အခန်း (၂၇၁၄)
Vol. 116 Ch. 2714
လူငါးရာကျော်မက လျင်မြန်စွာ တည်နေရာခုန်ကူးကြလေသည်။ ရန်ကိုင်သည် အကုန်လုံးအား ရှေ့မှသွားစေပြီး နောက်ဆုံးမှ လိုက်ခဲ့လေ၏။ သူ့ကိုယ်သူ သေချာပြင်ဆင်ပြီး၍ ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းတော့မည်အပြု သင်းပျံ့ပျံ့မွှေးရနံတစ်ခုကို ရလိုက်ပြီး ကျုချင်း သူ့ဘေးနားသို့ ရောက်လာကြောင်း တွေ့လိုက်ရလေသည်။
စိတ်ပျက်ပျက်ဖြင့် ရန်ကိုင်က မေးလိုက်လေ၏။ “နင် ဘာဖြစ်လို့ ငါ့နောက် တကောက်ကောက်လိုက်နေရတာလဲ… နင့်အိမ်နင်ပြန်ပြီး နင့်အမေကိုသာ သွားရှာတော့ပါလား…”
ကျုချင်းသည် ရန်ကိုင့်ကို အလေးအနက်အမူအယာဖြင့် ကြည့်၍ မေးလိုက်လေသည်။ “နင် နဂါးကျွန်းဆီသွားမှာလား…”
“ထွက်သွားစမ်း…” နဂါးကျွန်းဟူသောစကားကို ကြားလိုက်ချိန် ရန်ကိုင် ဒေါသူပုန်ထသွားခဲ့လေသည်။
“ဒါ နင့်မိတ်ဆွေကို စကားပြောတဲ့ပုံစံလား…” ကျုချင်းက ပြန်ပြောလေ၏။
“နင် အဲ့နဂါးကျွန်းဆိုတဲ့အကြောင်း ထပ်ပြောလာလို့ရှိရင် ငါတို့ မိတ်ဆွေတွေဖြစ်တော့မှာ မဟုတ်ဘူးနော်…” ရန်ကိုင်က ဆက်ပြောလိုက်သည်။ “နင့်ကိုယ်နင်လည်း သတိထားနေဦး… တည်နေရာခုန်ကူးနေရင်း ငါ နင့်ကို တစ်ခါတည်း ဟင်းလင်းပြင်ထဲ တွန်းထုတ်ခဲ့ရင် တွန်းထုတ်ခဲ့မှာ… အဲ့ခါကျရင် နင်အဲ့ထဲကနေ ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မှာမဟုတ်ဘူး…”
ထိုစကားကိုကြားသော် ကျုချင်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်၏လက်ကို ဆတ်ခနဲ ဖမ်းဆွဲထားလိုက်လေသည်။ ရန်ကိုင်၏လက်အား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့ရာ သူမ၏စနေနှစ်ခိုင်မှာ ရန်ကိုင်၏လက်မောင်းအား သွားရောက်ဖိကပ်နေသည်ကိုပင် သတိမထားမိခဲ့ပေ။
“နင် ငါ့နား ဒီလောက်ကပ်နေရင် ငါ့ကိုယ်ငါ ထိန်းနိုင်တော့မှာမဟုတ်ဘူးနော်…” ရန်ကိုင်သည် ကျုချင်းအား အလေးအနက်အမူအယာဖြင့်ကြည့်၍ ပြောလိုက်လေ၏။ “ဒါပေမယ့် ဘာလို့မှန်းတော့မသိဘူး… နင် ငါ့နား ရောက်လာတိုင်း ရောက်လာတိုင်း ငါ့စိတ်ထဲ ထိန်းလို့ကိုမရဘူး…”
“အပိုတွေလုပ်မနေနဲ့…” ကျုချင်းမှာ အနည်းငယ် မသက်မသာ ဖြစ်လာခဲ့ရကာ ချက်ချင်းပဲ ထအော်လေသည်။
“ထားလိုက်ပေတော့…” ရန်ကိုင်က ဒေါသတကြီးဖြင့် ပြန်ပြောလိုက်ပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်လေ၏။ ထို့နောက် အလင်းတစ်ချက် လက်သွားခဲ့ပြီး ရန်ကိုင်တို့နှစ်ဦးစလုံး ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့ကြလေသည်။
“သခင်လေးရန်….”
“သခင်လေးရန်…”
သူ့မြင်ကွင်း ကြည်လင်သွားချိန် ရင်းနှီးနေသည့် အသံနှစ်သံကို ကြားလိုက်ရလေ၏။ ရန်ကိုင် မော့ကြည့်လိုက်ရာ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။ မွန်းစတားဘုရင်နှစ်ပါးမှာ ရန်ကိုင်အား ပြန်တွေ့လိုက်ရသည့်အပေါ် ဝမ်းသာအားရ ဖြစ်နေကြလေသည်။ နှစ်ဦးသား ရုတ်ချည်း အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။ သို့သော်ငြား သူတို့နှစ်ဦး၏အကြည့်ထဲ ပြိုင်ဆိုင်လိုစိတ်များကို မြင်တွေ့နေရသည်။
ရန်ကိုင်က ခေါင်းညိတ်လျက် “ခင်ဗျားတို့ ပင်ပန်းသွားရပြီ…”
“မပင်ပန်းပါဘူး… မပင်ပန်းပါဘူး သခင်လေးရန်… ကျုပ်တို့က ဂိုဏ်းကို ဒီတိုင်း စောင့်ကြည့်နေရတာပါပဲ… သခင်လေးရန်ပေးတဲ့ အမိန့်သာ ဖြစ်နေမယ်ဆိုရင် ဘယ်လောက်ပျင်းစရာကောင်းကောင်း ကိစ္စမရှိပါဘူး…” ရှီလဲ့က ပြုံးဖြီးလျက် ပြောလိုက်လေ၏။
ရှဲ့ဝူဝေက ရှီလဲ့၏ပုခုံးကိုပုတ်လျက် ပြောလိုက်လေသည်။ “မင်းက အစောင့်လုပ်ရတာ ဒီလောက်တောင်ကြိုက်တယ်ဆိုမှတော့ ဒီတာဝန်ကို တစ်သက်လုံးပဲ ယူသွားလိုက်တော့ပေါ့ကွာ… နောက်တစ်ခါ သခင်လေးရန် အပြင်သွားလို့ရှိရင် ငါပဲ သခင်လေးရန်ကို လိုက်ပို့ပေးလိုက်တော့မယ်… မင်းကတော့ ဒီမှာကျန်နေခဲ့ပေါ့…”
ရှီလဲ့က ချက်ချင်းပဲ မျက်နှာကြီးမဲ့၍ ပြန်ပြောလိုက်လေ၏။ “အပိုတွေလာပြောမနေနဲ့… နောက်တစ်ခါကြ ငါ့အလှည့်ပဲ…”
ရှဲ့ဝူဝေက လှောင်ပြုံးပြုံးလျက် “ငါတို့ အရက်ပြိုင်သောက်တာ မင်းရှုံးသွားတယ်လေ… ဘာလဲ ကိုယ့်ကတိကိုယ် ဖျက်ချင်နေတာလား…”
ရှီလဲ့က အော်ရယ်မောလျက် “အရက်သောက်ပြီး မူးမူးရူးရူးနဲ့ပြောတဲ့စကားကို မင်းက ဘယ်လိုလုပ်ပြီး အတည်မှတ်နေတာလဲ…”
“မွန်းစတားဘုရင်တစ်ပါးဖြစ်ပြီး ကိုယ့်ကတိကိုယ်မတည်တာ မရှက်ဘူးလား…” ရှဲ့ဝူဝေက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်၏။
“သတ္တိရှိရင် လာတိုက်မလား…” ရှီလဲ့က ရင်ကိုကော့လျက် ပြန်ပြောလိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘာမှပြောမနေတော့ဘဲ ဟင်းလင်းပြင်အစီအရင်ထဲမှ ထွက်ကာ အပြန်အလှန် ကိုက်နေကြသည့် မွန်းစတားဘုရင်နှစ်ပါးကိုကျော်၍ ရီဟန်ဆီသို့ လျှောက်သွားပြီး ပြုံးကာ မေးလိုက်လေ၏။ “ဂိုဏ်းချုပ်ရီ… ဒီနေရာကို ဘယ်လိုထင်လဲ…”
လက်ရှိအချိန်တွင် ရီဟန်မှာ အတော်လေးကိုမှ အံ့အားသင့်နေခဲ့လေသည်။ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များကို ခံစားနေရင်း သူ့ကိုယ်သူ ဤကဲ့သို့ ရတနာကုန်းမြေတစ်ခုပေါ်တွင် ရပ်နေရသည်ကို မယုံကြည်နိုင် ဖြစ်နေရသည်။ ထို့အပြင် သူ့အား ပို၍ အံ့အားသင့်စေခဲ့သည်မှာ သူသည် နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခုအား အသုံးပြုလာခဲ့ခြင်းပင်။ အစောပိုင်းက သူသည် တောင်ဘက်နယ်မြေတွင် ရှိနေခဲ့ပါသော်ငြား ရုတ်တရက်ဆိုသလို မြောက်ဘက်နယ်မြေသို့ ရောက်လာခဲ့ရလေသည်။ သူအသုံးပြုလိုက်သည့် အစီအရင်မှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကောင်းတယ်… အရမ်းကောင်းတယ်… ဒီနေရာထက် ပိုကောင်းတဲ့နေရာ မရှိလောက်တော့ဘူး…” ရီဟန်က အမှန်အတိုင်း ပြောပြလိုက်လေသည်။
ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ ပိုင်နက်နယ်မြေဆိုသည့်အတိုင်းပင်။ ဤဂိုဏ်းထဲရှိ သာမန်နေရာများသည်ပင်လျှင် ဤမျှ မိုးမြေစွမ်းအင် ကြွယ်ဝနေမည်ဆိုပါက ကျင့်ကြံခြင်းအတွက် အထူးဖန်တီးပေးထားသည့် နေရာများသာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ဤနေရာသည် ရွက်တစ်ထောင်ဂိုဏ်းနှင့် ယှဉ်လိုက်သော် လုံးဝကို အဆပေါင်းများစွာသာသည့် နေရာတစ်ခု ဖြစ်ပေသည်။
ဂိုဏ်းကြီးများ၏တပည့်များ လျင်လျင်မြန်မြန် တိုးတက်လာနိုင်သည်မှာ အထူးအဆန်းမဟုတ်တော့။ ဤမျှကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု ရှိနေလေရာ သူတို့၏ကျင့်ကြံနှုန်းမှာ သာမန်ကျင့်ကြံသူများထက် နှစ်ဆမက ပိုမိုမြန်ဆန်နေပေလိမ့်မည်။
ရွက်တစ်ထောင်ဂိုဏ်း၏ ငါးရာသောတပည့်များသည်လည်း ဝမ်းသာနေကြလေသည်။ လူတိုင်းမှာ ကိုယ်ဟန်အမူအယာကိုပင် မထိန်းထားကြတော့ဘဲ ဝမ်းသာအားရဖြင့် ခုန်ပေါက်နေကြလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရီဟန် သက်ပြင်း အသာအယာချလိုက်သည်။ ထိုတပည့်များကိုသာ ဤနေရာတွင် ကျင့်ကြံခွင့် ပေးလိုက်မည်ဆိုပါက သူ့အနေဖြင့် နောက်ပိုင်းတွင် ရွက်တစ်ထောင်ဂိုဏ်းကို ပြန်လည်တည်ထောင်သော် သူ့နောက်သို့ လိုက်လိုသည့် တပည့် ရှိပင်ရှိပါဦးမည်လား။
သို့သော်ငြား မကြာမီ ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်လေသည်။ ယခုအချိန်သည် ထိုကိစ္စများကို စဉ်းစားနေရမည့် အချိန်မဟုတ်။ လက်ရှိအချိန်တွင် အရေးအကြီးဆုံးမှာ သူ့ကျင့်ကြံခြင်းကို မြန်နိုင်သမျှ မြန်မြန်တိုးတက်အောင်လုပ်၍ ဧကရာဇ်အဆင့်သို့ရောက်အောင် ကြိုးစားရန် ဖြစ်ပေသည်။
ရွက်တစ်ထောင်ဂိုဏ်းကို ပြန်လည်တည်ထောင်လိုပါက သူ့ခွန်အားသည် ဧကရာဇ်အဆင့်သို့ ဦးစွာ ရောက်နေရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက အကုန်လုံးမှာ အတွေးသက်သက်သာ ဖြစ်သွားရပေလိမ့်မည်။
“ဒီမှာ ကျင့်ကြံလို့ကောင်းတဲ့ တောင်ထွတ်တွေ အများကြီးပဲ… ဂိုဏ်းချုပ်ရီ ကြိုက်တဲ့တစ်ခု ရွေးနေလို့ရတယ် … ဂိုဏ်းချုပ်ရီဂိုဏ်းက တပည့်တွေကိုလည်း ဂိုဏ်းချုပ်ရီပဲ စီစဉ်ပေးလိုက်ပေါ့နော်… ဒီမှာ ခင်းကျင်းထားတဲ့ အစီအရင်တွေ ရှိနေတဲ့နေရာနဲ့ တားမြစ်နေရာအချို့ကလွဲရင် ကြိုက်တဲ့နေရာကို သွားလို့ရတယ်…”
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာရန်…” ရီဟန်က ဦးညွှတ်လိုက်လေသည်။
ရန်ကိုင် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် ရန်ကိုင်သည် ချီယွဲ့နှင့် အခြားသော သူ၏စီနီယာများဆီသို့ လျှောက်သွားလိုက်ပြီး အကုန်လုံးအား ပြုံးကာ ကြည့်၍ လက်မောင်းနှစ်ဖက်ကိုဖြန့်ကာ အော်ပြောလိုက်လေ၏။ “အားလုံး… အခုချိန်ကနေစပြီး ဒီနေရာက ကြယ်တာရာအစုအဝေးထဲမှာရှိတဲ့ ကျုပ်တို့ရဲ့အိမ် ဖြစ်သွားပြီ…”
ချီယွဲ့နှင့် အခြားသူများမှာ ရွက်တစ်ထောင်ဂိုဏ်းမှ လူများနှင့် မတူကြပေ။ သူတို့အားလုံးသည် ဟုန်းလော့ကြယ်စီရင်စုကြီးမှ လာကြခြင်းဖြစ်ပြီး ရန်ကိုင်နှင့် အလွန်ကိုမှ ရင်းနှီးကြသည်။ ရန်ကိုင်အနေဖြင့် ဤနေရာတွင် အထက်ကောင်းကင်နန်းတော်ကို တည်ထောင်ခဲ့ရခြင်းမှာ မွေးရပ်မြေမှလူများ ဤနေရာသို့ ရောက်လာပါက နေထိုင်စရာ နေရာတစ်ခုခု ရှိနေစေရန် ဖြစ်သည့်အတွက်ကြောင့် ဤနေရာသည် ချီယွဲ့နှင့် သူ၏စီနီယာများအတွက် အိမ်တစ်ခုဖြစ်သည်ဟု သတ်မှတ်၍ ရပေသည်။
“ဂိုဏ်းချုပ်က တကယ်ကို စွမ်းတာပဲ…” ကွေ့ဇူက ရယ်သွမ်းသွေးလိုက်လေသည်။
ကုချန်းယွင်က ဝင်ပြောလိုက်သည်။ “မင်း သူ့ကို အခုချိန်ကနေစပြီး နန်းတော်သခင်လို့ ခေါ်သင့်ပြီလို့ ငါထင်တယ်…”
ကွေ့ဇူ ခေါင်းညိတ်လိုက်လေ၏။ ထက်ကောင်းကင်နန်းတော်နှင့် ထက်ကောင်းကင်ဂိုဏ်းသည် စကားလုံးလေးတစ်လုံးသာ ခြားပါသော်ငြား ထိုနှစ်ခုမှာ လုံးဝမတူကွဲပြားသည့် အရာများ ဖြစ်ကြပေသည်။ ထက်ကောင်းကင်နန်းတော်၏ အကျယ်အဝန်း၊ အရွယ်အစားနှင့် ခွန်အားမှာ ထက်ကောင်းကင်ဂိုဏ်း ယှဉ်နိုင်သည့် အရာမျိုးမဟုတ်ချေ။
ချီယွဲ့သည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရင်းမှ ရေရွတ်လိုက်လေ၏။ “ချင်းလော့သာ ဒီမှာ လာပြီး ကျင့်ကြံမယ်ဆိုရင်…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်လည်း ဟုန်းလော့ကြယ်စီရင်စုကြီးဆီ ပြန်သွားနိုင်မယ့် နည်းလမ်းတွေကို လိုက်ရှာနေတာ… ဒါပေမယ့် အခုထိ ရှာလို့မတွေ့သေးဘူး… ဟုန်းလော့ကြယ်စီရင်စုကြီးကိုသာ ပြန်သွားနိုင်မယ်ဆိုလို့ရှိရင်တော့ သူတို့အားလုံးကို ဒီနေရာဆီ ခေါ်လာလို့ ရသွားပြီ…”
အိုင်းအောင်က ရန်ကိုင်၏ပုခုံးကို ပုတ်ရင်းမှ ပြောလိုက်လေသည်။ “မင်းအတွက်လည်း လွယ်မှာမဟုတ်ဘူးပေါ့နော်…”
ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီးသည့်အချိန်မှစ၍ သူ့ဘာသာသူ တစ်ကိုယ်တည်း လှုပ်ရှားနေခြင်း ဖြစ်ပေသည်။ သို့သော်ငြား နှစ်အနည်းငယ်လေးအတွင်း ဤကဲ့သို့သော ကောင်းမွန်သည့် နေရာတစ်ခုကို ရအောင် ကြိုးစားနိုင်ခဲ့သည်။ သူ့စိတ်ထဲ ဝမ်းသာနေမိပါသော်ငြား ရန်ကိုင်အနေဖြင့် ဤနေရာကို ရရှိနိုင်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလိမ့်မည်မှန်းတော့ အိုင်းအောင် သိနေခဲ့သည်။ ထို့အပြင် ရန်ကိုင်၏ခွန်အားနှင့် အဆင့်အတန်းမှာ ယခင်ကထက် အဆပေါင်းများစွာ မြင့်မားလာခဲ့ပါသော်ငြား ရန်ကိုင်သည် သူမည်သည့်နေရာမှ လာခဲ့ရသလဲ ဆိုသည်ကို လုံးဝ မေ့မသွားခဲ့ပေ။
ထိုအချက်နှင့်ပတ်သက်၍ အိုင်းအောင်မှာ အလွန်ကိုမှ ကျေနပ်နေမိလေသည်။
“ဒီတိုင်းချည်းပဲ ရပ်မနေကြနဲ့လေ… နေရာရှာပြီး အေးအေးဆေးဆေး သွားနားကြလေ…” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။
“ကဲ… သွားကြရအောင်… ငါတို့ရဲ့အိမ်အသစ် ဘယ်လောက်ကျယ်လဲ ကြည့်ကြရသေးတာပေါ့…” ကွေ့ဇူက အော်ပြောလိုက်ပြီးသည့်နောက် တစ္ဆေချီမျှင်တစ်ခုအသွင်သို့ ပြောင်းလျက် အဝေးတစ်နေရာဆီသို့ ပြေးထွက်သွားလေ၏။ အခြားသူများသည်လည်း စိတ်လှုပ်ရှားစွာဖြင့် သူ့နောက်မှ အလျင်အမြန် လိုက်သွားကြလေသည်။
ရီဟန်နှင့် အခြားသူများမှာ ဤနေရာတွင် လာရောက်နေထိုင်ကြပါသော်ငြား သူတို့သည် တစ်ပါးသူ၏အိမ်တွင် ခေတ္တလာနေကြသည့် ဧည့်သည်များသာ ဖြစ်ကြပေသေးသည်။ သို့သော်ငြား ယခုမူ သူတို့စိတ်ထဲ ထက်ကောင်းကင်နန်းတော်သည် သူတို့၏ ကိုယ်ပိုင်အိမ်ရာတစ်ခု ဖြစ်သည်ဟု ခံစားလာကြရလေသည်။
ရီဟန်က လက်သီးဆုပ်လျက် ပြောလိုက်လေ၏။ “စီနီယာရန်… ဒါဆို ဒီရီ ဒီလူတွေ နေဖို့အတွက် နေရာတစ်ခု သွားရှာလိုက်ပါဦးမယ်…”
“သွားရှာလေ ဂိုဏ်းချုပ်ရီ…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
ချက်ချင်းဆိုသလို ရာနှင့်ချီသောလူများ တစ်ပြိုင်တည်း ထွက်ခွာသွားကုန်ကြလေသည်။
ရမ္မက်ရှာဂိုဏ်းသည် အလွန်တရာကိုမှ ကျယ်ပြောလှသည်။ ထို့အတွက်ကြောင့် သင့်လျော်သည့် နေထိုင်စရာနေရာတစ်ခု ရှာနိုင်ရန်အတွက် သူတို့အနေဖြင့် ရက်အနည်းငယ်လောက် အချိန်ယူကြရပေလိမ့်မည်။
ရန်ကိုင်သည် ဘေးဘက်သို့လှည့်၍ မေးလိုက်လေ၏။ “အစ်မဟွာ… အစ်မဟွာရော လျှောက်မကြည့်ချင်ဘူးလား…”
ဟွာချင်းစီက ယဲ့ယဲ့လေးပြုံးလျက် “မကြည့်တော့ဘူး… နောက်မှပဲ နေဖို့ထိုင်ဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခု သွားရှာလိုက်တော့မယ်…”
ဟွာချင်းစီသည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ဦး ဖြစ်ခဲ့သည့်အတွက်ကြောင့် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးနှင့် ရင်းနှီးနေကာ အခြားသူများကဲ့သို့ အလွန်ကိုမှ စိတ်လှုပ်ရှားနေခြင်း မရှိခဲ့ပေ။
ရန်ကိုင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ အလေးအနက်အမူအယာဖြင့် ပြန်မေးလိုက်လေ၏။ “အစ်မဟွာ ဘာကိုစိတ်ပူနေတာလဲ… ကြယ်ဝိဉာဉ်နန်းတော်ကိုလား… ဒါမှမဟုတ် တန်ကျွင်းဟောင်ကို သတ်လိုက်လို့ ကျုပ်ကို အပြစ်တင်ချင်နေတာလား…”
ဟွာချင်းစီက ရန်ကိုင်ကိုကြည့်၍ ခေါင်းခါရင်းမှ ပြန်ပြောလိုက်သည်။ “ဆရာ့ကိစ္စကတော့ နင့်ကို အပြစ်မတင်ပါဘူး… အမှန်တကယ်ဆို သူက သေသင့်တာ… နင် သူ့ကိုသတ်လိုက်လို့ ငါ နင့်ကို ဘာမှအပြစ်မတင်ဘူး… ကြယ်ဝိဉာဉ်နန်းတော် တကယ်ကြီး စစ်ဆေးလာမယ်ဆိုရင်တောင် သူတို့ နင့်ကို အပြစ်တင်လောက်မှာမဟုတ်ဘူး… ပြဿနာက…”
“ပြဿနာက ဘာလဲ…”
“ငါက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်နေတုန်းပဲလေ… အခု နင့်နောက်ကို လိုက်လာတာဆိုတော့ ငါ့ဂိုဏ်းကို ငါစွန့်ပစ်လိုက်သလို ဖြစ်နေလို့…” ဟွာချင်းစီက ရယ်ရယ်မောမောဖြင့် ပြောလိုက်လေ၏။
ရန်ကိုင်က ပြန်၍ မေးလိုက်လေသည်။ “အစ်မဟွာက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ဂုဏ်သတင်းကို ပျက်ပြားစေတဲ့ဟာမျိုး တစ်ခုမှ လုပ်ခဲ့တာမှမဟုတ်တာ… ဘယ်လိုလုပ်ပြီး ဂိုဏ်းကို စွန့်ပစ်တာမျိုး ဖြစ်ရမှာလဲ…”
ဟွာချင်းစီက ရန်ကိုင်နဖူးကို ကောက်တောက်လျက် ယဲ့ယဲ့လေးပြုံးကာ ပြောလိုက်လေ၏။ “ကဲ ကဲ… ထားလိုက်တော့… အဲ့အကြောင်းကို မပြောဘဲ နေကြရအောင်… ဘာပဲဖြစ်ဖြစ် အခု ငါ နင့်ရဲ့ ထက်ကောင်းကင်နန်းတော်က အဖွဲ့သားတစ်ယောက်ဖြစ်နေပြီ… ကြယ်ဝိဉာဉ်နန်းတော် နောက်ပိုင်း ငါ့ကို လာစစ်ဆေးမယ်ဆိုရင်တောင်…”
“အဲ့အချိန်ကြရင် ကျုပ် ကူပြီးတော့ သူတို့ကိုမောင်းထုတ်ပေးမယ်… ဘယ်သူမှ ကျုပ်လူတွေကို လာထိလို့မရဘူး… ကြယ်ဝိဉာဉ်နန်းတော်တောင်မရဘူး…” ရန်ကိုင်က ပြောလိုက်လေ၏။
ဟွာချင်းစီက ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ငါလည်း နင့်လှေပေါ် လိုက်စီးပြီးသွားပြီဆိုမှတော့ နေဖို့နေရာတစ်ခု ရှာရတော့မှာပေါ့…”
ထိုသို့ပြောပြီးသည့်နောက် အခြားတစ်နေရာဆီသို့ ပျံသန်းသွားလေ၏။
ရန်ကိုင်သည် ဟွာချင်းစီ ပျံသန်းသွားသည့်ဘက်ဆီသို့ ကြည့်ရင်းမှ ခေါင်းတခါခါဖြင့် ရှီလဲ့နှင့် ရှဲ့ဝူဝေတို့ဘက်သို့လှည့်၍ မေးလိုက်လေ၏။ “အခုနောက်ပိုင်း တစ်ခုခုဖြစ်သွားသေးလား…”
ရှီလဲ့သည် သူ့ပါးကိုပွတ်ရင်းမှ ရှဲ့ဝူဝေအား ကြည့်လိုက်လေသည်။
ရှဲ့ဝူဝေက လက်သီးဆုပ်လျက် “လတ်တလောတော့ ဘာအရေးကြီးကိစ္စမှ ဖြစ်မသွားပါဘူး သခင်လေးရန်… ဂိတ်ပေါက်မှာရှိနေတဲ့ ကျင့်ကြံသူတွေကတော့ အခုချိန်ထိ စောင့်နေတုန်းပါပဲ… ဒါပေမယ့် ကျုပ်တို့ကတော့ သူတို့ကို လုံးဝ လျစ်လျူရှုထားပါတယ်… အဲ့ဒါတွေအပြင် ကျိယောင်တစ်ယောက် ဒီကို နှစ်ကြိမ်တိုင်တိုင် လာပါသေးတယ်… ဒါပေမယ့် သခင်လေးရန်မရှိမှန်း သိလည်းသိရော ဒီတိုင်း ပြန်ထွက်သွားပါတယ်… ပြီးတော့ သခင်လေးရန် ဒီကို ပြန်ရောက်လာရင် ရေခဲနှလုံးသားတောင်ကြားကို လာဖို့လည်း ပြောလိုက်ပါသေးတယ်… ကြည့်ရတာ ရေခဲနှလုံးသားတောင်ကြားမှာ တစ်ခုခုဖြစ်နေတဲ့ပုံပါပဲ…”
“ကျုပ်နားလည်ပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင် ကျုပ် အဲ့ကို တစ်ချက် သွားကြည့်ရမှာပေါ့…”
ပြောပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်ဆီသို့ လျှောက်သွားလေ၏။
ကျုချင်းသည် ရန်ကိုင်နောက်မှ လိုက်လာခဲ့လေသည်။
ရန်ကိုင်က ကျုချင်းကိုကြည့်၍ “နင် ငါ့နောက် ထပ်လိုက်ချင်နေသေးတာလား…”
ကျုချင်းက တည်တည်ငြိမ်ငြိမ်ဖြင့် “နင် ငါနဲ့ ပြန်လိုက်မယ်လို့ ကတိမပေးသရွေ့ ငါနင့်နောက်ကို ဆက်လိုက်ဦးမှာပဲ…”
ရန်ကိုင်က ကျုချင်းကိုကြည့်ရင်းမှ “ငါ့ကို ဒီလိုမျိုးနှိပ်စက်နေရအောင် ငါနင့်ကို ဘာတွေများ လုပ်ခဲ့လို့လဲ… နင် သိပ်မလွန်လာဖို့ ငါပြောနေတယ်နော်… မဟုတ်လို့ရှိရင် ငါ ဆက်ပြီး ယဉ်ကျေးနေတော့မှာမဟုတ်ဘူးနော်…”
ထိုစကားကိုကြားသော် ရှီလဲ့၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ပြုံးပြုံးဖြီးဖြီးဖြင့် အင်္ကျီလက်ကို လိပ်တင်၍ “သခင်လေးရန်… အဲ့ကောင်မလေးကို ကျုပ်လက်ထဲ ထားခဲ့လိုက်လေ… ဒီကောင်မလေး အပိုးကျိုးသွားအောင် ကျုပ် သေသေချာချာလေး ဆုံးမပေးမယ်လို့ ကတိပေးတယ်…”
“ကောင်းပြီလေ…” ရန်ကိုင်က ဝမ်းသာအားရဖြင့် ရှီလဲ့အား လက်မထောင်ပြလျက် “ကြံ့အိုကြီး… ခင်ဗျားသာ သူ့ကို ကောင်းကောင်း အပိုးကျိုးသွားအောင် လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ဒီသခင်လေး ခင်ဗျားကို ကောင်းကောင်းဆုချမယ်… ခင်ဗျား လိုချင်တာသာ ပြောလိုက်…”
ရှီလဲ့က ဝါးလုံးကွဲအော်ရယ်မောလျက် “ဒါက ဘယ်လောက်ခက်မှာမို့လို့လဲ…”
ထို့နောက် အော်ရယ်မောလျက် မွန်းစတားချီကို အရူးအမူးလှည့်ပတ်ရင်း ကျုချင်းအား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ ရှီလဲ့၏ပုံစံကို ကြည့်ရသလောက် ကျုချင်းသည် အမျိုးသမီးတစ်ဦးဖြစ်သည့်တိုင် အနည်းငယ်မျှပင် ညှာတာနေမည့်ပုံစံမျိုး မပေါက်ချေ။
ကျုချင်း၏မျက်နှာ တမုဟုတ်ချည်းအေးစက်သွားခဲ့ပြီး ရှီလဲ့အား စူးရဲစွာ စိုက်ကြည့်နေလေ၏။
နဂါးကလန်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်တိုင် ရန်ကိုင်အား သည်းခံနေရခြင်းမှာ ရန်ကိုင်ကိုယ်ထဲတွင်ရှိနေသော ဘိုးဘေးနဂါးအမြုတေကြောင့် ဖြစ်လေသည်။ သို့သော်ငြား ဘာမဟုတ်သည့် မွန်းစတားဘုရင်တစ်ပါးသည် သူမအား လာ၍ စိန်ခေါ်ရဲသည်။ ထိုအခိုက်အတန့်တွင် ကျုချင်းရင်ထဲ မြိုသိပ်ထားရသည့် မကျေနပ်ချက်တို့မှာ ရုတ်ချည်း ပေါက်ကွဲထွက်လာခဲ့လေ၏။
ကျုချင်းသည် သူမလက်ကို တင်းတင်းဆုပ်လျက် ရှီလဲ့၏ လက်ဝါးချက်တည့်တည့်ဆီသို့ ထိုးချလိုက်လေ၏။
ရှီလဲ့ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရှီလဲ့မှာ ကျုချင်းအား အပိုးကျိုးသွားအောင် ဆုံးမပေးမည်ဟု ပြောခဲ့ပါသော်ငြား ရန်ကိုင်နှင့် ကျုချင်းတို့မှာ ရန်သူမဟုတ်မှန်း သူပြောနိုင်သည်။ ထို့အတွက်ကြောင့် ကျုချင်းအပေါ် အမှန်တကယ် ရက်စက်၍မဖြစ်မှန်းလည်း သူသိသည်။ ထိုသို့သာမဟုတ်ပါက သူသာ ဤကောင်မလေးအား မတော်တဆ သတ်မိသွားခဲ့လျှင် ရန်ကိုင် သူ့အား အပြစ်ပေးလာနိုင်ပေသည်။
ရှီလဲ့၏ခန္ဓာကိုယ်သည် အလွန်တရာကိုမှ ကြံ့ခိုင်ကျစ်လျစ်လှကာ သာမန်ဧကရာဇ်တတိယအဆင့် ပညာရှင်များသည်ပင်လျှင် သူနှင့် ထိပ်တိုက် မရင်ဆိုင်ရဲပေ။ သို့သော်ငြား ဤသေးသေးသွယ်သွယ် ကောင်မလေးမှာတော့ သူ့အပေါ် အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်းမရှိဘဲ သူ၏လက်ဝါးချက်ကိုပင်လျှင် ထိပ်တိုက် ပြန်လည်ရင်ဆိုင်လာခဲ့သည်။
သူ့လက်ဝါးချက် ထိုကောင်မလေး၏လက်သီးနှင့် သွားထိတော့မည်ကိုမြင်သော် ရှီလဲ့မှာ သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးရဲတော့ဘဲ သူ့ခွန်အားအချို့ကို အလျင်စလို ပြန်ရုတ်သိမ်းလိုက်လေ၏။ ထို့နောက် ညစ်ကျယ်ကျယ်ပြုံးလျက် အကြံပေးလိုက်လေသည်။ “ကောင်မလေး… နင်က အမွေးအတောင်သာ မစုံသေးတာ… တယ်ကို မာနကြီးလှပါလား… ငါ နင့်ကို ကောင်းကောင်း…”
“ဘုန်း…”
လက်သီးနှင့်လက်ဝါး တွေ့သွားခဲ့လေသည်။
ရှီလဲ့မှာ သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ကြိုးပြတ်သွားသည့်စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့ပြီး မီတာပေါင်းများစွာအကွာတွင် ရှိနေသော တောင်တစ်လုံးအား သွားဝင်ဆောင့်လေ၏။