← Chapters

ဆုံးဖြတ်ချက်

Vol. 203 Ch. 3031

ဆုံးဖြတ်ချက်

Vol. 203 Ch. 3031

သင်္ချိုင်းစောင့်သည် သိုင်းတာအိုပင်မခန္ဓာ၏ စကားကို မကြားချင်ယောင်ဆောင်ပြီး ပြောလိုက်လေသည်။

“မင်းတို့နှစ်ယောက်ရဲ့ခွန်အားက ဧကရာဇ်နယ်ပယ်မှာ အထွတ်အထိပ်ကို တကယ်ပဲရောက်နေပြီလို့ဆိုနိုင်တယ်… ဒါပေမဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ဦးပဲရှိနိုင်တယ်”

“မင်းတို့နှစ်ယောက်အပြင် သူတို့ရဲ့တာအိုတွေမှာ အောင်မြင်ပေါက်မြောက်မှုရရှိနိုင်တဲ့ တခြားအထွတ်အထိပ်ဧကရာဇ်တွေလည်း ရှိနေသေးတယ်”

“မဟာဧကရာဇ်တစ်ပါးဖြစ်မလာဘဲ ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်တိုက်ခိုက်ဖို့က မလွယ်ဘူး”

သင်္ချိုင်းစောင့်သည် တမလွန်ဘုံအရှင်နှင့် ပတ်သက်သည့်မေးခွန်းကို သိသိသာသာရှောင်လွှဲလိုက်လေသည်။

သင်္ချိုင်းစောင့်၏ သရုပ်သကန်နှင့် နောက်ခံအရ သူက အဖြေမပေးလိုဘူးဆိုလျှင် သိုင်းတာအိုပင်မခန္ဓာက မည်သို့ပင်မေးမြန်းသည်ဖြစ်စေ လိုချင်သည့်အဖြေကိုရရှိလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် သင်္ချိုင်းစောင့် ထွက်ခွာတော့မည်ကို သိုင်းတာအိုပင်မခန္ဓာက အာရုံခံမိနေ၏။

သူက တမလွန်ဘုံအရှင်နှင့်ပတ်သက်သည့်မေးခွန်းကို လျစ်လျူရှုပြီး ထပ်မေးလိုက်၏။

“တမလွန်မြစ်က ဘယ်နေရာကနေ လာခဲ့တာလဲ… နောက်ပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်မှာ ကောင်းကင်ဘုံတာအိုနဲ့ လူသားတာအိုက ဘယ်နေရာမှာရှိတာလဲ”

သင်္ချိုင်းစောင့်သည် သိုင်းတာအိုပင်မခန္ဓာ၏ မေးခွန်းကို လျစ်လျူရှုပြီး ဆက်ပြောလိုက်၏။

“မင်းက ဒီနေ့တိုက်ပွဲမှာ ကောင်းကင်ဘုံခုံရုံးက လူတချို့ရဲ့ စိတ်အာရုံကို ရရှိသွားခဲ့ပြီပဲ”

“တကယ်တော့ မင်းက မဟာဧကရာဇ်တစ်ပါးဖြစ်မလာသေးသရွေ့ အဲဒီလူတွေက မင်းကိုသိပ်ပြီး အလေးအနက်ထားမှာမဟုတ်ဘူး… အဲဒါက မင်းရဲ့ အခွင့်အရေးပဲ… နောက်ပိုင်း သတိထားနေ မင်းက မဟာဧကရာဇ်တစ်ပါးဖြစ်မလာခင် တတ်နိုင်သမျှ မတိုက်ခိုက်နဲ့… အခုလိုမျိုး ကြီးမားတဲ့ ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်ဖြစ်မလာစေနဲ့ နောက်မှ တွေ့ကြတာပေါ့”

သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍ မမေးမြန်းရသေးခင် သင်္ချိုင်းစောင့်၏ ပုံရိပ်က အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

သင်္ချိုင်းစောင့်၏ ဘေးပတ်လည်မှာဖြစ်ပေါ်နေသော လောကကလည်း ပျက်ပြယ်သွားလေသည်။

ဘေးပတ်ဝန်းကျင်တိုက်ပွဲကွင်းက ဖရိုဖရဲဖြစ်နေ၏။ ကြယ်တာရာကောင်းကင်က ဧကရာဇ်သွေးဖြင့်နီစွေးနေပြီး ဧကရာဇ်ပညာရှင်များစွာ၏ သွေးများက ကြယ်တာရာကောင်းကင်ထဲမှာ လွင့်မျောနေ၏။

သိုင်းတာအိုပင်မခန္ဓာနှင့် အခြားနှစ်ယောက်က စကားပြောဆိုနေစဉ် သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီအမြီးကိုးချောင်းနှင့် အရှေ့ဘက်အရိုင်းနယ်မြေမှ အခြားသော ဧကရာဇ်များက အရှေ့ဘက်အရိုင်းနယ်မြေမှ လူတိုင်းကို ဦးဆောင်ကာ တိုက်ပွဲကွင်းကို ရှင်းလင်း၍ ရတနာများကို သိမ်းဆည်းထားခဲ့ပြီဖြစ်သည်။

သူတို့၏ လောကများက ကြေမွပျက်စီးပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျနေသည်ဆိုသော်လည်း သူတို့သည် ဤကဲ့သို့သောကိစ္စများကို အလွယ်တကူပြုလုပ်နိုင်ဆဲဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က ကြယ်တာရာကောင်းကင်ထဲမှာ ပြန်လည်ပေါ်ထွက်သောအခါ သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရီအမြီးကိုးချောင်းက အရိုအသေပေးဖို့အတွက် ရှေ့သို့တက်လာပြီး တိုက်ပွဲကွင်းကို ရှင်းလင်းခြင်းကနေ သူတို့ရရှိထားသည့် သိုလှောင်အိတ်များစွာနှင့် ရတနာများစွာကို ထုတ်ပေးလိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာက ကျား၊ မြေခွေးလေးနှင့် အခြားသူများကို ပေးဖို့အတွက် သိုလှောင်အိတ်တချို့ကို ရွေးချယ်လိုက်၏။ ကျန်ရှိနေသော သိုလှောင်အိတ်များကို သူက တျဲယွဲ့ထံ ကမ်းပေးလိုက်လေသည်။

တျဲယွဲ့က ညင်သာစွာခေါင်းခါပြီး သိုလှောင်အိတ်တစ်အိတ်ကိုသာ ယူလိုက်၏။

“ငါ့ရဲ့လောကကို ပြုပြင်ဖို့အတွက် ရင်းမြစ်ကျောက်တုံးတွေကိုပဲ လိုအပ်တယ်… ကျန်တဲ့ဟာတွေက ငါ့အတွက် အသုံးမဝင်ဘူး”

တျဲယွဲ့၏ ကျင့်ကြံမှုနယ်ပယ်မှာ သူမသည် နောက်ထပ် ဓမ္မတာအိုများကိုနားလည်ဆင်ခြင်ဖို့နှင့် အခွင့်အလမ်းတချို့ကို ရရှိဖို့သာလိုအပ်လေသည်။

သိုင်းတာအိုပင်မခန္ဓာက သိုလှောင်အိတ်အချို့ကို ထုတ်ယူကာ သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီအမြီးကိုးချောင်းနှင့် အရှေ့ဘက်အရိုင်းနယ်မြေမှ အခြားသော သားရဲဧကရာဇ်ငါးဦးထံ ခွဲဝေပေးလိုက်ပြီးနောက် ကျန်ရှိနေသော သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်၏။

သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီအမြီးကိုးချောင်းနှင့် အခြားသူများက သိုလှောင်အိတ်များကို လက်ခံယူလိုက်ပြီး ဝမ်းသာအားရဖြစ်သွားကြ၏။

သိုလှောင်အိတ်တိုင်းမှာ ဧကရာဇ်နယ်ပယ်ပညာရှင်များ တစ်ဘဝလုံးစာကျင့်ကြံနိုင်သည့် ရတနာများရှိနေရုံသာမက ဧကရာဇ်နယ်ပယ်ပညာရှင်များ၏ လောကအပိုင်းအစများလည်းရှိနေလေသည်။

ကောင်းကင်ဘုံခုံရုံးမှ စံအိမ်ဧကရာဇ်များ၏ သိုလှောင်အိတ်များထဲမှ ရတနာများက ပို၍ပင်များပြားလေသည်။

သိုင်းတာအိုပင်မခန္ဓာ သူတို့ကို ပေးလိုက်သည့် သိုလှောင်အိတ်များထဲမှာ ရင်းမြစ်ကျောက်တုံးတချို့ပင်ရှိနေ၏။

ဤကျင့်ကြံရေးရင်းမြစ်များနှင့်ရတနာများ၏ အကူအညီနှင့်အတူ သူတို့၏ လောကများကို အောင်အောင်မြင်မြင်ပြန်လည်ပြုပြင်နိုင်မည်သာမက သူတို့၏ ကျင့်ကြံ‌မှုနယ်ပယ်များကပင် ထပ်မံ၍ မြင့်တက်လာနိုင်သည်။

တိုက်ပွဲပြီးဆုံးသွားပြီးနောက် မဟာအရိုင်းကမ္ဘာက နောက်ဆုံးမှာ အချိန်ကာလကြာမြင့်စွာ မျှော်လင့်စောင့်စားနေသည့် တည်ငြိမ်အေးချမ်းမှုကို ရရှိသွားလေသည်။

သွေးလိပ်ပြာတောင်ကြားမှာ။

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က လက်ချင်းတွဲကာ ပြန်လည်ရောက်ရှိလာကြသည်။

“မိစ္ဆာအရှင်ပြောတဲ့စကားနဲ့ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

တျဲယွဲ့က ခဏမျှစဉ်းစားပြီးပြောလိုက်၏။

“သူက တစ်ခုခုကို ထိန်ချန်ထားတယ်… သူက အကုန်လုံးကို ထုတ်ဖော်မပြောဆိုခဲ့ဘူး… တကယ်ဆို သူကမေးခွန်းတချို့ကိုတောင်မှ ရှောင်လွှဲခဲ့တယ်”

“အမှန်ဘဲ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

သင်္ချိုင်းစောင့်၏ ဤတစ်ခေါက်ပေါ်ထွက်လာမှုသည် သူ၏ သံသယများစွာကို တကယ်ပင်ဖြေရှင်းပေးလိုက်၏။

သို့သော်လည်း သင်္ချိုင်းစောင့်၊ တာအိုလေးခုနှင့် တမလွန်ဘုံ၏ နောက်ခံများနှင့်ပတ်သက်၍ ဘာမှန်းမသိရသောအရာများစွာ ရှိနေဆဲဖြစ်သည်။

မိစ္ဆာအရှင်၊ ဆိုးယုတ်ဧကရီနှင့် ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်ကိုးဦးစလုံးသည် မဟာတစ်ထောင်လောကကနေ လာပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက မဟာဧကရာဇ်များ၏ အထက်မှာရှိသည်ကိုသာ သူက သေချာသိရှိထားလေသည်။

ထို့ကြောင့်ပင် သူ၏ ဘဝသက်တမ်းက အဆုံးမဲ့ပြီး ထာဝရရှင်သန်မှုကို ပိုင်ဆိုင်ထားသည်ဟု သူက ထုတ်ဖော်ပြောဆိုရဲခြင်းဖြစ်သည်။

မိစ္ဆာအရှင်နှင့်အခြားသူများ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ကျဆင်းလာသည့်အကြောင်းအရင်းကိုတော့ သူမသိရှိပေ။

တျဲယွဲ့ပြောသည့်အတိုင်းပင် သင်္ချိုင်းစောင့်သည် သူ၏ စကားမှာ ထိန်ချန်ထားပြီး သိုင်းတာအိုပင်မခန္ဓာကလည်း အဲဒါကို အာရုံခံမိခဲ့၏။

အနည်းဆုံးတော့ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ မိစ္ဆာအရှင်တို့အဖွဲ့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မျိုးနွယ်စုတစ်သောင်းအတွက် ဤနေရာသို့ရောက်ရှိလာခြင်း မဟုတ်လောက်ပေ။ သူတို့မှာ သူတို့၏ ရည်ရွယ်ချက်များနှင့် အတ္တများရှိနေနိုင်သည်။

တျဲယွဲ့က ဆက်ပြောလိုက်သည်။

“သူက သူ့ရဲ့စကားမှာ ထိန်ချန်ထားပြီး တစ်ခုခုကို ကွယ်ဝှက်ထားမယ်ဆိုရင်တောင် သူထုတ်ဖော်ပြောဆိုခဲ့တဲ့စကားတွေကိုတော့ ယုံကြည်လို့ရလောက်တယ်”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။

ဤထိတွေ့ဆက်ဆံမှုအပြီးမှာ သင်္ချိုင်းစောင့်သည် စကားပြောဆိုရာမှာ ရိုးဖြောင့်သည်ဟူသော ခံစားချက်ကိုပေးနေ၏။

သင်္ချိုင်းစောင့်က သူအဖြေမပေးလိုသည့် ကိစ္စတချို့ကို ပြောဆိုဖို့ရှောင်လွှဲခဲ့လေသည်။ အနည်းဆုံးတော့ သူက လိမ်ညာဖို့ မရွေးချယ်ခဲ့ပေ။

ဒါ့အပြင် သင်္ချိုင်းစောင့်ပြောဆိုခဲ့သည့် သတင်းအချက်အလက်များစွာသည် သိုင်းတာအိုပင်မခန္ဓာရရှိထားသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိနေသည်ဟု ဆိုနိုင်လေသည်။

ငရဲကနေ ပြန်လည်ရောက်ရှိလာပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာဘက်မှ အခြေအနေကို သိရှိသွား၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် မဟာဧကရာဇ်တိုက်ပွဲ၏ ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ပြီး တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာ၏ အမွေအနှစ်ကို ရရှိထားသည်ကိုလည်း သူသိရှိထားလေသည်။

တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာ၏ နောက်ဆုံးလှုပ်ရှားကွက်ကို ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းဟုခေါ်ဆိုလေသည်။

ဆူဇီမိုသည် ထိုနာမည်ကို ပထမဆုံးတွေ့မြင်ချိန်က အဲဒါနှင့်ပတ်သက်၍ သူက များစွာမစဉ်းစားမိခဲ့ပေ။

သင်္ချိုင်းစောင့်နှင့် ပြောဆိုဆက်ဆံပြီးမှသာ ကောင်းကင်ဘုံကိုးလွှာနှင့်တိုက်ခိုက်ခြင်းမှ ကောင်းကင်ဘုံကိုးလွှာ၏ အစစ်အမှန်အဓိပ္ပါယ်ကို သူက နားလည်သဘောပေါက်လာခဲ့၏။

တိုက်ပွဲဝိညာဉ်၊ မျိုးနွယ်စုတစ်သောင်းနှင့်တိုက်ခိုက်ခြင်း၊ စကြဝဠာနှင့်တိုက်ခိုက်ခြင်း၊ အတိတ်နှင့် ပစ္စုပ္ပန်နှင့်တိုက်ခိုက်ခြင်း… နောက်ဆုံးလှုပ်ရှားကွက်သည် မဟာဧကရာဇ်တိုက်ပွဲနှင့် ကောင်းကင်ဘုံခုံရုံးကြား တိုက်ပွဲတစ်ခုဖြစ်ခဲ့လေသည်။

ကောင်းကင်ဘုံသို့ သွားရာလမ်းမှာ ကျန်ရစ်ခဲ့သော စွမ်းအားတံဆိပ်ပြားများသည် ကောင်းကင်ဘုံကိုးခုထဲမှ စွမ်းအားကောင်းကင်ဘုံ၏ ပညာရှင်များထံမှ ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းဒသမကပ်ဘေးမှာ သူတွေ့မြင်ခဲ့ရသည့် မဟာဧကရာဇ်များ၏ ပုံရိပ်များကို ပြန်လည်အမှတ်ရသောအခါ သူက သက်ပြင်းချလိုက်၏။

“အဲဒီရှေးဟောင်းမဟာဧကရာဇ်တွေက သနားစရာပဲ… သူတို့တွေက သူတို့ရဲ့လှောင်ချိုင့်ထဲကနေ ရုန်းထွက်ဖို့နဲ့ လောကမှာရှိတဲ့ သက်ရှိတွေအားလုံး တက်လှမ်းနိုင်မယ့် အခွင့်အရေးရလာဖို့အတွက် ကောင်းကင်ဘုံကိုးလွှာနဲ့ ဆန့်ကျင်တိုက်ခိုက်ရင်း သူတို့ရဲ့ အသက်တွေကို စွန့်လွှတ်စတေးခဲ့ရတယ်… ဒါပေမဲ့ ရလဒ်အနေနဲ့ သူတို့တွေက နှစ်ပေါင်းမရေမတွက်နိုင်အောင် အသရေဖျက် စော်ကားပြောဆိုခံခဲ့ရတယ်.. မဟာဧကရာဇ်တွေရဲ့ မျိုးဆက်တချို့ကတောင် ဆိုးယုတ်မိစ္ဆာအပြစ်သားကုန်းမြေမှာ အကျဉ်းချခံထားရပြီး မျိုးရိုးစဉ်ဆက် ဆင်းရဲဒုက္ခခံစားခဲ့ရတယ်.. သူတို့တွေက မျိုးနွယ်စုတစ်သောင်းရဲ့ သတ်ဖြတ်သုတ်သင်ခြင်းခံရပြီး နေ့အလင်းရောင်ကို ဘယ်တော့မှ မတွေ့မြင်ခဲ့ရဘူး”

သိုင်းတာအိုပင်မခန္ဓာက ပူဆွေးဝမ်းနည်းစွာ ခံစားနေရ၏။

“ကောင်းကင်ဘုံကိုးလွှာရဲ့ အရေးကိစ္စကို အခုချိန်မှာ အများသူငှာသိအောင် ထုတ်ဖော်ပြောဆိုမယ်ဆိုရင်တောင် လူဘယ်လောက်များများက အဲဒါကို ယုံကြည်မှာလဲ… လူဘယ်လောက်များများက မိစ္ဆာအရှင်ရဲ့စကားတွေကို ယုံကြည်လက်ခံမှာလဲ”

တျဲယွဲ့က နှုတ်ဆိတ်နေ၏။

သူမအနေဖြင့် ယုံကြည်စိတ်ချရသောသူများကို ပြောပြဖို့က လွယ်ကူလေသည်။

တစ်ဘက်အဖွဲ့သည် အမှန်တရားကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် အတိတ်ကာလ၏ သဲလွန်စများအားလုံးကို ဖျောက်ဖျက်ခဲ့သောကြောင့်ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာအရှင်၏ စကားကိုပို၍ ယုံကြည်လိုသည့် နောက်ထပ်အကြောင်းအရင်းရှိနေ၏။

ဤသည်မှာ ရှေးဟောင်းမဟာဧကရာဇ်များကြောင့်ဖြစ်လေသည်။

မိစ္ဆာအရှင်တို့အဖွဲ့က ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းမှာ ကျရှုံးခဲ့သည်ဆိုလျှင်တောင် သူတို့က ပြန်လည်မွေးဖွားလာနိုင်ကြ၏။

သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ရှေးဟောင်းမဟာဧကရာဇ်များက သေဆုံးသွားသည်နှင့် သူတို့က အပြီးတိုင်ချုပ်တည်းသွားရပေလိမ့်မည်။

အဲဒီမှာ အသက်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်ပါးပါးကလေးသာရှိသည်ကို သူတို့သိရှိထားလျှင်တောင် သူတို့သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြဆဲဖြစ်၏။

“အဲဒီရှေးဟောင်းမဟာဧကရာဇ်တွေက ရှည်လျားတဲ့ အချိန်မြစ်တစ်လျှောက်မှာ တကယ့်ကို ထိပ်သီးပါရမီရှင်တွေပဲ”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“သူတို့မှာ မိစ္ဆာအရှင်နဲ့ ဆိုးယုတ်ဧကရီတို့လို တခြားရည်ရွယ်ချက်တွေရှိမနေလောက်ဘူး… ဒါပေမဲ့ သူတို့က အဲဒီရွေးချယ်မှုကို ပြုလုပ်ခဲ့ကြတုန်းပဲ”

တျဲယွဲ့က ပြောလိုက်သည်။

“ဘာလို့လည်းဆိုတော့ ကောင်းကင်ဘုံခုံရုံးက တည်ရှိမနေသင့်လို့ပဲ… ကောင်းကင်ဘုံခုံရုံးရဲ့ တည်ရှိမှုက အကြီးမားဆုံး ပြစ်မှုပဲ”

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တစ်ယောက်၏ အတွေးကို တစ်ယောက်နားလည်သဘောပေါက်သွားကြ၏။

ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်သည် ထိုရှေးဟောင်းမဟာဧကရာဇ်များကဲ့သို့ တူညီသော ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ကြပြီးပြီဖြစ်သည်။

ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်ရမည်။

သူတို့ကိုယ်တိုင်အတွက်နှင့် သက်ရှိများအားလုံးအတွက်…။

All Chapters