← Chapters

တိုက်ခိုက်ခြင်း

Vol. 203 Ch. 3035

တိုက်ခိုက်ခြင်း

Vol. 203 Ch. 3035

နောက်ခဏ၌ ဆူဇီမိုသည် မျောက်၏ အခြေအနေက တဖြည်းဖြည်းတည်ငြိမ်လာပြီး အန္တရာယ်မရှိတော့သည်ကို တွေ့မြင်သောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ထိုစဥ်မှာပင် ကြီးမားသော ရိုက်ခတ်မှုတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလား မြေပြင်က လှုပ်ခါပြီး ဘေးပတ်ဝန်းကျင်လေဟာနယ်က ယိမ်းထိုးလာခဲ့၏။

“ဟမ်…”

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး အပြင်ဘက်ရှိ စိတ်လှုပ်ရှားတက်ကြွနေသော မြင်းမျောက်ဘုရင်များကို ကြည့်လိုက်၏။

ဤတိုက်ပွဲဧကရာဇ်လက်နက်က ကြေမွပျက်စီးနေခဲ့ပြီဖြစ်သည်။ ၎င်းသည် အပြင်ဘက်မှာရှိသော အထွတ်အထိပ်ဘုရင်သုံးဦး၏ သန့်စင်မှုကို နှစ်၂၀၀ကျော်ကြာအောင် တောင့်ခံနိုင်ခဲ့သည်မှာ အထဲမှာရှိသော သွေးရေကန်လေးခုထဲရှိ အကြွင်းအကျန်စိတ်စွမ်းအားများကြောင့် ဖြစ်လေသည်။

ယခု စွမ်းအားကြီးမားသော မျိုးဆက်သွေးလေးခုက မျောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပေါင်းစည်းလာခဲ့ပြီဖြစ်၏။

မျိုးဆက်သွေးများထဲမှာ ကျန်ရှိနေသော အကြွင်းအကျန်စိတ်ဆန္ဒများနှင့် မျိုးဆက်မှတ်ဉာဏ်များစွာကလည်း မျောက်နှင့်အတူ ပေါင်းစည်းလာခဲ့ပြီဖြစ်၏။

ဤအကြွင်းအကျန်စိတ်ဆန္ဒများ၏ ထောက်ပံ့မှုမရှိဘဲ ဤတိုက်ပွဲဧကရာဇ်လက်နက်က ပိုင်ရှင်မဲ့ပစ္စည်းတစ်ခုဖြစ်သွားခြင်းနှင့်တူလေသည်။

ထို့သို့ဖြင့် မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများမှာ အခွင့်အရေးတစ်ခုရရှိလာ၏။

ကောင်းကင်ဘုံသို့ သွားရာလမ်း၏ အဆုံးမှာ…

မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသောဘုရင် ၁၈ဦးသည် သူတို့၏ ရှေ့မှာ အဆက်မပြတ် ယိမ်းထိုးလာသော တိုက်ပွဲဧကရာဇ်လက်နက်ကို ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေပြီး သူတို့က အားတက်သရော ရှိလာကြလေသည်။

အောင်မြင်လေပြီ…

တိုက်ပွဲဧကရာဇ်လက်နက်ကို သန့်စင်ရခြင်းက သူတို့တွေးထင်ထားသည်ထက်ပင် ပိုမိုချောမွေ့နေ၏။

တိုက်ပွဲဧကရာဇ်လက်နက်သည် ချောက်နက်ထဲကနေ ဖြည်းဖြည်းချင်းကြွတက်လာ၏။ ပြင်းထန်သော လှုပ်ခါမှုတစ်ခုနှင့်အတူ မရေမတွက်နိုင်သော ဖုန်မှုန့်များက ကျဆင်းလာလေသည်။ တောင်ဝှေးပေါ်ရှိ ဧရာမ ရွှေရောင်စာလုံးများက ရွှေရောင်အလင်းနှင့်အတူ နောက်တစ်ဖန် တောက်ပလာပြီး ပို၍ပင် ကျိန်းစပ်လာခဲ့၏။

မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသော အထွတ်အထိပ်ဘုရင်နှစ်ဦးက တိုက်ပွဲဧကရာဇ်လက်နက်ကို အလှည့်ကျ သန့်စင်နေကြ၏။

ယနေ့သည် အထွတ်အထိပ်ဘုရင်သုံးဦးထဲမှ မျောက်ဘုရင်မာတန် သန့်စင်ရမည့်အလှည့် ဖြစ်လေသည်။

ဤသန့်စင်မှုအပြီးမှာ သူ၏ အမြုတေစိတ်ဝိညာဉ်နှင့် ကောင်းကင်လိုဏ်ဂူစွမ်းအားများ အားလုံးနီးပါးက ကုန်ခန်းလာ၏။

ယခုနောက်ဆုံးအခိုက်အတန့်မှာ သူသည် အလင်းရောင်ကို တွေ့မြင်လိုက်ရလေပြီ။

“ညီကိုမာတန်… မင်းတောင့်မခံနိုင်တော့ဘူးဆိုရင် ငါလုပ်လိုက်မယ်လေ”

အခြားသော အထွတ်အထိပ်ဘုရင်က အနည်းငယ် မနာလိုအားကျနေပြီး ဝင်ရောက်ပြောဆိုလိုက်၏။

“ဟားဟား… စေတနာနဲ့ပြောတာ ကျေးဇူးပဲ… ညီအစ်ကိုမာတဲ… ငါတောင့်ခံနိုင်ပါသေးတယ်ကွ”

မျောက်ဘုရင်မာတန်က ရယ်မောကာ ပြောလိုက်၏။

သူက ဤလက်နက်ကို သန့်စင်နိုင်တော့မည်ဖြစ်ပြီး မျောက်ဘုရင်မာတဲသည် အခြေအနေပေါ် အမြတ်ထုတ်လာမည်ကို သူက ခွင့်ပြုမပေးနိုင်ပေ။

မျောက်ဘုရင်နီရဲပင်လယ်၏ အမူအရာက တည်ငြိမ်နေပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။

တိုက်ပွဲဧကရာဇ်လက်နက်သည် ယိုယွင်းပျက်စီးနေခဲ့ပြီဖြစ်သည်။ မရေမတွက်နိုင်သော သဘာဝရတနာများနှင့်ပင်လျှင် ၎င်းကို ပြန်လည်ပြင်ဆင်ဖို့က အရမ်းကို ခဲယဉ်းနေပြီဖြစ်သည်။

သူ့အတွက်တော့ အစစ်အမှန်ရတနာများသည် တိုက်ပွဲဧကရာဇ်လက်နက်အထဲမှာ ရှိလေသည်။

မျောက်ဘုရင်မာတန်သည် ဤအမွေအနှစ်များကို တစ်ဦးတည်း ဝါးမျိုနိုင်စရာ အကြောင်းမရှိပေ။

မျောက်ဘုရင်မာတန်က အကောင်းအဆိုးကို နားမလည်ဘဲ အဲဒါကို တစ်ယောက်တည်း မောင်ပိုင်စီးလိုသည်ဆိုလျှင် သူသည် မျောက်ဘုရင်မာတန်ကို သတ်ဖြတ်ဖို့အတွက် ဝန်လေးနေမည် မဟုတ်ပေ။

“အဲဒီကောင်စုတ်နှစ်ကောင်က အထဲမှာ ဝင်ပုန်းနေရုံနဲ့ သူတို့ကိုယ်သူတို့ လွတ်ပြီထင်နေတာပဲ… ဘယ်လောက်တောင် နုံအလိုက်လဲ”

မျောက်ဘုရင်မာတန်က တိုက်ပွဲဧကရာဇ်လက်နက်ကို သန့်စင်မွမ်းမံနိုင်တော့မည်ဖြစ်ပြီး သူက ကောင်းမွန်သော စိတ်အခြေအနေမှာ ရှိနေ၏။

သူက စိတ်လက်ပေါ့ပါးနေသည့်ပုံပေါ်သော်လည်း သူ၏ စိတ်အာရုံအများစုသည် သူ၏ နောက်ဘက်မှာရှိသော မျောက်ဘုရင်နီရဲပင်လယ်နှင့် မျောက်ဘုရင်မာတဲအပေါ် ရောက်ရှိနေလေသည်။ တိုက်ပွဲဧကရာဇ်လက်နက်အတွက် သူတို့နှစ်ယောက်က နောက်ဘက်ကနေ တိုက်ခိုက်လာမည်ကို သူက စိုးရိမ်နေ၏။

မျောက်ဘုရင်မာတန်က ရယ်မောကာ ပြောလိုက်၏။

“ငါ အဲဒါကို အောင်အောင်မြင်မြင် သန့်စင်ပြီးသွားရင် အဲဒီကောင်စုတ်လေးနှစ်ကောင် ဘယ်လောက်တောင် ကြောက်လန့်သွားမလဲ ကြည့်ရသေးတာပေါ့”

ထိုစဥ်မှာပင် မျောက်ဘုရင်မာတန်သည် ရုတ်တရက် ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး တုန်လှုပ်သွားလေသည်။

သူ၏ အမူအရာက ထိတ်လန့်တကြားဖြစ်သွား၏။ သူက သူ့နောက်ဘက်ရှိ သူ၏ အထွတ်အထိပ် ကောင်းကင်လိုဏ်ဂူနှင့်ကာရင်း နောက်ပြန်လှည့်ကြည့်လိုက်၏။

သူ့ကိုတိုက်ခိုက်လိုက်သူက မျောက်ဘုရင်နီရဲပင်လယ်နှင့် မျောက်ဘုရင်မာတဲဖြစ်မည်ဟု သူက အလိုလိုတွေးလိုက်၏။

သို့သော်လည်း မျောက်ဘုရင်နီရဲပင်လယ်နှင့် မျောက်ဘုရင်မာတဲက လုံးဝမလှုပ်ရှားကြပေ။

အခြားသော မြင်းမျောက်ဘုရင်များကလည်း နေရာမှာတင် မတ်တတ်ရပ်နေကြ၏။

“ဟမ်…”

မျောက်ဘုရင်မာတန်က တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ရင်တစ်ချက်ထိတ်သွား၏။

ထိုအန္တရာယ်အငွေ့အသက်သည် သူ၏ နောက်ဘက်ကနေ လာခြင်းမဟုတ်ဘဲ သူ့ရှေ့ကနေ လာခြင်းဖြစ်၏။

သို့သော်လည်း သူ့ရှေ့မှာ တိုက်ပွဲဧကရာဇ်လက်နက်သာ ရှိလေသည်။ အန္တရာယ်က ဘယ်လိုလုပ် ဖြစ်ပေါ်လာနိုင်ပါ့မလဲ။

ထိုစဥ်မှာပင် အစိမ်းရောင်ပုံရိပ်တစ်ခုက သူ၏မျက်လုံးရှေ့မှာ ဖျတ်ခနဲပေါ်ထွက်လာ၏။

ထိုပုံရိပ်၏ လှုပ်ရှားမှုက အရမ်းကို မြန်ဆန်လေသည်။

မျောက်ဘုရင်မာတန်၏ စိတ်အာရုံတစ်စိတ်တစ်ပိုင်းက တိုက်ပွဲဧကရာဇ်လက်နက်ကို သန့်စင်ခြင်းမှာ ရောက်ရှိနေပြီး သူ၏ စိတ်အာရုံတစ်စိတ်တစ်ပိုင်းက မျောက်ဘုရင်နီရဲပင်လယ်နှင့် မျောက်ဘုရင်မာတဲအပေါ် ကျရောက်နေ၏။

သူတုံ့ပြန်လိုက်သည့်အချိန်မှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။

ဒါ့အပြင် တိုက်ပွဲဧကရာဇ်လက်နက်ကို သန့်စင်ရခြင်းသည် သူ၏ အမြုတေစိတ်ဝိညာဉ်နှင့် ကောင်းကင်လိုဏ်ဂူစွမ်းအားများစွာကို ကုန်ဆုံးစေခဲ့၏။

သူ၏ တုံ့ပြန်မှုက အနည်းငယ် နှေးကွေးသွားရုံသာမက သူ၏ ရှောင်တိမ်းမှုက ပို၍ပင် နှေးကွေးနေလေသည်။

ပညာရှင်များကြား တိုက်ပွဲတစ်ခုမှာ တဒင်္ဂအခိုက်အတန့်က ရလဒ်တစ်ခုကို ဆုံးဖြတ်ပေးနိုင်၏။

ဖောက်…

မျောက်ဘုရင်မာတန်က နောက်သို့ဆုတ်ခွာချင်၏။

သို့သော်လည်း ဆူဇီမိုက တိုက်ပွဲဧကရာဇ်လက်နက်ထဲကနေ ပို၍ပင် မြန်ဆန်သော အလျင်အဟုန်ဖြင့် ထွက်ခွာလာပြီး မိုးကြိုးလျှပ်စီးလို တိုက်ခိုက်လိုက်လေသည်။

ကောင်းကင်ထက်ကနေ အစိမ်းရောင်ပုံရိပ်တစ်ခု ဆင်းသက်လာပြီး မျောက်ဘုရင်မာတန်၏ ဦးခေါင်းကို ပစ်ရိုက်ကာ ၎င်းကို ချက်ချင်းပင် ကြေမွပျက်စီးသွားစေသည်ကို မြင်းမျောက်ဘုရင်များက တွေ့ရှိလိုက်ရ၏။ သူ၏အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး နေရာမှာတင် သေဆုံးသွားသည်။

မြင်းမျောက်ဘုရင်များသည် ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။ သူတို့က မှင်သက်၍ တုန်လှုပ်နေကြ၏။

သေဆုံးသွားသူက အထွတ်အထိပ်ဘုရင်တစ်ဦးဖြစ်သည်။

သူသည် ရှောင်တိမ်းဖို့ သို့မဟုတ် တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးပင်မရဘဲ ဤကဲ့သို့ပင် ရိုက်သတ်ခံလိုက်ရ၏။

“သူလား…”

အစိမ်းရောင်ပုံရိပ် ပေါ်ထွက်လာသည့်ခဏမှာပင် မျောက်ဘုရင်နီရဲပင်လယ်နှင့် မျောက်ဘုရင်မာတဲက အဲဒါကို အာရုံခံမိသွားပြီး ဆူဇီမိုကို ချက်ချင်းပင် မှတ်မိသိရှိသွားကြ၏။

မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်သည် သူတို့၏ စွမ်းအင်များကို ချွေတာထားပြီး သူတို့၏ ကောင်းမွန်သောအခြေအနေမှာ ရှိနေကြ၏။ ထို့ကြောင့် သူတို့သည် မူမမှန်မှုကို ချက်ချင်းပင် အာရုံခံမိနိုင်ကြသည်။

ဒါ့အပြင် သူတို့နှစ်ယောက်သည် မျောက်ဘုရင်မာတန်နှင့် အရမ်းကို နီးကပ်နေကြ၏။

သူတို့နှစ်ယောက်သည် သူ့ကိုကယ်တင်ပေးလိုမည်ဆိုလျှင် သူတို့မှာ အခွင့်အရေးတစ်ခု ရှိခဲ့လေသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်များထဲ တူညီသော အတွေးတစ်ခုစီ ပေါ်ထွက်လာခဲ့ကြ၏။

သူတို့သည် အငှားဓားဖြင့် လူသတ်လိုကြလေသည်။

ဆူဇီမိုသည် မျောက်ဘုရင်မာတန်ကို သတ်ဖြတ်လိုက်မည်ဆိုလျှင် အထဲမှာရှိသော ရတနာများကို ခွဲဝေယူဖို့အတွက် လူတစ်ယောက် လျော့သွားပေလိမ့်မည်။

သူတို့နှစ်ယောက်မှာ အလိုအလျောက် နားလည်မှု ရှိနေကြ၏။ သူတို့သည် ခဏမျှတွေဝေပေးလိုက်သည်နှင့် မျောက်ဘုရင်မာတန်က သေဆုံးသွားရပေလိမ့်မည်။

ထို့ကဲ့သို့ပင် ဆူဇီမိုသည် လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ သူတို့နှစ်ယောက်ရှေ့မှာပင် ထိုသူကို သတ်ဖြတ်လိုက်၏။

မျောက်ဘုရင်မာတန် သေဆုံးသွားသည်ကို တွေ့မြင်သောအခါ သူတို့နှစ်ယောက်က တိတ်တဆိတ် ကျေနပ်သဘောကျသွားပြီး အပေါ်ယံမှာတော့ တစ်စုံတစ်ရာကို ထုတ်ဖော်ပြသခြင်း မရှိပေ။

“အို…”

မျောက်ဘုရင်နီရဲပင်လယ်က ဆူဇီမိုကို အကဲခတ်ကြည့်ပြီး အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်၏။

“မင်းက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တကယ်ပဲ ဝင်ရောက်သွားတာလား”

နှစ် ၂၀၀ မျှမှာ သူသည် အခွင့်အလမ်းတစ်ခုကို ရှာဖွေတွေ့ရှိပြီး ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ တကယ်တော့ ထိုအလျင်အဟုန်က အလွန်တရာ မြန်ဆန်လေသည်။

ဤအာကာသပတ်ဝန်းကျင်မှာ မည်သည့်ကောင်းကင်နှင့်မြေကြီးအမြုတေချီမှ ရှိမနေပေ။ ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ဖို့အတွက် လုံလောက်သည့်စွမ်းအားကို ဘယ်လိုလုပ်ပြီး ရရှိခဲ့သလဲ။

‘ဟုတ်တယ်… အဲဒါက အရင်တုန်းက မဟာဧကရာဇ်တိုက်ပွဲ ချန်ထားခဲ့တဲ့ ရတနာတွေနဲ့ အမွေအနှစ်ကြောင့်ပဲ ဖြစ်ရမယ်’

ထို့သို့အတွေးဖြင့် မျောက်ဘုရင်နီရဲပင်လယ်၏ မျက်လုံးက လောဘရမ္မက်ဖြင့် တောက်လောင်လာပြီး သူက မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိသေးပေ။

သူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်သွားမည်ဆိုလျှင်ပင် ဂရုစိုက်စရာမလိုပေ။

သူသည် အလွန်ဆုံး ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကို စုဖွဲ့ပြီး သာမန်ဘုရင်တစ်ပါးသာ ဖြစ်လာပေလိမ့်မည်။ သာမန်ဘုရင်တစ်ဦးသည် သူခြေတစ်ချက်ဆောင့်ရုံဖြင့် နင်းချေသတ်ဖြတ်နိုင်သော တည်ရှိမှုမျိုးဖြစ်သည်။

“မင်းက ငါ့မျိုးနွယ်ဝင်ကို ဘယ်လိုတောင် သတ်ဖြတ်ရဲတာလဲ… ကောင်စုတ်လေး… မင်းကတော့ သေချင်နေတာပဲ”

မြင်းမျောက်မျိုးရိုးမှ သာမန်ဘုရင်တစ်ဦးက ဟိတ်ဟန်ထုတ်လိုပြီး ကျယ်လောင်စွာ အော်ငေါက်လိုက်၏။ သူက သူ၏ ကောင်းကင်လိုဏ်ဂူကို မြှောက်တင်ပြီး သူ့လက်ထဲရှိ တောင်ဝှေးနှင့်အတူ ဆူဇီမိုရှိရာသို့ ရန်လိုခက်ထန်စွာ ပြေးဝင်လာ၏။

မျောက်၏ အသွင်ပြောင်းလဲမှုက ယခုအချိန်ထိ မပြီးဆုံးသေးပေ။

တိုက်ပွဲဧကရာဇ်လက်နက်ကို အပြင်ဘက်မှာရှိသော ဤမြင်းမျောက်ဘုရင်များက သန့်စင်လိုက်မည်ဆိုလျှင် တစ်ခုခုဖြစ်လာမည်ကို ဆူဇီမိုက စိုးရိမ်နေ၏။

သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ နည်းလမ်းများကို စမ်းသပ်စစ်ဆေးကြည့်လိုနေ၏။ ထို့ကြောင့် သူက တွေဝေတုံ့ဆိုင်းမနေဘဲ တိုက်ပွဲဧကရာဇ်လက်နက်ထဲကနေ ထွက်ခွာပြီး သူနှင့်အနီးဆုံးမှာရှိသော အထွတ်အထိပ်ဘုရင်ကို ချက်ချင်းပင် ကိုင်တွယ်လိုက်လေသည်။

ဆူဇီမိုက မျောက်ဘုရင်နီရဲပင်လယ်နှင့် မျောက်ဘုရင်မာတဲ ရှိရာသို့ ပြေးဝင်တော့မည့်ဆဲဆဲမှာပင် ဘေးဘက်ကနေ ပုံရိပ်တစ်ခုက ပြေးထွက်လာ၏။

အခြားသော ဤမြင်းမျောက်ဘုရင်သည် သူ့ကိုအော်ငေါက်ကာ ပြေးလာနေလေသည်။ မြင်းမျောက်ဘုရင်က သူ့လက်ထဲရှိ တောင်ဝှေးနှင့်အတူ လေထဲကနေ ဆင်းသက်ပြီး တောင်တစ်လုံး၏ စွမ်းပကားနှင့်အတူ အောက်ကိုရိုက်ချလိုက်၏။ သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူကလည်း စီးပိုးခြယ်လှယ်လိုသော အော်ရာတစ်ခုနှင့်အတူ ဖိချေကျဆင်းလာလေသည်။

All Chapters