနေသည်မှာ တကယ်ကြီး ဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော်ငြား လက်ရှိ အခြေအနေအရမူ နှလုံးချုပ်အင်းဆက်များကို ဖယ်ရှာခြင်းသည် ရန်ကိုင်အတွက် ဘာမှမခက်သည့်ပုံပင်။
“သခင်လေးရန်၊ ဒီစီးပွားရေးက တကယ်ကို အကျိုးအမြတ် များတာပဲနော်” ဟွာယုလုက ပြောလိုက်သည်။ ရန်ကိုင် ကုသပေးမည်ကို ထိုင်စောင့်နေသည့် ဧကရာဇ်အဆင့် ပညာရှင်များမှာ အယောက်နှစ်ဆယ်ကျော် ရှိနေလေရာ ရန်ကိုင် အနေဖြင့် အဆင့်မြင့် အရင်းအမြစ်ကျောက် သန်းနှစ်ရာ၊ သုံးရာလောက်ကို အားမစိုက်ရဘဲ တစ်ထိုင်တည်း ရှာနိုင်ပေလိမ့်မည်။
ဤသည်မှာ စီးပွားရေး လုပ်နေခြင်း မဟုတ်တော့ဘဲ ဓါးပြတိုက်နေခြင်းသာ ဖြစ်ပေသည်။
“အကြွေးလေးဘာလေး ပြန်တောင်းနေရုံပါပဲ” ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်ပြီးနောက် သူ့လက်ကိုမြှောက်၍ “အစ်မဟွာ၊ နောက်တစ်ယောက်ကို ခေါ်လိုက်လို့ရပြီနော်။ သူတို့တွေကို သေချာတန်းစီထားဖို့လည်း ပြောလိုက်ဦး။ တန်းမစီဘဲ အတင်းဖြတ်ဝင်တဲ့ လူတွေကို လုံးဝ မလာခိုင်းနဲ့”
“နားလည်ပြီ” ဟွာယုလုလည်း ထိုင်ရာမှထ၍ တံခါးပေါက်ဆီသို့ လျှောက်သွားလေ၏။ သို့သော်ငြား ခြေတစ်လှမ်း၊ နှစ်လှမ်း လှမ်းပြီးရုံတင်ရှိသေး၊ ရန်ကိုင်ဘက်သို့ ပြန်လှည့်၍ ပြောလိုက်လေ၏ “သခင်လေးရန်၊ နောက်ပိုင်း အားလို့ရှိရင် ကျွန်မရဲ့ ပန်းတစ်ရာနန်းတော်ဆီ လာလည်ပါဦးနော်။ စီနီယာအစ်မ သခင်လေးရန်ကို ကောင်းကောင်း ဧည့်ခံကြိုဆိုပေးမှာပါ”
ပန်းတစ်ရာနန်းတော်... ထိုနာမည်ကို ရန်ကိုင် ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ချေ။ သို့သော်ငြား အထူးအဆန်းတော့မဟုတ်၊ တောင်ဘက်နယ်မြေတွင် ဂိုဏ်ပေါင်းများစွာ ရှိနေလေရာ ထိုဂိုဏ်းများထဲ သူကြားဖူးနေသည့် ဂိုဏ်းတစ်ဂိုဏ်းနှင့် နာမည်တူနေသည့် ဂိုဏ်းတစ်ဂိုဏ်း ရှိသည်မှာ သဘာဝသာ ဖြစ်လေသည်။
ဟွာယုလုကို ပြန်ပို့လိုက်ပြီးနောက်တွင် ရန်ကိုင် လက်ပေါ်မေးတင်၍ သေချာ ထိုင်စဉ်းစားနေလေ၏။ ထို့နောက် သူ့လက်ဖြင့် ရင်ဘတ်ကို ရိုက်ချလိုက်လေသည်။
ဖူး...
ရန်ကိုင် သွေးတစ်ပွက် ထိုးအန်တော့၏။ သူ့မျက်နှာဟာလည်း တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲထားရသည့်အလား ဖြူလျော်လျော် ဖြစ်နေခဲ့သည်။
ထိုစဉ် လူတစ်ဦးသည် ဖားဖားယားယားပြုံးလျက် အခန်းထဲသို့ ဝင်လာလေ၏။ ဝမ်းသာအားရဖြင့် ရန်ကိုင်အား လှမ်းစကားပြောတော့မည်အပြု၊ ရန်ကိုင်၏ ပုံစံကို မြင်ပြီး အထိတ်တလန့်ဖြင့် မေးလိုက်လေသည် “စီနီယာရန်၊ ခင်ဗျား... ဘာဖြစ်သွားတာလဲ”
ရန်ကိုင်က အားနည်းဖျော့တော့သည့် လေသံဖြင့် ပြန်ပြောလိုက်၏ “ဘာမှမဖြစ်ဘူး။ ထိုင်၊ ခင်ဗျားကိုယ်ထဲက အင်းဆက်ကို ကျုပ်ထုတ်ပေးမယ်”
ထိုလူမှာ ဝမ်းသာသွားခဲ့ပါသော်ငြား အနည်းငယ်စိတ်ပူနေဟန်ဖြင့် “စီနီယာရန် အရင် နားချင်သေးလား။ ကျုပ်စောင့်နေပေးလို့ရတယ်”
သူတို့ရှေ့တွင် ရှိနေစဉ်က ရန်ကိုင်သည် အကောင်းအတိုင်းသာ ရှိနေပေသေးသည်။ သို့သော်ငြား ဟွာယုလုကို ကူညီပေးပြီးသည့်နောက် သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့လေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့် နှလုံးချုပ်အင်းဆက်ကို ဖယ်ရှားဖို့သည် သူ့အတွက်ပင် အတော်လေး မလွယ်ကူကြောင်း မြင်တွေ့နိုင်ပေသည်။
“အဆင်ပြေတယ်။ ထိုင်သာထိုင်လိုက်” ရန်ကိုင်က လက်ဝှေ့ရမ်း၍ “အင်းဆက် ခင်ဗျားကိုယ်ထဲမှာ ရှိနေရင် ခင်ဗျားလည်း နေရထိုင်ရတာ အဆင်ပြေမှာမဟုတ်ဘူး။ ဒီတော့ မြန်မြန် ဖယ်လိုက်တာ အကောင်းဆုံးပဲ”
ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက်တွင် ထိုလူမှာ ရန်ကိုင်အား ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကားဆိုလျက် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းကျော် ထည့်ထားသည့် သိုလှောင်လက်စွပ်ကို ထည့်ပေးလိုက်လေသည်။ ရန်ကိုင်သည် ထိုသိုလှောင်လက်စွပ်ကို လှမ်းယူလိုက်ပြီးနောက် ကုသရေးကို စတင်လိုက်သည်။
…
နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူယခင်နေခဲ့သည့် အခန်းထဲ၌ ပြန်ပေါ်လာလေသည်။ သူ့မျက်နှာမှာ ပန်းဆီရောင်သန်းနေပြီး ယခင်က ဖြူဖတ်ဖြူလျော် ဖြစ်နေသည့် မျက်နှာနှင့် လားလားမျှ မဆိုင်ချေ။
အကုန်လုံးမှာ ရန်ကိုင်အား ရပ်စောင့်နေကြလေသည်။
ရန်ကိုင် ရောက်လာသည်ကိုမြင်သော် အကုန်လုံး သူ့နားသို့ ကပ်လာကြလေ၏။
ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သေလည်။ အဆုံးတွင် သူ့အကြည့်သည် ရီဟန်ဆီ၌ ရပ်တန့်သွားခဲ့ပြီး မေးလိုက်လေ၏ “ဂိုဏ်းချုပ်ရီ၊ ခင်ဗျား ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ”
ရီဟန်က သက်ပြင်းချလျက် “ရွက်တစ်ထောင်ဂိုဏ်းကို အရင် ပြန်ပြီးတော့မှပဲ နောက်ဘာဆက်လုပ်မလဲ စဉ်းစားမလားလို့”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ရွက်တစ်ထောင်ဂိုဏ်းမှာ ဖျက်စီးခံလိုက်ရပါသော်ငြား အဆုံးတွင်တော့ ထိုဂိုဏ်းသည် ရီဟန်နှင့် အခြားသူများ၏ အိမ်ဖြစ်နေဆဲ။ ယခု ဖမ်းချုပ်ထားခံရာမှ ပြန်လည် လွှတ်မြောက်လာပြီးနောက် သူ့ဂိုဏ်းဆီသို့ ပြန်သွားကြည့်ချင်သည်မှာ သဘာဝသာ ဖြစ်လေသည်။ ထို့အပြင် ရွက်တစ်ထောင်ဂိုဏ်းရှိ ဧကရာဇ်တောင်ကြား၌ သူတို့အား စောင့်နေကြသည့် ရာနှင့်ချီသော ရွက်တစ်ထောင်ဂိုဏ်းသားများလည်း ရှိနေကြသေးသည် မဟုတ်လော။
“မွန်စတားဘုရင်နဲ့ကျုပ် ခင်ဗျားတို့ကို လိုက်ပို့ပေးမယ်။ ပြီးတော့ ကျုပ် ဂိုဏ်းချုပ်ရီနဲ့ ဆွေးနွေးစရာလည်း ရှိသေးတယ်”
“ဒါဆိုရင် စီနီယာရန်နဲ့ မွန်းစတားဘုရင်တို့ကို ကြိုပြီး ကျေးဇူးတင်ပါတယ်” ရီဟန်က ပြုံး၍ ပြောလိုက်သည်။ ရန်ကိုင်နှင့် မွန်းစတားဘုရင်မှ သူတို့အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသည့်အတွက်ကြောင့် လမ်းတစ်လျှောက်တွင် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
ထိုသို့ဖြင့် ရန်ကိုင်တို့အဖွဲ့သည် အရိပ်ဓါးပျံမြို့မှထွက်၍ တောင်ဘက်ဆီသို့ ထွက်လာခဲ့လေ၏။
“ရန်ကိုင်၊ ငါနင့်ကို ပြောစရာတစ်ခုရှိတယ်” သွားနေရင်း လမ်းတစ်ဝက်တွင် ကျုချင်းက ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ရုတ်တရက် ဆက်သွယ်လာခဲ့သည်။
“ဘာပြောမလို့လဲ” ရန်ကိုင်က ကျုချင်းဘက်သို့လှည့်၍ မေးလိုက်၏။
ကျုချင်းသည် ပျံသန်းနေရာမှ ရုတ်တရက် ရပ်လိုက်လေသည်။ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ယင်ဖေးနှင့် အခြားသူများကို သွားထားနှင့်ရန် ပြောပြီးနောက် ရပ်ကျန်ခဲ့လေ၏။
အကုန်လုံး ထွက်သွားပြီးနောက်တွင် ရန်ကိုင်က မေးလိုက်လေသည် “ဘာကိစ္စမို့လို့ ဒီလောက် တိုးတိုးတိတ်တိတ် လုပ်ချင်နေရတာလဲ”
ကျုချင်းက ပြောလိုက်သည် “ကြယ်ဝိဥာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ကို သတ်လိုက်တဲ့ကိစ္စကို နင်စိတ်မပူဘူးလား”
ရန်ကိုင်က ဝမ်းသာအားရဖြင့် “နင်ငါ့ကို စိတ်ပူနေတာလား”
ကျုချင်းက ယဲ့ယဲ့လေးပြုံးလျက် “နင်နဲ့ငါက ဒီလောက် ရင်းနှီးတာမှမဟုတ်တာ နင်သေတာရှင်တာကို ငါက ဘာကိစ္စ စိတ်ပူပေးနေရမှာလဲ”
“ဒါဆို နင်ဘာလို့ ငါ့ကို ဒါတွေ လာမေးနေတာလဲ” ရန်ကိုင်သည် ကျုချင်းအား စိတ်ဝင်တစား ကြည့်ရင်းမှ မေးလိုက်သည်။
ရန်ကိုင်၏ အကြည့်ကြောင့် ကျုချင်း နေမထိထိုင်မထိ ဖြစ်သွားခဲ့လေသည်။ အခြားတစ်ဖက်သို့ အကြည့်လွှဲလိုက်ရင်းမှ ပြန်ပြောလိုက်၏ “ကြယ်ဝိဥာဉ်နန်းတော်ရဲ့ အကြီးအကဲ ဘယ်လို အပြစ်တွေပဲလုပ်ခဲ့လုပ်ခဲ့၊ သူက ကြယ်ဝိဥာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေတုန်းပဲ။ အပြစ်ပေးမယ်ဆိုရင်တောင် သူတို့ကပဲ အပြစ်ပေးမှာ။ အဲ့ဒါကို နင်က သူ့ကို သွားသတ်လိုက်တာဆိုတော့ ကြယ်ဝိဥာဉ်နန်းတော်က ဒီကိစ္စကို အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ အခြားပြဿနာတွေ၊ လူတွေအများကြီးလည်း ပါဝင်ပက်သက်နေသေးတယ်။ ဒီတော့ နင်ပုန်းချင်တယ်ဆိုရင်တောင် ပုန်းလို့ရမှာမဟုတ်ဘူး။ ကြယ်ဝိဥာဉ်နန်းတော်က နင့်ကို ကျိန်းသေ ရှာတွေ့လိမ့်မယ်”
“ငါပုန်းမယ်လို့ ပြောလို့လား” ရန်ကိုင်က ပြုံးကာ ပြန်မေးလိုက်လေသည်။
ရန်ကိုင် အနေဖြင့် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာကို မသတ်ခဲ့ရခြင်းမှာ မျက်မြင်သက်သေ လိုသည့်အတွက်ကြောင့်လည်း ပါပေသည်။ ရန်ကိုင်သာ ထိုလူအားလုံးကို သတ်လိုက်မည်ဆိုပါက ကြယ်ဝိဥာဉ်နန်းတော်မှ စုံစမ်းလာသော် အကုန်လုံးသည် သူတစ်ယောက်တည်း၏ စကားသာ ဖြစ်သွားမည်ဖြစ်ပြီး သူ့စကားကို အာမခံပေးမည့်လူ မည်သူမှ ရှိတော့လိမ့်မည် မဟုတ်ချေ။ ထိုသို့ ဖြစ်လာသည့်အခါ သူ့စကားဟာလည်း သိပ်ပြီး ယုံရတော့လိမ့်မည် မဟုတ်ချေ။ သို့ရာတွင် ယခု ဧကရာဇ်အဆင့် ပညာရှင်များမှာ အသက်ရှင်နေရာ သူတို့သာ မျက်မြင်သက်သေအဖြစ် ပါဝင်လာမည်ဆိုပါက ကြယ်ဝိဥာဉ်နန်းတော်အနေဖြင့် ရန်ကိုင်အား အပြစ်တင်ချင်လျှင်ပင် အလွယ်တကူ အပြစ်တင်နိုင်တော့လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ကြယ်ဝိဥာဉ်နန်းတော်သည်သာ ယခုကိစ္စတစ်ခုလုံးကို မျက်မြင်သက်သေ မရှိအောင် လုပ်ပစ်ချင်သည်ဆိုပါက ရန်ကိုင်တွင် ရွေးစရာရှိတော့လိမ့်မည် မဟုတ်ချေ။
“နင်လုံးဝ စိတ်မပူတာလား” ကျုချင်းက ရန်ကိုင်ကို ကြည့်၍ မေးလိုက်သည်။ သူမ မျက်နှာထားအရတော့ ရန်ကိုင်ပြောသည်ကို မယုံသည်မှာ အသိသာကြီးပင်။
ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောလျက် “ငါတို့လို လူတွေက ဒီလောကကြီးရဲ့ ကျေးဇူးကြွေးနဲ့ ရန်ကြွေးဆိုတဲ့ သံသရာထဲမှာ လည်နေကြရတာ။ ရှိသမျှ ကိစ္စတိုင်းကိုသာ တစ်ခုမကျန် လိုက်ပြီး စိတ်ပူနေရရင် ငါမှာ တွေးပူစရာတွေ တစ်ပုံတစ်ခေါင်းကြီး ဖြစ်သွားမှာပေါ့။ အဲ့ဒါဆို သက်ရှင်နေရတာ ဘာမှား အဓိပ္ပါယ်ရှိနေဦးမှာလဲ”
ကျုချင်းသည် ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်ကာ ရန်ကိုင်ကိုသာ မမှိတ်မသုံ စိုက်ကြည့်နေမိတော့လေသည်။
တစ်ခဏကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ကျုချင်းက ဆက်ပြောလိုက်၏ “လတ်တလောတော့ နင်တစ်နေရာရာမှာ သွားပုန်နေရင် ကောင်းလိမ့်မယ်”
“အခြားတစ်ယောက်လည်း ငါ့ကို ဒါမျိုး ပြောဖူးတယ်” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။
ဟွာယုလုသည် ရန်ကိုင်အား မြောက်ဘက်နယ်မြေ၏ တားမြစ်နေရာဖြစ်သော ရေခဲနယ်မြေ၌ သွားပုန်းရန် ပြောခဲ့သည်။ ယခု ကျုချင်းလည်း သူ့အား ထိုကဲ့သို့ ထပ်ပြောလာလေသည်။
“ကြယ်ဝိဥာဉ်နန်းတော်ကို လမင်းမဟာဧကရာဇ်က အုပ်ချုပ်နေတာ။ သူသာ ငါ့ကို လိုက်ရှာမယ်ဆို ဒီကြယ်တာရာအစုအဝေးထဲမှာ ငါပုန်းနိုင်တဲ့နေရာ ရှိမှာ မဟုတ်ဘူး။ ဒီတော့ ငါပုန်းမှာမဟုတ်ဘူး” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလျက် ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး မရှိရမှာလဲ” ကျုချင်းက ချက်ချင်း ပြန်ပြောလိုက်၏ “ဒီလောကကြီးမှာ နင်ပုန်းနိုင်တဲ့နေရာတစ်ခုရှိတယ်။ နင်သာ အဲ့မှာသွားပုန်းနေမယ်ဆိုရင် လမင်းမဟာဧကရာဇ်တောင် နင့်ကို လာပြဿနာရှာနိုင်မှာ မဟုတ်ဘူး”
“နင်ဘာပြောမလဲ ငါသိပြီးသား။ နင်ငါ့ကို နဂါးကျွန်းမှာ သွားပုန်းခိုင်းစေချင်နေတာမလား” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်သည်။
ကျုချင်းက ခေါင်းညိတ်လိုက်၏ “ဟုတ်တယ်။ နဂါးကျွန်းပဲ”
“ကျွတ်၊ ကျွတ်...” ရန်ကိုင်သည် နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း မေးစေ့ကို လက်ဖြင့်ပွတ်လျက် ကျုချင်း၏ ခန္ဓာကိုယ်ကို အစုံအဆန် ဝေ့ကြည့်လိုက်လေသည်။
“နင်ဘာကြည့်နေတာလဲ” ရန်ကိုင်၏ အကြည့်ကြောင့် ကျုချင်း စိတ်မသက်မသာ ဖြစ်သွားရသည်။ မမြင်နိုင်သည့် လက်တစ်စုံမှ သူမ၏ ခန္ဓာကိုယ်အား ပွတ်သပ်နေသလို ခံစားရလေသည်။
“ငါသိချင်နေတာ...” ရန်ကိုင်က ကျုချင်းကိုကြည့်၍ ပြုံးဖြီးလျက် “နင်ငါ့ကို နဂါးကျွန်းဆီ တောက်လျှောက်ချည်းပဲ သွားခိုင်းနေတာ၊ နင် ဘာကြံနေတာလဲ”
ယခင်တစ်ကြိမ်ကတော့ ရန်ကိုင် သိပ်ဂရုမစိုက်ခဲ့ချေ။ သို့သော်ငြား ကျုချင်းမှ နဂါးကျွန်းအကြောင်း နောက်တစ်ကြိမ် ထပ်ပြောလာသော် ရန်ကိုင်စိတ်ထဲ တစ်ခုခု မှားယွင်းနေပြီမှန်း တန်းသိလိုက်တော့သည်။
သူ့အား နဂါးကျွန်းသို့ သွားခိုင်းနေသည်မှာ သူမတစ်ယောက်တည်းနှင့် သူအား မနိုင်သည့်အတွက်ကြောင့် သူမ၏ ညီအစ်ကိုမောင်နှမများကို ခေါ်၍ သူ့အား အနိုင်ယူချင်နေသည့် အတွက်ကြောင့်လား။ ဤလောကကြီး၌ မိန်းမတစ်ယောက်၏ စိတ်ထဲ ပို၍ အဆိပ်ပြင်းသည့် အရာမရှိသည်မှာ တကယ်ကို မှန်ပေသည်။
“ငါက ဘာကြံရမှာလဲ” ကျုချင်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ရန်ကိုင်ဆီမှ အကြည့်လွှဲသွားခဲ့သည်။ သူမ ပုံစံကိုကြည့်ရင်း ကျုချင်း တစ်ခုခု ကြံနေသည်ဟု ရန်ကိုင် ပို၍ ယုံကြည်လာရတော့လေသည်။
“ဖြစ်နိုင်တာက...” ရန်ကိုင်က မျက်မှောင်ကြုတ်၍ “နင်ငါ့ကို ကြိုက်သွားလို့များ ငါ့ကို နင့်စိတ်ကြိုက် ထိန်းချုပ်လို့ရအောင် နဂါးကျွန်းဆီ ခေါ်သွားချင်နေတာလား”
“နင်... နင်...” ကျုချင်း ဒေါသပုန်ထသွားခဲ့သည်။ ရန်ကိုင်လောက် မျက်နှာပြောင်တိုက်သည့်လူမျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်သည် ဝါးလုံးကွဲအော်ရယ်မောလျက် ယင်ဖေးတို့နောက်သို့ လိုက်သွားလေ၏။
“နေဦး” ကျုချင်းမှာ မီးခဲပေါ် ဖင်ခုထိုင်နေရသည့်နှယ် စိတ်မငြိမ်ခဲ့သလို အတော်လေးကိုလည်း ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။ သူမ၏ အကြီးအကဲပေးသည့် အကြံသည် မည်သို့များ အလုပ်မဖြစ်ရသနည်း။ သူမသည် ရန်ကိုင်အား နဂါးကျွန်းတွင် လာပုန်းနိုင်သည်ဟု ဖိတ်ခေါ်လိုက်ပါက ရန်ကိုင်မှ သူ့အား ကျေးဇူးတင်သွားလိမ့်မည်ဟု ထင်နေခဲ့ပါသော်ငြား ယခုကဲ့သို့ အလှည့်အပြောင်း ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကြည့်ရသလောက် ရန်ကိုင်အား နဂါးကျွန်းဆီသို့ ပြန်ခေါ်နိုင်ရန် အလွန်ကိုမှ ကြာဦးမည့်ပုံပင်။
…
အပျက်အစီးပုံများ နေရာအနှံ့တွင် ရှိနေကြလေ၏။ လေထဲတွင်ဝဲရင်းမှ ရီဟန်သည် အောက်ဘက်ရှိ အပျက်အစီးပုံကြီးအား စိတ်မချမ်းမြေ့သည့် အမူအရာဖြင့် ငုံ့ကြည့်နေ၏။ တစ်ခဏအကြာတွင် လူတိုင်းသည် ဧကရာဇ်တောင်ကြားနှင့် ဆက်သွယ်ပေးထားသော ဟင်းလင်းပြင်အစီအရင် ရှိနေသည့် နေရာဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။
အသက်ရှင်ကျန်ရစ်နေသော ရာနှင့်ချီသည့် တပည့်များနှင့် ပြန်ဆုံရသည့်အခိုက် ရီဟန်မှာ သူ့မျက်ရည်များကို ဆက်မထိန်းနိုင်တော့ချေ။ မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သည့် အမွေအနှစ်သည် သူ့လက်ထပ်တွင် ပျက်စီးသွားခဲ့ရသဖြင့် ရီဟန်မှာ သူ့ကိုယ်သူ အပြစ်တင်မဆုံး ဖြစ်နေခဲ့လေသည်။ ဂိုဏ်း၏ အမွေအနှစ်များအနက် ဧကရာဇ်တောင်ကြား တစ်ခုသည်သာ အကောင်းအတိုင်း ကျန်ရစ်ခဲ့ရတော့သည်။ ကောင်းကင်အဆင့်ရုပ်သေးရုပ်ကိုးရုပ် သူ့လက်ထဲသို့ ပြန်ရောက်နေပါသော်ငြား ရန်ကိုင်မှာမူ သူ့ဂိုဏ်းသူ မည်ကဲ့သို့ ပြန်လည် တည်ထောင်ရမှန်းမသိ ဖြစ်နေခဲ့လေသည်။
ရန်ကိုင်မှ ဧကရာဇ်တောင်ကြားထဲ လျှောက်သွားနေစဉ် ကျုချင်းသည် အရိပ်ပမာ ရန်ကိုင်နောက်မှ တကောက်ကောက် လိုက်နေခဲ့သည်။ ထို့အပြင် သူ့နောက်သို့ လိုက်နေရင်းမှ ရန်ကိုင်အား နဂါးကျွန်းသို့သွားရန် တတွတ်တွတ် လာပြောနေသဖြင့် ရန်ကိုင်မှာ အလွန်ကိုမှ စိတ်ညစ်နေရလေသည်။
ကျုချင်း သူ့အပေါ် မည်သည့် အကောင်းသည့် ရွယ်ရွယ်ချက်မှ ရှိမနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်သည် ဤအမျိုးသမီးအား အစောကြီးကတည်းက ကန်ထုတ်ပစ်လိုက်ပေပြီ။
“နင်ဒီအတိုင်း လျှောက်သွားပြီး ဘာလုပ်နေတာလဲ” ရန်ကိုင်နောက်သို့ နေ့ဝက်ကြာအောင် လိုက်လာပြီး ဧကရာဇ်တောင်ကြား တစ်ဝက်လောက်ကို လျှောက်သွားပြီးသည့်နောက်တွင် ကျုချင်းမှာ မနေနိုင်တော့ဘဲ မေးလိုက်လေ၏။
“ယောကျာ်းတွေ အလုပ်လုပ်နေရင် မိန်းမတွေ တိတ်တိတ်နေသင့်တယ်” ရန်ကိုင်ကမူ ကျုချင်းကို လျစ်လျူရှုထားလိုက်ပြီး သူ့ရှေ့ရှိ တောင်ကြားကိုကြည့်ကာ ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။
ကျုချင်း၏ မျက်နှာလေး ဒေါသကြောင့် မဲ့သွားခဲ့လေသည်။ ထို့နောက် ခြေဆောင့်လျက် လာရာလမ်းကြောင်းအတိုင်း လှည့်ထွက်သွားလေ၏။
“ဒေါသကလည်း ကြီးလိုက်တာ” ရန်ကိုင်သည် ထွက်သွားသည့် ကျုချင်းကိုကြည့်ရင်း ရယ်သွမ်းသွေးလျက် ပြောလိုက်၏။
ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရီဟန်အား ရှာကြည့်လိုက်သည်။ တွေ့သည်နှင့် တစ်ပြိုင်နက် လေဟာနယ်နိယာမစွမ်းအားကိုသုံး၍ ရီဟန်ဘေးနားတွင် ပြန်ပေါ်လာခဲ့လေသည်။
“စီနီယာရန်” ရီဟန် အလျင်စလို ထရပ်လိုက်သည်။
ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ ဆက်ထိုင်နေရ ပြောလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏ “ဂိုဏ်းချုပ်ရီ၊ နောက်ဘာဆက်လုပ်မလဲ စဉ်းစားပြီးသွားပြီလား”
ရီဟန်က သက်ပြင်းအမောကြီးချလျက် “စဉ်းတော့စဉ်းစားတာပဲ၊ ဘယ်က စရမှန်းမသိ ဖြစ်နေတာ။ ဒါပေမယ့် ဒီကိစ္စကြောင့် ဒီရီ တစ်ခုကိုတော့ သိသွားပြီ”
“ပြောကြည့်စမ်းပါဦး” ရန်ကိုင်က ပြောလိုက်သည်။
“အဖိုးတန်ရတနာတွေ ရှိနေပေမယ့် အဲ့ရတနာတွေကို ကာကွယ်နိုင်တဲ့အင်အား မရှိလို့ ကျုပ်တို့တွေ အခုလို ဖြစ်ရတာလဲ” ရီဟန်က ခါးသက်သက် လေသံဖြင့် ပြောလိုက်သည် “ရွက်တစ်ထောင်ဂိုဏ်းမှာ ကောင်းကင်အဆင့်ရုပ်သေးရုပ် ကိုးရုပ်ရှိနေပေမယ့် ဧကရာဇ်အဆင့် ပညာရှင် တစ်ယောက်တောင် ရှိမနေတော့ ရုပ်သေးရုပ်ရဲ့ စွမ်းအား အပြည့်အဝကို မထုတ်ဖော်နိုင်ခဲ့ဘူး။ အခုလောလောဆယ် ဂိုဏ်းကို ပြန်ပြီး တည်ထောင်ချင်ပေမယ့် ဒီလူအား၊ ခွန်အားနဲ့ကတော့ ပြဿနာကို လက်ယပ် ခေါ်နေသလိုပဲ ဖြစ်နေမှာ”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ဒီတော့ ဂိုဏ်းချုပ်ရီက အရင်ဆုံး ခွန်အားကို တိုးတက်လာအောင် လုပ်ချင်တယ်ပေါ့”
ရီဟန်က ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်။ ဧကရာဇ်တောင်ကြားထဲက မိုးမြေစွမ်းအင်က တော်တော်ကို သိပ်သည်းတယ်။ ဒီတော့ ဒီမှာသာ လေးငါးနှစ်လောက် ကျင့်ကြံလိုက်မယ်ဆိုရင် ဒီရီ ဧကရာဇ်အဆင့်ကို ချိုးဖျက်နိုင်လောက်တယ်။ အဲ့အချိန်ကျရင် ဂိုဏ်းကို ကာကွယ်နိုင်မယ့်ခွန်အားကို ပိုင်ဆိုင်နိုင်သွားပြီ”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဂိုဏ်းချုပ်ရီက သေချာ စဉ်းစားထားတာပဲ” တစ်ချက်မျှ ရပ်ပြီးနောက် ရန်ကိုင်က ဆက်ပြောလိုက်သည် “ဒါပေမယ့် ကျုပ်မှာအကြံတစ်ခုရှိတယ်။ ဂိုဏ်းချုပ်ရီ နားထောင်ကြည့်ချင်လားတော့မသိဘူး”