← Chapters

အခန်း (၂၇၁၃)

Vol. 116 Ch. 2713

အခန်း (၂၇၁၃)

Vol. 116 Ch. 2713

“စီနီယာရန် ဘာပြောချင်လို့လဲ၊ ပြောကြည့်လေ” ရီဟန်က ပြန်ပြောလိုက်သည်။

ရန်ကိုင်က ပြုံးလျက် “ဧကရာဇ်တောင်ကြားက တကယ်ကိုမဆိုးဘူး။ လုံကလည်း လုံခြုံတယ်။ မိုးမြေစွမ်းအင်ကလည်း သိပ်သည်းတယ်ဆိုတော့ တကယ်ကို ကျင့်ကြံလို့ ကောင်းတဲ့နေရာတစ်ခုပဲ။ ဒါပေမယ့် ဒီနေရာက အရမ်း ကျဉ်းလွန်းတယ်။ သွားရလာရတာ သိပ်အဆင်ပြေမှာမဟုတ်ဘူး။ ဂိုဏ်းချုပ်ရီ တံခါးပိတ် ကျင့်ကြံဖို့အတွက်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ရွက်တစ်ထောင်ဂိုဏ်းက တပည့်တွေအတွက်ကော... ဂိုဏ်းချုပ်ရီ သူတို့အတွက်ကော စဉ်းစားပြီးသွားပြီလား”

ငါးရာသော တပည့်များ၏ ခွန်အားမှာ မတူညီကြချေ။ သူတို့သည်သာ ဤနေရာတွင် လေးငါးနှစ်လောက်ကြာအောင် ပိတ်မိနေမည်ဆိုပါက သူတို့၏ ခွန်အားမှာ မည်ကဲ့သို့ ဖြစ်လာမည်နည်း။ သူတို့စိတ်ထဲတွင်ကော ဤနေရာတွင် ပိတ်လှောင်ပြီး နေရသည့်အပေါ် အဆင်ပြေပါလိမ့်မည်လား။

ရီဟန်က သက်ပြင်းချလျက် “ဒီရီလည်း အဲ့ဒါကို စဉ်းစားမိတယ်။ ဒါပေမယ့် ဒီနေရာကလွဲပြီး ငါတို့ သွားစရာ အခြားနေရာ ရှိသေးလို့လား”

ရန်ကိုင်က ပြန်ပြောလိုက်လေ၏ “ကျုပ်မှာ ရှိတယ်ဆိုရင်ကော”

“ပိုကောင်းတဲ့နေရာလား” ရီဟန် အံ့အားသင့်သွား၏။

ရန်ကိုင်က ရှင်းပြလိုက်လေ၏ “ဟုတ်တယ်။ အဲ့နေရာက ဒီနေရာထက် အဆပေါင်း ထောင်နဲ့ချီပြီး ပိုကျယ်တယ်။ မိုးမြေစွမ်းအင်ကလည်း ပိုသိပ်သည်းတယ်။ လူငါးရာ မပြောနဲ့၊ ငါးထောင်တောင် အသာလေး နေလို့ရတယ်။ နေစရာနေရာတွေကလည်း အများကြီးပဲ။ ဘယ်သူနဲ့မှ နေရာရဖို့အရေး လိုက်ပြိုင်နေစရာ မလိုဘူး။ ဂိုဏ်းချုပ်ရီသာ အဲ့ကိုသွားမယ်ဆိုရင် လေးငါးနှစ်တောင် မလိုဘူး။ နှစ်နှစ်လောက်နဲ့ ဧကရာဇ်အဆင့်ကို ရောက်တယ်”

ထိုစကားကိုကြားသည့်အခါ ရီဟန်၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ရန်ကိုင် ပြောသည်ကို နားထောင်ပြီးသည့်နောက် သူ့မျက်လုံးထဲ သာယာလှပသော တောင်တန်းများတစ်လျှောက် ကြီးကျယ်ခမ်းနားလှသည့် နန်းတော်များနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ပေါ်လာခဲ့လေသည်။

သို့သော်ငါး မကြာမီတွင် မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏ “အဲ့လို ရတနာကုန်းမြေကြီးသာ ရှိမယ်ဆို ထိပ်တန်းဂိုဏ်းကြီးတွေ နေရာယူထားလို့ ကုန်ပြီ။ ရွက်တစ်ထောင်ဂိုဏ်းက အဲ့လိုနေရာမျိုးကို ဘယ်လိုမှ သွားပြိုင်လုနိုင်မှာ မဟုတ်ဘူး”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်၏ “ဂိုဏ်းချုပ်ရီ ပြောတာအမှန်ပဲ။ အဲ့နေရာကို ဂိုဏ်းတစ်ဂိုဏ်းက နေရာယူထားတယ်။ ဒါပေမယ့် အဲ့ဂိုဏ်းက မကြာသေးခင်ကပဲ ဖျက်စီးခံလိုက်ရတယ်”

“အို” ရီဟန် ထိတ်လန့်သွားလေ၏ “အဲ့ဂိုဏ်းက ဘယ်မှာလဲ သိလို့ရမလား စီနီယာရန်”

“မြောက်ဘယ်နယ်မြေမှာရှိ၊ အဲ့ဂိုဏ်းကို ရမ္မက်ရှာဂိုဏ်းလို့ ခေါ်တယ်”

ရီဟန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ခဏမျှ စဉ်းစားနေပြီးနောက် အလန့်တကြား အမူအရာဖြင့် “သခင်လေးရန်ပြောတဲ့ ရမ္မက်ရှာဂိုဏ်းက ဟိုရမ္မက်ရှာဂိုဏ်းကို ပြောတာလား”

ရီဟန်ပုံစံကို ကြည့်ရသလောက် ရမ္မက်ရှာဂိုဏ်းအကြောင်း သိထားသည့်ပုံပင်။ ကြားလည်းကြားဖူးချင်စရာပင်။ ရမ္မက်ရှာဂိုဏ်းသည် မြောက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပေလော။ ထိုဂိုဏ်းကို အုပ်ချုပ်နေသည့် လူမှာလည်း ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းသည် နေမင်းပြာကျောင်းတော်နှင့် ယှဉ်နိုင်သည့် အင်အားစုတစ်ခု ဖြစ်ပေသည်။

“ဟုတ်တယ်”

“ရမ္မက်ရှာဂိုဏ်းကို ဘယ်သူ ဖျက်စီးလိုက်တာလဲ” ရီဟန် အံ့အားသင့်နေလေသည်။ ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်း ဖျက်စီးခံလိုက်ရသည့် သတင်းမှာ အမှန်တကယ်ကို ထိတ်လန့်စရာကောင်းလှပေသည်။

ထိုသို့ ပြောပြီးသည့်နောက်တွင် ရီဟန်သည် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ရန်ကိုင်ကိုကြည့်၍ “ဖြစ်နိုင်တာက စီနီယာရန်...”

ရမ္မက်ရှာဂိုဏ်းအား အုပ်ချုပ်နေသည့်လူမှာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သော်ငြား ရန်ကိုင်သည် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ကြယ်ဝိဥာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးကိုပင် သတ်ပစ်နိုင်သူတစ်ဦးဖြစ်ကာ သူ့တွင် မွန်းစတားဘုရင်တစ်ပါးလည်း ရှိနေပေသးသည်။ ထိုကြောင့် ရန်ကိုင် အနေဖြင့် ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်းအား ဖျက်စီးဖို့ရာမှာ မဖြစ်နိုင်လှသည်တော့ မဟုတ်ချေ။

ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် ပြန်ပြောလိုက်၏ “အဲ့နေရာမှာ ထက်ကောင်းကင်နန်းတော်ကို ကျုပ်တည်ထောင်ထားတယ်။ ဂိုဏ်းချုပ်ရီ အဆင်ပြေတယ်ဆိုရင် အဲ့မှာ ယာယီနေလို့ရတယ်။ လုံခြုံရေးနဲ့ ပက်သက်ပြီး ဘာမှ စိတ်ပူနေစရာမလိုဘူး။ အဲ့က အစီအရင်ပညာရှင်တစ်ယောက်ကို ပြောပြီး ဂိုဏ်းရဲ့ ကာကွယ်ရေးအစီအရင်ကို အဆင့်မြှင့်တင်ခိုင်းထားတယ်”

ရီဟန်သည် ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်နေမိလိုက်သည်။

ရန်ကိုင် အသက်မည်မျှပင် ရှိနေသေးလို့နည်း။ ဤမျှ အသက်ငယ်ငယ်လေးဖြင့် မြောက်ဘက်နယ်မြေရှိ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းကို ဖျက်စီးကာ ထိုနေရာတွင် သူ့ကိုယ်ပိုင် ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။

ထို့နောက် ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်ကိုပင် မကာကွယ်နိုင်သည့် သူ့ကိုယ်သူ ပြန်စဉ်းစားကြည့်မိလိုက်သည်။ သူသည် ရန်ကိုင်နှင့် လုံးဝ မယှဉ်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။

ရန်ကိုင်က ဆက်ပြောလိုက်သည် “ကျုပ် ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားပေမယ့် ဂိုဏ်းထဲမှာ လူနည်းနည်းပဲ ရှိသေးတယ်။ ဒီတော့ အဲ့နေရာ တစ်ခုလုံးက အခုလောလောဆယ် ဟာလာဟင်းလင်း ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလောလောဆယ်တော့ လူရှိဦးမှာ မဟုတ်သေးဘူး။ ဂိုဏ်းချုပ်ရီ အဆင်ပြေတယ်ဆိုရင် အဲ့မှာသွားနေလို့ရတယ်”

ရီဟန်က ပြန်မေးလိုက်လေ၏ “စီနီယာရန်ရဲ့ဂိုဏ်းမှာ အခု လူဘယ်လောက်ရှိလဲ”

ရန်ကိုင်က ခြောက်ကပ်ကပ်ရယ်မောလျက် လက်သုံးချောင်း ထောင်ပြလိုက်၏။

“သုံးထောင်လား။ မဆိုးပါဘူး” ရီဟန် ကြောင်သွားခဲ့လေသည်။ ရမ္မက်ရှာဂိုဏ်းအတွက် လူသုံးထောင်ဟူသော ပမာဏမှာ ဘာမှ မပြောပလောက်ချေ။ ရွက်တစ်ထောင်ဂိုဏ်း ကဲ့သို့သော ဂိုဏ်းငယ်လေး တစ်ဂိုဏ်းတွင်ပင်လျှင် လူသုံးထောင်ကျော် ရှိပေသည်။

“မဟုတ်ဘူး... သုံးထောင်မဟုတ်ဘူး” ရန်ကိုင်က ကသိကအောက် အမူအရာဖြင့် ပြောလိုက်သည်။

“သုံးရာလား” ရီဟန် ကြောင်သွားလေသည်။ သို့သော်ငြား သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ရီဟန် ကြောင်သွားခဲ့လေသည်။ ရန်ကိုင် ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားသည်မှာ မကြာသေးသည့် အတွက်ကြောင့် တပည့်များများစားစား မစုဆောင်းနိုင်လောက်သေးချေ။ ဂိုဏ်းသစ် တစ်ဂိုဏ်းအနေဖြင့် တပည့်များကို လက်ခံမည်ဆိုလျှင် သေသေချာချာ စီစစ်ဖို့ လိုအပ်ပေသည်။ ဂိုဏ်းထဲဝင်ချင်သည့် ကြုံရာလူတိုင်းကို လက်ခံလိုက်၍ မဖြစ်ချေ။ တပည့်သုံးရာတည်းသာ ရှိနေလျှင်ပင် ထိုတပည့်သုံးရာသည် အမှန်တကယ်ကို တော်သည့်လူများ ဖြစ်ကြပေလိမ့်မည်။

ရီဟန်ကို ကြည့်ရင်း ရန်ကို်င ဆွံ့အနေခဲ့သည်။ နောက်ဆုံး မကြည့်နိုင်တော့သည့် အဆုံး၌ ပြန်ပြောလိုက်လေ၏ “သုံးရာမဟုတ်ဘူး”

“သုံးရာမဟုတ်ဘူး...” ရီဟန် ကြောင်သွားလေ၏ “ဒီတော့...”

“ဟုတ်တယ်။ သုံးယောက်ပဲ။ အခုလောလောဆယ် ဂိုဏ်းမှာ သုံးယောက်ပဲ ရှိသေးတယ်” ရန်ကိုင်က ကသိကအောက် အမူအရာဖြင့် ရယ်မောရင်းမှ ပြောလိုက်သည်။

ရီဟန်မှာ သူ့နားသူ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ ထိုမျှ ကျယ်ဝန်းလှသည့် ဂိုဏ်းထဲတွင် တကယ်ကြီး သုံးဦးတည်းသာ ရှိနေခြင်းလား။ ထိုသုံးယောက်မှာ မည်မျှပင် အဆင်ပြေလိုက်မည်နည်း။ သိပ်သည်းလှသော မိုးမြေစွမ်းအင်နှင့်တကွ ကျယ်ဝန်းလှသည့် နေရာတစ်ခုလုံးကို သုံးဦးတည်း အပိုင်စားရထားသည်မှာ မည်မျှပင် အဆင်ပြေလိုက်မည်နည်း။

“သုံးယောက်တည်း ဆိုပေမယ့် အဲ့သုံးယောက်က တပည့်တွေ မဟုတ်ဘူး။ ဧည့်အကြီးအကဲတွေပဲ။ အခုလောလောဆယ်တော့ ဂိုဏ်းထဲမှာ တပည့် တစ်ယောက်မှ မရှိသေးဘူး”

ရန်ကိုင်သည် ဘေးဘက်သို့လှမ်းကြည့်ရင်းမှ ညွှန်ပြ၍ ပြောလိုက်သည် “ယင်ဖေးက သူတို့ သုံးယောက်ထဲက တစ်ယောက်ပဲ။ ကျန်တဲ့ နှစ်ယောက်ကလည်း... သူ့လိုပဲ၊ မွန်းစတားဘုရင်တွေ။ အခုလောလောဆယ် အဲ့နှစ်ယောက်က ဂိုဏ်းကို စောင့်ရင်း ကျန်ခဲ့တယ်။ ဒါကြောင့် ဂိုဏ်းချုပ်ရီ သူတို့ကို မတွေ့တာ”

ရီဟန် သက်ပြင်းရှိုက်လျက် ပြန်မေးလိုက်၏ “နောက်ထပ်... မွန်းစတားဘုရင်နှစ်ပါလား”

“ဟုတ်တယ်” ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။

ရီဟန်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ကြောင်တောင်တောင် ဖြစ်နေလေ၏။

ရန်ကိုင်ဘေးနားတွင် မွန်းစတားဘုရင်တစ်ပါး ရှိနေသည်မှာ သူ့အတွက် အလွန်ကိုမှ ကောင်းလွန်းနေပြီဟု ထင်ခဲ့ပါသော်ငြား နောက်ထပ် မွန်းစတားဘုရင်နှစ်ပါး ထပ်ရှိနေလိမ့်ဦးမည်ဟု လုံးဝ မထင်ထားခဲ့ချေ။ မကြာသေးခင်ကမှ တည်ထောင်ထားသော ဂိုဏ်းတစ်ဂိုဏ်းတွင် တပည့် တစ်ယောက်မှ မရှိပါသော်ငြား ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ဧည့်အကြီးအကဲသုံးဦး ရှိနေခဲ့သည်။

အချိန်သာပေးလိုက်မည်ဆိုပါက ထက်ကောင်းကင်နန်းတော်သည် ကြယ်တာရာအစုအဝေး တစ်ခုလုံးတွင် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ကျိန်းသေ ဖြစ်လာလိမ့်မည်ဟုပင် ရီဟန် ယုံကြည်နေမိလေသည်။

လုံခြုံရေးနှင့်ပက်သက်၍ ဘာမှစိတ်ပူစရာမလိုဟု ရန်ကိုင် ပြောခဲ့ခြင်းမှာ အထူးအဆန်း မဟုတ်တော့။ အားကောင်းသည့် ဂိုဏ်းကာကွယ်ရေးအစီအရင် ရှိနေသလို မွန်းစတားဘုရင် သုံးပါးကလည်း စောင့်ကြပ်နေလေရာ မည်သူကများ သူ့ဂိုဏ်းကို လာရန်စရဲပါမည်နည်း။

တစ်ချိန်တည်းတွင် ရီဟန် စိတ်လှုပ်ရှားလာခဲ့လေသည်။ ဧကရာဇ်တောင်ကြားနှင့် ယှဉ်လိုက်သော် ထက်ကောင်းကင်နန်းတော်သည် သူတို့ နေထိုင်ရန်အတွက် အများကြီး ပိုကောင်းသည့်နေရာတစ်ခု ဖြစ်သည်။ ဧကရာဇ်တောင်ကြားသည် နေရာကောင်းတစ်ခု ဖြစ်ပါသော်ငြား အကျယ်အဝန်းမှာ အတော်ကိုမှ ကျဉ်းလှသည်။ တပည့်ငါးရာစလုံးသည် ဤနေရာတွင် နေ၍ ကျင့်ကြံမည်ဆိုပါက သူတို့ ရရှိနိုင်သည့် မိုးမြေစွမ်းအင် ပမာဏမှာလည်း လျော့နည်းသွားရပေလိမ့်မည်။

သို့သော်ငြား ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည့်အလျောက် သူ့အနေဖြင့် ကိစ္စပေါင်းများစွာကို ထည့်စဉ်းစားရမည် ဖြစ်လေရာ ရီဟန်မှာ စိတ်လှုပ်ရှားနေသည့်တိုင် ချက်ချင်း သဘောမတူနိုင် ဖြစ်နေခဲ့သည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် ရီဟန်က သက်ပြင်းချလျက် ပြောလိုက်သည် “ရွက်တစ်ထောင်ဂိုဏ်း တည်ရှိလာတာ နှစ်ပေါင်းသောင်းနဲ့ချီနေပြီ။ ဒါပေမယ့် ဒီရီလက်ထက်ကို ရောက်မှပဲ ဂိုဏ်းက ပျက်စီးသွားရတာ။ ဒီရီ ဂိုဏ်းအတွက် အပြစ်သား တစ်ယောက် မဖြစ်ချင်ဘူး။ ဂိုဏ်းတစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားရမှာကိုလည်း မမြင်ချင်ဘူး”

ရန်ကိုင်က ပြုံးလျက် “ဂိုဏ်းချပ်ရီ ဘာကို စိတ်ပူနေလဲ ကျုပ်သိတယ်။ ဂိုဏ်းချုပ်ရီတို့ကို ကျုပ်ရဲ့ ထက်ကောင်းကင်နန်းတော်ထဲ ဆွဲသွင်းဖို့လုပ်နေတာ မဟုတ်ဘူး။ ဒီတော့ ဂိုဏ်းချုပ်ရီ အဲ့ကိစ္စကို စိတ်ပူနေစရာ မလိုဘူး။ ဂိုဏ်းချုပ်ရီတို့ အဆင်ပြန်ပြေသွားလို့ နောက်ပိုင်း ကိုယ့်ဘာသာ ရွက်တစ်ထောင်ဂိုဏ်းကို ပြန်တည်ထောင်ချင်တယ်ဆိုလည်း ကိစ္စမရှိဘူး။ ကျုပ်တားမှာမဟုတ်ဘူး”

ရီဟန် စိတ်ပူနေသည်မှာလည်း ထိုကိစ္စသာ ဖြစ်လေသည်။ ရန်ကိုင်သည် သူတို့အပေါ် ကျေးဇူးရှိပါသော်ငြား ရွက်တစ်ထောင်ဂိုဏ်းသည်သာ ထက်ကောင်းကင်နန်းတော်ထဲသို့ ဆွဲသွင်းခံလိုက်ရမည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်း လုံးဝ ပျက်စီးသွားရပေလိမ့်မည်။ ရွက်တစ်ထောင်ဂိုဏ်းဆိုသည်မှာ မရှိတော့ဘဲ ထက်ကောင်းကင်နန်းတော်သာ ရှိပေတော့မည်။

ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည်နှင့်အညီ သူ့တာဝန်သည် ဂိုဏ်းကို တည်တံ့အောင်လုပ်၍ စည်ပင်သာယာဝပြောလာအောင် ကြိုးပမ်းပေးရန် ဖြစ်လေရာ သူ့ဂိုဏ်း အဆုံးသတ်သွားမည်ကို မည်သို့များ ရပ်ကြည့်နိုင်ပါမည်နည်း။

ရန်ကိုင် ပြောလိုက်သည့် စကားကြောင့် ရီဟန် ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏ “ကြည့်ရတာ ဒီရီ ကိုယ်တိုင်က အစိုးရိမ်လွန်နေတာနဲ့တူတယ်”

သေချာပြန်စဉ်းစားကြည့်လိုက်သည့် အခါတွင်လည်း ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်းကို သူတို့ ဂိုဏ်းထဲသို့ တကယ်ကြီး ဆွဲသွင်းလိုပါက အတင်းအကြပ် အားသုံး၍ ဆွဲသွင်းနိုင်ကြောင်း တွေ့လိုက်ရလေသည်။ ဘာကြောင့်များ ယခုကဲ့သို့ အလုပ်ရှုပ်ခံ၍ သူတို့အား သူ့ဂိုဏ်းဆီသို့ တကူတကကြီး ဖိတ်ခေါ်နေပါမည်နည်း။

“ဂိုဏ်းချုပ် တစ်ယောက်ဆိုတော့ ဂိုဏ်းချုပ်ရီ အခုလို စဉ်းစားတာကို ကျုပ်နားလည်ပါတယ်” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

“စီနီယာရန်က စေတနာနဲ့ ဖိတ်ခေါ်ပေးနေတာမှတော့ ဒီရီဘက်က ငြင်းလိုက်ရင် ရိုင်းရာကျသွားမှာပေါ့။ စီနီယာရန်ရဲ့ ကျေးဇူးကို ကျုပ်တို့ တစ်သက် မမေ့ပါဘူး” ရီဟန်က ရန်ကိုင်အား ဦးညွှတ်လိုက်လေ၏ “ဒါပေမယ့် တောင်ဘက်နဲ့ မြောက်ဘက်နယ်မြေက ဒီလောက်ဝေးတာ၊ အဲ့ဘက်ကို ကျုပ်တို့ ဘယ်လိုသွားကြမှာလဲ”

“ကျုပ်မှာ အစီအစဉ်ရှိပြီးသား”

အကုန်လုံး အဆင်ပြေသွားသည့်နောက်တွင် ရန်ကိုင်သည် တောင်ကြားအလယ်၌ ဟင်းလင်းပြင်အစီအရင်တစ်ခုကို စတင် ခင်းကျင်းတော့လေသည်။

ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များကို ထက်ကောင်းကင်နန်းတော်ဆီသို့ ဖိတ်ခေါ်လိုက်ရသည့် ပထမဆုံးအချက်မှာ ဗလာကျင်းနေသည့် ဂိုဏ်းကို လူအချို့ဖြင့် ပြည့်သွားစေလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ဒုတိယအချက်အနေဖြင့် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၏ ရုပ်သေးရုပ် ပညာရပ်များကို အတော်လေး စိတ်ဝင်စားပေသည်။ ရွက်တစ်ထောင်ဂိုဏ်းမှလူများ သူတို့ဂိုဏ်းတွင် လာနေသည့် အခါ သူတို့ သိထားသည့် ပညာရပ်များအကြောင်းကို ပြန်လည် ဝေမျှပေးရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ထက်ကောင်းကင်နန်းတော်သည် ရုပ်သေးရုပ် ပညာရပ်များကို လေ့လာနိုင်သည့်နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။ နောက်နောင် အရိပ်ကြယ်မှ ရန်ကိုင်၏ မိတ်ဆွေနှင့် မိသားစုဝင်များ ဤနေရာသို့ ရောက်လာကြသော် သူတို့အနေဖြင့် စိတ်ဝင်စားပါက ရုပ်သေးရုပ်ပညာရပ်များကို လေ့လာနိုင်ပေလိမ့်မည်။

တတိယအချက်အနေဖြင့် ရန်ကိုင်သည် ဧကရာဇ်တောင်ကြားကို သူ၏ ဟင်းလင်းပြင်အစီအရင် ထားသိုနိုင်မည့် နေရာတစ်ခုအဖြစ် အသုံးချချင်ပေသည်။

ဧကရာဇ်တောင်ကြားသည် သီးသန့်ကမ္ဘာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ၎င်းအား ဆက်သွယ်ထားသည့် ဟင်းလင်းပြင်အစီအရင် ဖျက်စီးခံလိုက်ရပြီးသည့်နောက်တွင် ရန်ကိုင်မှလွဲ၍ မည်သူမှ ဤဟင်းလင်းပြင်အစီအရင်ကို ပြန်မဖွင့်နိုင်တော့ချေ။ ဤနေရာသို့ လူအရောက်အပေါက်မရှိသဖြင့် ဤနေရာတွင် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းထားလိုက်မည်ဆိုပါက လာဖျက်စီးမည့်သူ မရှိလေရာ ရန်ကိုင်သည် သူ၏ ဟင်းလင်းပြင်အစီအရင်တစ်ခုကို ဤနေရာ၌ ခင်းကျင်းချင်ပေသည်။

ရန်ကိုင်တွင် ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းရန် လောက်ငှရုံသော လေဟာနယ်ဝိဥာဉ်သလင်းကျောက်များနှင့် လေဟာနယ်ဝိဥာဉ်ကျောက်စိမ်းအချို့ ကျန်ရှိနေပေသေးသည်။

နေ့ဝက်ကြာပြီးနောက်တွင် ဟင်းလင်းပြင်အစီအရင် အသစ်တစ်ခု တောင်ကြားထဲ၌ ဖြစ်ပေါ်လာခဲ့လေသည်။

ထိုမြင်ကွင်းကို ရပ်ကြည့်နေသည့် ကျုချင်းမှာတော့ ရန်ကိုင်၏ လေဟာနယ်တာအိုအပေါ် ကျွင်းကျင်မှုကြောင့် အံ့အားသင့်နေခဲ့ရလေသည်။

ရီဟန်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရွက်တစ်ထောင်ဂိုဏ်းသားများအား သူ့အစီအစဉ်ကို သွားရောက် ပြထားလေ၏။ မည်သူမှ သူ့အစီအစဉ်အား ကန့်ကွက်ခြင်း မရှိချေ။ အကုန်လုံးသည် မြောက်ဘက်နယ်မြေသို့ပင် သွားရန် စိတ်အားထက်သန်နေကြသေး၏။ သူတို့ အရည်အချင်းနှင့်သာ ဆိုပါက ဒီတစ်သက်လုံး မြောက်ဘက်နယ်မြေသို့ သွားနိုင်လောက်လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် သူတို့ မွေးရပ်မြေနှင့် အလွန်ကိုမှ ဝေးကွာသည့် နေရာအကြောင်း သိလိုစိတ် ပြင်းပြင်သည်မှာ သဘာဝသာ ဖြစ်လေသည်။

အကုန်လုံး ပြင်ဆင်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ယင်ဖေးအား အရင်သွားရန် ပြောလိုက်လေသည်။ ထို့နောက် ရွက်တစ်ထောင်ဂိုဏ်း၏ ငါးရာသော တပည့်များကို အလှည့်ကျ သွားခိုင်းလေ၏။

ဟင်းလင်းပြင်အစီအရင်ကို တစ်ခါအသက်သွင်းလိုက်တိုင်း အရင်းအမြစ်ကျောက် မြောက်မြားစွာ ကုန်ကျကာ တစ်ကြိမ်လျှင် လူနှစ်ဆယ်၊ သုံးဆယ်လောက်သာ သွားနိုင်ကြသည်။ ထို့အတွက်ကြောင့် လူငါးရာကို မြောက်ဘက်နယ်မြေသို့ ပို့ဖို့ရာ ရန်ကိုင်မှာ အဆင့်မြင့်အရင်းအမြစ်ကျောက် အတုံး တစ်သိန်းနီးပါး သုံးစွဲခဲ့ရလေသည်။

All Chapters