← Chapters

အခန်း (၂၇၀၅)

Vol. 116 Ch. 2705

အခန်း (၂၇၀၅)

Vol. 116 Ch. 2705

“မွန်းစတားဘုရင်…” ရန်ကိုင်သည် အားနည်းဖျော့တော့သည့် လေသံဖြင့် အော်ခေါ်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူအော်ခေါ်နေသည်ကို ယင်ဖေးကြားစေရန်အတွက် မြေပြင်ကို လက်ဖြင့်ထုရင်းဖြင့်ပါ အသံဗလံပြုလိုက်သည်။

သူ၏လက်ရှိအခြေအနေမှာ မကောင်းလှ။ ပုံမှန်အခြေအနေမျိုးတွင်သာ ဤမိစ္ဆာမကျုချင်းနှင့် တွေ့ရမည်ဆိုလျှင် ကိစ္စမရှိပါသော်ငြား လက်ရှိအချိန်တွင် သူသည် အလွန်တရာကိုမှ ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲအား ဆင်နွှဲပြီးခါစလေးတင် ရှိပေသေးသည်။ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့်အတွက်ကြောင့် သူ့အဖို့ လှုပ်ရှားဖို့ရာ မဆိုထားနှင့် ထပင် မထနိုင်ခဲ့ပေ။

“အော်မနေနဲ့… သူ နင့်ကို ခဏအတွင်းတော့ လာရှာနိုင်ဦးမှာမဟုတ်ဘူး…” ကျုချင်းသည် မြေပြင်ပေါ်တွင်လဲကာ မထနိုင်ဖြစ်နေသော ရန်ကိုင်အား ပြုံးဖြီးဖြီးဖြင့် စိုက်ကြည့်ရင်းမှ သူ့ခေါင်းနားသို့ လျှောက်သွားလိုက်ပြီး သူ့ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။ သူမ၏အတွင်းသားများကို ရန်ကိုင်မမြင်နိုင်စေရန်အတွက် သူမ၏စကပ်ကို ခြေထောက်ကလေးဖြင့် ဖိထားလိုက်လေ၏။ ထို့နောက် သူမလက်ပေါ် မျက်နှာတင်လျက် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ထိုင်ကြည့်နေတော့လေသည်။

ရန်ကိုင်သည် အန္တရာယ်ကြီးမားသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလား ကျုချင်းအား သတိချပ်ကာ ကြည့်လျက် မေးလိုက်လေ၏။ “ဒါဆိုရင် နင်ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ရှာတွေ့ရတာလဲ…”

“နဂါးချီလေ… ငါက နဂါးတစ်ကောင်ပဲဟာကို… နင့်ရဲ့နဂါးချီကို အာရုံခံလိုက်တာနဲ့ နင့်ကို ရှာတွေ့နိုင်တာပေါ့…” ကျုချင်းသည် သူမလက်ကို ဆန့်ထုတ်၍ ရန်ကိုင်ရင်ဘတ်ပေါ်တွင် ရှိနေသော နဂါးအကြေးခွံများကို လက်ဖြင့်တို့ရင်းမှ ပြောလိုက်သည်။

သူ့ရင်ဘတ်တစ်ခုလုံး စူးအောင့်တက်သွားသလို ရန်ကိုင်ခံစားလိုက်ရလေသည်။ စုတ်ပြဲနေသော အသားစများကို ကျုချင်းမှာ သာမန်ကာလျှံကာပုံစံဖြင့် လက်ဖြင့် လာတို့နေပါသော်ငြား ရန်ကိုင်မှာမူ အလွန်တရာကိုမှ ပြင်းထန်လှသည့် နာကျင်မှုကို ခံစားလိုက်ရ၏။

“အိုး… နင် နာသွားတာလား…” ကျုချင်းသည် အထိတ်တလန့်ပုံစံမျိုးလေး လုပ်ပြလျက် သူမ၏ပါးစပ်ကို လက်ဖြင့် အံ့ဩတကြီး အုပ်လိုက်လေသည်။ သို့သော်ငြား ဉာဏ်နီဉာဏ်နက်များသည့် အရိပ်အယောင်များကိုတော့ သူမ၏မျက်လုံးထဲ အထင်းသား မြင်တွေ့နေရလေ၏။

“ခြစ်ရာလေးပဲ… ဘာမှမဖြစ်ဘူး…” ရန်ကိုင်ကမူ အောက်ကျမခံဘဲ ဘာမှမဖြစ်ချင်ယောင်ဆောင်လျက် ပြန်ပြောလိုက်လေသည်။

“တကယ်လား…” ကျုချင်းသည် လှောင်ပြုံးပြုံးလျက် ရန်ကိုင်၏ ပုခုံးပေါ်ရှိ ဒဏ်ရာထဲသို့ သူမ၏လက်ကို ထိုးချလိုက်လေ၏။

“နင် ဘာလုပ်နေတာလဲ…” ရန်ကိုင် ဒေါသူပုန်ထသွားခဲ့ပြီး စိတ်ထဲမှကြိတ်ကာ အော်ဟစ်လေ၏။ (ငါ အခြေအနေဆိုးနေလို့ပေါ့ကွာ… မဟုတ်ရင်တော့ ဒီမိစ္ဆာမကို ကောင်းကောင်း သင်ခန်းစာပေးပစ်လိုက်ပြီ…)

ကျုချင်းကမူ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘဲ ပြုံး၍သာ ရန်ကိုင်၏ဒဏ်ရာကို လက်ဖြင့် တောက်လျှောက် ထိုင်တို့နေလေ၏။

ထို့နောက် စိုးရိမ်ချင်ယောင်ဆောင်လျက် မေးလိုက်လေသည်။ “နာလားဟင်… ငါ့အထင်အရဆိုရင်တော့ ဒီလောက်ဒဏ်ရာကြီးတစ်ခုက မနာစရာအကြောင်းတော့ မရှိဘူး…”

ရန်ကိုင်၏ ပြောင်းလဲသွားသည့် အမူအယာကို ကြည့်ရသည်မှာ သူမအတွက် အလွန်ကိုမှ ပျော်ရွှင်စရာကောင်းလှသည်။

ရန်ကိုင်ကမူ ဘာဆိုဘာမှ ပြန်မပြောခဲ့ဘဲ အံကိုသာ တင်းတင်းကြိတ်ထားခဲ့လေသည်။ သို့သော်ငြား သူ့ရင်ထဲတွင်တော့ အလွန်ကိုမှ ဒေါသထွက်နေခဲ့ရသည်။ သူမသာ သူ့ကို မသတ်ပါက ယနေ့ကိစ္စကို နောက်ကျမှ အတိုးနှင့် ပြန်ရှင်းရမည်ဟုလည်း စိတ်ထဲတွင် တေးထားလိုက်လေ၏။

“နာလားဟင်…” ကျုချင်းသည် စိုးရိမ်ချင်ယောင်ဆောင်လျက် နောက်တစ်ကြိမ် ထပ်မေးလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်၏ဒဏ်ရာကို သူမလက်ဖြင့် ထိုးနေသည့် အားမှာ ပိုပို၍ များလာခဲ့လေသည်။

ရန်ကိုင်ကမူ ဘာမှပြန်မပြောခဲ့ဘဲ ကျုချင်း၏ ခြေထောက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “ကောင်မလေး… နင့်အတွင်းခံတွေပေါ်နေပြီ…”

ကျုချင်းကြောင်သွားခဲ့ပြီး ချက်ချင်း သူမကိုယ်သူမ စစ်ဆေးကြည့်လိုက်လေ၏။

ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် သူ့ကိုယ်ထဲတွင် ရှိနေသော ရွှေနဂါးအမြုတေစွမ်းအားကို တတ်စွမ်းသမျှ အသက်သွင်းကာ ထိုအရှိန်အဝါကို သူနှင့်ကျုချင်းတို့နှစ်ဦးစလုံးအား လွှမ်းခြုံသွားစေလိုက်လေ၏။

ရှော့ရိုက်ခံလိုက်ရသည့်အလား ကျုချင်း၏ခန္ဓာကိုယ်မှာ မသိမသာလေး တုန်တက်သွားခဲ့ပြီး သူမ၏မျက်နှာလေးမှာလည်း မဆိုစလောက်ကလေး ဖြူလျော်သွားခဲ့လေသည်။

ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ကျုချင်း၏ လည်ပင်းကို လက်ဖြင့် လှမ်းဆွဲကာ သူ့ကိုယ်ပေါ်သို့ ဆွဲချလိုက်လေ၏။ ကျုချင်းမှာ အလစ်အငိုက်မိသွားလေရာ ရန်ကိုင်ကိုယ်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားခဲ့လေသည်။

သူမကိုယ်သူမ အရှိန်မထိန်းနိုင်တော့သည့်အတွက်ကြောင့် ကျုချင်း၏ခေါင်းမှာ ရန်ကိုင်၏ခေါင်းနှင့် သွားဆောင့်လေ၏။

ရန်ကိုင်မှာမူ သူ့ခေါင်းတစ်ခုလုံး ချာချာလည်ထွက်သွားသလို ခံစားလိုက်ရကာ သတိပင်လစ်ခါနီး ဖြစ်သွားခဲ့ရလေသည်။ သို့သော်ငြား ထိုသို့ပင်ဖြစ်လင့်ကစား သူမ၏နှုတ်ခမ်းဖူးဖူးလေးကိုတော့ ချိန်သားကိုက် အမိအရ နမ်းနိုင်ခဲ့လေ၏။ ထို့နောက်တွင် သူ့လျှာမှာ ရေထဲရောက်သွားသည့် နဂါးတစ်ကောင်အလား ကျုချင်း၏ပါးစပ်ထဲသို့ အတင်းတိုးဝင်ကာ လွတ်လွတ်လပ်လပ် ကူးခတ်တော့လေသည်။

“အွန့်…” ကျုချင်းမှာ တစ်ချက် ငြီးလိုက်ရင်း သူမ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ရလေသည်။

ဤသည်မှာ သူမ၏ ပထမဦးဆုံးအကြိမ် မဟုတ်တော့ပါသော်ငြား ဤကောင်စုတ်နှင့် ယခုကဲ့သို့ ကိုယ်ချင်းကပ်ထိတွေ့မှုမျိုး ပြုလုပ်ရသည့်အခါတိုင်း သူမစိတ်ထဲ အလွန်ကိုမှ မသက်မသာ ဖြစ်ရလေသည်။ ရန်ကိုင်နှင့် နှုတ်ခမ်းချင်းထိမိသွားသည်နှင့် တစ်ပြိုင်နက် မှော်ဆန်ဆန်စွမ်းအားတစ်ရပ်သည်လည်း သူမ၏စိတ်အား စတင်၍ ညှို့ငင်လာတော့လေသည်။ ထိုထူးဆန်းသောခံစားချက်ကြောင့် သူမတစ်ကိုယ်လုံး ပျော့ခွေသွားသလိုဖြစ်ကာ မည်သည့်ခွန်အားကိုမှ မထုတ်သုံးနိုင်တော့ချေ။ တစ်ချိန်တည်းတွင် သူမ၏ခန္ဓာကိုယ်အပူချိန်မှာလည်း တဖြည်းဖြည်းနှင့် မြင့်တက်လာတော့လေသည်။

အချိန်စီးဆင်းမှု ရပ်တန့်သွားသည့်အလား ရန်ကိုင်တို့နှစ်ဦးသည် အလောင်းများ၊ သွေးများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြည့်နှက်နေသည့် နေရာများကြားဝယ် နှစ်ဦးသားပူးကပ်ကာ မလှုပ်မယှက် ရှိနေကြလေသည်။

ရွှေရောင်အလင်း တဖြည်းဖြည်း ပျောက်ကွယ်သွားချိန် နဂါးအမြုတေစွမ်းအားမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့လေသည်။

ရွှေနဂါးအမြုတေ၏ ဖိနှိပ်မှု မရှိတော့သည့်နောက်တွင် ကျုချင်းသည် ရန်ကိုင်ဆီမှ သူမခေါင်းကိုဖယ်လျက် အတင်းကုန်းရုန်း ထလာခဲ့လေသည်။ သူမ၏မျက်လုံးလေးများထဲတွင်တော့ အချိန်မရွေးသည့် ပေါက်ကွဲတော့မည့် မီးတောင်ရှင်တစ်လုံးနှယ် ပွက်ပွက်ဆူလောင်နေသည့် ဒေါသတို့ဖြင့် ပြည့်နေခဲ့လေသည်။ ဒေါသတကြီးဖြင့် အမောတကော အသက်ရှူနေခဲ့လေရာ သူမ၏ မို့မောက်မောက်ရင်အစုံမှာပင်လျှင် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေ၏။ ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေရင်းမှ အံကိုတင်းတင်းကြိတ်၍ ပြောလိုက်လေ၏။ “နင်…”

ဤအစုတ်ပလုတ်လူသားကောင်၏ ထပ်မံအသားယူခြင်း ခံလိုက်ရသည့်အတွက်ကြောင့် ကျုချင်းမှာ အလွန်ကိုမှ ဒေါသူပုန်ထနေခဲ့ရလေသည်။

“ဟား ဟား ဟား…” ရန်ကိုင်ကမူ မြေပြင်ထက် ခြေကားယား လက်ကားယား လှဲနေရင်းမှ အရှက်မရှိ အော်ရယ်မောနေခဲ့လေ၏။ သူ့လုပ်ရပ်သည် အတော်လေးကိုမှ ရှက်စဖွယ်ကောင်းသော်ငြား ရန်ကိုင်ကမူ ရှက်မနေနိုင်ဘဲ ပြုံးဖြီးဖြီးဖြင့် အော်ရယ်မောရင်းဖြင့်သာ သူမအား ဆက်၍ စနောက်လိုက်လေ၏။ “လုပ်လေ… မကျေနပ်ရင် လုပ်လိုက်လေ… ငါသေရမယ်ဆိုရင်တောင် ပျော်ပျော်ကြီးသေသွားလို့ရပြီ… ဒါပေမယ့် နင် ငါ့ကို သတ်ပြီးတာနဲ့ နင်ကတော့ နင့်တစ်ဘဝလုံး မုဆိုးမအဖြစ် ကုန်ဆုံးသွားရတော့မယ်…”

ရန်ကိုင်ပြောနေသည့်ပုံစံမှာ မသိလျှင် ကျုချင်းသည် သူ့မိန်းမဖြစ်နေသည့်အလား။

ရေခဲစများပင် သူမ၏မျက်နှာထက် ကပ်ညိလာတော့မည့်အလား ကျုချင်း၏မျက်နှာ တမုဟုတ်ချည်း အေးစက်သွားခဲ့လေသည်။ ထို့နောက်တွင် ကျုချင်းသည် အံကို တင်းတင်းကြိတ်၍ သူမ၏လက်သီးလေးဖြင့် ရန်ကိုင်မျက်နှာတည့်တည့်သို့ ထိုးချလိုက်လေ၏။

“နင်…” ရန်ကိုင်မှာ တစ်ခွန်းသာ အော်လိုက်ရပြီး သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် သတိလစ်သွားခဲ့ရလေသည်။

ဦးခေါင်းတစ်ခုလုံးမှာ လေးလံနေပြီး တဆစ်ဆစ်ကိုက်ခဲနေခဲ့လေသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အလွန်ကိုမှ နုံးချိပျော့ခွေနေခဲ့လေရာ ဟိုးယခင်က ကျင့်ကြံနိုင်ခြင်း မရှိသည့် ဘဝသို့ ပြန်ရောက်သွားသလိုပင် ခံစားနေခဲ့ရသည်။ ရန်ကိုင်အနေဖြင့် ဤကဲ့သို့ မခံစားခဲ့ရသည်မှာ အလွန်ကိုမှ ကြာနေခဲ့လေပြီ။

ရန်ကိုင်မှာ အိပ်တစ်ဝက် နိုးတစ်ဝက်လိုလို ဖြစ်နေခဲ့သည်။ သူ့နားထဲ ရင်းနှီးနေသည့် အသံအချို့ကို ဝိုးတိုးဝါးတား ကြားနေရသလို ရင်းနှီးနေသည့် မျက်နှာများကိုလည်း ဝိုးတိုးဝါးတား မြင်နေခဲ့ရလေသည်။ သူ့အနေဖြင့် ထိုအရာများကို ပို၍ ကြည်ကြည်လင်လင် မြင်ချင်ပါသော်ငြား မမြင်နိုင်ခဲ့။ သူ့တစ်ကိုယ်လုံးမှာ အလွန်တရာကိုမှ အားနည်းလွန်းနေခဲ့လေသည်။ သူ့လက်ကို လှုပ်ရှားကြည့်ရန် ကြိုးစားလိုက်ပါသော်ငြား ကောင်းကင်ထက်တွင်ရှိနေသော လအား လှမ်းခူးဆွတ်ရသည့်နှယ် လုံးဝကို မလှုပ်နိုင်ခဲ့ပေ။

အချိန်တစ်ခုသို့ ရောက်မှသာ ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး သူ့မြင်ကွင်းမှာလည်း ယခင်ကနှင့်မတူ ကြည်လင်လာရတော့သည်။

“သခင်လေးရန်…”

“ရန်ကိုင်…”

“ဂိုဏ်းချုပ်…”

အော်ဟစ်သံများ သူ့နားထဲ တိုးဝင်လာခဲ့သည်။ လှမ်းကြည့်လိုက်ရာ ယင်ဖေး၊ ရီဟန်၊ ရီကျင်းဟန်နှင့် အခြားသူများ သူ့အနီးတစ်ဝိုက်တွင် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ အကုန်လုံးသည် သူ့အား စိုးရိမ်တကြီးဖြင့် ကြည့်နေကြပြီး ရန်ကိုင်နိုးလာသည်ကို မြင်သည့်အခါမှသာ စိတ်သက်သာရာ ရသွားကြသည့်ပုံပေါ်သည်။

“ငါမသေသေးဘူးလား…” ရန်ကိုင်က ရေရွတ်လိုက်၏။

ယင်ဖေးက ရှင်းပြလိုက်လေသည်။ “သခင်လေးရန် တိုက်ပွဲတုန်းက စွမ်းအင်သုံးတာတွေ အရမ်းများသွားတာရယ် ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာကြောင့်ရယ် တစ်ခါတည်း တန်းသတိလစ်သွားတာ… ဒါပေမယ့် ကံကောင်းပြီးတော့ သခင်မလေးကျုချင်းက သခင်လေးရန်နားမှာနေပြီး ကာကွယ်ပေးသွားတယ်… အဲ့ဒါကြောင့်သာမဟုတ်ရင်တော့ အခြားသူတွေသာ သခင်လေးအားနည်းနေတာကို လာအခွင့်ကောင်းယူသွားရင် အကျိုးဆက်က မတွေးရဲစရာပဲ…”

ထိုကဲ့သို့ တွေးမိလိုက်ရုံဖြင့်ပင်လျှင် ယင်ဖေးမှာ အလွန်ကိုမှ ကြောက်ရွံ့မိသွားရသည်။ ရန်ကိုင် သတိလစ်နေစဉ်အတောအတွင်း သူ့အပေါ် ရန်လိုသည့်လူတစ်ဦးသာ သူ့အား ရှာတွေ့သွားခဲ့မည်ဆိုပါက ရန်ကိုင် တမလွန်ဘဝသို့ ရောက်နေလောက်ပေပြီ။

ဓာတ်ကြီးငါးပါးပိတ်လှောင်ခြင်းအစီအရင်ကို ရန်ကိုင်မှ ပိတ်လိုက်ပါသော်ငြား ယွမ်ရှစ်သွယ်အကာအကွယ်အစီအရင်မှာတော့ အသက်ဝင်နေသေးဆဲပင်။ ထို့အတွက်ကြောင့် ယင်ဖေးနှင့်အခြားသူများမှာ ရန်ကိုင်အား လာရှာနိုင်ရန်အတွက် ကုန်းထိုင်အား ထိုအစီအရင်ကို ပထမဦးစွာ ဖျက်ဆီးခိုင်းရလေသည်။

“ကျုချင်း…” ရန်ကိုင်ကြောင်သွားခဲ့လေသည်။

ယင်ဖေးက ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… သခင်လေးရန်သတိလစ်နေတုန်း သခင်လေးရန်ကို ကာကွယ်ပေးခဲ့တာ သခင်မလေးကျုချင်းပဲ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ဘေးဘက်ဆီသို့ အဓိပ္ပာယ်ပါပါဖြင့် လှမ်းကြည့်လိုက်လေသည်။ မသိလျှင် ရန်ကိုင်နှင့် ကျုချင်းတို့ကြား တစ်ခုခုဖြစ်နေသည့်အလား။ သူ့အနေဖြင့် ထိုသို့တွေးချင်လည်း တွေးချင်စရာပင်။ တကယ်တော့ တောတောင်ထဲတွင် ကျုချင်းနှင့် ရန်ကိုင်တို့သည် တစ်ဦးကိုတစ်ဦး ပွေ့ဖက်ရင်း နမ်းရှုံ့နေခဲ့ကြသည် မဟုတ်ပေလော။

ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် ရပ်နေသည့် ကျုချင်းကို မြင်လိုက်ရလေသည်။

ရန်ကိုင် သုန်သုန်မှုန်မှုန်ဖြင့် တွေးလိုက်လေသည်။ ဤမိစ္ဆာမကြောင့်သာ မဟုတ်ပါက သူ သတိလစ်သွားရလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကျုချင်းမှာ သူ့အပေါ် အသားမယူခဲ့သလို သူ့အား မသတ်ပစ်ခဲ့သည့်အပေါ်ကိုလည်း ရန်ကိုင် အံ့အားသင့်မိရသည်။ ကြည့်ရသလောက် ကျုချင်းသည် သူ့အပေါ် တကယ်ကြီး အငြိုးမထားသည့် ပုံပင်။ သူကများ သူမအား နားလည်မှုလွဲနေခဲ့ခြင်းပေလော။

“ဟမ်… ငါ့ခန္ဓာကိုယ်ကို ရေချိုးပေးထားပြီးတော့ အဝတ်အစားတွေပါ လဲပေးထားပါလား…” ယခုမှသာလျှင် သူ့ကိုယ်ပေါ်ရှိ သွေးစအားလုံး ရှင်းလင်းနေခဲ့ပြီး သူ့အဝတ်အစားများမှာလည်း အသစ်လဲထားကြောင်းကို ရန်ကိုင် သတိပြုမိသွားတော့သည်။

ကျုချင်းလုပ်ထားခြင်းပေလော။ ထိုကဲ့သို့စဉ်းစားမိလိုက်သော် ရန်ကိုင် စိတ်လှုပ်ရှားလာမိလေ၏။

“ငါလဲထားပေးတာ…” အိုင်းအောင်ကမူ ရန်ကိုင် ဘာတွေးနေသလဲဆိုသည်ကို သတိပြုမိသည့်အလား အေးစက်စက်လေသံဖြင့် ဝင်ပြောလိုက်လေ၏။ “မင်း ဘာပြောချင်လဲ…”

ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့ပြီး အလျင်စလို ပြန်၍ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် ယောက္ခထီး… ဒီသားမက်က ဘယ်လိုလုပ်ပြီး ဘာပြောရမှာလဲ… ကျေးဇူးပဲတင်ရမှာပေါ့…”

“ဟမ့်… မင်းက အပြင်မှာသာ လျှောက်သွားနေတယ် ကိုယ့်ခန္ဓာကိုယ်ကိုတော့ ကောင်းကောင်းထိန်းသိမ်းထားဖို့ မလုပ်ဘူး… မင်းသာ တစ်ခုခုဖြစ်သွားရင် ယွယ့်အာနဲ့ အခြားသူတွေ မုဆိုးမတွေ ဖြစ်ကုန်မှာပေါ့… အဲ့ဒါကို မင်း တစ်ချက်ကလေးမှ မစဉ်းစားဖူးဘူးလား…” အိုင်းအောင်က ပြစ်တင်ပြောဆိုလိုက်လေသည်။

“ဟုတ်… ဟုတ်…” ရန်ကိုင်ကမူ ခေါင်းသာ ညိတ်နေခဲ့လေ၏။

ထိုစဉ် ကုချန်းယွင်က အလျင်အမြန် ဝင်ပြောလိုက်လေသည်။ “အားနည်းလွန်းတဲ့ ငါတို့ကိုယ်ငါတို့ပဲ အပြစ်တင်ရမယ်… မဟုတ်ရင် ဂိုဏ်းချုပ်ရန် ငါတို့ကို အခုလိုမျိုး လာကူညီစရာ လိုမှာမဟုတ်ဘူး…”

အိုင်းအောင်က သက်ပြင်းချလျက် “နောက်တစ်ခါကြရင် ဒီလိုမျိုး တဇွတ်ထိုးတွေမလုပ်နဲ့…” ထို့နောက် တုံ့ဆိုင်းတုံဆိုင်းဖြင့် ဆက်၍ ပြောလိုက်လေ၏။ “ငါးယောက်မြောက်ညီမ…”

ရန်ကိုင်က အလျင်စလို ပြန်ပြောလိုက်လေသည်။ “စိတ်မပူနဲ့… သူအဆင်ပြေတယ်… ကျုပ်အခုပဲ သူ့ကို ထုတ်ပေးမယ်…”

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ယမ်း၍ ချီယွဲ့အား ကမ္ဘာငယ်လေးထဲမှ ထုတ်ပေးလိုက်လေသည်။

ကျုချင်းသည် ထိုမြင်ကွင်းအား အံ့ဩတကြီးဖြင့် ကြည့်နေခဲ့လေသည်။

လူစုံသွားပြီးသည့်နောက်ပိုင်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မေးမြန်းကြပြီးသည့်နောက်တွင် ချီယွဲ့မှာ ရန်ကိုင်၏ဒဏ်ရာများကြောင့် အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။

“အကုန်လုံး… သခင်လေးရန်တစ်ယောက်တည်း အေးအေးဆေးဆေး အနားယူလို့ရအောင် ထွက်သွားပေးကြရအောင်…” ယင်ဖေးက အလျင်အမြန် ပြောလိုက်လေသည်။ ဤလူအုပ်ကြီးသာ ရန်ကိုင်အား နားပူနားဆာ လုပ်နေပါက ရန်ကိုင်အနေဖြင့် ကောင်းကောင်း အနားယူနိုင်တော့လိမ့်မည် မဟုတ်ချေ။

“ဟုတ်တယ် ဟုတ်တယ်…” ကွေ့ဇူက ခေါင်းညိတ်လိုက်သည်။ “ဂိုဏ်းချုပ်ပြန်သက်သာလာတော့မှပဲ ပြောကြတာပေါ့…”

ထိုသို့ပြောပြီးသည့်နောက် အကုန်လုံး တစ်ယောက်ချင်း ထွက်သွားကြလေသည်။

ကျုချင်းသည်လည်း လူအုပ်ကြီးထဲရောဝင်၍ ထွက်သွားရန် ပြင်လိုက်လေသည်။

“နေပါဦး… ချင်းအာ… နင် နေခဲ့လို့ရမလား… ငါနင့်ကို မေးချင်တာလေးတစ်ခု ရှိလို့…” ရန်ကိုင်က ရုတ်တရက် လှမ်းတားလိုက်လေသည်။

ရန်ကိုင်မှ သူမအား တရင်းတနှီးဖြင့် ခေါ်နေသည့်ပုံကိုကြားသော် ကျုချင်း မျက်မှောင်ကျုံ့သွားခဲ့ပါသော်ငြား ခေါင်းတော့ညိတ်ပြလိုက်လေ၏။

သို့သော်ငြား ချီယွဲ့နှင့် အိုင်းအောင်တို့မှာတော့ ရန်ကိုင်ဆီသို့ အဓိပ္ပာယ်ပါပါဖြင့် လှည့်ကြည့်လာခဲ့ပြီးသည့်နောက် အခန်းထဲမှ ထွက်သွားကြလေသည်။

ခဏအကြာတွင် ကျုချင်းမှလွဲ၍ အကုန်လုံး အခန်းထဲမှ ထွက်သွားကြလေသည်။

ရန်ကိုင်သည် လှဲနေရာမှ ရုတ်တရက် ထထိုင်၍ ကောင်းကင်စိတ်အာရုံကိုသုံးကာ သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်၏။

စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရလေသည်။

အကြောင်းမှာ သူ့ခွန်အား တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်။ ရန်ကိုင်သည် မယုံကြည်နိုင်ဟန်ဖြင့် သူ့ကိုယ်သူ နောက်တစ်ကြိမ် ထပ်မံ၍ စစ်ဆေးကြည့်လိုက်ပါသော်ငြား သူ့ခွန်အားတိုးတက်လာသည်မှာ အမှန်ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ သူ့ကျင့်ကြံခြင်းမှာ ဧကရာဇ်ဒုတိယအဆင့်သို့ မရောက်ရှိသွားခဲ့ပါသော်ငြား ဧကရာဇ်ပထမအဆင့်၏ အထွဋ်အထိပ်ကိုတော့ ကျိန်းသေ ရောက်ရှိသွားခဲ့သည်။ ယခုတစ်ကြိမ်တိုက်ပွဲကြောင့် ရန်ကိုင်သည် ယခင်ကထက်ပင် ပို၍ သန်မာလာခဲ့လေပြီ။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က ရန်ကိုင်သည် ဧကရာဇ်ပညာရှင် အယောက်သုံးဆယ်နီးပါးနှင့် ရင်ဆိုင်ခဲ့ရသလို ရွှေသံချပ်စာအုပ်မှ ဆင့်ခေါ်ခဲ့သော ဧကရာဇ်အဆင့် မွန်းစတားသားရဲပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် တန်ကျွင်းဟောင်နှင့်လည်း တိုက်ခိုက်ခဲ့ရသေး၏။

ထိုတိုက်ပွဲအတွင်း သူ့စိတ်စွမ်းအင်နှင့် ဧကရာဇ်ချီကို အလွန်အကျွံ သုံးစွဲလိုက်ခြင်းသည် သူ့အား သေရေးရှင်ရေးအခြေအနေသို့ ရောက်သွားစေကာ သူ့ခွန်အားကိုလည်း တိုးတက်သွားစေခဲ့သည့်ပုံပင်။

လက်ရှိ ရန်ကိုင်သည် အကောင်းအတိုင်း ရှိမနေသေးပါသော်ငြား သူသာ ပြန်ကောင်းလာသရွေ့ သူ့ခွန်အားသည် ယခင်ကထက် ပိုမိုတိုးတက်လာပေလိမ့်မည်။

ဤသည်မှာ သူ့အတွက်တော့ ဝမ်းသာစရာသတင်းပင်။

သူ့ဒဏ်ရာများကို နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်လိုက်ရာ သူတကယ် အရေးတယူ စိတ်ပူရလောက်သည့် မည်သည့်ဒဏ်ရာမှ မရှိတော့ကြောင်း တွေ့လိုက်ရလေသည်။ သူသတိလစ်နေစဉ်အတောအတွင်း အားကောင်းလှသည့် ရွှေရောင်သွေးစက်များသည် သူ့ဒဏ်ရာများကို ပြန်လည်ကုစားပေးနေခဲ့လေ၏။ သူ့ရင်ဘတ်နှင့် ပုခုံးထက်ရှိ ဒဏ်ရာများဆိုလျှင် ပျောက်ပင် ပျောက်ခါနီးနေခဲ့လေပြီ။ ကုန်ဆုံးသွားသော စိတ်စွမ်းအင်များမှာမူ ဝိဉာဉ်ကြာပန်း၏ အားဖြည့်ပေးမှုကြောင့် ပြန်ပြည့်နေခဲ့လေပြီ။

နောက်ထပ် တစ်ရက်နှစ်ရက်ခန့် နားလိုက်ရုံဖြင့် ရန်ကိုင် အကောင်းအတိုင်း ပြန်ဖြစ်လာပေတော့မည်။

All Chapters