အဆင့်ချိုးဖျက်တက်လှမ်းခြင်း
Vol. 203 Ch. 3038
ကောင်းကင်လိုဏ်ဂူအသေးလေးခု၏ ဘေးမှာရှိသော လေဟာနယ်က နောက်တစ်ဖန် ပြိုကျသွား၏။
ပဉ္စမမြောက် ကောင်းကင်လိုဏ်ဂူအသေးက ပေါ်ထွက်လာခဲ့သည်။
ယင်ယန်ကောင်းကင်လိုဏ်ဂူ။
ပဉ္စမမြောက်ကောင်းကင်လိုဏ်ဂူထဲမှာ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည့်ခဏမှာပင် သာမန်ဘုရင်များသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးများက စတင်၍ လဲပြိုကျသွား၏။
ယင်ယန်ကောင်းကင်လိုဏ်ဂူက လုံးလုံးလျားလျားပေါ်ထွက်လာသည့်အခါ အန္တိမဘုရင်လေးဦး၏ ကောင်းကင်လိုဏ်ဂူများကလည်း လဲပြိုကျလာ၏။
အထွတ်အထိပ်ဘုရင်နှစ်ဦးဖြစ်သော မျောက်ဘုရင်နီရဲပင်လယ်နှင့် မျောက်ဘုရင်မာတျဲ၏ ပကတိကောင်းကင်လိုဏ်ဂူများက ကောင်းကင်လိုဏ်ဂူအသေးငါးခု၏ စွမ်းအားထက်ဝက်ကျော်ကို ပိတ်ဆို့တားဆီးပေးထားခြင်းကြောင့်မဟုတ်လျှင် ဤသာမန်ဘုရင်များနှင့် အန္တိမဘုရင်များသည် ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူများ၏ စွမ်းအားဖြင့် ချက်ချင်းပင်သတ်ဖြတ်ခံရပေလိမ့်မည်။
ဆူဇီမိုကို အမျိုးမျိုးသော နယ်မြေဖြစ်စဉ်များနှင့် ကောင်းကင်လိုဏ်ဂူအသေးငါးခုက ဝန်းရံထားလေသည်။ ဓမ္မတာအိုမှော်စာလုံးများက တဖျတ်ဖျတ်တလက်လက်တောက်ပနေပြီး သူ၏ အော်ရာက သိပ်သည်းပြင်းထန်အားကောင်းလာကာ နတ်ဘုရားတစ်ပါးကဲ့သို့ သည်းမခံနိုင်လောက်အောင် မောက်မာနေ၏။
မြင်းမျောက်မျိုးရိုးမှ သာမန်ဘုရင်ဆယ့်တစ်ဦး၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကလည်း လုံးလုံးလျားလျားလဲပြိုကျသွားပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများက ပျက်ပြယ်ကာ သူတို့က ဆက်လက်၍ တိုက်ခိုက်လိုစိတ်မရှိတော့ပေ။
သူတို့က ဤနေရာမှာဆက်နေလေ သူတို့၏ ထိခိုက်ဒဏ်ရာများက ပို၍ဆိုးရွားလာလေ ဖြစ်ပေလိမ့်မည်။
မြင်းမျောက်မျိုးရိုးမှ သာမန်ဘုရင်ဆယ့်တစ်ဦးက ထိတ်လန့်တကြားအမူအရာများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြ၏။ သူတို့က သူတို့၏ ဒဏ်ရာအပြင်းအထန်ရရှိထားသော ဒဏ်ရာများကို တရွတ်ဆွဲကာ သူတို့လာရာလမ်းအတိုင်း ပြန်လှည့်ပြေးလိုက်ကြ၏။
“ဘယ်သူမှ ထွက်မပြေးရဘူး”
မျောက်ဘုရင်နီရဲပင်လယ်က ဒေါသတကြီးအော်ပြောလိုက်၏။ သို့သော်လည်း အသက်အန္တရာယ်နှင့်ကြုံတွေ့ရချိန်မှာ ဘယ်သူက သူ့စကားကို ဂရုစိုက်နိုင်မှာလဲ။
တကယ်တော့ သာမန်ဘုရင်ဆယ့်တစ်ဦးသာလျှင်မဟုတ်ဘဲ သူပင်လျှင် နောက်သို့ဆုတ်ခွာချင်နေပြီဖြစ်သည်။
ကောင်းကင်လိုဏ်ဂူအသေးငါးခု ပေါ်ထွက်လာသည့်အချိန်မှာ မျောက်ဘုရင်မာတျဲ၏ ပကတိကောင်းကင်လိုဏ်ဂူက လဲပြုကျတော့မည့်လက္ခဏာများ ပြသလာခဲ့ပြီဖြစ်သည်။
သူ၏ နီရဲပင်လယ်ကောင်းကင်လိုဏ်ဂူကလည်း သိပ်ကြာကြာတောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
မြင်းမျောက်မျိုးရိုးမှ အန္တိမဘုရင်လေးဦးက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က ရင်ထဲမှာ လှုပ်ရှားယိမ်းယိုင်လာပြီး နောက်သို့ ဆုတ်ခွာဖို့ပြင်လိုက်ကြ၏။
“တိုက်…”
ထိုစဉ်မှာပင် ကောင်းကင်ဘုံသို့သွားရာလမ်း၏ အဆုံးကနေ ကျယ်လောင်သော အော်ဟစ်သံက ရုတ်တရက်ထွက်ပေါ်လာပြီး တိမ်စိုင်များကြားထိ တလိပ်လိပ်ထိုးတက်သွားသော သိပ်သည်းပြင်းထန်အားကောင်းသည့် တိုက်ပွဲဝင်စိတ်ဆန္ဒတစ်ခုထွက်ပေါ်လာလေသည်။
ဆူဇီမိုက ထိုအသံကိုကြားသောအခါ နောက်ဆုံးမှာပြုံးလိုက်၏။
မျောက်က ကျင့်ကြံရာကနေ ထွက်ခွာလာခဲ့လေပြီ။
ကြီးမားတုတ်ခိုင်သော တိုက်ပွဲဧကရာဇ်လက်နက်ထဲကနေ ရုတ်တရက် အရပ်အမောင်းမြင့်မား၍ တုတ်ခိုင်သန်မာသော ပုံရိပ်တစ်ခုက ခုန်ထွက်လာခဲ့၏။ သူ၏ လက်နှစ်ဖက်က အလွန်တရာရှည်လျားပြီး သူ၏ မျက်လုံးများက နီညိုရောင်အလင်းတစ်ခုနှင့်အတူ တောက်ပနေ၏။
သူသည် ဆူဇီမိုနှင့် အခြားသူများကို ဖြတ်ကျော်ပြီး ထွက်ပြေးသွားသော မြင်းမြောက်ဘုရင်ဆယ့်တစ်ဦးနောက်ကို ပြေးလိုက်သွားသည်။
မျောက်က ပါးရည်နပ်ရည်ရှိလေသည်။
သူသည် မဟာဧကရာဇ်တိုက်ပွဲ၏ အမွေအနှစ်ကို ရရှိကာ မဟာမျိုးဆက်သွေးလေးခုနှင့် ပေါင်းစည်းပြီးနောက် သူ၏ ကျင့်ကြံမှုနယ်ပယ်က ပကတိသုခဘုံလေဟာနယ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းလာခဲ့ပြီဖြစ်သည်။
သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့လေသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ သူက ပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်နေဆဲပင်။ သူသည် အန္တိမဘုရင်များနှင့် အထွတ်အထိပ်ဘုရင်များနှင့် တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရဖို့အခွင့်အရေး မရှိသလောက်နီးပါးပင်။
ဒါ့အပြင် ယခုအချိန်မှာ ဆူဇီမိုက အသာစီးရရှိနေ၏။ သူသည် ထွက်ပြေးသွားသော သာမန်ဘုရင်ဆယ့်တစ်ဦးကို ချုပ်ထိန်းထားလိုလေသည်။
တကယ်တော့ ဆူဇီမိုသည် မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများကို သတ်ဖြတ်ရန် သူ၏ အစွမ်းကုန်နှင့် တိုက်ခိုက်ရင်း တစ်ချိန်တည်းမှာပင် ထွက်ပြေးသွားသော မြင်းမျောက်ဘုရင်ဆယ့်တစ်ဦးနောက်သို့ တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများကို ထုတ်လွှတ်ဖို့ စီစဉ်ထားလေသည်။ သို့သော်လည်း မျောက်က ထွက်ခွာလာသည်ကို တွေ့မြင်သောအခါ သူက ထိုနည်းလမ်းကို အသုံးမပြုတော့ပေ။
သူသည် တမင်သက်သက် ထိန်ချန်ထားခြင်းမဟုတ်ဘဲ မျောက်သည် နှစ်ပေါင်းများစွာကြာအောင် သူ၏ အမျက်ဒေါသကို ဖိနှိမ်ထားခဲ့ရ၏။ သူ့အနေဖြင့် မြင်းမျောက်တစ်ကောင်ကို သတ်ဖြတ်ရုံမျှနှင့် သူ့ရင်ထဲမှာ မျိုသိပ်ထားသည့် အရာရာတိုင်းကို ဖွင့်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်ယခု မျောက်သည် မဟာဧကရာဇ်တိုက်ပွဲ၏ အမွေအနှစ်များကို ရရှိကာ မျိုးဆက်သွေးလေးခုကို ပေါင်းစည်းထားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားမြင့်တက်လာခဲ့၏။ သူ့အနေဖြင့် ထွက်ပြေးသွားသော မြင်းမျောက်ဘုရင်ဆယ့်တစ်ဦးအပေါ် သူ၏ အမျက်ဒေါသများကို ပုံချကာ သူ၏ တိုက်ခိုက်ရည်ခွန်အားကို စမ်းသပ်စစ်ဆေးကြည့်ဖို့ ကောင်းမွန်သော အခွင့်အလမ်းတစ်ရပ်ဖြစ်လာခဲ့၏။
သူ့အနေဖြင့် မျောက်က အမှန်တကယ် အန္တရာယ်ကျရောက်လာမှသာ ကူညီပေးမည်ဆိုလျှင်လည်း နောက်ကျလိမ့်မည်မဟုတ်ပေ။
ကောင်းကင်ဘုံသို့သွားရာလမ်းက ကျယ်ပြန့်သော်လည်း ပုန်းကွယ်စရာနေရာ သို့မဟုတ် တခြားသော လမ်းခွဲများ ဤနေရာမှာ မရှိပေ။
မျောက်၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်နေကာ လေထဲကနေဆင်းသက်လာ၏။
ရုတ်တရက် သူ၏ နောက်ဘက်မှာ ပေတစ်သောင်းမြင့်မားသော တိုက်ပွဲဝိညာဉ်တစ်ခုက ပေါ်ထွက်လာလေသည်။ ၎င်းသည် သူနှင့်အတူ ထပ်တူထပ်မျှ လှုပ်ရှားပြီး ၎င်း၏ ခြေဖဝါးကိုမြှောက်ကာ အောက်သို့ ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။
ထွက်ပြေးနေသော မြင်းမျောက်ဘုရင်နှစ်ဦးသည် ရုတ်တရက် သူတို့၏ အမြင်အာရုံက မှောင်ကျသွားသည်ဟု ခံစားလိုက်ရ၏။ သူတို့က အလိုလိုမော့ကြည့်လိုက်စဉ် သူတို့အပေါ်သို့ အုပ်မိုးကျဆင်းလာသည့် ကြီးမားသောအရိပ်တစ်ခုကို တွေ့မြင်လိုက်ရ၏။
သူတို့က တုန်လှုပ်စွာဖြင့် ခုခံရန် သူတို့၏ လက်နှစ်ဖက်ကို မြှောက်လိုက်ကြ၏။
ဝုန်း… ဝုန်း…
ကျယ်လောင်သော မြည်သံနှစ်သံထွက်ပေါ်လာ၏။
မြင်းမျောက်ဘုရင်နှစ်ဦး၏ ခန္ဓာကိုယ်များက ရပ်တန့်သွား၏။
နောက်ခဏ၌ အရိုးများကျိုးပဲ့သံက သူတို့၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များသည် မျောက်၏ ခြေဖဝါးအောက်မှာ ပိပြားသွားလေသည်။ သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံရပြီး သေဆုံးသွားကြ၏။
မျောက်ကတော့ သူ၏ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်တင်လိုက်လေသည်။ သူ၏ အမွေးထူထူလက်သည် လေထဲကနေ တစ်စုံတစ်ရာကို ဆုပ်ကိုင်လိုက်ပုံရပြီး ထွက်ပြေးသွားသော မြင်းမျောက်များရှိရာဘက်သို့ အဲဒါနှင့် ပစ်ရိုက်ချလိုက်၏။
ဤမြင်ကွင်းက အနည်းငယ်ထူးဆန်းနေသည်။
မျောက်၏ လက်ထဲမှာ တကယ်တော့ ဘာမှမရှိသည်မှာ သိသာလေသည်။
သူနှင့် ထွက်ပြေးသွားသော မြင်းမျောက်ဘုရင်အုပ်စုကြားမှာ အကွာအဝေးတစ်ခုခြားနေဆဲပင်။ သူက ဤကဲ့သို့ပင် ပစ်ရိုက်လိုက်မည်ဆိုလျှင် သူသည် မည်သူ့ကိုမှ ဒဏ်ရာလုံးဝရရှိစေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်ဘုံသို့သွားရာလမ်း၏ အဆုံးကနေ ပြင်းထန်ကြမ်းတမ်းသော တုန်ခါမှုတစ်ခုက ထွက်ပေါ်လာ၏။
ဝေါ…
တုတ်ခိုင်ကြီးမားသော နက်မှောင်နေသည့် ကျောက်တိုင်သည် ကြယ်တာရာကောင်းကင်၏ ချောက်နက်ထဲကနေ မြောက်တက်လာပြီး အနက်ရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ မျောက်၏ လက်ထဲသို့ ချက်ချင်းပင်ဝင်ရောက်လာ၏။
တိုက်ပွဲဧကရာဇ်လက်နက်။
အစကတော့ ဤတိုက်ပွဲဧကရာဇ်လက်နက်သည် မနှိုင်းယှဉ်သာအောင် တုတ်ခိုင်ကြီးမားပြီး ကောင်းကင်ထိုးဖောက်ကျောက်တိုင်တစ်တိုင်နှင့်တူနေခဲ့၏။
သို့သော်လည်း ၎င်းသည် မျောက်၏ လက်ထဲသို့ ဆင်းသက်လာသောအခါ ၎င်း၏ အရွယ်အစားက လျင်မြန်စွာကျုံ့ဝင်သွားပြီး မျောက်၏ လက်ထဲမှာ ပြီးပြည်စုံစွာလိုက်ဖက်ညီနေ၏။
မျောက်သည် လေထဲကနေ ဆင်းသက်လာပြီး သူ့လက်ကိုကိုင်မြှောက်ကာ ပစ်ရိုက်ချလိုက်စဉ် တိုက်ပွဲဧကရာဇ်လက်နက်က သူ့လက်ထဲသို့ အချိန်ကိုက်ဆင်းသက်ရောက်ရှိလာ၏။
ထိုတောင်ဝှေးပေါ်မှာ ‘တိုက်ပွဲ’ဟူသောစာလုံးက ပေါ်ထွက်လာပြီး ကျိန်းစပ်နေသော ရွှေရောင်အလင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။
ထွက်ပြေးနေသော မြင်းမျောက်ဘုရင်တချို့က လှည့်ကြည့်လိုက်ပြီး ထိုအချင်းအရာကို တွေ့မြင်ရစဉ် သူတို့က လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။
သူတို့သည် ဤတိုက်ခိုက်မှုကို ခုခံရန် သူတို့၏ နတ်ဘုရားလက်နက်များနှင့် စိတ်ဝိညာဉ်ရတနာများကို ဆင့်ခေါ်လိုက်ကြ၏။
သို့သော်လည်း တိုက်ပွဲဧကရာဇ်လက်နက်က ယိုယွင်းပျက်စီးနေသည်ဆိုလျှင်တောင် ၎င်းက ဖျက်ဆီး၍ မရနိုင်အောင် မာကြောလေသည်။
မျောက်၏ မျိုးဆက်သွေး၊ တိုက်ပွဲဝိညာဉ်နှင့် စကြာဝဠာနှင့်တိုက်ခိုက်ခြင်းမှ ရှစ်ဆတိုးလာသော တိုက်ခိုက်ရည်ခွန်အားနှင့်အတူ ၎င်း၏ အလျင်အဟုန်ကို ရပ်တန့်တားဆီး၍ မရနိုင်ဘဲ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်နေ၏။
ဝုန်း…
ကျယ်လောင်သော မြည်ဟည်းသံက ထွက်ပေါ်လာ၏။
သာမန်မြင်းမျောက်ဘုရင်ခြောက်ဦးသည် လေထဲကနေ ဆင်းသက်လာသော မျောက်၏ တောင်ဝှေးရိုက်ချက်အောက်မှာ အသားပျော့ဖတ်များဖြစ်သည်အထိ စိစိညက်ညက်ကြေသွားလေသည်။ သွေးများက ဖိတ်စင်ပြန့်ကျဲပြီး သူတို့က သေဆုံးသွား၏။
နှစ်ဦးနှစ်ဖက်က ပုံမှန်အတိုင်းတိုက်ခိုက်ကြမည်ဆိုလျှင် ရလဒ်ကို ကြိုတင်ခန့်မှန်း၍ ရနိုင်မည်မဟုတ်ဘဲ အလှည့်အပြောင်းများစွာပေါ်ထွက်လာနိုင်၏။
မျောက်က အနိုင်ရနိုင်မည်ဆိုလျှင်တောင် သူသည် အားထုတ်မှုတချို့ကို ပြုလုပ်ရပေလိမ့်မည်။
သို့သော်လည်း ဤမြင်းမျောက်ဘုရင်များ၏ ကောင်းကင်လိုဏ်ဂူအသေးများကို ဆူဇီမိုက ခြေမွှဖျက်ဆီးထားပြီး သူတို့က သူတို့၏ အသန်မာဆုံးမှီခိုအားထားရာကို ဆုံးရှုံးထားရလေသည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျနေခဲ့၏။ သူတို့သည် တိုက်ပွဲဧကရာဇ်လက်နက်နှင့်အတူ သူ၏ အထွတ်အထိပ်မှာရှိနေသော မျောက်ကို မခုခံနိုင်ကြပေ။
မျောက်သည် ကျင့်ကြံရာကနေ ထွက်ခွာလာပြီး လေထဲကနေ ဆင်းသက်လာကာ သာမန်ဘုရင်နှစ်ဦးကို နင်းခြေသတ်ဖြတ်ပြီး တောင်ဝှေးရိုက်ချက်တစ်ချက်နှင့်အတူ နောက်ထပ်ခြောက်ဦးကို ရိုက်သတ်လိုက်လေသည်။
ထိုတိုက်ခိုက်မှုမှာ သူသည် မြင်းမျောက်မျိုးရိုးမှ သာမန်ဘုရင်ရှစ်ဦးကို သတ်ဖြတ်ပစ်လိုက်၏။
သူဆင်းသက်လာပြီးနောက် ဆူဇီမိုက တစ်ချက်လှမ်းကြည့်ကာ တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိသွား၏။
မျောက်၏ ကျင့်ကြံမှုနယ်ပယ်က ယခင်ကနှင့်စာလျှင် တိုးတက်လာခဲ့လေသည်။
သို့သော်လည်း ထိုသည်က အကြီးမားဆုံးပြောင်းလဲမှုမဟုတ်ပေ။
အကြီးမားဆုံးပြောင်းလဲမှုက သူ၏ ပုံပန်းသဏ္ဍာန်ဖြစ်သည်။
မျောက်၏ ခန္ဓာကိုယ်က ယခင်ကထက် များစွာပိုမိုသန်မာလာပြီး သူ၏ လက်နှစ်ဖက်က ပိုမိုရှည်လျားလာလေသည်။
စေ့စေ့စပ်စပ်အကဲခတ်ကြည့်မည်ဆိုလျှင် မျောက်ထံမှ နောက်ထပ်နားရွက်အပိုတစ်စုံထပ်တိုးလာသည်ကို တွေ့မြင်ရပေလိမ့်မည်။
နားရွက်လေးဖက်က အနည်းငယ်လှုပ်ရှားနေပြီး အလွန်တရာပေါ့ပါးဖျတ်လတ်နေ၏။
ဒါ့အပြင် မျောက်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမှင်ကင်းမဲ့သော နေရာများသည် ကျောက်သားအဖြစ်ပြောင်းလဲသွားသည့်အလား အရမ်းကို မာကျောလာပုံရလေသည်။
မျောက်၏ မျက်လုံးများထဲမှ နီညိုရောင်အလင်းက တလိပ်လိပ်ထိုးတက်နေ၏။
သို့သော်လည်း နီညိုရောင်အလင်းအောက်မှာ သူ၏ ဘယ်ဘက်မျက်လုံးနှင့် ညာဘက်မျက်လုံးသည် အနက်ရောင်အလင်းနှင့် အဖြူရောင်အလင်းတစ်ခုနှင့်အတူ တောက်ပလာလေသည်။
“ဒါက ယင်ယန်မျက်လုံးလား”
ဆူဇီမိုက မျောက်၏ ပြောင်းလဲမှု၏ အကြောင်းအရင်းကို ခပ်ရေးရေးခန့်မှန်းမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။
ထွက်ပြေးသွားသော မြင်းမျောက်မျိုးနွယ်မှ သာမန်ဘုရင်များက စုစုပေါင်း ဆယ့်တစ်ဦးဖြစ်လေသည်။
မျောက်သည် သူတို့ထဲမှ ရှစ်ဦးကိုသတ်ဖြတ်လိုက်ပြီး သုံးယောက်က ကျန်နေသေးလေသည်။ သို့သော်လည်း သူတို့သုံးယောက်ထဲမှ တချို့သည် ဖုံးကွယ်ခြင်းနည်းစနစ်တချို့မှာ ကျွမ်းကျင်မှုရှိပြီး သူတို့၏ အော်ရာများကို ချုပ်ထိန်းရန်နှင့် သူတို့၏ ခြေရာများကို ဖျောက်ဖျက်ရန် စိတ်ဝိညာည်ရတနာများနှင့် ဓမ္မလက်နက်များကို အသုံးပြုလိုက်ကြလေသည်။