အခန်း (၂၇၀၄)
Vol. 116 Ch. 2704
သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် အဖိုးကြီးတစ်ဦး ဖြစ်နေသည့်တိုင် သူ၏ မှော်ရတနာအပေါ် တန်ကျွင်းဟောင်၏ အစွဲအလမ်းမှာ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ လဲကျနေရာမှ ကုန်းထလျက် ရန်ကိုင်ဆီသို့ ပြေးလာရင်း အော်ဟစ်လိုက်လေသည်။ “ငါ့ဟာပြန်ပေး…”
ရန်ကိုင်သည် တန်ကျွင်းဟောင်ကိုသာ အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ဗလောင်ဆူနေသည့် ခံစားချက်ကို တည်ငြိမ်သွားအောင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးသည့်နောက်တွင် တန်ကျွင်းဟောင် သူ့အနားထိ ရောက်လာသည်ကို စောင့်ဆိုင်းနေပြီးသည့်နောက် လက်သီးတစ်ချက် ထိုးချလိုက်လေ၏။
တန်ကျွင်းဟောင် ခြေပစ်လက်ပစ် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ ပြန်ကုန်းထမလာနိုင်တော့ချေ။
ရန်ကိုင်ထုတ်သုံးလိုက်သည့် ကောင်းကင်ခွဲဓါးချက်သည် တန်ကျွင်းဟောင်အား ဆိုးဆိုးရွားရွားကို ဒဏ်ရာရသွားစေခဲ့လေသည်။ ပရမ်းပတာဖြစ်နေသည့် သူ့ဝိဉာဉ်ကြောင့် တန်ကျွင်းဟောင်မှာ ရွှေသံချပ်စာအုပ်၏ စွမ်းရည်များကို မသိလိုက်မသိဘာသာဖြင့် အဆက်မပြတ် ထုတ်သုံးနေခဲ့လေ၏။
ရွှေသံချပ်စာအုပ်ကဲ့သို့သော မှော်ရတနာမျိုးသည် အလွန်တရာကိုမှ အားကောင်းလှသည့် စွမ်းအားကို ပိုင်ဆိုင်ထားပါသော်ငြား ၎င်းကို အသုံးပြုရန်အတွက် မြောက်မြားလှစွာသော စွမ်းအားများကိုလည်း လိုအပ်ပေသည်။ အားကောင်းသော မှော်ရတနာတစ်ခုကို အသုံးပြုရန်အတွက် များပြားလှသော စွမ်းအင်များကို လိုအပ်သည်မှာ သဘာဝသာဖြစ်သည်။
တန်ကျွင်းဟောင်သည် ရွှေသံချပ်စာအုပ်၏ စွမ်းရည်များစွာကို ထုတ်သုံးခဲ့လေရာ သူ၏ ဧကရာဇ်ချီများစွာ ကုန်ဆုံးသွားခဲ့ရပေလိမ့်မည်။ သူသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်မည်ဆိုလျှင်ပင် သူ့ကိုယ်ထဲရှိ ဧကရာဇ်ချီမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေလောက်ပေပြီ။
ဝိဉာဉ်မှာ ပြန်ကု၍မရတော့လောက်အောင် ထိခိုက်ထားသလို ဧကရာဇ်ချီမှာလည်း ကုန်ဆုံးခါနီး ဖြစ်နေသည့်အတွက်ကြောင့် လက်ရှိ တန်ကျွင်းဟောင်တွင် သူ့ခွန်အား၏ ဆယ်ရာခိုင်နှုန်းပင် မကျန်တော့ချေ။ ထို့အပြင် ရန်ကိုင်၏ အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်ပါ ထပ်မံထိမှန်ခြင်း ခံလိုက်ရလေရာ မသေသေးသော်ငြား တန်ကျွင်းဟောင်သည် နောက်ဆုံးအကြိမ်ရုန်းကန်နေသည့် သေခါနီးသားရဲတစ်ကောင်နှင့် မခြားပေ။ လက်ရှိအချိန်တွင် ရန်ကိုင်မဆိုထားနှင့် သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် တန်ကျွင်းဟောင်အား အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
“ငါ့ဟာ… ပြန်… ပေး…” ရန်ကိုင်၏လက်ချက်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိတော့သလို ဖြစ်နေပါသော်ငြား တန်ကျွင်းဟောင်သည် မသေနိုင်သေးဘဲ မြေပြင်ပေါ်တွင် လှဲလျောင်းရင်းမှ နောက်ဆုံးအကြိမ်အဖြစ် သူ့မှော်ရတနာကို ထပ်တောင်းနေသေး၏။
“သေလိုက်ပါတော့လားကွာ…” ရန်ကိုင်က ရေရွတ်လိုက်လေသည်။ သူကိုယ်တိုင်သည်လည်း လဲကျချင်ခါနီး ဖြစ်နေခဲ့လေသည်။
ယနေ့တိုက်ပွဲသည် သူ့အတွက် အလွန်ကိုမှ အန္တရာယ်များလှကာ သူရထားသည့် ဒဏ်ရာများမှာလည်း အတော်လေးကိုမှ ပြင်းထန်လှသည်။ အထူးသဖြင့် သူ့ရင်ဘတ်နေရာရှိ ဆုတ်ဖြဲထားခံရသည့် ဒဏ်ရာပင်။ ထိုနေရာဆီမှ အသားများ ပွင့်ထွက်နေလေရာ အရိုးများကိုပင် လှမ်းမြင်နေရသည်။ ထို့အပြင် သူ့ဝမ်းဗိုက်နေရာ၌ ထုတ်ချင်းပေါက်နေသည့် အပေါက်နှစ်ပေါက်လည်း ရှိနေသေး၏။
သူ့ရင်ဘတ်ရှိ ဒဏ်ရာမှာ ဧကရာဇ်ဒုတိယအဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားသော အမဲလိုက်ငှက်၏ ကုတ်ချက်ကြောင့် ဖြစ်လေသည်။ ရွှေသံချပ်စာအုပ်ထဲမှ ဆင့်ခေါ်လိုက်သည့် အမဲလိုက်ငှက်များသည် အားကောင်းသော အကာအကွယ်စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိပါသော်ငြား ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာတော့ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုထားသည့် ရန်ကိုင်၏ ခန္ဓာကိုယ်သည်ပင်လျှင် မတောင့်ခံနိုင်လောက်အောင် အားကောင်းလွန်းလှပေသည်။
သူ့ဝမ်းဗိုက်တွင် ရှိနေသော အပေါက်နှစ်ပေါက်မှာတော့ ရွှေသံချပ်စာအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းနှစ်ခုကြောင့်သာ ဖြစ်ပေသည်။
ဒဏ်ရာများအပြင် ရန်ကိုင်သည် အခြားသော ဒဏ်ရာငယ်လေးများဖြစ်ကြသည့် ပြတ်ရာများ၊ ရှရာများ၊ အမာရွတ်များကိုလည်း ရရှိခဲ့သလို သူ့အရိုးအချို့မှာလည်း ကျိုးခဲ့ရသည်။ လက်ရှိ ရန်ကိုင်၏အခြေအနေမှာ အတော်လေးကိုမှ ဆိုးဆိုးရွားရွား ဖြစ်နေလေသည်။
ထိုသို့ဖြစ်နေသည့်တိုင် ရန်ကိုင်မှာတော့ အတော်လေးကိုမှ ပျော်နေခဲ့လေသည်။ အကြောင်းမှာ ဤသည်မှာ သူ့ဘဝတွင် အကောင်းအတိုင်းရှိနေသည့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးကို ပထမဦးဆုံးအကြိမ်အဖြစ် အနိုင်ယူဖူးခြင်း ဖြစ်သည့်အတွက်ကြောင့်ပင်။ ယခုတိုက်ပွဲမှ ရရှိလိုက်သည့် အတွေ့အကြုံကြောင့် နောက်နောင်တွင် ရန်ကိုင်သည် ဧကရာဇ်တတိယအဆင့်များကို ရင်ဆိုင်ရသည့်အခါ ထိတ်လန့်တုန်လှုပ်နေတော့လိမ့်မည် မဟုတ်ချေ။
ကျင့်ကြံသူတစ်ဦး တိုးတက်လာဖို့ရာ သေခြင်းရှင်ခြင်း တိုက်ပွဲများကို ဆင်နွှဲနေမှသာ ရပေလိမ့်မည်။ လူတစ်ဦးသည် တိုက်ခိုက်ရာတွင် ပို၍ အတွေ့အကြုံကြွယ်ဝလေ ထိုလူ၏ တိုက်ပွဲစွမ်းအားမှာ ပိုမိုမြင့်မားလာရလေပင်။
“ငါ့ဟာ…” တန်ကျွင်းဟောင်မှာတော့ မသေနိုင်သေးပဲ သူ့စာအုပ်ကို ထပ်တောင်းနေခဲ့လေ၏။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူ့စကားကို ဆုံးအောင် မပြောနိုင်တော့ဘဲ ပြောရင်းတန်းလန်းဖြင့် တစ်ခါတည်း အသက်ပျောက်သွားခဲ့လေသည်။
“အခုမှပဲအေးသွားတော့တယ်…” သူ့တစ်ကိုယ်လုံး တစ်စစီ ဖြစ်ချင်နေသလို ရန်ကိုင် ခံစားနေခဲ့ရလေသည်။ သူရထားသည့် ဒဏ်ရာများနှင့် ဤတိုက်ပွဲတွင် အသုံးပြုလိုက်ရသည့် စွမ်းအင်ကုန်ဆုံးမှုကြောင့် ရန်ကိုင်မှာ လုံးဝကို ပင်ပန်းနွမ်းနယ် ချိနဲ့နေခဲ့သည်။ သူ့ရန်သူသေသွားသည်ကို မြင်လိုက်သော် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့ရလေသည်။ တစ်ချိန်တည်းတွင် သူ့ခေါင်းတစ်ခုလုံး မူးဝေလာခဲ့ပြီး တစ်ခါတည်း သတိလစ်ခါနီး ဖြစ်သွားခဲ့ရလေ၏။
သို့သော်ငြား ထိုအခိုက်အတန့်တွင် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်လာသည့် အလင်းတန်းတစ်ခု ရန်ကိုင်နောက်ဘက်ဆီမှ တိုးဝင်လာလေ၏။
“သေလိုက်ပေတော့…”
ဝူမင်သည် ရန်ကိုင်၏နောက်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ၏ ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံခြင်းကို အပြည့်အဝ ထုတ်ဖော်လျက် ရန်ကိုင်အား ဓါးဖြင့် ခုတ်ချလိုက်လေသည်။
တိုက်ပွဲစစချင်းတွင် ဝူမင်သည် ရန်ကိုင်ကြောင့် သတိလစ်သွားခဲ့ရသည်။ သို့သော်ငြား ထိုအချက်ကြောင့်ပင်လျှင် အန္တရာယ်များသည့်တိုက်ပွဲအား ရှောင်လွှဲနိုင်ခဲ့လေ၏။ ယခု သူ သတိလစ်နေရာမှ ပြန်နိုးလာချိန် တန်ကျွင်းဟောင်သည် ရွှေသံချပ်စာအုပ်၏စွမ်းအားကို အရူးတစ်ပိုင်း ထုတ်ဖော်နေခဲ့ကာ ထို့အတွက်ကြောင့်ပင်လျှင် ဝူမင်မှာ မတော်တဆ ဒဏ်ရာရသွားခဲ့ရလေသည်။
ဝူမင်မှာ အတော်လေးကိုမှ ဉာဏ်နီဉာဏ်နက်များသည်ဟု ပြော၍ရသည်။ သူနိုးနေသည်မှာ ကြာပြီဖြစ်သည့်တိုင် ချက်ချင်းထမလာသေးဘဲ တိုက်ပွဲကိုသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေသည်။
ရန်ကိုင်၏တိုက်ကွက်ကြောင့် သူ့ဆရာ အရူးတစ်ယောက်နှယ် ဖြစ်သွားခဲ့ရသည်ကိုလည်း ဝူမင် အတိုင်းသား မြင်တွေ့နေခဲ့ရသည်။ ထိုတိုက်ပွဲကိုကြည့်ရင်း ဝူမင်စိတ်ထဲ ကြောက်စိတ်တို့ တအိအိ ထွက်ပေါ်လာခဲ့လေသည်။ အရူးဖြစ်သွားသောသူ့ဆရာ ရန်ကိုင်ကို နိုင်မှနိုင်ပါ့လေမလားဟုလည်း တွေးနေမိလေ၏။ ဆရာသာ ရန်ကိုင်ကို မနိုင်ပါက သူကိုယ်တိုင်လည်း ဒုက္ခရောက်နေလေပြီ။
သူစိတ်ပူနေရသည်မှာ တကယ်ဖြစ်လာခဲ့သည်။ အရူးတစ်ပိုင်းဖြစ်သွားသော သူ့ဆရာမှာ ရန်ကိုင်၏ပြိုင်ဘက် မဟုတ်တော့ချေ။ စိတ်ရှိတိုင်း သောင်းကျန်းနေပြီးသည့်နောက်တွင် တန်ကျွင်းဟောင်မှာ အားလည်းကုန် ရန်ကိုင့်ဆီမှရထားသည့် ဒဏ်ရာများကြောင့်လည်း တစ်ခါတည်း အသက်ပျောက်သွားခဲ့ရလေ၏။
ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော သူ့ဆရာသည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်ကို အနိုင်မယူနိုင်ခဲ့ဘဲ ရန်ကိုင်ကြောင့်ပင်လျှင် ပြန်သေသွားခဲ့ရသည်။
ထိုကဲ့သို့ဖြစ်သွားစဉ် ဝူမင်မှာ အလွန်တရာကိုမှ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ရလေသည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင်လျှင် ရန်ကိုင်၏ခန္ဓာကိုယ်မှာ ဒယီးဒယိုင်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ဤတိုက်ပွဲကို နိုင်လိုက်သည့်တိုင် အတော်လေးကိုမှ ရုန်းကန်ခဲ့ရမည်မှန်း နားလည်လိုက်လေသည်။ သူ့ဆရာကို အနိုင်ယူနိုင်ရန်အတွက် ရန်ကိုင်ပေးဆပ်လိုက်ရသည့် တန်ရာတန်ကြေးမှာလည်း ပေါ့သေးသေးဖြစ်လိမ့်မည်မဟုတ်။
ယခုအချိန်သည် ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်ရန်အတွက် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ဝူမင်စိတ်ထဲ တွေးလိုက်သည်။ သူသာ ရန်ကိုင်ကို သတ်နိုင်မည်ဆိုပါက သူ့ဆရာအတွက် ပြန်လက်စားချေနိုင်ရုံမက ရန်ကိုင်၏ ရတနာအားလုံးကိုလည်း ရရှိနိုင်ပေလိမ့်မည်။ ဝူမင်သည် အစောကြီးတည်းက သူ့ဆရာ၏ ရွှေသံချပ်စာအုပ်ကို အလွန်ကိုမှ လိုချင်ခဲ့ခြင်း ဖြစ်လေသည်။ သူသာ ထိုစာအုပ်ကို ရနိုင်မည်ဆိုပါက နောက်နောင် ဧကရာဇ်တတိယအဆင့် ပညာရှင်များနှင့်ပင်လျှင် ရင်ဆိုင်တိုက်ခိုက် လာနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ကြယ်ဝိဉာဉ်နန်းတော်ထဲရှိ သူ့အဆင့်အတန်းမှာလည်း မြင့်မားလာမည်ဖြစ်ကာ အကြီးအကဲတစ်ဦးပင်လျှင် ဖြစ်လာနိုင်ပေသည်။
ထို့အတွက်ကြောင့်ပင်လျှင် ဝူမင်သည် ရန်ကိုင် လုံးဝ လဲကျသွားမည့်အချိန်အထိ စောင့်နေခဲ့လေသည်။ ထိုသို့ဖြစ်သွားသည့်အခါ သေရမည့်လူသည် ရန်ကိုင်သာ ဖြစ်လာပေလိမ့်မည်။
ထို့အတွက်ကြောင့်ပင်လျှင် ဝူမင်သည် ရန်ကိုင် အားအနည်းဆုံးဖြစ်နေသည့် အချိန်ကို ရွေး၍ လှုပ်ရှားလိုက်ခြင်း ဖြစ်ပေသည်။ ရန်ကိုင်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် တစ်ချက်တည်း အပြီးသတ်လိုပေသည်။
ဝူမင်၏ဓါးချက်ကြောင့် ရန်ကိုင့်၏ပုခုံးတစ်လျှောက် လက်တစ်မောင်းစာမျှ အရှည်ရှိသည့် ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့တိုင် ရန်ကိုင်မှာ မတုံံ့ပြန်သေးပေ။
ထိုအချင်းအရာကိုမြင်သော် ဝူမင် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား သူ့ဓါးကို ရန်ကိုင်ပုခုံးဆီမှ ပြန်ဆွဲယူရန် ကြိုးစားလိုက်သည့်အခါ ရန်ကိုင်သည် သူ့ဘက်သို့ လှည့်ကြည့်လာပြီး ပြုံးဖြီးလျက် “မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့…”
ဝူမင် ကြောင်သွားခဲ့ပြီး အထိတ်ထိတ် အလန့်လန့်ဖြင့် “မင်းသိနေတာလား…”
ရန်ကိုင်သည် သွေးတစ်ပွက်ထွေးထုတ်လျက် လှောင်ပြုံးပြုံး၍ “မင်းဘယ်လိုထင်လဲ…”
ဝူမင် ဒေါသူပုန်ထသွားခဲ့လေသည်။ “ခွေးကောင်… ငါ မင်းကို အပိုင်းပိုင်းဖြစ်အောင် ဘယ်လိုလုပ်မလဲ ကြည့်ထား…”
ထိုသို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လျက် ဓါးထဲသို့ ထည့်သွင်းလိုက်လေ၏။ ဓါးတစ်ချောင်းလုံးမှာလည်း ဝူမင်ဆီမှ ဧကရာဇ်ချီကို ရရှိလိုက်သည့်နောက် တဝီဝီ မြည်ဟည်းလာခဲ့လေသည်။
“မင်းဘာသာ အဲ့မှာ အေးအေးဆေးဆေး နေနေလို့ရှိရင် ဒီသခင်လေး မင်းကို ထားခဲ့ရင် ထားခဲ့ဦးမယ်… ဒါပေမယ့် မင်းက ကိုယ့်ဘာသာကိုယ် ခုန်ထွက်လာမှတော့ သေလိုက်ပေတော့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဝူမင်၏ဓါးကို လက်ဗလာဖြင့် ဆွဲကိုင်လိုက်လေသည်။ ဝူမင်မှာ သူ့ဓါးကို မည်သို့ပင် ပြန်ဆွဲယူနေစေကာမူ ရန်ကိုင်၏လက်မှ ဆွဲမယူနိုင်ခဲ့ပေ။
သတိလစ်ခါနီးဖြစ်နေသည့် ဤလူငယ်လေးသည် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းလှသော ခွန်အားကို ထုတ်လွှတ်နိုင်သေးသည့်အပေါ် ဝူမင်မှာ အလွန်ကိုမှ မယုံကြည်နိုင်ဖြစ်နေသလို ကြောက်လည်း ကြောက်လန့်နေခဲ့လေသည်။
ထိုစဉ် သူ့ဆီသို့ လက်သီးတစ်လုံး တိုးဝင်လာသည်ကို ဝူမင်တွေ့လိုက်ရသည်။ ရန်ကိုင်၏လက်သီးချက်ကြောင့် သူ့ဆရာ သေကောင်ပေါင်းလဲ ဖြစ်သွားရသည်ကို မြင်ပြီးသည့်နောက် ရန်ကိုင်၏လက်သီးချက် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသလဲ ဆိုသည်ကို ဝူမင် မသိဘဲ နေပါမည်လား။
သူ့စိတ်ထဲ ဓါးကို ဒီအတိုင်းပဲ ထားခဲ့လျှင်ကောင်းမလား မရရအောင် ပြန်ဆွဲယူလျှင် ကောင်းမလား တွေဝေနေစဉ်မှာပင် ရန်ကိုင်၏လက်သီးချက်သည် သူ့မျက်နှာဆီသို့ ရောက်ရှိလာခဲ့လေပြီ။
အလွန်ကိုမှပြင်းထန်သည့် အားတစ်ရပ်သည် ဝူမင်၏မျက်နှာအား လာရောက်ထိမှန်လေရာ ဝူမင်မှာ ခေါင်းတစ်ခုလုံး ချာခနဲ လည်ထွက်သွားခဲ့ရပြီး သူ့မျက်လုံးထဲ ကြယ်လများကို မြင်လိုက်ရလေ၏။
(သွားပြီ… ငါတော့ သေပြီ…)
သို့သော်ငြား သူအသိပြန်ဝင်လာချိန် သူ့ခေါင်းမှာ သူထင်ထားသလို ပေါက်ကွဲထွက်သွားခြင်းမရှိဘဲ သူကိုယ်တိုင်သည်လည်း အသက်ရှင်နေသေးကြောင်း တွေ့လိုက်ရသည်။
ထိုအချက်ကို တွေ့ရှိလိုက်ရသော် ရန်ကိုင်မှာလည်း သူ့အကန့်အသတ်သို့ ရောက်နေပြီမှန်း ဝူမင် ချက်ချင်း နားလည်သွားတော့လေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်၏လက်သီးချက် ဤမျှ အားနည်းနေစရာအကြောင်း ရှိလိမ့်မည်မဟုတ်။
ဝူမင်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့သလို ဒေါသလည်း ထွက်သွားခဲ့ရလေသည်။ သူ့စိတ်ထဲ ရန်ကိုင်အား နောက်တစ်ကြိမ်ခုန်အုပ်ရန် ပြင်ဆင်နေစဉ်မှာပင် “ရွှစ်” ဟူသည့် အသံတစ်သံကို ကြားလိုက်ရလေသည်။ ထို့နောက်တွင် ဝူမင်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး လုံးဝကို လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။
မသိစိတ်အရ အလိုလိုငုံ့ကြည့်မိလိုက်ရာ ရင်ဘတ်တစ်ဝက်လောက်ကို လွှမ်းခြုံနေခဲ့သော လခြမ်းကွေးပုံစံ အပေါက်တစ်ပေါက်သည် သူ့ခန္ဓာကိုယ်ထက် မည်သည့်အချိန်ကတည်းကမှန်းမသိ ထွက်ပေါ်နေခဲ့ကြောင်း တွေ့လိုက်ရသည်။ ထိုအပေါက်မှတစ်ဆင့် ရွစိရွစိဖြစ်နေသော သူ့ကိုယ်တွင်းအင်္ဂါများနှင့် တဒုတ်ဒုတ်ခုန်နေသော သူ့နှလုံးတစ်ဝက်ကိုပင်လျှင် မြင်နေရလေသည်။
ဝူမင်၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ ဒဏ်ရာအခြေအနေကို ထိန်းချုပ်ရန် ကြိုးစားခဲ့ပါသော်ငြား ကံမကောင်းစွာဖြင့် ရန်ကိုင်သည် သူ့လက်ကို မြှောက်၍ နောက်ထပ် လဓါးသွားများကို ထပ်မံပစ်လွှတ်လိုက်လေသည်။
“စွပ်… စွပ်… စွပ်…”
လဓါးသွားများမှာ ဝူမင်၏ခန္ဓာကိုယ်အား ထုတ်ချင်းဖောက်ထွက်သွားခဲ့လေ၏။ လဓါးသွားတစ်စင်းဆိုလျှင် ဝူမင်၏ လည်ပင်းကို ဖြတ်တောက်သွားခဲ့လေရာ ဝူမင်မှာ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားခဲ့ရလေသည်။ သူ့အနေဖြင့် ဤကဲ့သို့ သေသွားရသည့်အပေါ် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေသည့်အလား ခေါင်းပြတ်သွားသည့်တိုင် ဝူမင်၏မျက်လုံးများမှာတော့ ပြူးကျယ်နေခဲ့လေသည်။ သူ့ခန္ဓာကိုယ်မှာမူ မလှုပ်မယှက် ရပ်နေခဲ့လေ၏။
“အစကတော့ မင်းကို နှိပ်စက်ဦးမလို့ပဲ… ဒီလို မြန်မြန်ဆန်ဆန်နဲ့ သေသွားရတာ ကံကောင်းတယ်မှတ်…” ရန်ကိုင်သည် ခေါင်းပြတ်သွားခဲ့သော ဝူမင်၏အလောင်းကိုကြည့်ရင်း အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံံ့လိုက်လေသည်။ သူ့မျက်နှာမှာတော့ သွေးမရှိတော့လောက်အောင်ကို ဖြူဆွတ်နေခဲ့လေသည်။
ဝူမင်အား သတ်ပစ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ပုခုံးထက်တွင် စိုက်ဝင်နေသော ဓါးကို ဆွဲထုတ်လိုက်လေသည်။
“စွပ်…”
ရွှေရောင်သွေးများ ဖြာထွက်လာခဲ့လေ၏။
“ကျွတ် ကျွတ်…” ရန်ကိုင်သည် သူ့ပုခုံးအား အံ့ဩတကြီးဖြင့် ကြည့်၍ ရေရွတ်လိုက်လေ၏။ “ရေပန်းလိုပါလား…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်၏ခြေထောက်များ ပျော့ခွေသွားခဲ့ပြီး မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားခဲ့လေ၏။ သူတကယ်ကို အားကုန်နေလေပြီ။
အသက်ကိုပြင်းပြင်းရှူသွင်းလျက် သတိလစ်မသွားအောင် ထိန်းထားပြီးသည့်နောက်တွင် ဧကရာဇ်ချီကိုလှည့်ပတ်၍ သူ့ဒဏ်ရာအား သွေးတိတ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် ကုသရေးဆေးလုံးအချို့ကို ထုတ်ကာ သောက်လိုက်လေ၏။ ကုသရေးဆေးလုံးများကို သောက်ပြီးသည့်အခါမှသာ သူ့ခန္ဓာကိုယ်အခြေအနေ အနည်းငယ် သက်သာလာသလို ခံစားလိုက်ရလေသည်။
ရန်ကိုင်သည် မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် လဲကျနေခဲ့လေ၏။ သူ့အနေဖြင့် တစ်ချက်ကလေးမှပင် မလှုပ်ချင်တော့ချေ။ ရုတ်တရက် ရန်ကိုင်သည် ခေါင်းကို ဘေးသို့ လှည့်လျက် လက်ကိုဆန့်ထုတ်ကာ အဝေးတစ်နေရာတွင် ရောက်နေသော အစီအရင်အလံတိုင်ကို ဆွဲယူလိုက်လေသည်။
တန်ကျွင်းဟောင်သည် ဤအစီအရင်အလံတိုင်ကိုသုံး၍ သူ့အား တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ရန်ကိုင်အထင်သာ မမှားလျှင် ဤအစီအရင်အလံတိုင်သည် ဓာတ်ကြီးငါးပါးပိတ်လှောင်ခြင်းအစီအရင်ကို ထိန်းချုပ်သည့် အလံတိုင် ဖြစ်ရပေလိမ့်မည်။
ဤအစီအရင်အလံတိုင်ဖြင့်သာ ဆိုပါက ရန်ကိုင်အနေဖြင့် ဓာတ်ကြီးငါးပါးပိတ်လှောင်ခြင်းအစီအရင်ကို ပိတ်ပစ်၍ရကာ ယင်ဖေးအား သူ့ကို လာရှာခိုင်းနိုင်ပေသည်။
တန်ကျွင်းဟောင်မှာ သေသွားပြီဖြစ်သည့်အတွက်ကြောင့် အစီအရင်အလံတိုင်ပေါ်တွင် ရှိနေသော သူ့ဝိဉာဉ်အမှတ်အသားကို ရန်ကိုင်အနေဖြင့် အလွယ်လေး ဖျက်ဆီးပစ်၍ ရပေသည်။ အစီအရင်အလံတိုင်ကို တစ်ခဏမျှ လေ့လာပြီးသည့်နောက်တွင် အစီအရင်အလံတိုင် မည်ကဲ့သို့ အလုပ်လုပ်သလဲဆိုသည်ကို ရန်ကိုင် အကြမ်းဖျင်း နားလည်သွားခဲ့လေ၏။
ထို့နောက်တွင် ရန်ကိုင်သည် အစီအရင်အလံတိုင်ကို ဆုပ်ကိုင်၍ တစ်ခုသောပုံစံအတိုင်း ဝှေ့ယမ်းလိုက်လေသည်။ ရန်ကိုင်မှ ထိုကဲ့သို့ လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အမှောင်ထုမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး တကယ့်အပြင်လောကကြီး နောက်တစ်ဖန် ပြန်ပေါ်လာခဲ့လေသည်။
ရန်ကိုင် လက်ရှိရှိနေသည့်နေရာမှာ ခုနှစ်ရောင်စင်ကုန်သွယ်ရေး အဖွဲ့အစည်း လေလံစံအိမ်၏ နောက်ဘက်ခြမ်းတွင် ရှိနေသည့် မြေကွက်လပ်တစ်နေရာတွင် ဖြစ်လေသည်။ ရန်ကိုင်သည် ထိုနေရာတွင် မလှုပ်မယှက်လှဲရင်း ငြိမ်သက်စွာ စောင့်နေခဲ့လေသည်။
ခဏအကြာတွင် ဝှစ်ဟူသော အသံနှင့်အတူ လူတစ်ယောက် သူ့ဘေးနားသို့ ရောက်လာခဲ့သည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် လှမ်းခေါ်လိုက်လေ၏။ “မွန်းစတားဘုရင်…”
သို့သော်ငြား မကြာမီ တစ်ခုခုမှားယွင်းနေမှန်း နားလည်သွားခဲ့လေသည်။ အကြောင်းမှာ သူ့နှာခေါင်းဆီသို့ ပျံ့လွင့်လာသည့် မွှေးပျံ့ပျံ့သင်းရနံ့ကြောင့်ပင်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ခေါင်းမော့၍ ကြည့်လိုက်ရာ သွယ်လျသည့် ခြေသွယ်သွယ်လေးတစ်စုံ သူနှင့် ဆယ်မီတာအကွာတွင် ရပ်တန့်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုခြေသွယ်သွယ်လေးမှတစ်ဆင့် ထပ်၍ မော့ကြည့်လိုက်ရာ အစိမ်းဖျော့ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ဦးကို တွေ့လိုက်ရလေ၏။ သူမ၏ကောက်ကြောင်းများမှာ ရင်သပ်ရှူမောဖွယ်ရာဖြစ်ပြီး မသိမသာလေး လှစ်ဟထားသည့် လည်တိုင်လေးမှာ ယစ်မူးဖွယ်ရာ ဖြစ်ပေသည်။ ပိတုန်းရောင်ဆံကေသာများကိုတော့ သူမ၏ကျောပြင်တစ်လျှောက် ဖြန့်ကျဲချထားလေ၏။
“ဘယ်လိုလုပ်ပြီး နင်ဖြစ်နေရတာလဲ…” ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေသည်။
ဓာတ်ကြီးငါးပါးပိတ်လှောင်ခြင်းအစီအရင်ကို ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ဆီသို့ ပထမဦးဆုံး ရောက်လာသည့်လူမှာ ယင်ဖေးမဟုတ်ဘဲ နဂါးမလေးကျုချင်း ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
(သူ မထွက်သွားသေးဘူးလား…) ရန်ကိုင် ကျုချင်းအား မတွေ့ရသည်မှာ တစ်လလောက် ရှိနေလေပြီ။ ယခင်က ရန်ကိုင်၏ပုံစံကို ဆက်၍ သည်းမခံနိုင်တော့သည့်အတွက်ကြောင့် ကျုချင်း လုံးဝ ထွက်သွားပြီး သူ့ဆီသို့ မည်သည့်အခါမှ ပြန်မလာတော့ဟု ရန်ကိုင်ထင်နေခဲ့ခြင်းဖြစ်သည်။
(ဒီမိစ္ဆာမ ငါ့ကို အသားယူတော့မှာလား…) ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ရန်ကိုင်သည် တောအုပ်တွင် သူမအား စိတ်လိုလက်ရ အသားယူခဲ့သည်။ ထိုစဉ်က ရန်ကိုင်သည် သူလုပ်ချင်သည့်အတွက်ကြောင့် ထိုကဲ့သို့လုပ်ခဲ့ခြင်းမဟုတ်ဘဲ ရွှေနဂါးအမြုတေ၏ ဓာတ်သဘာဝကြောင့်သာ ထိုကဲ့သို့ လုပ်ခဲ့ရခြင်း ဖြစ်ပါသော်ငြား သူ့အနေဖြင့် တစ်ဖက်လူအပေါ် အသားယူခဲ့သည်ဟူသော အချက်မှာ ပြောင်းလဲ၍မရသည့် အမှန်တရားဖြစ်သည်။
ဤမိစ္ဆာမသည် သဘောကောင်းသည့်လူတစ်ယောက် ဖြစ်ဟန်မတူ။ ထို့အတွက်ကြောင့် ရန်ကိုင် ယခုကဲ့သို့ လုံးဝ ကူကယ်ရာမဲ့နေသည့် အချိန်မျိုးတွင် သူ့အပေါ် လက်စားပြန်ချေကောင်း ပြန်ချေနိုင်ပေသည်။