အခန်း (၂၇၀၃)
Vol. 116 Ch. 2703
ဝိဉာဉ်ခွဲဆေဘာဓါးသည် အလွန်တရာကိုမှ အားကောင်းလှသည့် ဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုဖြစ်သည်။
ထို့အပြင် ကောင်းကင်ခွဲဓါးချက်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် တွေ့ခဲ့ရသော ထျန်းယန်ဆီမှ ရန်ကိုင်သင်ထားခဲ့သည့် ပညာရပ်တစ်ခုလည်း ဖြစ်လေ၏။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် နေမင်းပြာကျောင်းတော်တွင် ရှိသည့် အထွဋ်အမြတ်မှော်ရတနာတစ်ခုဖြစ်ပြီး ထိုထဲတွင် သီးခြားကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် နေထိုင်ကြသည့် သက်ရှိများသည် ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားကြခြင်းမရှိဘဲ နာမ်ဝိဉာဉ်များအနေဖြင့်သာ တည်ရှိကြသည်။
ထျန်းယန်သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲရှိ အားအကောင်းဆုံးသော သက်ရှိတစ်ဦးဖြစ်ပြီး သူ၏ နာမ်ဝိဉာဉ်မှာ မဟာဧကရာဇ်အဆင့်သို့ပင် ရောက်ရှိနေခဲ့လေပြီ။
သူ့ဘဝသက်တမ်းတစ်လျှောက်လုံး ဝိဉာဉ်ပညာရပ်များကိုသာ ကျင့်ကြံလာခဲ့သည့်အတွက်ကြောင့် သူကိုယ်တိုင်တီထွင်ထားသည့် ကောင်းကင်ခွဲဓါးချက်သည် မည်ကဲ့သို့များ အားနည်းပါမည်နည်း။
ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုဖြစ်သော ဝိဉာဉ်ခွဲဆေဘာဓါးကပါ အားဖြည့်ထားလိုက်သော် ကောင်းကင်ခွဲဓါးချက်၏ စွမ်းအားမှာ ကြောက်ခမန်းလိလိအဆင့်ထိ ရောက်ရှိသွားတော့လေ၏။
ထို့အပြင် ရန်ကိုင်သည် လိုရမယ်ရ သူ့စိတ်စွမ်းအင်အကုန်လုံးနီးပါးကို ထိုတိုက်ကွက်တစ်ကွက်ထဲတွင် အပြည့်အဝ ထည့်သွင်းထားခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ထိုတိုက်ကွက်ကို ထုတ်သုံးပြီးသွားသည့်အချိန်၌ သူ့မျက်နှာတစ်ပြင်လုံး ဖြူဆွတ်သွားခဲ့ရခြင်း ဖြစ်လေသည်။
ထိုကဲ့သို့သော တိုက်ကွက်ကို ထိပ်တိုက်ခံလိုက်ရသည့် တန်ကျွင်းဟောင်အနေဖြင့် လုံးဝကို သက်သာလိမ့်မည်မဟုတ်ချေ။
အလွန်ပြင်းထန်လှသည့် ဝိဉာဉ်ခွဲစွမ်းအားမှာ တန်ကျွင်းဟောင်၏ ဝိဉာဉ်အကာအကွယ်များကို တမုဟုတ်ချည်း ချိုးဖောက်လျက် သူ့အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာခဲ့လေ၏။ ထိုစွမ်းအားကြောင့် တန်ကျွင်းဟောင်၏ အသိစိတ်ပင်လယ်တစ်ခုလုံး အထက်အောက်ပြောင်းပြန်လန်သွားသလို ဖြစ်သွားရကာ အသိစိတ်ပင်လယ်တစ်ခုလုံးမှာ လှိုင်းထန်လာရတော့လေသည်။ ထို့ကြောင့် သူ့ဝိဉာဉ်မှာလည်း ကသောင်းကနင်းကို ဖြစ်သွားရတော့လေသည်။
တန်ကျွင်းဟောင်မှာ အလွန်တရာကိုမှ နာကျင်လွန်းလှသည့် အမူအယာဖြင့် အော်ဟစ်နေခဲ့သည်။ ရေအိုင်ထဲမှ ခုန်ထွက်လာသည့် ငါးတစ်ကောင်နှယ် သူ့တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် စိုရွှဲနေခဲ့လေသည်။
သူ့အသိစိတ်ပင်လယ်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပြီ ဖြစ်သည့်အတွက်ကြောင့် မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်သော ဆေးလုံးအချို့ကလွဲလျှင် ဤကဲ့သို့သောဒဏ်ရာမျိုးကို မည်သည့်နည်းနှင့်မျှ ပြန်လည်ကုသနိုင်တော့လိမ့်မည် မဟုတ်ချေ။ မဟာဧကရာဇ်တစ်ပါးသည်ပင်လျှင် ဤကဲ့သို့သောဒဏ်ရာမျိုးကို မကုသပေးနိုင်ပေ။
“အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း…” တန်ကျွင်းဟောင် ပြန်မတိုက်နိုင်သည်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် တရစပ် ထိုးစစ်ဆင်လိုက်လေသည်။ သူ့ဦးခေါင်းတစ်ခုလုံးမှာလည်း တဆစ်ဆစ်ကိုက်နေသည့်တိုင် စိတ်ကိုတင်းခံရင်းမှ အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်းပညာရပ်ကို ထုတ်သုံးရန် ပြင်လိုက်လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် လေထဲ၌ ဝဲနေသော ရွှေသံချပ်စာအုပ်၏ စာရွက်များသည် တန်ကျွင်းဟောင်၏ အမိန့်မရသည့်တိုင် သူ့ဘာသာ အလိုလို တဖျတ်ဖျတ် လန်တော့လေသည်။
ရုတ်တရက်ဆိုသလို ရွှေသံချပ်စာအုပ်၏ စာရွက်များဆီမှ ရွှေရောင်အလင်းတန်းနှစ်ခု ပျံထွက်လာခဲ့လေသည်။
အလွန်ကိုမှ နီးကပ်နေသည့်အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင်ကလည်း မပြင်ဆင်ထားခဲ့လေရာ ထိုရွှေရောင်အလင်းတန်းနှစ်ခုကို အချိန်မီ မရှောင်တိမ်းနိုင်တော့ပေ။
“စွပ်…”
ရွှေရောင်သွေးများ ရန်ကိုင်ဆီမှ ဖြာထွက်လာခဲ့ပြီး အလွန်ပြင်းထန်သည့် စွမ်းအားတစ်ရပ်ကြောင့် ရန်ကိုင်မှ လေထဲ ဂျွမ်းပစ်သွားခဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရလေသည်။ ထို့နောက် အချိန်အတော်ကြာသည့်တိုင် ပြန်မထလာနိုင်ခဲ့ပေ။
သူ့ဝမ်းဗိုက်နေရာမှ အလွန်ကိုမှ နာကျင်နေသည့်အတွက်ကြောင့် ငုံ့ကြည့်လိုက်ရာ ရန်ကိုင် မျက်နှာပျက်သွားခဲ့လေ၏။ “ခွေးအိုကြီးတန်… ခင်ဗျားနဲ့ကျုပ် တစ်မိုးအောက်ထဲမှာ ဘယ်တော့မှ အတူမရှိနိုင်ဘူး…”
သူ့ဝမ်းဗိုက်နေရာတွင် လက်တစ်ချောင်းစာမျှ အကျယ်ရှိသည့် အပေါက်နှစ်ပေါက် ရှိနေခဲ့လေသည်။ ရွှေရောင်အလင်းတန်းသည် မည်မျှပင်အားကောင်း၍များ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကိုပင် ထုတ်သုံးထားသည့် သူ့ခန္ဓာကိုယ်ကို ဤကဲ့သို့ ထုတ်ချင်းပေါက်အောင် လုပ်နိုင်ရသလဲဆိုသည်ကို ရန်ကိုင် နားမလည်နိုင်ခဲ့ပေ။
ရန်ကိုင်သည် ဧကရာဇ်ချီကို လှည့်ပတ်၍ ဒဏ်ရာအား ယာယီသွေးတိတ်သွားအောင် ထိန်းထားလိုက်သည်။
သို့သော်ငြား တစ်ချိန်တည်းတွင် သူ့အထက်၌ ဝဲနေသော ရာနှင့်ချီသည့် အမဲလိုက်ငှက်များသည် ရန်ကိုင်ဆီသို့ တဟုန်ထိုး တိုးဝင်လာကြလေသည်။ ရန်ကိုင်မှာလည်း အထိတ်ထိတ်အလန့်လန့်ဖြင့် အလျင်အမြန် တည်နေရာခုန်ကူးလိုက်ရလေ၏။
တန်ကျွင်းဟောင်၏ ထိန်းချုပ်မှု မရှိတော့သည့်နောက်တွင် ထိုအမဲလိုက်ငှက်များအဖို့ ရန်ကိုင်အား ထိခိုက်အောင် လုပ်ရန်မှာ မလွယ်ကူတော့ပေ။
“အား…” တန်ကျွင်းဟောင်သည် ကောင်းကင်ပေါ်သို့မော့၍ အော်ဟစ်လိုက်လေသည်။ လေမတိုက်ဘဲနှင့်ပင်လျှင် သူ့အဝတ်စများမှာ တဖျတ်ဖျတ် လှုပ်ခါနေခဲ့သည်။
“ဟား ဟား ဟား…” ရန်ကိုင်သည် သူ့ဝမ်းဗိုက်ကို လက်ဖြင့်အုပ်ရင်း ခပ်ဝေးဝေးသို့ ဆုတ်သွားလိုက်ပြီးနောက် တန်ကျွင်းဟောင်အားကြည့်ကာ ဝါးလုံးကွဲအော်ရယ်မောလိုက်လေသည်။
လက်ရှိ ရန်ကိုင်၏လုပ်ရပ်မှာ မဆင်မခြင်နိုင်သလို သူကိုယ်တိုင်သည်လည်း ဒဏ်ရာရသွားခဲ့ပါသော်ငြား တန်ကျွင်းဟောင်၏ဒဏ်ရာများမှာ သူ့ထက်ပို၍ အခြေအနေဆိုးနေလေသည်။ ရန်ကိုင်အနေဖြင့် ယနေ့တိုင် တန်ကျွင်းဟောင်အား မသတ်ခဲ့လျှင်ပင် တန်ကျွင်းဟောင်အနေဖြင့် အချိန်ကြာကြာ အသက်ရှင်နိုင်တော့လိမ့်မည်မဟုတ်ချေ။
ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ကုသရေးဆေးလုံးများကို အလျင်စလို ထုတ်ယူ၍ ပဲစေ့များနှယ် ဝါးစားပစ်လိုက်လေသည်။
ချောင်ပိတ်ရိုက်ခံရသည့် ခွေးတစ်ကောင်ပင်လျှင် ပြန်ကိုက်တတ်လေရာ ဧကရာဇ်တတိယအဆင့်သို့ရောက်နေသော တန်ကျွင်းဟောင်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ ယခုကဲ့သို့ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပြီးသည့်နောက်တွင် တန်ကျွင်းဟောင်သည် မီးကုန်ယမ်းကုန် တိုက်ခိုက်လာတော့ပေမည်။ ထို့ကြောင့်ပင်လျှင် ရန်ကိုင်သည် အတတ်နိုင်ဆုံး အားပြည်ဖြည့်ရန် ကြိုးစားနေခြင်းပင်။
“ဖျတ် ဖျတ် ဖျတ် ဖျတ်…”
လေထဲတွင် ဝဲနေသော ရွှေသံချပ်စာအုပ်၏ စာမျက်နှာများ ထပ်လန်သွားပြန်လေသည်။
ရန်ကိုင် ကြောင်သွားခဲ့လေ၏။ ဤခွေးအိုကြီး ဘာတွေများ လုပ်ရန် ကြံနေလေသနည်း။ တစ်ခုခုဖြစ်လာပါက အချိန်မရွေးရှောင်တိမ်းနိုင်ရန် သူ့ခွန်အားကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်လေသည်။
စာအုပ်သည် တစ်ခုသောစာမျက်နှာတွင် ရပ်သွားခဲ့ပြီး ရွှေရောင်အလင်းတန်းတစ်ခု ပျံထွက်လာခဲ့လေသည်။ ထိုရွှေရောင်အလင်းတန်းသည် လေထဲသို့ ရောက်ပြီးသည့်နောက် ရွှေရောင်ဓါးရှည်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ တဟုန်ထိုး ထိုးဆင်းလာခဲ့လေ၏။
ဓါးအလင်းတန်းဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် အမဲလိုက်ငှက်များမှာ တစ်စစီဖြစ်ကုန်ကြရလေသည်။
“ဟမ်…” ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။
စာရွက်များ ထပ်လန်သွားပြန်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ စာမျက်နှာထဲမှ ဧရာမချိတ်စည်းကြီးတစ်ခု ပျံထွက်လာခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရာ ဧရာမတွင်းပေါက်ကြီးတစ်ပေါက် ဖြစ်လာခဲ့ရလေသည်။
စာရွက်များမှာ ထပ်လန်သွားပြန်လေသည်။
စာရွက်များမှာ အဆက်မပြတ်လှန်နေခဲ့ပြီး တစ်ကြိမ်ရပ်သွားတိုင်းရပ်သွားတိုင်း မတူကွဲပြားသည့် တိုက်ကွက်တစ်ခု စာအုပ်ဆီမှ ထွက်ပေါ်လာလေသည်။ အရွယ်အစား အမျိုးမျိုးရှိသော မှော်ရတနာများ၊ အားကောင်းလှသည့် ပညာရပ်များနှင့် အသက်ဝင်လာသော မွန်းစတားသားရဲများ အားလုံး စာရွက်ထဲမှ ထွက်ပေါ်လာကြလေသည်။
စာရွက်ထဲမှထွက်ပေါ်လာသည့် တစ်ကောင်သော မွန်းစတားသားရဲဆိုလျှင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ အရှိန်အဝါကိုပင်လျှင် ထုတ်လွှတ်နိုင်နေလေသည်။ သို့သော်ငြား ထိုမွန်းစတားသားရဲ၏ ပုံစံမှာ အသားလုံးတစ်လုံးနှယ် ဝိုင်းဝိုင်း ဖြစ်နေခဲ့ပြီး ၎င်းခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော မျက်လုံးများ ရှိနေလေ၏။ ထိုမွန်းစတားသားရဲ မည်ကဲ့သို့ တိုက်ခိုက်လို့ တိုက်ခိုက်မည်မှန်းကိုပင်လျှင် ရန်ကိုင်မပြောနိုင်ခဲ့ပေ။
သို့သော်ငြား မကြာမီတွင် ရန်ကိုင် နားလည်သွားခဲ့ရလေ၏။
ရုတ်တရက်ဆိုသလို အနက်ရောင်ဘောလုံးပေါ်ရှိ မျက်လုံးများ မျက်တောင်ခတ်လိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်အလင်းတန်းပေါင်းမြောက်မြားစွာ ထွက်ပေါ်လာခဲ့လေသည်။ ထိုအလင်းတန်းများသည် ထိသွားသည့်မည်သည့်အရာကိုမဆို အေးခဲသွားပြီး ကျောက်ရုပ်တစ်ရုပ်နှယ် ဖြစ်သွားစေနိုင်သည့်အလား။
အသားဘောလုံးမွန်းစတားသားရဲ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တောက်လျှောက်ကို မျက်တောင်ခတ်နေတော့သည်။ တစ်ကြိမ်မျက်တောင်ခတ်လိုက်တိုင်း ခတ်လိုက်တိုင်း အနက်ရောင်အလင်းတန်းများစွာကို ပစ်လွှတ်နေသည်။ တန်ကျွင်းဟောင်မှ ဆင့်ခေါ်ထားသည့် ရာနှင့်ချီသော အမဲလိုက်ငှက်များမှာ အလင်းတန်းများ၏ ထိမှန်ခြင်း ခံရကာ ကျောက်ရုပ်ဖြစ်သွားသည့်အလား တောင့်တောင့်ကြီး ဖြစ်ကုန်ကြလေသည်။
ထို့အပြင် ထိုအမဲလိုက်ငှက်များသည် ထိုအသားဘောလုံးမွန်းစတားသားရဲအား အလွန်တရာကိုမှ ကြောက်လန့်နေကြသည့်အလား တစ်ချက်ကလေးမှပင် ပြန်မတိုက်ရဲခဲ့ကြဘဲ ကြောက်ကြောက်လန့်လန့်ဖြင့်သာ ထွက်ပြေးကြလေသည်။ သို့သော်ငြား မည်သို့မှ ပြေးမလွတ်နိုင်ခဲ့ပဲ မကြာမီတွင် အမဲလိုက်ငှက်များအားလုံး သုတ်သင်ခံလိုက်ရလေ၏။
လက်ရှိအခြေအနေမှာ လုံးဝကို ကသောင်းကနင်း ဖြစ်နေတော့လေသည်။ စာရွက်များဆီမှ အမျိုးမျိုးသော တိုက်ကွက်များ ဦးတည်ရာမဲ့ ထွက်ပေါ်လာနေခဲ့ပြီး ရန်ကိုင်သည် သူ့ဆီသို့ တိုးဝင်လာသော တိုက်ခိုက်မှုများကို ဟိုမှသည်သို့ ကူးကလန်ခတ် ရှောင်ရှားနေခဲ့ရသည်။
အထူးသဖြင့် ရန်ကိုင်သည် အသားဘောလုံးမွန်းစတားသားရဲ၏ တိုက်ခိုက်မှုများကို သေသေချာချာ သတိထားနေရလေသည်။ အကြောင်းမှာ ထိုအသားဘောလုံးမွန်းစတားသားရဲ၏ မျက်လုံးများဆီမှ ထွက်ပေါ်လာသည့် အနက်ရောင်အလင်းတန်းတစ်ခု၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် သူ၏တုံ့ပြန်နှုန်းမှာ သိသိသာသာကို ထိုးကျသွားသည်အား တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်။ သူ၏ဧကရာဇ်ချီကို အသည်းအသန်လှည့်ပတ်လိုက်ပြီးသည့် အခါမှသာ ထိုအနက်ရောင်အလင်းတန်း၏ အစွမ်းအာနိသင်ကို ပယ်ဖျက်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် ရန်ကိုင်မှာ အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေပြီ။ တန်ကျွင်းဟောင်သည်သာ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူ့အား တိုက်ခိုက်လာမည်ဆိုပါက ရန်ကိုင်အနေဖြင့် တည်နေရာခုန်ကူးရန် ကြိုးစားမည်ဆိုလျှင်ပင် တန်ကျွင်းဟောင်၏တိုက်ကွက်ကို ရှောင်ရှားနိုင်လောက်လိမ့်မည်မဟုတ်ချေ။
“အား…” တန်ကျွင်းဟောင်မှာမူ ခေါင်းကိုကိုင်ရင်း အဆက်မပြတ်အော်ဟစ်နေခဲ့လေသည်။ တစ်ချိန်တည်းတွင် ဟိုမှသည်သို့ ခုန်ပေါက်နေခဲ့ပြီး တစ်ခါတစ်ရံ မြေကြီးပေါ်တွင်လည်း လူးလိမ့်နေလေ၏။ သူ့တွင် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးနှင့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ ဟန်ပန်အမူအယာတို့ လုံးဝ ရှိမနေတော့ပေ။
“သူရူးသွားပြီ…” ရန်ကိုင်သည် နဖူးထက်တွင် ဝေ့သီလာသော ချွေးအေးများကို သုတ်လိုက်လေ၏။
အခြေအနေမှာ ယခုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားသဖြင့် ရန်ကိုင်မှာလည်း အတော်လေးကိုမှ အံ့အားသင့်သွားခဲ့ရလေသည်။
သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်ပြီးသည့်နောက် တန်ကျွင်းဟောင်နေရာတွင်သာ အခြားတစ်ယောက်ဆိုပါက ရန်ကိုင်၏ ဝိဉာဉ်ခွဲဆေဘာဓါးမှ အားဖြည့်ပေးထားသော ကောင်းကင်ခွဲဓါးချက်ကို ခံလိုက်ရမည်ဆိုပါက ရူးနှမ်းသွားရမည့်အစား တစ်ခါတည်း တန်းသေသွားကြရလိမ့်မည်သာ။
တကယ်တော့ အသိစိတ်ပင်လယ် နှစ်ပိုင်းကွဲထွက်သွားခဲ့လျှင် ဝိဉာဉ်သည်လည်း ပျက်စီးရပေလိမ့်မည်။ အသက်ရှင်နိုင်ခြေ လုံးဝမရှိတော့။
တန်ကျွင်းဟောင်အနေဖြင့် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခံရပြီးသည့်တိုင် အသက်ရှင်နေသေးသည်မှာ အတော်လေးကိုမှ အံ့ဩဖွယ်ရာ ကောင်းလှသည်။ သို့သော်ငြား သူ့အနေဖြင့် အသက်ရှင်နေသည့်တိုင် သူ့အသိစိတ်ပင်လယ်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသဖြင့် ရူးသွပ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရလေသည်။
လက်ရှိအချိန်တွင် တန်ကျွင်းဟောင်မှာ ပုံမှန်လူတစ်ဦးကဲ့သို့မဟုတ်ဘဲ စိတ်မနှံ့တော့သည့် အရူးတစ်ယောက်နှယ် ဖြစ်နေလေပြီ။
ရန်ကိုင်မှာလည်း အလွန်ကိုမှ ကံကောင်းနေသလို ခံစားခဲ့ရသည်။
အစောပိုင်းက တန်ကျွင်းဟောင်၏စိတ် အကောင်းအတိုင်း ရှိနေသေးစဉ် တန်ကျွင်းဟောင်သည် ရွှေသံချပ်စာအုပ်၏ စွမ်းအင်သုံးမျိုးကိုသာ ထုတ်သုံးခဲ့လေသည်။ ထိုစွမ်းအင်သုံးမျိုးတည်းနှင့်ပင်လျှင် ရန်ကိုင်မှာ အတော်လေးကိုမှ ဒုက္ခရောက်နေခဲ့ရသည်။ ယခုမူ ဤရွှေသံချပ်စာအုပ်ထဲ အခြား အမျိုးမျိုးသော တိုက်ကွက်များလည်း ရှိနေသေးသည့်ပုံပင်။ အထူးသဖြင့် ဤအသားဘောလုံးမွန်းစတားသားရဲသည် ရန်ကိုင်အား အတော်လေးကိုမှ ဒုက္ခရောက်အောင် လုပ်နေခဲ့လေသည်။ တန်ကျွင်းဟောင်ကိုယ်တိုင်သည်သာ ထိုအရာများကို ထိန်းချုပ်၍ တိုက်ခိုက်လာမည်ဆိုပါက မည်ကဲ့သို့ဖြစ်မလဲဆိုသည်ကို ရန်ကိုင်မပြောနိုင်ခဲ့ပေ။
လက်ရှိအချိန်တွင် တန်ကျွင်းဟောင်၏ဝိဉာဉ်မှာ ပရမ်းပတာအခြေအနေသို့ ရောက်နေသည့်အတွက်ကြောင့် ရွှေသံချပ်စာအုပ်အား ကောင်းကောင်းမထိန်းချုပ်နိုင်တော့ဘဲ ရွှေသံချပ်စာအုပ်ထဲတွင် ရှိနေသည့် စွမ်းအင်များကို ကြုံရာကျပန်းသာ ဆင့်ခေါ်နေတော့လေသည်။
လက်ရှိထွက်ပေါ်လာသည့် စွမ်းအင်များကို မြင်ပြီးသည့်နောက်တွင် ရွှေသံချပ်စာအုပ် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်းကို ရန်ကိုင် နားလည်သွားတော့လေသည်။
သို့ရာတွင် ဤကဲ့သို့သော ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို တန်ကျွင်းဟောင် မည်သည့်နေရာမှ ရလာလေသနည်း။ ဤကဲ့သို့သော အရာမျိုးသည် ယနေ့ခေတ်တွင် ရှိနေသော ပန်းပဲပညာရှင်တစ်ဦးမှ ထုလုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
ရန်ကိုင်စိတ်ထဲ ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် လေထဲတွင် ဝဲနေသော ရွှေသံချပ်စာအုပ်သည် ရုတ်တရက် ရွှေရောင်တဖျတ်ဖျတ် တောက်ပလာတော့လေသည်။ ထို့နောက်တွင် စာအုပ်ထဲမှ အပြင်သို့ ထွက်လာကြသည့် အရာအားလုံးမှာ ရွှေရောင်အလင်းတန်းများအသွင်သို့ ပြောင်းလျက် စာအုပ်ထဲသို့ ပြန်လည် တိုးဝင်ပျောက်ကွယ်သွားကုန်ကြလေသည်။
ထိုအရာများ စာအုပ်ထဲသို့ ပြန်ရောက်လာပြီးသည့်နောက် ရွှေသံချပ်စာအုပ်မှာ သူ့အလိုလို ပိတ်သွားခဲ့ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေ၏။
ရန်ကိုင်သည် ရွှေသံချပ်စာအုပ်အား သူခိုးတစ်ကောင်နှယ် သေသေချာချာ စိုက်ကြည့်နေခဲ့လေသည်။ ထို့နောက် ရွှေသံချပ်စာအုပ်နားသို့ လှစ်ခနဲ ရောက်သွားပြီး စာအုပ်ကို အလျင်စလို ကောက်ယူလိုက်လေသည်။
ရွှေသံချပ်စာအုပ်၏ စွမ်းအားကို မြင်တွေ့ပြီးသည့်နောက် ရန်ကိုင်အနေဖြင့် ထိုစာအုပ်ကို မည်သို့များ မလိုချင်ဘဲ နေပါတော့မည်နည်း။ ဤကဲ့သို့သော ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုသာ သူ့လက်ထဲ၌ ရှိနေမည်ဆိုပါက အခြားသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ကျိန်းသေကို အထက်စည်းမှ တိုက်ခိုက်နိုင်ပေလိမ့်မည်။
သို့ရာတွင် ရန်ကိုင်မှ စာအုပ်ကို ကောက်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ရွှေသံချပ်စာအုပ်မှာ ရွှေရောင်တဖျတ်ဖျတ် တောက်ပလာတော့လေ၏။ ထို့နောက် စာအုပ်တစ်အုပ်လုံးသည် ရန်ကိုင်၏လက်ကို ငြင်းဆန်နေသည့်အလား တဆတ်ဆတ် တုန်ခါလာတော့လေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ရွှေသံချပ်စာအုပ်မှ ဖြာထွက်လာသည့် ရွှေရောင်အလင်းတန်းများကြောင့် သူ့ဝိဉာဉ်မှာလည်း အလွန်တရာကိုမှ နာကျင်လာသည်ကို ရန်ကိုင် ခံစားလိုက်ရသည်။
ထိုစဉ် ရွှေသံချပ်စာအုပ်ကို အခြားလက်တစ်ဖက်က လာကိုင်လေသည်။
ရန်ကိုင် မော့ကြည့်လိုက်ရာ တန်ကျွင်းဟောင်မှ သူ့အား သွေးရောင်ရဲနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
“လွှတ်… ဒါ ငါ့ဟာ…” တန်ကျွင်းဟောင်က ရန်ကိုင်ကိုကြည့်၍ အော်ပြောလိုက်သည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ခင်ဗျား ရူးနေပြီ… ဒါ ခင်ဗျားဟာမဟုတ်ဘူး ကျုပ်ဟာ…”
“ငါမရူးဘူးကွ…” တန်ကျွင်းဟောင်က ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။
“မဟုတ်ဘူး… ခင်ဗျား ရူးနေပြီ…” ရန်ကိုင်သည် တန်ကျွင်းဟောင်၏မျက်လုံးများကို မမှိတ်မသုန်စိုက်ကြည့်လျက် “ခင်ဗျား လုံးဝကို ရူးနေတာ…” ရန်ကိုင်က ထပ်ပြောလိုက်သည်။
“ငါရူးနေတာလား…” တန်ကျွင်းဟောင်သည် ရန်ကိုင်အား မင်သက်နေသည့်အမူအယာဖြင့် ကြည့်လိုက်လေသည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
သူသာမရူးပါက ရွှေသံချပ်စာအုပ်ကို ရန်ကိုင်ဆီမှ မည်ကဲ့သို့များ ဤနည်းလမ်းဖြင့် ပြန်လည်လုယူပါမည်နည်း။ ဤဧကရာဇ်အဆင့်မှော်ရတနာသည် သူ့အပိုင်ဖြစ်လေရာ သူသာ ပြန်လိုချင်ပါက အတွေးတစ်ချက်သာ လိုပေသည်။
“ငါ ရူးနေပြီ…” ရုတ်တရက် တန်ကျွင်းဟောင်သည် ရွှေသံချပ်စာအုပ်အား ကိုင်ထားသည့် သူ့လက်ကို လွှတ်ပေးလိုက်၍ အတွေးနက်နေဟန်ဖြင့် ထရပ်လိုက်လေသည်။ ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရွှေသံချပ်စာအုပ်ကို ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်လေသည်။
တန်ကျွင်းဟောင်၏ ဝိဉာဉ်အမှတ်အသားမှာ စာအုပ်ပေါ်တွင် ရှိနေသေးပါသော်ငြား ရန်ကိုင်အနေဖြင့် နောက်ပိုင်းကျလျှင် ထိုအရာကို ပယ်ဖျက်ပစ်နိုင်ပေသည်။
သို့သော်ငြား ရန်ကိုင်၏လုပ်ရပ်သည် တန်ကျွင်းဟောင်၏ အာရုံကို ပြန်လည်ဆွဲဆောင်သွားခဲ့သည်။ တန်ကျွင်းဟောင်သည် မိန်းမောနေရာမှ အသိပြန်ဝင်လာပြီး ရန်ကိုင်အား ကြမ်းကြုတ်စွာ စိုက်ကြည့်၍ အံကြိတ်ကာ အော်ပြောလိုက်လေ၏။ “ငါ့ဟာပြန်ပေး…”
ရန်ကိုင်က ပုခုံးတွန့်ပြလျက် “မရှိတော့ဘူး…”
တန်ကျွင်းဟောင် ဒေါသူပုန်ထသွားခဲ့ပြီး ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ ရန်ကိုင်ဆီသို့ ခုန်အုပ်လာခဲ့လေသ်ည။
ရန်ကိုင်မှာ အလစ်အငိုက်မိသွားသည့်အတွက်ကြောင့် လွင့်စင်ထွက်သွားခဲ့ရလေ၏။ အစောပိုင်းက ဒဏ်ရာရထားခဲ့သည့် သူ့ဝမ်းဗိုက်နေရာမှ ပြင်းပြင်းထန်ထန် ထပ်မံ၍ နာကျင်လာခဲ့လေသည်။
“ငါ့ဟာပြန်ပေး…” တန်ကျွင်းဟောင်သည် ဒေါမာန်တကြီးဖြင့် အော်ဟစ်ရင်း ရန်ကိုင်၏ရင်ဘတ်ကို လက်သီးများဖြင့် တရစပ် ထိုးချလိုက်လေသည်။
“ဖူး…”
ရန်ကိုင်မှာ သွေးတစ်ပွက် ထိုးအန်လိုက်ရလေ၏။ တစ်ချိန်တည်းတွင် ခြေထောက်ဖြင့် တန်ကျွင်းဟောင်၏မျက်နှာကို ဆောင့်ကန်၍ ခပ်လှမ်းလှမ်းသို့ ဆုတ်သွားလိုက်လေသည်။ ခပ်လှမ်းလှမ်းသို့ရောက်သော် လက်ကွက်တစ်ခုကို ဖန်တီးလျက် အလေးအနက်အမူအယာဖြင့် ရေရွတ်လိုက်လေ၏။ “အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…”
ချိတ်စည်းဖြစ်ပေါ်လာပြီးသည့်နောက်တွင် သူ့လက်ကို ရှေ့တည့်တည့်သို့ အသာအယာ တွန်းထုတ်လိုက်လေသည်။
တန်ကျွင်းဟောင်မှာ ရှောင်ရမည်ကိုပင် မသိခဲ့ဘဲ ရန်ကိုင်ကိုသာ မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လျက် သူ့နောက်သို့ အရူးအမူးပြေးလိုက်ရင်း စကားတစ်ခွန်းတည်းကိုသာ ထပ်တလဲလဲ ရေရွတ်နေခဲ့လေသည်။
အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်သည် တန်ကျွင်းဟောင်၏ ခေါင်းတည့်တည့်ကို သွားရောက်ထိမှန်သွားခဲ့လေ၏။
အချိန်နိယာမစွမ်းအားတို့မှာ တန်ကျွင်းဟောင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့လေရာ မူလကတည်းက လူအိုကြီးတစ်ဦးဖြစ်နေသော တန်ကျွင်းဟောင်မှာ လုံးဝကို ချွတ်ခြုံကျနေသည့် လူအိုကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေ၏။ သူ့ဆံပင်များမှာ ဖြူဖွေးဆွတ်လာခဲ့ပြီး ခေါင်းပေါ်မှ တစ်မျှင်ချင်း တစ်မျှင်ချင်း ကျွတ်ကျလာကုန်ကြလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အရိုးပေါ်အရေတင်ဖြစ်ကာ မျက်နှာထက်တွင်လည်း အရေးအကြောင်းများစွာ ထွက်ပေါ်လာလေ၏။ တန်ကျွင်းဟောင် မြေပေါ်သို့ ပြုတ်ကျလာချိန် သူသည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် အဖိုးအိုကြီးတစ်ဦး ဖြစ်နေခဲ့လေပြီ။