← Chapters

ကစဉ့်ကလျား မိစ္ဆာမျောက်

Vol. 203 Ch. 3034

ကစဉ့်ကလျား မိစ္ဆာမျောက်

Vol. 203 Ch. 3034

ဆူဇီမိုသည် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို အလောတကြီး လှည့်ပတ်ပြီး မဟာဧကရာဇ်ဂူသင်္ချိုင်း၏ အဆုံးမဲ့စွမ်းအားများကို တတိယမြောက်နှင့် စတုတ္ထမြောက် ကောင်းကင်လိုဏ်ဂူများထဲသို့ စုပ်ယူသွင်းလိုက်၏။

တစ်ချိန်တည်းမှာပင် သူသည် တာအိုသစ်သီးထဲမှ သားရဲတာအို၏ ဓမ္မတာအိုများကို တဖျပ်ဖျပ်တလက်လက် မှော်စာလုံးများစွာနှင့်အတူ တတိယမြောက် ကောင်းကင်လိုဏ်ဂူထဲသို့ ထည့်သွင်းပေါင်းစည်းလိုက်၏။

သားရဲများကို ဤမဟာဧကရာဇ်ဂူသင်္ချိုင်းထဲမှာ မြုပ်နှံထားလေသည်။

သားရဲတာအို ကောင်းကင်လိုဏ်ဂူကို စုဖွဲ့မှုက မည်သည့်ခုခံမှုနှင့်မှ မကြုံတွေ့ရပေ။

စတုတ္ထမြောက် ကောင်းကင်လိုဏ်ဂူသည် မိစ္ဆာတာအိုကို ကိုယ်စားပြုသော အထွတ်အထိပ် ကောင်းကင်ဘုံဓားသင်္ချိုင်း ဖြစ်လေသည်။

အထွတ်အထိပ် ကောင်းကင်ဘုံဓားသင်္ချိုင်းမှာ အစကတည်းက မြှုပ်နှံခြင်းစွမ်းအား ပါဝင်နေပြီး မဟာဧကရာဇ်ဂူသင်္ချိုင်း၏ ဓမ္မတာအိုနှင့် ဆင်တူနေ၏။ မဟာဧကရာဇ်ဂူသင်္ချိုင်း၏ စွမ်းအားနှင့်အတူ စတုတ္ထမြောက် ကောင်းကင်လိုဏ်ဂူက သဘာဝအလျောက် စုဖွဲ့လာခဲ့၏။

သို့သော်လည်း ပဉ္စမမြောက် ကောင်းကင်လိုဏ်ဂူက ယင်ယန်ကောင်းကင်လိုဏ်ဂူ ဖြစ်သည်။

မဟာဧကရာဇ်ဂူသင်္ချိုင်း၏ စွမ်းအားကို ၎င်းထဲသို့ ထည့်သွင်းပေါင်းစည်းဖို့က ခဲယဉ်းလာခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပြီး သူ၏ မျက်လုံးထဲရှိ ဂမ္ဘီရကျောက်တုံးနှစ်တုံးဖြစ်သော မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးကို လှည့်ပတ်လိုက်၏။

တစ်ခုက အနက်၊ တစ်ခုက အဖြူ ဂမ္ဘီရအလင်းနှစ်ခုက လဲပြိုကျတော့မည့်ဆဲဆဲ ပဉ္စမမြောက် ကောင်းကင်လိုဏ်ဂူထဲသို့ ဝင်ရောက်လာပြီး အထဲမှာရှိသော ယင်ယန်ဓမ္မတာအိုနှင့်အတူ တဖြည်းဖြည်း ပေါင်းစည်းသွား၏။

မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံး၏ အကူအညီနှင့်အတူ သူက ပဉ္စမမြောက် ကောင်းကင်လိုဏ်ဂူကို မြှောက်တင်လိုက်၏။

ပဉ္စမမြောက် ကောင်းကင်လိုဏ်ဂူကို ယခုတင် စုဖွဲ့လိုက်ပြီး သူတို့သည် စစချင်းမှာ အချိန်မရွေး ပျက်ပြယ်သွားမည့်အလား အနည်းငယ် မတည်ငြိမ်ဖြစ်နေ၏။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်လိုဏ်ဂူငါးခုက တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။

မျောက်သည် ယခုအချိန်မှာ သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်မည်ဆိုလျှင် သူသည် အလွန်တရာ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို သေချာပေါက် မြင်တွေ့ရပေလိမ့်မည်။

ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာ တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ အနက်ရောင်ဆံပင်က လေမတိုက်ဘဲ လှုပ်ရှားနေပြီး သူ၏ ဘေးပတ်လည်မှာ ကြောက်စရာကောင်းသော အော်ရာများနှင့် ကောင်းကင်လိုဏ်ဂူငါးခုက လှည့်ပတ်နေ၏။

ပထမဆုံးကောင်းကင်လိုဏ်ဂူကို သူတော်စင်သုံးပါး၏ အော်ရာက လွှမ်းခြုံထားလေသည်။ ကြယ်များက တဝင်းဝင်းတလက်လက်နှင့် လျှပ်စီးများက တဖျပ်ဖျပ်လက်နေပြီး အမျိုးမျိုးသော တုန်လှုပ်စရာကောင်းသည့် နယ်မြေဖြစ်စဉ်များ ပေါ်ထွက်လာ၏။

ဒုတိယမြောက် ကောင်းကင်လိုဏ်ဂူထဲမှာ ဗုဒ္ဓပုံရိပ်များက လေဟာနယ်ထဲမှာ မတ်တတ်ရပ်ပြီး ကျယ်လောင်စွာ ရွတ်ဆိုနေ၏။ နတ်နဂါးများက သူတို့ကို လှည့်ပတ်နေပြီး နတ်ဆင်များက ဝန်းရံထားလေသည်။

ထိုကောင်းကင်လိုဏ်ဂူထဲမှာ ဗုဒ္ဓအလင်းရောင်က တောက်ပနေပြီး ဂါထာမန္တန်ရွတ်ဖတ်သံက ပဲ့တင်ထပ် ထွက်ပေါ်နေ၏။ ကောင်းကင်ဘုံ နတ်ပန်းများက ကြွေကျလာပြီး ရွှေရောင်ကြာပန်းများကလည်း မြေပြင်ထက်ကနေ တိုးထွက်လာ၏။

တတိယမြောက် ကောင်းကင်လိုဏ်ဂူထဲမှာ ကောင်းကင်ကို ထွန်ယက်နေသော နွားရိုင်းများ၊ သစ်ပင်များကို မှီနေသော ကျောက်တုံးဝက်ဝံများ၊ နေရာတိုင်းမှာ သွားလာနေသော အနာကွန်ဒါများ၊ တောင်တန်းများကြားမှာ ခုန်ကူးနေသော နီညိုရောင်မျောက်ဝံများ၊ ဒုန်းစိုင်းပြေးလွှားနေသော နတ်မြင်းများ၊ ကျားများ၊ ကျားသစ်များနှင့် ပင်လယ်ပြင်ထက် လျှောက်လှမ်းလာသော နဂါးဘုရင်များ၊ ကောင်းကင်ထက်မှာ ပျံသန်းနေသော မဟာဖန်းများနှင့် မြစ်ရေပြင်ကို ဖြတ်ကူးလာသော နတ်ဆင်များ…။

သားရဲဘုရင် ၁၂ ပါး ပေါ်ထွက်လာ၏။

သားရဲဘုရင် ၁၂ပါးအပြင် မိုးပြာနဂါး၊ ဟင်္သပဒါးငှက်၊ ကျားဖြူနှင့် ကုန်းလိပ်တို့၏ ပုံပန်းသဏ္ဌာန်များကလည်း ခပ်ရေးရေးပေါ်ထွက်လာ၏။

စတုတ္ထမြောက် ကောင်းကင်လိုဏ်ဂူက ချောက်ချားစရာကောင်းသော တိတ်ဆိတ်မှုဖြင့် ပြည့်နှက်နေ၏။

ဓားရှည်များက ကောင်းကင်ဘုံကိုးလွှာထဲမှာ မြှုပ်နှံခံထားရသော အုတ်ဂူများကဲ့သို့ သုဿာန်မှတ်တိုင်များကို ထိုးဖောက်ထားလေသည်။

ပဉ္စမမြောက် ကောင်းကင်လိုဏ်ဂူမှာ နေနှင့်လက လှည့်ပတ်နေပြီး နေ့နှင့်ညက တစ်လှည့်စီ ကူးပြောင်းနေ၏။

အနက်ရောင်ငါးတစ်ကောင်နှင့် အဖြူရောင်ငါးတစ်ကောင်က တစ်ကောင်အမြီးကို တစ်ကောင်ကိုက်ကာ အဆက်မပြတ် လှည့်ပတ်နေ၏။

ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူငါးခု၏ အလယ်မှာရှိပြီး သူတို့၏ အားဖြည့်မှုကို ခံယူနေ၏။ သူ၏ အော်ရာက လျင်မြန်စွာ မြင့်တက်လာနေသည်။

သူ၏ ကိုယ်ကာယဖြစ်စေ၊ သူ၏ မျိုးဆက်သွေး သို့မဟုတ် သူ၏ အမြုတေစိတ်ဝိညာဉ် ကျင့်ကြံမှုနယ်ပယ်ကဖြစ်စေ လျင်မြန်စွာ မြင့်တက်လာနေ၏။

ကောင်းကင်လိုဏ်ဂူများ ရရှိလာခြင်းအပြင် ကောင်းကင်လိုဏ်ဂူဘုရင်များသည် စွမ်းအားကြီးမားနေသည့် အကြောင်းရင်းမှာ သူတို့၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်တို့သည် ကောင်းကင်လိုဏ်ဂူများဖြင့် မီးဆေးခြင်းခံရပြီးနောက် ယခင်ကထက် များစွာပိုမို သန်မာလာသောကြောင့် ဖြစ်သည်။

ယခု ဆူဇီမို၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်တို့ကို ကောင်းကင်လိုဏ်ဂူငါးခုက တစ်ချိန်တည်းမှာ သန့်စင်မွမ်းမံပေးနေ၏။

ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်-၁၂မှာ ရှိနေဆဲဖြစ်သော်လည်း ၎င်း၏ ခွန်အားက ကောင်းကင်လိုဏ်ဂူငါးခုဖြင့် အားဖြည့်ခံရပြီးနောက် ပြန်လည်မွေးဖွားလာသည့်အလား လျင်မြန်စွာ မြင့်တက်လာနေ၏။

သူ၏ အသိစိတ်ထဲမှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က ဖန်တီးခြင်းကြာခုံပေါ်မှာ ခြေချိတ်ထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်က အလင်းရောင်နှင့်အတူ တောက်ပနေပြီး သူ၏ အော်ရာက အဆက်မပြတ် မြင့်တက်လာနေ၏။

သုခဘုံလေဟာနယ်ဘုံမှာတုန်းက ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ စဦးကျွမ်းကျင်မှုမှာ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ယခု သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်၍ ကောင်းကင်လိုဏ်ဂူငါးခုကို စုဖွဲ့လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က နယ်ပယ်နှစ်ခုကို ခုန်တက်ကာ ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

တကယ်ဆို သူသည် သိုင်းပိုင်နက်နယ်မြေနယ်ပယ်သို့ ဝင်ရောက်ခါစ သိုင်းတာအိုပင်မခန္ဓာနှင့်ပင် တိုက်ခိုက်နိုင်သည်ဟု ဆူဇီမိုက ခံစားနေရ၏။

သူသည် အတိတ်နှင့် ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်း လျှို့ဝှက်အတတ်ကို ထုတ်ဖော်မည်ဆိုလျှင် ရှည်လျားသော အချိန်မြစ်၏ အားဖြည့်ထောက်ပံ့မှုနှင့် တစ်ဖက်သူ၏ ဘဝသက်တမ်းကို လျှော့ချနိုင်သည့် စွမ်းရည်နှင့်အတူ ဘယ်သူက အနိုင်ရရှိမည်ကို မသိနိုင်ပေ။

ထိုစဉ်မှာပင် ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

သူသည် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို အသုံးချကာ စောစောက မဟာဧကရာဇ်ဂူသင်္ချိုင်း၏ စွမ်းအားများကို ကောင်းကင်လိုဏ်ဂူများထဲသို့ စုပ်ယူလိုက်သောကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဂူသင်္ချိုင်း၏ ဘေးပတ်လည်က အဆက်မပြတ် တုန်ခါလာခဲ့၏။

ဂူသင်္ချိုင်း၏ အလယ်မှာ အစက သွေးကန်လေးကန် ရှိနေခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ မျောက်ရှိနေသော သွေးကန်ကလွဲလျှင် အခြားသော သွေးကန်သုံးကန်ထဲမှ သွေးရည်များက စိမ့်ထွက်လာခဲ့လေသည်။

ထူးဆန်းစွာပင် သွေးရည်များက လမ်းညွှန်မှုတချို့ကို ရရှိသွားပုံရပြီး လက်ချင်းဆက် နီညိုရောင်မျောက်ဝံ၏ သွေးကန်ထဲသို့ စီးဝင်လာလေသည်။

သွေးကန်သုံးကန်ထဲမှာရှိသော သွေးရည်များသည် ဆန်းကြယ်ဉာဏ်ပညာ ကျောက်တုံးမျောက်၊ နားရွက်ခြောက်ဖက် ဘာဘရီမျောက်နှင့် တင်ပါးနီမြင်းမျောက်တို့ထံမှ အသီးသီးလာခဲ့လေသည်။

သူတို့က တူညီသော မျိုးနွယ်ဝင်ဖြစ်သော်လည်း ထိုမျိုးဆက်သွေးသုံးခုသည် မျောက်၏ လက်ချင်းဆက် နီညိုရောင်မျောက်ဝံမျိုးဆက်သွေးနှင့် လိုက်ဖက်ညီမှုမရှိပေ။

“ဘာလဲဟ..”

ဆူဇီမိုက ခဏမျှ တွေဝေတုံ့ဆိုင်းနေ၏။ သွေးကန်သုံးကန်ထဲရှိ သွေးရည်များစွာက မျောက်ရှိရာ သွေးကန်ထဲသို့ တိုးဝင်လာခဲ့ပြီ ဖြစ်လေသည်။

အစကတော့ သွေးကန်ထဲမှာ မျိုးဆက်သွေးတစ်ခုသာရှိပြီး ၎င်းက မျောက်၏ မျိုးဆက်သွေးနှင့် အရင်းအမြစ် တူညီလေသည်။

သွေးကန်ထဲမှာရှိသော သွေးရည်၏ အကူအညီနှင့်အတူ မျောက်သည် လက်ချင်းဆက် နီညိုရောင်မျောက်ဝံမျိုးဆက်သွေးကို လုံးလုံးလျားလျား နိုးထစေခဲ့ပြီဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ မြင့်တက်လာ၏။

သွေးရည်ထဲမှာ ပါဝင်သော စွမ်းအားအရ မျောက်သည် အဆင့်ချိုးဖျက်တက်လှမ်းပြီး သုခဘုံလေဟာနယ်နယ်ပယ်သို့ ဝင်ရောက်နိုင်သည့် အခွင့်အရေးပင် ရှိနေ၏။

သို့သော်လည်း အခြားသော မျိုးဆက်သွေးသုံးခုက စီးဝင်လာသောအခါ သူတို့သည် ကျင့်ကြံနေသော မျောက်အပေါ် ကြီးမားသော အန္တရာယ်တစ်ခုကို ကျရောက်လာစေလေသည်။

“အား...”

မျောက်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည့်အလား သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တွန့်လိမ်လာခဲ့၏။

တကယ်တော့ ဆူဇီမိုမရှိလျှင်တောင် အခြားသော သွေးကန်သုံးကန်ထဲရှိ မျိုးဆက်သွေးများသည် မျောက်ရှိရာသို့ အလိုအလျောက် ရောက်ရှိလာလိမ့်မည်ဖြစ်သည်။

သူတို့သည် ဤနေရာမှာ အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်အရိုက်အရာဆက်ခံသူကမှ ရောက်ရှိမလာခဲ့ပေ။

ယခု မျောက်ဝံမျိုးနွယ်မှ တစ်စုံတစ်ယောက်က နောက်ဆုံးမှာ ဤနေရာကို ဝင်ရောက်လာပြီး ထိုသူက လက်ချင်းဆက် နီညိုရောင်မျောက်ဝံဖြစ်စေ သို့မဟုတ် တခြားသော မျိုးရိုးဖြစ်စေ အခြားသော မျိုးဆက်သွေးသုံးခုသည် သူတို့၏ ဓမ္မတာအိုအမွေအနှစ်များကို အလဟဿအဖြစ်ခံလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် မျိုးဆက်သွေးသုံးခုသည် မျောက်ကို စတင်ရှာဖွေပြီး သူ့မျိုးဆက်သွေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ သူ့ခန္ဓာကိုယ်ထဲသို့ အတင်းဝင်ရောက်လာလိုနေ၏။

မျိုးဆက်သွေးလေးခုက မျောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ ပြင်းထန်ကြမ်းတမ်းသော ပဋိပက္ခတစ်ခု ဖြစ်ပွားလာ၏။

မျိုးဆက်သွေးလေးခု၏ တိုက်ပွဲကွင်းက မျောက်၏ ခန္ဓာကိုယ်ထဲမှာ ဖြစ်လာ၏။

မျောက်တွေ့ကြုံခံစားနေရသော နာကျင်မှုကို စဉ်းစားကြည့်နိုင်သည်။

“ဖောက်… ဖောက်… ဖောက်…”

မျောက်၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်ပြီး သွေးမြူများက ပန်းထွက်လာ၏။

မျိုးဆက်သွေးလေးခုသည် မျောက်ဝံမျိုးနွယ်၏ အရှားပါးဆုံးနှင့် အသန်မာဆုံး ဖြစ်လေသည်။

မျိုးဆက်သွေးလေးခုကို မပြောနှင့် မျိုးဆက်သွေးနှစ်ခု ပေါင်းစည်းမည်ဆိုလျှင်တောင် မျောက်၏ အသက်ကို နှုတ်ယူနိုင်လေသည်။

မျောက်၏ ခန္ဓာကိုယ်က နာကျင်နေသော အမူအရာနှင့်အတူ တဖြည်းဖြည်း ပြန့်ကားလာပြီး ရူးသွပ်ဖောက်ပြန်လုမတတ် ဖြစ်လာခဲ့၏။ သူ၏ လည်ပင်းပေါ်မှ သွေးကြောများက ဖောင်းကြွလာပြီး သူ၏ ဒဏ်ရာများထဲကနေ သွေးများက ပို၍စီးကျလာ၏။

သို့သော်လည်း သူ၏ အသက်ဓာတ်အားက အဆက်မပြတ် လျော့ကျလာနေ၏။

အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ ဆူဇီမိုက ရှေ့သို့ အလောတကြီးတက်လှမ်းပြီး မျောက်၏ ဒဏ်ရာများကို တည်ငြိမ်စေရန် သူ၏ အသက်ဓာတ်ကြာလက်ညှိုးကို ထုတ်ဖော်လိုက်၏။

ဤသည်မှာ တိုက်ဆိုင်မှုများ၏ ပေါင်းစည်းမှုတစ်ရပ် ဖြစ်လေသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် မျောက်ဝံမျိုးနွယ်၏ အသန်မာဆုံး မျိုးဆက်သွေးလေးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း ဆူဇီမို၏ အသက်ဓာတ်ကြာလက်ညှိုးမှာ အဆင့် ၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေး ပါဝင်နေ၏။

အဆင့် ၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးမှာသာ မျောက်၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးလေးခုကို တည်ငြိမ်စေမည့် အခွင့်အရေးတစ်ခု ရှိနေလေသည်။

တကယ်တော့ အကျိုးအကြောင်းတိုက်ဆိုင်မှုများ၏ ထိုပေါင်းစည်းမှုသည် မျောက်၏ ဘဝမှာ အကြီးမားဆုံး အခွင့်အလမ်းတစ်ရပ်ကို ဖြစ်ပေါ်လာစေ၏။

လက်ချင်းဆက် နီညိုရောင်မျောက်ဝံဖြစ်စေ၊ ဆန်းကြယ်ဉာဏ်ပညာ ကျောက်တုံးမျောက်ဖြစ်စေ၊ နားရွက်ခြောက်ဖက် ဘာဘရီမျောက်ဖြစ်စေ၊ တင်ပါးနီမြင်းမျောက်ဖြစ်စေ၊ သူတို့သည် မျောက်ဝံမျိုးနွယ်၏ အရှားပါးဆုံးနှင့် အသန်မာဆုံး မျိုးဆက်သွေးများ ဖြစ်လေသည်။

သို့သော်လည်း ရှားရှားပါးပါးနှင့် စွမ်းအားကြီးမားသော ထိုမျိုးဆက်သွေးလေးခု၏ အထက်မှာ နောက်ထပ် ဒဏ္ဍာရီလာ မျိုးဆက်သွေးတစ်ခု ရှိနေ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မပြောနှင့် မဟာကမ္ဘာတစ်ထောင်လောကမှာပင်လျှင် ထိုမျိုးဆက်သွေးက တစ်ခုတည်းသာ ရှိလေသည်။

လောက၏ မူလအစမှာ ပထမဆုံးမွေးဖွားပေါ်ထွက်လာသော မျောက်ဝံသည် ဤမျိုးဆက်သွေးဖြစ်ပြီး ၎င်း၏ အမည်က ကစဉ့်ကလျားမိစ္ဆာမျောက် ဖြစ်လေသည်။

All Chapters