အခန်း (၂၇၀၂)
Vol. 116 Ch. 2702
“ဒီတော့ ဒါက ခင်ဗျားအားကိုးနေတဲ့အရာပေါ့…” ရန်ကိုင်သည် စိတ်ထဲတွင် သတိချပ်ထားခဲ့ပါသော်ငြား မျက်နှာအမူအယာကိုတော့ တစ်ချက်ပျက်မသွားစေခဲ့ပေ။ ဤရွှေရောင်စာအုပ်၏စွမ်းအား မည်ကဲ့သို့မျိုး ဖြစ်မလဲဆိုသည်ကို သိချင်နေမိသည်။ ထို့ကြောင့် အချိန်ဆိုင်းမနေတော့ဘဲ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဓါးကိုကိုင်စွဲ၍ တန်ကျွင်းဟောင်ဆီသို့ ပြေးဝင်သွားလေ၏။ လေထဲသို့ရောက်သော် အနန္တဓါးအား ဝှေ့ယမ်းလျက် မရေမတွက်နိုင်သော ဓါးအလင်းတန်းများကို ဖန်တီးကာ တန်ကျွင်းဟောင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ “ခွေးအိုကြီး… ခင်ဗျားခေတ် ကုန်သွားပြီ… ဒီအမှိုက်စာအုပ်စုတ်လေးတစ်အုပ်ကို ကြီးကျယ်ခမ်းနားတဲ့ ရတနာတစ်ခု မှတ်နေတာလား… အခုခေတ်က ကျုပ်တို့လူငယ်မျိုးဆက်တွေ ထွန်းတောက်ရမယ့်ခေတ်ပဲ… ကဲ အခု မြန်မြန်သေလိုက်ပေတော့…”
“စာအုပ်စုတ်…” တန်ကျွင်းဟောင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရန်ကိုင်၏စကားလုံးသည် သူ့အား အလွန်တရာကိုမှ ဒေါသထွက်သွားစေသည့်အလား တန်ကျွင်းဟောင်၏မျက်နှာကြီး မဲ့သွားခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ ပြန်အော်ပြောလိုက်လေ၏။ “ကောင်းပြီလေ… အဲ့လိုဆိုမှတော့ ဒီစာအုပ်စုတ်အကြောင်းကို မင်းကို ကောင်းကောင်း ပြပေးရသေးတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကို ဝှေ့ယမ်းချလိုက်လေသည်။
လေထဲတွင်ဝဲနေသော ရွှေရောင်စာအုပ်လေး၏ စာရွက်များသည် ရုတ်တရက် တဖျတ်ဖျတ် လန်သွားခဲ့ပြီး တစ်ခုသောစာမျက်နှာတွင် ရပ်သွားခဲ့လေ၏။
ရန်ကိုင်လည်း ထိုစာရွက်အား လှမ်းကြည့်လိုက်ရာ စာရွက်ပေါ်တွင် မညီမညာသည့် မျဉ်းကြောင်းများ အသီးသီးကို သုံး၍ ဆွဲထားသော ဘဲဥပုံတစ်ပုံ ရှိနေကြောင်း တွေ့လိုက်ရလေသည်။
ထိုဘဲဥပုံမှာ ပုံမဆွဲတတ်သေးသည့် ကလေးတစ်ဦး၏ ဖြစ်ကတက်ဆန်းဆွဲထားသည့် ပုံတစ်ပုံနှင့်ပင် တူနေပေသေးသည်။
သို့သော်ငြား ရွှေရောင်စာအုပ်၏ စာမျက်နှာသည် ထိုစာမျက်နှာသို့ ရောက်ရောက်ချင်း ထိုစာအုပ်မျက်နှာဆီမှ ရွှေရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး တန်ကျွင်းဟောင်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။
“ဘုန်း…”
အနန္တဓါးသည် ထိုရွှေရောင်အလင်းအကာအရံကို သွားရောက်ထိမှန်ခဲ့ပါသော်ငြား အလင်းအကာအရံမှာတော့ တစ်ချက်မှပင် လှုပ်ခါသွားခြင်းမရှိပေ။ ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် အထိတ်အလန့်အမူအယာဖြင့် တန်ကျွင်းဟောင်ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အလင်းအကာအရံအား ကြည့်လိုက်လေ၏။
သူ့တိုက်ကွက်မှာ စူးစမ်းကြည့်ရုံသာ ဖြစ်ပါသော်ငြား သာမန်ပညာရှင်တစ်ဦး အလွယ်တကူ ခုခံနိုင်သည့် အရာမျိုး မဟုတ်ပေ။ တန်ကျွင်းဟောင်သည် သူ၏ ဧကရာဇ်ချီကို အနည်းငယ်မျှပင်လျှင် လှည့်ပတ်ထားခဲ့ခြင်း မရှိဘဲ ရွှေသံချပ်စာအုပ်ကိုသုံး၍သာ ကာကွယ်နေခဲ့လေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ရွှေသံချပ်စာအုပ်၏ စွမ်းအားမှာ အလွန်တရာကိုမှ အထင်ကြီးဖွယ်ကောင်းလှကြောင်း မြင်တွေ့နိုင်၏။
(အကာအကွယ်မှော်ရတနာလား…) ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ သို့သော်ငြား ထိုကဲ့သို့မဖြစ်နိုင်မှန်း စဉ်းစားမိသွားလေသည်။ အကြောင်းမှာ အစောပိုင်းက တန်ကျွင်းဟောင်ပစ်လွှတ်လိုက်သည့် ရွှေရောင်အလင်းတန်းများသည် အကာအကွယ်မှော်ရတနာတစ်ခု ရှိသင့်ရှိထိုက်သည့် စွမ်းအားမျိုး မဟုတ်သည့်အတွက်ကြောင်ပင်။
တန်ကျွင်းဟောင်သည် သူ့နေရာတွင်သာရပ်၍ ပြုံးမြဲပြုံးနေခဲ့ပြီး ရန်ကိုင်၏ဓါးအလင်းတန်း သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်သည့်တိုင် သူ့မျက်နှာတစ်ချက် မဲ့သွားခဲ့ခြင်းမရှိ။ တန်ကျွင်းဟောင်သည် ထိုရွှေသံချပ်စာအုပ်အပေါ် အလွန်တရာကိုမှ ယုံကြည်ချက်ရှိနေသည့်အလား။
“ခြစ်ရာတောင်မထင်ဘူးတဲ့…” တန်ကျွင်းဟောင်က လှောင်ပြုံးပြုံးလိုက်လေသည်။ “မင်း ဒီလောက်ပဲတတ်နိုင်တာလား… အဲ့ဒါဆိုရင်တော့ သေလိုက်ပေတော့…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကိုဆန့်ထုတ်၍ ရန်ကိုင်အား ချိန်ရွယ်လိုက်လေ၏။
ရုတ်ချည်းဆိုသလို ရွှေသံချပ်စာအုပ်၏ စာမျက်နှာများ တဖျတ်ဖျတ် လန်သွားခဲ့ပြီး တစ်ခုသောစာမျက်နှာဆီသို့ ရောက်သွားခဲ့လေသည်။
ရန်ကိုင်လည်း ထိုစာမျက်နှာဆီသို့ လှမ်းကြည့်လိုက်ရာ ထိုစာမျက်နှာပေါ်တွင် အမဲလိုက်ငှက်အမျိုးမျိုး၏ ပုံစံကို ရေးဆွဲထားကြောင်း တွေ့လိုက်ရလေ၏။ သို့သော်ငြား ထိုငှက်များမှာ ဖြစ်ကတတ်ဆန်း ဆွဲထားသည့် ပုံများသာ ဖြစ်ကြလေသည်။
ထိုအမဲလိုက်ငှက်များ၏ ပုံကို မြင်လိုက်သည့်အခိုက် ရန်ကိုင်ရင်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာခဲ့လေသည်။
“ရွှစ်” ဟူသော မြည်သံနှင့်အတူ ရွှေသံချပ်စာအုပ်မှ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီး မရေမတွက်နိုင်သော အမဲလိုက်ငှက်များအဖြစ်သို့ သိပ်သည်းပြောင်းလဲသွားခဲ့လေသည်။ အပြင်သို့ရောက်လာသည်နှင့်တစ်ပြိုင်နက် ထိုအမဲလိုက်ငှက်များမှာ ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကုန်ကြလေသည်။
အမဲလိုက်ငှက်များမှာ ရာနှင့်ချီကာ အရွယ်အစားမှာလည်း အမျိုးမျိုးရှိကြလေသည်။ သို့သော်ငြား အမဲလိုက်ငှက်တစ်ကောင်ချင်းစီတိုင်းသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပြီး အချို့သော အမဲလိုက်ငှက်ကြီးများမှာတော့ ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါကိုပင်လျှင် ထုတ်လွှတ်နေခဲ့လေသည်။
“တိုက်ခိုက်တာရော ကာကွယ်တာပါ လုပ်နိုင်တဲ့ မှော်ရတနာလား…” ရန်ကိုင် အံ့ဩတကြီးဖြင့် ရေရွတ်လိုက်လေသည်။
ဤကဲ့သို့သော မှော်ရတနာများသည် အလွန်တရာကိုမှ ရှားပါးလှကာ သန့်စင်ရန်လည်း အလွန်ခက်လှသည်။ ဧကရာဇ်အဆင့် မှော်ရတနာများသည်ပင်လျှင် အဖိုးတန်နေလေပြီဖြစ်လေရာ တန်ကျွင်းဟောင်၏ ရွှေသံချပ်စာအုပ်သည် တိုက်ခိုက်ရာတွင်ရော ခုခံရာတွင်ရော အသုံးပြုနိုင်နေခဲ့လေသည်။
“ဂျူနီယာ… မင်း အခု ငါ့ကို ဘယ်လိုတိုက်ခိုက်တော့မှာလဲ…” တန်ကျွင်းဟောင်သည် လက်နောက်ပစ်ရင်းမှ ဝါးလုံးကွဲအော်ရယ်မောလျက် “ငါ့ကိုသတ်ဖို့ ဒီလောက်တောင် လွယ်တယ်ထင်နေတာလား… ဒီရွှေသံချပ်စာအုပ်နဲ့ဆိုရင် ငါတောင်လှုပ်ရှားစရာမလိုဘဲ မင်းဘာသာမင်း အလိုလို အေးအေးဆေးဆေး သေသွားရတော့မှာ…”
တန်ကျွင်းဟောင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အမဲလိုက်ငှက်များသည် ရန်ကိုင်ဆီသို့ ဘက်ပေါင်းစုံမှ ပြေးဝင်သွားကုန်ကြလေသည်။ ရန်ကိုင်ဆီသို့ မရောက်သေးခင်မှာပင် ထိုငှက်များသည် ၎င်းတို့၏ပါးစပ်အသီးသီးကို ဟလျက် အလင်းတန်းများကို ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်ကြလေ၏။ အချို့မှာ သူ့ဆီသို့ မီးဘောလုံးများကို တရစပ် ပစ်လွှတ်နေကြပြီး အချို့ငှက်များမှာတော့ ၎င်းတို့၏ခြေသည်းများ၊ နှုတ်သီးများကိုသုံး၍ ရန်ကိုင်ဆီသို့ ခုန်အုပ်လာကြသည်။
ရန်ကိုင်သည် ထိုရက်စက်ကြမ်းကြုတ်လှသည့် အမဲလိုက်ငှက်များ၏ ဆုတ်ဖြဲခံရမည့်အရေးနှင့် ရုတ်တရက်ကြီး ကြုံလာရတော့လေသည်။
ရန်ကိုင် ဒုက္ခရောက်နေသည်ကိုကြည့်ရင်း တန်ကျွင်းဟောင်မှာ ဝါးလုံးကွဲအော်ရယ်မောနေခဲ့သည်။
အချိန်အတော်ကြာပြီးသည့်နောက်မှသာ ရန်ကိုင် သူ့ကိုယ်သူ ဟန်ချက်ပြန်ထိမ်းသွားနိုင်ခဲ့လေ၏။ သို့သော်ငြား သူ့အခြေအနေမှာတော့ ကောင်းမွန်မလာခဲ့ပေ။ ရွှေသံချပ်စာအုပ်မှ ဆင့်ခေါ်ထားခံရသော အမဲလိုက်ငှက်များသည် ရန်ကိုင်ဆီသို့ ဘက်ပေါင်းစုံမှ ဝိုင်းရံလာနေဆဲ။
“သေလိုက်စမ်းကွာ…” ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေရာ လဓါးသွားပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး အချိန်မီမရှောင်တိမ်းနိုင်သော အမဲလိုက်ငှက်များကို ဖြတ်တောက်သွားကုန်ကြလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ဗလာဟင်းလင်းဖြစ်သွားသော ထိုနေရာဆီသို့ အနန္တဓါးကိုကိုင်စွဲ၍ ပြေးထွက်သွားလေ၏။
ရန်သူပေါင်းများစွာ သူ့အား ဝိုင်းရံထားကြလေရာ ရန်ကိုင်သာ အမှန်တကယ်ကြီး အဝိုင်းခံလိုက်ရမည်ဆိုပါက သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးနိုင်တော့လိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ပထမဦးစွာ သူ့အနေဖြင့် ခပ်လှမ်းလှမ်းသို့ရောက်အောင် ထွက်ပြေးရပေလိမ့်မည်။ ကံကောင်းစွာဖြင့် ထိုအမဲလိုက်ငှက်များသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားပါသော်ငြား သူတို့၏ ခုခံနိုင်စွမ်းမှာတော့ ဧကရာဇ်အဆင့်သို့ ရောက်မနေခဲ့ပေ။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် လက်သီးတစ်ချက်တည်းနှင့် အမဲလိုက်ငှက်ပေါင်းများစွာကို သတ်ပစ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
“တုံးလိုက်တာ…” ရန်ကိုင်သည် အမဲလိုက်ငှက်များ ဝိုင်းထားသည့်လက်မှ ထွက်ပြေးရန် ကြိုးစားနေသည်ကိုမြင်သော် လှောင်ပြုံးပြုံးကာ ပြောလိုက်လေသည်။ သို့သော်ငြား သူကိုယ်တိုင်တော့ သွားမတားခဲ့ပဲ ဘေးမှနေ၍သာ ရပ်ကြည့်နေလေ၏။
“မကောင်းတော့ဘူး…” ရန်ကိုင်စိတ်ထဲ တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိသွားခဲ့သည်။
ရန်ကိုင်၏လက်သီးချက်ကြောင့် တစ်စစီပျောက်ကွယ်သွားသင့်သော အမဲလိုက်ငှက်များမှာ အပြီးတိုင်ပျောက်ကွယ်သွားခဲ့ခြင်းမရှိဘဲ ခဏကြာပြီးသည့်နောက် မူလပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။
(ဒီကောင်တွေကို သတ်လို့မရဘူးလား…)
အလွန်ကြမ်းကြုတ်ခက်ထန်သည့် အရှိန်အဝါများ သူ့ဆီသို့ ဘက်ပေါင်းစုံမှ တိုးဝင်လာနေသည်ကို ခံစားမိလိုက်သော် ရန်ကိုင်စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်လေသည်။ ယခုမှတော့ ရှောင်တိမ်းရန် နောက်ကျသွားခဲ့ပြီ။ အမဲလိုက်ငှက်တစ်ကောင်သည် လေထဲမှတစ်ဆင့် ရန်ကိုင်ဆီသို့ ခုန်အုပ်လာခဲ့လေသည်။ ၎င်း၏လက်သည်းများသည် ရွှေရောင်တလက်လက် တောက်ပနေကာ အမာကျောဆုံးသော စတီးသားကိုပင်လျှင် တစ်စစီဖြစ်အောင် ဆုတ်ဖြဲနိုင်သည့်အလား။
မရှောင်တိမ်းနိုင်တော့သည့်အတွက်ကြောင့် ရန်ကိုင်လည်း မတတ်သာတော့ဘဲ ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်ရလေသည်။ ဓာတ်ကြီးငါးပါး အရောင်အဝါတို့ ရန်ကိုင်အား လွှမ်းခြုံသွားခဲ့လေ၏။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကိုပါ ထုတ်သုံး၍ မရေမတွက်နိုင်သော လဓါးသွားများကို ဘက်ပေါင်းစုံဆီသို့ ပစ်လွှတ်လိုက်လေ၏။
“ရွှစ် ရွှစ် ရွှစ်…”
လဓါးသွားများမှာ လေထဲသို့ ထိုးဖောက်သွားခဲ့လေရာ အမဲလိုက်ငှက်များ တစ်ကောင်ပြီးတစ်ကောင် နှစ်ပိုင်းပြတ်ထွက်ကုန်ကြလေသည်။ ပြတ်ထွက်သွားသော အပိုင်းများသည် လေထဲတွင် တွန့်လိမ်နေကြလေသည်။
“ဘုန်း…”
မြည်သံသဲ့သဲ့နှင့်အတူ ရန်ကိုင်ဖန်တီးထားသည့် ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီအကာအကွယ် ပျက်စီးသွားခဲ့လေသည်။ ထို့နောက်တွင် မြောက်မြားလှစွာသော တိုက်ခိုက်မှုများ ရန်ကိုင်၏ ကျောပြင်ကိုရော ရင်ဘတ်ကိုပါ လာမှန်ကြတော့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏အသားစများ စုတ်ပြဲထွက်ကုန်ရပြီး သွေးများ တရဟော စီးကျလာကုန်ကြလေ၏။
ရန်ကိုင်အနေဖြင့် နဂါးအသွင်ပြောင်းလဲခြင်းကျင့်စဉ်ကို ထုတ်သုံးထားလိုက်သည်မှာ ကံကောင်းသွားခဲ့သည်။ နဂါးအကြေးခွံများ၏ အကာအကွယ်ကြောင့်သာ မဟုတ်ပါက ထိုငှက်များ၏ ဆုတ်ဖြဲချက်များကြောင့် ရန်ကိုင် နှစ်ပိုင်းပြတ်ထွက်နေလောက်ပေပြီ။
“အခုမှတော့ အသုံးမဝင်တော့ဘူး… မင်း သူတို့ကို ဘယ်လောက်ပဲသတ်သတ် အဲ့ကောင်တွေက သေမှာမဟုတ်ဘူး…” တန်ကျွင်းဟောင်ကမူ ဘေးမှရပ်နေရင်း လှောင်ပြောင်ပြောဆိုနေခဲ့လေသည်။
လေလံပွဲသို့ရောက်လာကြသည့် ဧကရာဇ်အဆင့်ပညာရှင်များနှင့် ယှဉ်လိုက်သော် ဤရွှေသံချပ်စာအုပ်သည် တန်ကျွင်းဟောင်၏ အကြီးမားဆုံးအထောက်အပံ့ ဖြစ်ပေသည်။ သူ့တွင်သာ ရွှေသံချပ်စာအုပ် ရှိနေသရွေ့ သူဆင့်ခေါ်ထားသည့် သက်ရှိများသည် ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ဘဲ တစ်ကြိမ်အသတ်ခံလိုက်ရပြီးသည့်တိုင် သူ့ဘာသာသူ ပြန်လည်ကောင်းမွန်လာနိုင်ပေလိမ့်မည်။
ရန်ကိုင်လည်း ထိုအချက်ကို သိထားပေသည်။
ရွှေသံချပ်စာအုပ်အကြောင်း ကောင်းကောင်းမသိပါသော်ငြား ရွှေသံချပ်စာအုပ်၏ စွမ်းရည်အချို့ကိုတော့ သိသွားခဲ့လေပြီ။
ထိုအမဲလိုက်ငှက်များ သူ့ဘာသာသူ ပြန်လည်ကောင်းမွန်နေသည့်အချိန်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားကို ထုတ်သုံးကာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားလေသည်။
“ဟဲ ဟဲ… ကောင်လေး မင်း အကြံတွေကုန်နေပြီလား…” တန်ကျွင်းဟောင်က ရယ်မောလိုက်လေသည်။ တန်ကျွင်းဟောင် ပြင်ဆင်မှုများစွာ လုပ်ခဲ့ရခြင်းမှာ ရန်ကိုင် လေဟာနယ်စွမ်းရည်ကို တန်ပြန်လိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သူ၏ပြင်ဆင်မှုမှာ အမှန်တကယ်ကို အကျိုးသက်ရောက်မှုရှိခဲ့သည်။ တန်ကျွင်းဟောင်မှ ကြိုတင်စီစဉ်ထားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်သည် လေဟာနယ်ပညာရပ်ကို အသက်သွင်း၍ အစောကြီးတည်းက ထွက်ပြေးသွားနေလောက်ပေပြီ။
သို့ရာတွင် ဤရန်ကိုင်သည် ရူးရူးမိုက်မိုက်ဖြင့်ပင် သူ့ရှေ့၌ တည်နေရာခုန်ကူးရန် နောက်တစ်ကြိမ် ကြိုးစားလာသေးသည်။
ပြောရင်းဆိုရင်းမှ တန်ကျွင်းဟောင်သည် အစီအရင်အလံတိုင်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။
ဤအလံတိုင်သည် ဓာတ်ကြီးငါးပါး ပိတ်လှောင်ခြင်း အစီအရင်ကို ထိန်းချုပ်ထားသည့် အစီအရင်အလံတိုင်ဖြစ်ပေသည်။ အစီအရင်အလံတိုင်၏ အကူအညီဖြင့် တန်ကျွင်းဟောင်မှာ ရန်ကိုင်၏ လေဟာနယ်စွမ်းအားများကို ကောင်းကောင်း တန်ပြန်နိုင်လေ၏။
လက်ရှိ ရန်ကိုင်၏အခြေအနေမှာ ကောင်းမွန်မနေလေရာ သူ့အနေဖြင့် လေဟာနယ်နိယာမစွမ်းအားကို ထုတ်သုံး၍ ထွက်ပြေးရန် ကြိုးစားခြင်းမှာ အကောင်းဆုံးဖြစ်ပေသည်။ တန်ကျွင်းဟောင်သည် အမဲလိုက်ငှက်များကို ရန်ကိုင်အား နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် အမိန့်ပေးလိုက်လေ၏။
ထို့နောက်တွင် အစီအရင်အလံတိုင်ဆီမှ ဧကရာဇ်ချီများ ဖြာထွက်လာခဲ့ပြီး တန်ကျွင်းဟောင်သည် အစီအရင်အလံတိုင်ကို ရန်ကိုင်ရပ်နေသည့်နေရာဆီသို့ ဝှေ့ယမ်းချလိုက်လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင်၏ပုံရိပ် ဟင်းလင်းပြင်ထဲ ပြန်ပေါ်လာခဲ့လေ၏။
တန်ကျွင်းဟောင်က ညစ်ကျယ်ကျယ်အော်ရယ်မောလျက် “သေလိုက်ပေတော့…”
ထိုကဲ့သို့အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
တန်ကျွင်းဟောင်၏ရယ်သံတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။ အကြောင်းမှာ ရန်ကိုင် သူ့ရှေ့တွင် ပြန်ပေါ်လာသည့် အတွက်ကြောင့်ပင်။ ရန်ကိုင်၏မျက်နှာသည် တန်ကျွင်းဟောင်၏မျက်နှာနှင့် ထိလုနီးပါး ဖြစ်နေခဲ့လေ၏။ လက်ရှိအချိန်တွင် ရန်ကိုင်သည် တန်ကျွင်းဟောင်အား လှောင်ပြောင်လိုဟန်အပြည့်ဖြင့် စိုက်ကြည့်ရင်းမှ “ခွေးအိုကြီး ခင်ဗျားအချိန် ကုန်သွားပြီ…”
“မင်း…” တန်ကျွင်းဟောင်ထိတ်လန့်သွားခဲ့လေသည်။ ယခုမှသာ ဘာတွေဖြစ်လို့ဖြစ်နေမှန်း နားလည်သွားရတော့သည်။
အစောပိုင်းက ရန်ကိုင် တည်နေရာခုန်ကူးရန် လုပ်နေခြင်းမှာ ဟန်ပြသက်သက်သာ ဖြစ်ပြီး တကယ့်တကယ်တွင်တော့ သူလုံးဝကို မလှုပ်ရှားခဲ့ချေ။ ရန်ကိုင်ပုံရိပ် ဟင်းလင်းပြင်ထဲမှ ပြန်ပေါ်လာရခြင်းမှာ တန်ကျွင်းဟောင်၏လုပ်ရပ်ကြောင့် မဟုတ်ဘဲ သူ့ဘာသာ အယောင်ပြကာ ပြန်ပေါ်လာခြင်း ဖြစ်လေသည်။
ရန်ကိုင်အား တည်နေရာခုန်မကူးနိုင်အောင် အောင်မြင်စွာ လုပ်လိုက်နိုင်ပြီဟု တန်ကျွင်းဟောင်ထင်နေသည့် အချိန်မှာပင် ရန်ကိုင်သည် ချက်ချင်းကို တည်နေရာခုန်ကူးလိုက်ခြင်း ဖြစ်ပေသည်။
(ငါ့လခွမ်းကွာ… ဒီကောင့်ရဲ့လှည့်ကွက်ထဲကိုမှ ရောက်သွားရတယ်လို့…) တန်ကျွင်းဟောင်မှာ အံကို တင်းတင်းကြိတ်နေခဲ့လေသည်။ သူသေသေချာချာ ပြင်ဆင်ထားခဲ့ရသည့် အရာများသည် ရန်သူမှ သူ့အပေါ် အသုံးချနိုင်အောင် လုပ်ပေးထားသည့် လှည့်ကွက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားရလေသည်။
တန်ကျွင်းဟောင်မှာလည်း နှေးမနေခဲ့ပေ။ ရန်ကိုင် သူ့ရှေ့၌ ပေါ်လာသည်ကို သတိထားမိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲ ခြေဆောင့်၍ နောက်သို့ ခုန်ဆုတ်သွားလေ၏။
တိုက်ပွဲမှာ စရုံလေးသာ ရှိသေးပြီး ရွှေသံချပ်စာအုပ်သည် ၎င်းစွမ်းအား၏ ဆယ်ပုံတစ်ပုံလောက်ကိုသာလျှင် ထုတ်ပြရသေးသည်။ ရန်ကိုင် သူ့အား တစ်ကြိမ်လှည့်စားလိုက်မည်ဆိုလျှင်ပင် တန်ကျွင်းဟောင်အား အနိုင်ယူဖို့ ဤမျှလွယ်ကူမည်လား။
ရန်ကိုင်ကို ဤနေရာတွင် သတ်ပစ်နိုင်လိမ့်မည်ဟု တန်ကျွင်းဟောင် သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိနေလေသည်။
“ကျုပ်မျက်လုံးကိုကြည့်လိုက်စမ်း…”
ထိုစဉ် ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်လေသည်။
တန်ကျွင်းဟောင်လည်း ဘာကြောင့်မှန်းမသိ ရန်ကိုင်ဆီသို့ အလိုလို လှမ်း၍ကြည့်မိလိုက်၏။
“ကောင်းတယ်… အဲ့လိုမှပေါ့…” ရန်ကိုင်က ပြုံးဖြီးလိုက်လေသည်။ သူ၏ဘယ်ဘက်မျက်လုံးမှာ ရွှေရောင်တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး သူ၏မျက်ဆံသည် ရွှေရောင်မျက်ဆံအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးပင်။
(မဟုတ်ဘူး… ထပ်အလှည့်စားခံလိုက်ရပြန်ပြီကွာ… ဒီခွေးကောင်ကတော့…) တန်ကျွင်းဟောင်မှာ ထိတ်လည်းထိတ်လန့် ရန်ကိုင်ကိုလည်း ကြိတ်၍ ကျိန်ဆဲနေမိလေသည်။
ရန်ကိုင်၏မျက်လုံးဆီမှ ချက်ချင်း အကြည့်လွှဲဖယ်လိုက်ချင်ပါသော်ငြား ရွှေရောင်မျက်ဆံဆီမှ ဖြာထွက်နေသည့် ထူးဆန်းသောစွမ်းအားကြောင့် ထိုသို့ ချက်ချင်းမလုပ်နိုင်သည်ကို တွေ့ရှိလိုက်ရသည်။
“မျက်လုံးပညာရပ်…” တန်ကျွင်းဟောင် ချက်ချင်း နားလည်သွားခဲ့ပြီး စိတ်စွမ်းအင်ကို အရူးအမူးလှည့်ပတ်၍ ထိုပုံမှန်မဟုတ်သည့် ညှို့ဓာတ်ကို ခုခံရင်းမှ လျှာထိပ်ဖျားကို ကိုက်ချလိုက်လေ၏။
သို့သော်ငြား တစ်စက္ကန့်ဟူသော အချိန်ပမဏသည် ပညာရှင်နှစ်ပါးကြားတိုက်ပွဲမှ အနိုင်အရှုံးကို ဆုံးဖြတ်ပေးရန် လုံလောက်လေ၏။
တန်ကျွင်းဟောင် သူ့ကိုယ်သူ အပြည့်အဝ ပြန်လည်မထိန်းချုပ်နိုင်သေးခင်မှာပင် ရန်ကိုင်က လှုပ်ရှားပြီးနေခဲ့လေပြီ။
“ဝိဉာဉ်ခွဲဆေဘာဓါး… ကောင်းကင်ခွဲဓါးချက်…”
ရွှေရောင်အလင်းတန်းတို့ ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးဆီမှ ဖြာထွက်လာခဲ့ပြီး တန်ကျွင်းဟောင်ဆီသို့ တိုးဝင်သွားကာ သူ့ကိုယ်ထဲသို့ သဲလွန်စမကျန် တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက်တွင် တစ်ချက်ငြီးတွားလျက် ရန်ကိုင်၏မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့လေသည်။ မိုးရေထဲမှ ဖြတ်လျှောက်လာရသည့်အလား ရန်ကိုင်နဖူးတစ်ခုလုံးမှာလည်း ချွေးများဖြင့် စိုရွှဲနေလေ၏။
အခြားတစ်ဖက်တွင်တော့ တန်ကျွင်းဟောင်မှာ နာကျင်စွာ အော်ဟစ်ရင်း သူ့မျက်လုံးများဆီမှ သွေးများ တရဟော စီးကျလာခဲ့လေသည်။