ချေမှုန်းသုတ်သင်ခံရခြင်း
Vol. 203 Ch. 3039
မြင်းမျောက်ဘုရင်သုံးဦးက ခြေရာလက်ရာကို ဖျောက်ဖျက်ထားသော်လည်း သူတို့သည် ဆူဇီမို၏ အာရုံခံအသိစိတ်ကနေ မပုန်းကွယ်နိုင်ပေ။
သူက မျောက်ကို သတိပေးတော့မည့်ဆဲဆဲမှာပင် မျောက်၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ မျက်လုံးများက အနက်နှင့်အဖြူအဖြစ် ပြောင်းလဲသွားလေသည်။ သူသည် လေဟာနယ်ကိုချိုးဖျက်ပြီး အဟန့်အတားများအားလုံးကို ထွင်းဖောက်မြင်နေရသည့်အလားပင်။
မြင်းမျောက်ဘုရင်တစ်ဦး၏ ခန္ဓာကိုယ်က သူ၏ မြင်ကွင်းထဲမှာ ချက်ချင်းပင်ပေါ်ထွက်လာ၏။
“တိုက်”
မျောက်က မာန်သွင်းအော်ဟစ်ပြီး တိုက်ပွဲဧကရာဇ်လက်နက်ကို ကိုင်မြှောက်ကာ ကြောက်စရာကောင်းသောအော်ရာတစ်ခုနှင့်အတူ မြင်းမျောက်ဘုရင်ရှိရာသို့ ပစ်ရိုက်ချလိုက်၏။
မြင်းမျောက်ဘုရင်သည် သူ၏ ခြေရာလက်ရာကို ဖုံးကွယ်ရန် လျှို့ဝှက်အတတ်တစ်ခုကိုသုံးပြီး အဝေးသို့ တိတ်တဆိတ်ဖြည်းဖြည်းချင်းလှုပ်ရှားနေ၏။ သူသည် ဤမျှထိ မြန်မြန်ဆန်ဆန်ဖော်ထုတ်ခံရလိမ့်မည်ဟု ဘယ်လိုလုပ် တွေးမိခဲ့ပါ့မလဲ။
မျောက်၏ ကျယ်လောင်သောအော်ဟစ်သံက သူ၏ နားထဲမှာ မိုးကြိုးသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။
မြင်းမျောက်ဘုရင်သည် တုန်လှုပ်သွားလေသည်။
သူ၏ တုံ့ပြန်မှုက အနည်းငယ်နှေးကွေးသွားမည်ဆိုလျှင် သူသည် မျောက်၏ တောင်ဝှေးရိုက်ချက်ဖြင့် သေရပေလိမ့်မည်။
မျောက်က ထိုမြင်းမျောက်ဘုရင်ကို တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူ၏ နောက်ဘက်မှာ ပုံရိပ်တစ်ခုပေါ်ထွက်လာ၏။
ထိုပုံရိပ်သည် နောက်ထပ်မြင်းမျောက်ဘုရင်တစ်ဦးဖြစ်လေသည်။
ထိုသူသည် သူ၏ မျိုးနွယ်ဝင်က မျောက်၏ တိုက်ခိုက်မှုကနေ မလွတ်မြောက်နိုင်တော့သည်ကို တွေ့မြင်သောအခါ သူက အန္တရာယ်ကိုစွန့်စားပြီး သူ့အသက်နှင့်ရင်းကာ တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်၏။
သူသည် မျောက်ကို သတ်ဖြတ်နိုင်သည်နှင့် သူ့မှာ အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခုရလာပေလိမ့်မည်။
မျောက်သည် သူ၏ ရှေ့မှာရှိသောမြင်းမျောက်ထံသို့ သူ၏ တောင်ဝှေးနှင့် ပစ်ရိုက်ချလိုက်၏။
သူ၏ နောက်ဘက်မှာ အခြားသောမြင်းမျောက်ဘုရင်တစ်ဦးက ပေါ်ထွက်လာပြီး သူကလည်း သူ၏ တောင်ဝှေးကို ကိုင်မြှောက်ကာ မျောက်၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
သူတို့နှစ်ယောက်က တစ်ချိန်တည်းနီးပါးမှာ တိုက်ခိုက်လိုက်ကြ၏။
မြင်းမျောက်ဘုရင်သည် သူ၏ ကောင်းကင်လိုဏ်ဂူကို ဆုံးရှုံးထားပြီး ဒဏ်ရာအပြင်းအထန်ရရှိထားလေသည်။ သူ၏ ခန္ဓာကိုယ်က လဲပြိုကျတော့မည့်ဆဲဆဲဖြစ်၏။ သို့သော်လည်း သူ၏ အမြင်အာရုံက ထက်ရှနေဆဲဖြစ်ပြီး သူ၏ ချိန်သားကိုက် တိုက်ခိုက်မှုက အလွန်တရာပြောင်မြောက်နေလေသည်။
မျောက်သည် သူ့ရှေ့မှာရှိသော မြင်းမျောက်ကို သေသည့်တိုင်အောင် ပစ်ရိုက်ချလိုက်၏။ သူ့အနေဖြင့် ရှောင်တိမ်းဖို့ကလည်း နောက်ကျသွားခဲ့ပြီဖြစ်ပြီး သူက သူ၏ ဦးခေါင်းကိုသာ အနည်းငယ်စောင်းငဲ့လိုက်၏။
ချွင်...
တောင်ဝှေးက မျောက်၏ ပုခုံးပေါ်သို့ ပြင်းထန်စွာကျဆင်းလာလေသည်။
ထွက်ပေါ်လာသောအသံက အနည်းငယ်ထူးဆန်းနေ၏။ ၎င်းသည် အသွေးအသားကို ထိခတ်သောအသံနှင့်မတူပေ။ ထိုအစား ၎င်းသည် မနှိုင်းယှဥ်သာအောင်မာကျောသော ကျောက်သားတစ်ခုနှင့် ထိခတ်သွားသည့်အတိုင်းပင်။
မြင်းမျောက်ဘုရင်၏ လက်နှစ်ဖက်က တုန်ခါ၍ သူ၏ တောင်ဝှေးက အပေါ်ကိုပြန်ကန်တက်သွား၏။ တုန်လှုပ်နေသောအမူအရာနှင့်အတူ သူ၏ လက်နှစ်ဖက်က ထုံကျင်ကိုက်ခဲသွားပြီး သူက တောင်းဝှေးကို ကောင်းကောင်းဆုပ်ကိုင်မထားနိုင်တော့ပေ။
မျောက်ကလည်း ဒယီးဒယိုင်ဖြစ်၍ နာကျင်စွာဖြင့် ရှုံ့မဲ့သွား၏။ သို့သော်လည်း သူ၏ မျက်လုံးများက စိတ်လှုပ်ရှားတက်ကြွမှုဖြင့် ပြည့်နှက်နေ၏။
သူ့ပခုံးစွန်းပေါ်မှ သားမွေးရှည်တစ်ဖုတ်က ကွာကျသွားပြီး ကျောက်သားဖြစ်လုနီးပါးမာကြောသော အရေပြားက ပေါ်ထွက်လာလေသည်။
ထိုရိုက်ချက်သည် သူ့ကိုတကာ်ပင် နာကျင်စေခဲ့သည်။ သို့သော်လည်း ၎င်းက သူ၏ အရေပြားကို မထိခိုက်စေနိုင်ပေ။
ယခင် သူထုတ်ဖော်ခဲ့သော ယင်ယန်မျက်လုံးသည် တင်းအားနီမြင်းမျောက်မျိုးဆက်သွေး၏ အမွေအနှစ်ဖြစ်သည်။
စောစောက ကျောက်ဖြစ်အသားလျှို့ဝှက်အတတ်သည် ဆန်းကြယ်ဉာဏ်ပညာ ကျောက်တုံးမျောက်ထံမှ ရရှိလာသော အမွေအနှစ်ဖြစ်လေသည်။
တကယ်တော့ အဓိကအကြောင်းအရင်းမှာ တိုက်ခိုက်လိုက်သော မြင်းမျောက်ဘုရင်သည် သူ၏ ကောင်းကင်လိုဏ်ဂူကို ဆုံးရှုံးထားပြီး သူ၏ သွေးချီက ကြီးမားစွာ ခန်းခြောက်နေကာ သူ၏ တိုက်ခိုက်ရည်ခွန်အားက အတော်လေးအားနည်းနေသောကြောင့်ဖြစ်သည်။
မဟုတ်ပါက မျောက်သည် ထိုတိုက်ခိုက်မှုကို သူ၏ ကိုယ်ကာယနှင့် ထိပ်တိုက်ရင်ဆိုင်ခံယူရဲလိမ့်မည် မဟုတ်ပေ။
သူသည် မျောက်ဝံမျိုးနွယ်၏ အသန်မာဆုံးမျိုးဆက်သွေးလေးခု၏ မှတ်ဉာဏ်များကို အမွေဆက်ခံရရှိထားလေသည်။ သို့သော်လည်း သူသည် ယခုအချိန်ထိ ထိုအရာများကို စုပ်ယူချေဖျက်ကာ အဆင့်မြင့်ကျွမ်းကျင်မှုရရှိသည်အထိ ကျင့်ကြံရခြင်းမရှိသေးပေ။
“ဟီးဟီး”
မျောက်က တိုက်ခိုက်လိုက်သော မြင်းမျောက်ကိုလှည့်ကြည့်ပြီး သွားဖြီးပြလိုက်၏။ သူက ရှေ့သို့ပြေးဝင်လာပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာလေသည်။ သူက သူ၏ တောင်ဝှေးကိုကိုင်မြှောက်ပြီး ရှေ့သို့ပစ်ဝင်လိုက်၏။
ပေတစ်သောင်းမြင့်မားသော တိုက်ပွဲဝိညာဥ်ကလည်း သူနှင့်အတူ အရိပ်တစ်ခုပမာလိုက်ပါလာလေသည်။ ရိုက်ချက်အနည်းငယ်မျှနှင့် မြင်းမျောက်ဘုရင်သည် ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်က ကြေမွပျက်စီးကာ နေရာမှာတင်သေဆုံးသွား၏။
မြင်းမျောက်ဘုရင်တစ်ဦးကျန်ရှိနေဆဲဖြစ်သည်။
မျောက်သည် သူ၏ ယင်ယန်မျက်လုံးကို လှည့်ပတ်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေသော်လည်း သူက ထူးခြားမှုတစ်စုံတစ်ရာကို ရှာမတွေ့ပေ။ သို့သော်လည်း သူ၏ နားရွက်လေးဖက်က တစ်စုံတစ်ရာကို ဖမ်းယူနေသည့်အလား ညင်သာစွာလှုပ်ရှားနေ၏။ သူက မြေပြင်ပေါ်မှာ ခြေဖျားထောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က အလွန်တရာပေါ့ပါးသွား၏။ ချက်ချင်းပင် သူက အလောင်းပုံတစ်ပုံဘေးသို့ ရောက်ရှိလာခဲ့လေသည်။
မျောက်သည် သူ၏ ကြီးမားသောလက်ကိုဆန့်၍ အလောင်းပုံထဲသို့ထိုးသွင်းကာ အထဲမှာပုန်းကွယ်နေသော နောက်ဆုံးမြင်းမျောက်ဘုရင်ကို ဖမ်းဆွဲလိုက်၏။
“ဟားဟား”
မျောက်က ကျယ်လောင်စွာရယ်မောလိုက်၏။ သူက ထိုသူ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့်ဖမ်းဆုပ်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ တောင်ဝှေးကို ကိုင်မြှောက်ကာ ထိုမြင်းမျောက်ဘုရင်၏ ဦးခေါင်းကိုရိုက်ခွဲလိုက်၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရပြီး နေရာမှာတင် သေဆုံးသွားလေသည်။
ဤလိုက်လံတိုက်ခိုက်မှုအချိန်က အလွန်တရာတိုတောင်းပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တစ်ဆက်တည်း ဖြစ်သွားသည်ဟုဆိုနိုင်သည်။
ဤတိုက်ပွဲသည် မျောက်၏ ခွန်အားကို သက်သေပြပေးဖို့အတွက် မလုံလောက်ပေ။
မည်သို့ပင်ဆိုစေ ဆူဇီမိုသည် မြင်းမျောက်ဘုရင်ဆယ့်တစ်ဦး၏ တိုက်ခိုက်ရည်ခွန်အားထက်ဝက်ကျော်ကို ဖျက်ဆီးပေးခဲ့ပြီးသားဖြစ်၏။
သို့သော်လည်း စောစောက မျောက်ထုတ်ဖော်ပြသခဲ့သော နည်းလမ်းများစွာက တကယ့်ကိုတုန်လှုပ်စရာကောင်းနေ၏။
ကောင်းကင်ဘုံသို့သွားရာလမ်း၏ အဆုံးမှာ ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူအသေးငါးခုဖြင့် ဖိနှိမ်ခံထားရသော မျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများက ထိုအချင်းအရာကို အာရုံခံမိသောအခါ တုန်လှုပ်သွားကြ၏။
သူတို့ ဘာကိုမြင်နေရတာလဲ။
ဆယ်စက္ကန့်အချိန်မှာ ဤနီညိုရောင်မျောက်ဝံသည် လက်ချင်းဆက်နီညိုရောင်မျောက်ဝံ၊ တင်ပါးနီ မြင်းမျောက်၊ နားရွက်ခြောက်ဖက် ဘာဘရီမျောက်နှင့် ဆန်းကြယ်ဉာဏ်ပညာကျောက်တုံးမျောက်တို့၏ အမွေအနှစ်လျှို့ဝှက်အတတ်များကို တစ်ဆက်တည်း ထုတ်ဖော်ခဲ့လေသည်။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူတို့ကို ခေါင်းနားပန်းကြီးစေသည့်အရာမှာ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များသည် ပကတိဧကနယ်ပယ်မှာသာရှိသော မျောက်ထက် သိသိသာသာ ပိုမိုမြင့်မားသော်လည်း မျောက်သည် သူ၏ သွေးချီကို ထုတ်ဖော်လိုက်သည့်အခါ သူတို့သည် အလိုလိုအညံ့ခံချင်စိတ်ပေါက်လာလေသည်။
အဲဒါသည် သူတို့၏ ဝိညာဉ်များနှင့် မျိုးဆက်သွေးများ၏ အနက်ပိုင်းထဲမှလာသော အမှတ်အသားတစ်ခုဖြစ်သည့်အလား ခုခံငြင်းဆန်ဖို့ ခဲယဉ်းနေ၏။
မျောက်၏ အကြည့်နှင့် ဆုံသောအခါ သူတို့သည် သာလွန်မြင့်မြတ်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည်ဟု ခံစားရလေသည်။
“ကြီးကြီးမားမားကိစ္စတစ်ခု ဖြစ်သွားခဲ့တာပဲ”
မျောက်ဘုရင်နီရဲပင်လယ်က ဆက်လက်၍ တုန်လှုပ်နေခြင်း မရှိတော့ပေ။ ထိုအစား သူက ချောက်ချားမှုနှင့် ကြောက်ရွံ့မှုကို ခံစားလာရ၏။
သူ့ရှေ့မှာရှိသော ကောင်းကင်လိုဏ်ဂူအသေးငါးခုက သူ့ကို ခေါင်းနားပန်းကြီးနေစေခဲ့ပြီဖြစ်သည်။
ယခု ရုတ်တရက်ခုန်ထွက်လာသော ဤမျောက်မှာ ဘာတွေဖြစ်ပွားနေတာလဲ။
ထွက်ပြေးရမယ်…
မျောက်ဘုရင်နီရဲပင်လယ်က သူ၏ ဂုဏ်သိက္ခာကို ဆက်လက်၍ဂရုမစိုက်တော့ဘဲ အော်ဟစ်လိုက်၏။ ချက်ချင်းပင် သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ကာ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်လွှတ်လိုက်၏။ နီရဲပင်လယ်ကောင်းကင်လိုဏ်ဂူနှင့်အတူ သူက ထွက်ပြေးချင်လေသည်။
“မင်းက ထွက်ပြေးဖို့ကြံနေတာလား”
မျောက်ဘုရင်နီရဲပင်လယ်၏ ရည်ရွယ်ချက်ကို အာရုံခံမိသွားပြီး ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။
စောစောက သူသည် မျောက်တစ်ခုခုဖြစ်မှာကို စိုးရိမ်နေပြီး ထိုသူဘက်ကို အာရုံစိုက်ထားလေသည်။ ထို့ကြောင့် သူက တစ်ချိန်လုံး သူ၏ ခွန်အားကို မထုတ်ဖော်ခဲ့ပေ။
ယခု မျောက်ဘုရင်နီရဲပင်လယ်က ထွက်ပြေးချင်လာသည့်အခါ သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်ပြီး ကောင်းကင်လိုဏ်ဂူအသေးငါးခုကနေ အဆုံးမဲ့ဓမ္မတာအိုမှော်စာလုံးများက လျှံထွက်လာ၏။ သူတို့က တဖျတ်ဖျတ်တလက်လက်တောက်ပနေပြီး တလိပ်လိပ်တိုးဝင်လာသော ဒီရေလှိုင်းများကဲ့သို့ ဝင်ရောက်ရိုက်ခတ်လာလေသည်။
ဝုန်း…
မျောက်ဘုရင်မာတဲ၏ ပကတိကောင်းကင်လိုဏ်ဂူက အဲဒါကို ခံနိုင်ရည်မရှိဘဲ ချက်ချင်းပင်ပြိုကျသွား၏။
အန္တိမဘုရင်လေးဦး၏ ခန္ဓာကိုယ်များကလည်း ကောင်းကင်လိုဏ်ဂူအသေးငါးခုကနေ ထုတ်ဖော်လိုက်သော ဓမ္မတာအိုမှော်စာလုံးများကြားမှာ နစ်မြုပ်သွားလေသည်။ စူးစူးဝါးဝါးအော်ဟစ်သံများနှင့်အတူ သူတို့၏ အသားများနှင့် အရိုးများက တိုက်စားခံရပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။
မျောက်ဘုရင်မာတျဲက မည်သို့ပင်ဆိုစေ အထွတ်အထိပ်ဘုရင်တစ်ဦးဖြစ်ပြီး သူ့မှာ စွမ်းအားကြီးမားသော မျိုးဆက်သွေးနှင့် ကိုယ်ကာယရှိလေသည်။ သို့သော်လည်း ကောင်းကင်လိုဏ်ဂူအသေးငါးခု တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်ပေါ်လာခြင်းနှင့်အတူ သူက အထဲမှာ သိပ်ကြာကြာတောင့်မခံနိုင်ဘဲ သေဆုံးသွား၏။
အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်းထဲမှာ အုတ်ဂူအသစ်တချို့ ထပ်တိုးလာလေသည်။
မျောက်ဘုရင်နီရဲပင်လယ်သည် ကောင်းကင်လိုဏ်ဂူအသေးငါးခု၏ အုပ်မိုးမှုအောက်မှာ ကျဆင်းသွားခဲ့ပြီဖြစ်သည်။ ကောင်းကင်လိုဏ်ဂူများ၏ စွမ်းအားက ဖြန့်ကြက်လာပြီး အရာရာတိုင်းကို ဖျက်ဆီးပစ်နေ၏။ သူသည် ထွက်ပြေးလွတ်မြောက်ဖို့မပြောနှင့် အသက်ဆယ်ရှိုက်စာ တောင့်ခံထားနိုင်သည်ကပင် ကံကောင်းလှပြီဖြစ်သည်။
ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းခါစဖြစ်ပြီး သူ၏ ကောင်းကင်လိုဏ်ဂူအသေးများနှင့် အခြားသော ဘုရင်များနှင့် မတိုက်ခိုက်ခဲ့ရသေးပေ။ ထို့ကြောင့် သူသည် ကောင်းကင်လိုဏ်ဂူအသေးငါးခုကို ချက်ချင်းမဆင့်မခေါ်ခဲ့ပေ။ ထိုအစား သူက တစ်ခုချင်းထုတ်ဖော်ပြီး ကောင်းကင်လိုဏ်ဂူအသေးတစ်ခုချင်းစီ၏ တိုးတက်မှုများနှင့် ပြောင်းလဲမှုများကို အသေးစိတ်အကဲခတ်ကြည့်နေခဲ့၏။
ယခု မျောက်က အခွင့်အလမ်းတစ်ခုကို ရရှိကာ အန္တရာယ်ကနေ လွတ်မြောက်လာခဲ့ပြီဖြစ်ပြီး သူက မျောက်ဘုရင်နီရဲပင်လယ်နှင့် ဆက်လက်၍ ငြိတွယ်နေလိုစိတ်မရှိတော့ပေ။
ကောင်းကင်လိုဏ်ဂူအသေးငါးခုစလုံးကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်ပြီး ဓမ္မတာအိုမှော်စာလုံးများက အဆက်မပြတ် လျှံထွက်လာ၏။
အဲဒီမှာ အလင်းရောင်ခြည်ပေါင်း သောင်းချီရှိနေပြီး ခံ့ညားသော အရောင်အဆင်းများက ထွက်ပေါ်နေ၏။ လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးကြိုးသံက တဝုန်းဝုန်းမြည်နေလေသည်။ ဗုဒ္ဓပုံရိပ်များ၊ နဂါးများနှင့် ဆင်များက ပေါ်ထွက်လာပြီး ဂါထာမန္တန်ရွတ်ဖတ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာ၏။
သားရဲတစ်အုပ်စုက မာန်ဖီဟိန်းဟောက်နေပြီး အထွတ်အမြတ်တောကောင်လေးကောင်က ကောင်းကင်တစ်ခွင်အုပ်မိုးထားလေသည်။ ဓားသင်္ချိုင်းက ဖြန့်ကြက်ထွက်ပေါ်လာပြီး ယင်နှင့်ယန်က ပေါင်းစည်းနေ၏။
ကောင်းကင်လိုဏ်ဂူအသေးငါးခုကနေ တစ်ချိန်တည်းမှာ ထုတ်လွှတ်လိုက်သောစွမ်းအားသည် နယ်မြေဖြစ်စဉ်များစွာဖြင့် ဖြန့်ကြက်နေပြီး အရမ်းကိုကြောက်စရာကောင်းနေ၏။
မျောက်ဘုရင်နီရဲပင်လယ်၏ မျိုးဆက်သွေးနယ်မြေက ထွက်ပေါ်လာသည့်ခဏမှာပင် လဲပြိုကျသွား၏။
သူ့နောက်ဘက်ရှိ ပကတိကောင်းကင်လိုဏ်ဂူထဲမှ သွေးပင်လယ်က ဘယ်လောက်ပင် ညစ်ညမ်းဆိုးယုတ်သည်ဖြစ်စေ ၎င်းသည် အရာရာတိုင်းကို မခုခံနိုင်ဘဲ လျင်မြန်စွာခန်းခြောက်ကာ မရေမတွက်နိုင်သော ဓမ္မတာအိုမှော်စာလုံးများဖြင့် တိုက်စားခံနေရ၏။
“မင်း..မင်း…”
တစ်ခုခုကိုပြောချင်နေသည့်အလား မျောက်ဘုရင်နီရဲပင်လယ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သို့သော်လည်း သူ၏ နီရဲပင်လယ်ကောင်းကင်လိုဏ်ဂူပြိုကျသွားစဉ် သူ၏ ခန္ဓာကိုယ်ကလည်း ကောင်းကင်လိုဏ်ဂူအသေးငါးခုဖြင့် ဆုတ်ဖြဲခံလိုက်ရလေသည်။ သူ၏ ဝိညာဉ်က ပျက်ပြယ်ကာ သေဆုံးသွား၏။
နီညိုရောင်မျောက်ဝံကမ္ဘာမှ မြင်းမျောက်ဘုရင်ဆယ့်ရှစ်ဦးက သူတို့နောက်သို့ လိုက်လာခဲ့သည်မှာ နှစ်ပေါင်းနှစ်ရာ့ရှစ်ဆယ်ကျော်ကြာသွားခဲ့ပြီဖြစ်သည်။ ယခု သူတို့သည် ရှင်သန်သူ တစ်ယောက်မကျန် အကုန်ချေမှုန်းသုတ်သင်ခံလိုက်ရ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာထံမှာ အညံ့ခံထားသော ဤမြင်းမျောက်ဘုရင်အုပ်စုသည် ကောင်းကင်ဘုံသို့သွားရာလမ်းမှာ သေဆုံးသွားလေသည်။ အရာရာတိုင်းကို ကြိုတင်ပြဋ္ဌာန်းထားသည့်အလားပင်။