← Chapters

နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲ

Vol. 203 Ch. 3041

နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲ

Vol. 203 Ch. 3041

“နားရွက်လေးဖက်လား”

မျောက်၏ ဒုတိယမျောက် နားရွက်တစ်စုံသည် လုံးလုံးလျားလျား ကြီးပြင်းမလာသေးဘဲ အတော်လေး သေးငယ်နေသေး၏။ သားမွေးများ၏ ဖုံးလွှမ်းမှုအောက်မှာ စေ့စေ့စပ်စပ် အကဲခတ်မကြည့်သရွေ့ သူတို့ကို တွေ့မြင်ချင်မှ တွေ့မြင်ရပေလိမ့်မည်။

သို့သော်လည်း မျောက်ဝံအိုကြီးက မျောက်၏ မျိုးဆက်သွေးမှ တစ်မူထူးခြားမှုတစ်ခုကို အာရုံခံမိသောအခါ သူက ထပ်မံ၍ အကဲခတ်ကြည့်လိုက်၏။

ထိုအရာက သူ့ကို တုန်လှုပ်သွားစေသည်။

သူသည် နားရွက်ခြောက်ဖက် ဘာဘရီမျောက်၏ မျိုးဆက်သွေးကို နိုးထစေထားသည်မှာ သိသာလေသည်။

သို့သော်လည်း သူသိရှိထားရသလောက် လက်ချင်းဆက် နီညိုရောင်မျောက်ဝံမျိုးဆက်သွေးက မျောက်၏ ခန္ဓာကိုယ်ထဲမှာ နိုးထနေခဲ့ပြီးသားဖြစ်၏။

တစ်နည်းအားဖြင့်ဆိုသော် မျိုးဆက်သွေးနှစ်ခုသည် မျောက်၏ ခန္ဓာကိုယ်ထဲမှာ တစ်ချိန်တည်း ပေါ်ထွက်လာပြီး မည်သည့် အခုအခံမှမရှိဘဲ အတူယှဉ်တွဲကာ ရှိနေ၏။

ဤသည်မှာ သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသော တစ်စုံတစ်ရာဖြစ်သည်။

အရင်တုန်းက မဟာဧကရာဇ်တိုက်ပွဲပင်လျှင် လက်ချင်းဆက် နီညိုရောင်မျောက်ဝံသာ ဖြစ်ခဲ့သည်။

“ကောင်းတယ်ကွာ… ကောင်းတယ် ကောင်းတယ်”

မျောက်ဝံအိုကြီးက မျောက်ကိုကြည့်ပြီး ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။ သူ၏ မျက်လုံးများက ကျေနပ်အားရမှုဖြင့် ပြည့်နှက်နေလေသည်။

သည်ဘက်မျိုးဆက်မှာ နီညိုရောင်မျောက်ဝံကမ္ဘာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အနိုင်ကျင့်ဖိနှိမ်ခြင်းကို ခံထားရ၏။ မျောက်ဝံမျိုးနွယ်၏ မျိုးဆက်သွေးကို ကာကွယ်ရန်အတွက် သူသည် မလွှဲသာဘဲ အညံ့ခံခဲ့ရလေသည်။

ထိုအချိန်မှစ၍ နီညိုရောင်မျောက်ဝံကမ္ဘာမှ မျိုးနွယ်ဝင်များတွင် အရင်တုန်းကလို ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော စိတ်ဝိညာဉ်စွမ်းအင်နှင့် စိတ်စွမ်းအားတို့ မရှိတော့ပေ။

ထို့ကြောင့် တိုက်ပွဲကွင်းမှာ မျောက်သည် မြင်းမျောက်မျိုးရိုးမှ ပကတိစိတ်ဝိညာဉ်ပြိုင်စံရှားတစ်ဦးကို သတ်ဖြတ်လိုက်သည်ကို တွေ့မြင်သောအခါ မျောက်ဝံအိုကြီးက ဘယ်လောက်တောင် ရှားပါးလိုက်သလဲဟု ညည်းတွားရေရွတ်ခဲ့ခြင်းဖြစ်၏။

နှစ်ပေါင်းများစွာကြာအောင် အနိုင်ကျင့်ဖိနှိမ်ခြင်းခံခဲ့ရပြီးတာတောင် မျောက်၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်က ညှိုးနွမ်းမသွားပေ။

ယခု မျောက်ဝံအိုကြီးသည် မျောက်၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးကို အာရုံခံမိသောအခါ အရင်တုန်းက သူစတေးခဲ့ရသော ဂုဏ်သိက္ခာက ထိုက်တန်မှုရှိသည်ဟု ခံစားလိုက်ရသည်။

“မင်းက နားရွက်ခြောက်ဖက် ဘာဘရီမျောက်မျိုးဆက်သွေးနဲ့ ပေါင်းစည်းသွားခဲ့ပြီပဲ… အဲဒါကို တန်ဖိုးထား”

မျောက်ဝံအိုကြီးက ကျောက်စိမ်းစာလိပ်တစ်လိပ်ကို ထုတ်ယူပြီး သူ၏ နှာရောင်ပေါ်မှာ အဲဒါကို တင်လိုက်၏။

သူက မိတ္တူတစ်ခု ပွားယူပြီး ၎င်းကို မျောက်ထံ ကမ်းပေးကာ လေးနက်စွာ ပြောလိုက်၏။

“ဒါက မင်းရဲ့ ဒုတိယမြောက် နားရွက်တစ်စုံကို ဖုံးကွယ်ပေးနိုင်တဲ့ လျှို့ဝှက်အတတ်တစ်ခုပဲ… မင်းက သတိထားနေ.. အဲဒါကို အလွယ်တကူ မပေါက်ကြားစေနဲ့”

မျောက်သည် မျောက်ဝံအိုကြီးကို တစ်ခါမှ မတွေ့မြင်ဖူးသော်လည်း ထိုသူ၏ ရင်ထဲမှ အကြင်နာမေတ္တာကို သူက ခံစားမိနိုင်၏။

မျောက်ဝံအိုကြီး၏ အကြည့်မှာ သူသည် အားပေးမှု၊ မျှော်လင့်ချက်နှင့် စိတ်သက်သာရာရမှုတို့ကို တွေ့မြင်နေရ၏။

“ကျေးဇူးတင်ပါတယ် စီနီယာ”

မျောက်က အဲဒါကို အလောတကြီး လက်ခံယူပြီး ကျေးဇူးတင်စွာ ဦးညွှတ်လိုက်၏။

မျောက်ဝံအိုကြီးက ပြုံး၍ လက်ကာပြလိုက်၏။

“အဲဒါက အသေးအမွှား လှည့်ကွက်လေးတစ်ခုပဲ… မင်းက လက်ချင်းဆက် နီညိုရောင်မျောက်ဝံနဲ့ နားရွက်ခြောက်ဖက်ဘာဘရီမျောက်မျိုးဆက်သွေးတွေရဲ့ အမွေအနှစ်တွေကို အပြည့်အဝဆက်ခံရရှိတာနဲ့ အဲဒါတွေက မင်းရဲ့ အစစ်အမှန်အစွမ်းအစတွေ ဖြစ်လာလိမ့်မယ်”

“မင်းမှာ အခုချိန်ထိ တာအိုဘွဲ့တစ်ခု မရှိသေးဘူးနဲ့တူတယ်… အခုကစပြီး မင်းရဲ့ တာအိုဘွဲ့က တိုက်ပွဲဖြစ်လာလိမ့်မယ်”

“အမ်…”

မျောက်က ထိတ်လန့်သွား၏။ တာအိုဘွဲ့ တိုက်ပွဲသည် နီညိုရောင်မျောက်ဝံကမ္ဘာမှာ အဓိပ္ပာယ်များစွာရှိနေပြီး အန္တိမဂုဏ်ကျက်သရေကို ကိုယ်စားပြုလေသည်။

မဟာဧကရာဇ်တိုက်ပွဲ သေဆုံးသွားပြီးကတည်းက နီညိုရောင်မျောက်ဝံကမ္ဘာ၏ လောကအရှင်များသာ သို့မဟုတ် မျိုးဆက်တိုင်းနီးပါးမှ နီညိုရောင်မျောက်ဝံကမ္ဘာ၏ နံပါတ်တစ် တိုက်ခိုက်ရေးခွန်အားကို ပိုင်ဆိုင်ခဲ့သူများသာ တိုက်ပွဲဘွဲ့ကို ဆက်ခံရယူဖို့ အဆင့်မီလေသည်။

မျောက်မှာ လွတ်လပ်ပေါ့ပါးသော စိတ်နေစရိုက်ရှိပြီး သူက အရိုင်းဆန်သော်လည်း သူသည် ထိုအခိုက်အတန့်မှာ တာအိုဘွဲ့တိုက်ပွဲကို လက်မခံရဲပေ။

သူသည် မျောက်၏ စိတ်ကို ဖတ်မိနိုင်သည့်အလား မျောက်ဝံအိုကြီးက ပြောလိုက်၏။

“မင်းက မဟာဧကရာဇ်တိုက်ပွဲရဲ့ တိုက်ပွဲဧကရာဇ်လက်နက်ကို ရရှိထားခဲ့ပြီဆိုမှတော့ မင်းက ဒီဘက်မျိုးဆက်ရဲ့ တိုက်ပွဲပဲ”

မျောက်ဝံအိုကြီးက ကောင်းကင်ဘုံကို သွားရာလမ်းမှာ ဖြစ်ပျက်ခဲ့သော အခြေအနေကို မသိရှိပေ။ သို့သော်လည်း သူသည် မျောက်၏ နားထဲမှာ ဖုံးကွယ်ထားသော တိုက်ပွဲဧကရာဇ်လက်နက်ကို တွေ့မြင်သောအခါ သူက အကြမ်းဖျင်း ခန့်မှန်းမိသွား၏။

မျောက်ဝံအိုကြီးက ဆက်ပြောလိုက်သည်။

“ငါက နှစ်ပေါင်းများစွာကြာအောင် အဲဒီတာအိုဘွဲ့တိုက်ပွဲအပေါ် မလုံမလဲခံစားနေခဲ့ရတာ… ငါနောက်ဆုံးတော့ ဒီနေ့မှာ သင့်လျော်တဲ့ အရိုက်အရာဆက်ခံသူကို ရှာတွေ့သွားပြီပဲ”

ဆူဇီမို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

သူက ထိုစကားကို ပြောလိုက်စဉ် မျောက်ဝံအိုကြီး၏ သရုပ်သကန်က သိသာထင်ရှားလာခဲ့ပြီဖြစ်သည်။

“မိတ်ဆွေလေး… ဒီတစ်ခေါက် ကူညီပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်”

မျောက်ဝံအိုကြီးက ဘေးမှာရှိသော ဆူဇီမိုကို ကြည့်ပြီး ကျေးဇူးတင်စွာဖြင့် သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

ဧကရာဇ်ပညာရှင်တစ်ဦးသည် အင်မော်တယ်ဘုရင်တစ်ဦးထံ သူ၏ အဆင့်အတန်းကို ဤကဲ့သို့ နှိမ့်ချပေးသည်မှာ အလွန်တရာ ရှားရှားပါးပါးဖြစ်လေသည်။

မျောက်ဝံအိုကြီးက ဆူဇီမိုကို အမှန်တကယ်ပင် ကျေးဇူးတင်ရှိနေ၏။

အရင်တုန်းက သူသည် မြင်းမျောက်ဧကရာဇ်နှစ်ဦး၏ စောင့်ကြည့်ခြင်းခံနေရပြီး ဝင်ရောက်မတိုက်ခိုက်မပေးနိုင်ခဲ့ပေ။ ထိုအချိန်တုန်းက သူသည် မျောက်ကို စွန့်လွှတ်စတေးဖို့ ဆုံးဖြတ်ချက်ချခဲ့ရ၏။

ဆူဇီမိုကြောင့်မဟုတ်လျှင် လက်ချင်းဆက်မျိုးဆက်သွေးနှင့် နားရွက်ခြောက်ဖက် မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည့် ဤမျိုးနွယ်ဝင်က နီညိုရောင်မျောက်ဝံကမ္ဘာမှာ သေဆုံးခဲ့ရပေလိမ့်မည်။

ထိုအချိန်မှာ သူက နောင်တကြီးစွာရမိပေလိမ့်မည်။

ဆူဇီမိုသည် အလောတကြီး ပြန်လည်နှုတ်ဆက်လိုက်၏။

“စီနီယာ… ခင်ဗျားက ကြင်နာလွန်းနေပါပြီ… မျောက်နဲ့ကျုပ်က ညီအကိုတွေ ဖြစ်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… သူထိခိုက်ခံစားနေရတာကို ကျုပ်က ဘယ်ကြည့်နိုင်ပါ့မလဲ”

“မိတ်ဆွေလေး… ငါ့မှာ နောက်ထပ်တောင်းဆိုစရာ ရှိတယ်”

မျောက်ဝံအိုကြီးက ခဏမျှ စဉ်းစားပြီး မျောက်ကို လက်ညှိုးထိုးပြလိုက်၏။

“နီညိုရောင်မျောက်ဝံကမ္ဘာမှာ စောင့်ကြည့်နေတဲ့ မြင်းမျောက်ဧကရာဇ်နှစ်ဦးရှိတယ်… အခု ဒီလိုမျိုးကိစ္စတစ်ခု ဖြစ်ပွားလာပြီဆိုတော့ သူက အနာဂတ်မှာ နီညိုရောင်မျောက်ဝံကမ္ဘာကို ပြန်လာနိုင်မှာ မဟုတ်တော့ဘူး… မိတ်ဆွေလေး… သူ့ကို ဂရုစိုက်ပေးဖို့ ငါ မင်းကို တောင်းဆိုပါရစေ”

မြင်းမျောက်ဧကရာဇ်နှစ်ဦး ထွက်ခွာသွားပြီးကတည်းက ကျယ်ပြောသော ကြယ်တာရာကောင်းကင်ထဲမှာ မျောက်ကို ရှာဖွေရန် မျောက်ဝံအိုကြီးက ထွက်လာခဲ့၏။ သူသည် မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲအခြေအနေကို မသိရသေးပေ။

သူ၏ ထင်မြင်ချက်အရ ထိုတိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ သံသယရှိစရာမလိုဘဲ မြင်းမျောက်ဧကရာဇ်နှစ်ဦးက နီညိုရောင်မျောက်ဝံကမ္ဘာသို့ သိပ်မကြာခင် ပြန်လည်ရောက်ရှိလာပေလိမ့်မည်။

“ကျုပ်ရှိနေသရွေ့ သူ့ကို ကာကွယ်ပေးနိုင်ပါတယ်”

ဆူဇီမို၏ လေသံက တည်ကြည်ခိုင်မာနေ၏။ ထို့နောက် သူ၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

“စီနီယာ… သိပ်ပြီးတော့လည်း စိုးရိမ်မနေပါနဲ့… အဲဒီမြင်းမျောက်ဧကရာဇ်နှစ်ဦးက ပြန်ရောက်လာမှာ မဟုတ်တော့ဘူး”

“ဟမ်”

ဆူဇီမို၏ စကားအဓိပ္ပာယ်ကို နားမလည်ဘဲ မျောက်ဝံအိုကြီးက မျက်မှောင်ကြုတ်လိုက်၏။

သူက ထပ်မံ၍ မမေးမြန်းဘဲ အဲဒါသည် ဆူဇီမိုထံမှ သာမန်ကာလျှံကာ မှတ်ချက်စကားတစ်ခုဟုသာ မှတ်ယူလိုက်၏။

ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သော သူ့ရှေ့မှ ဤလူငယ်လေးက ဘာများသိနိုင်မှာလဲ။

မျောက်ဝံအိုကြီးက သက်ပြင်းချလိုက်၏။

“တကယ်တော့ အဲဒီမြင်းမျောက်ဧကရာဇ်နှစ်ဦးက ဘာမှမဟုတ်ဘူး… သူတို့ကို နောက်ခံပေးထားတဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ကိုင်တွယ်ရခက်ခဲနေလို့ပဲ”

“မိတ်ဆွေလေး… မင်းက နီညိုရောင်မျောက်ဝံကမ္ဘာမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လူတွေကို သတ်ဖြတ်ခဲ့တယ်… မင်း နောက်ပိုင်းသတိထားရမယ်”

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာလား”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီး ရုတ်တရက်ပြုံးလိုက်၏။

“သူတို့တွေက အခုချိန်မှာ သူတို့ကိုယ်သူတို့တောင် ကောင်းကောင်းဂရုမစိုက်နိုင်တာ ကျုပ်ဘက်ကို လှည့်နိုင်မှာ မဟုတ်ဘူး”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင်များစွာသည် သေဆုံးသွားပြီး သူတို့က ကြီးမားသော သေကြေပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ရ၏။ နီညိုရောင်မျောက်ဝံကမ္ဘာဘက်မှာ သေဆုံးသွားသော ကောင်းကင်လိုဏ်ဂူဘုရင်များနှင့်ပတ်သက်၍ ဘယ်သူက ဂရုစိုက်နေမှာလဲ။

မျောက်ဝံအိုကြီးက ပို၍ပင် တွေဝေရှုပ်ထွေးသွား၏။

ဒီလူငယ်အမျိုးသားက ဘာတွေ ပေါက်တတ်ကရပြောဆိုနေတာလဲ…

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက သူတို့ကိုယ်သူတို့ပင် ကောင်းကောင်းဂရုမစိုက်နိုင်တာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ…

မျောက်ဝံအိုကြီးက ဆူဇီမိုကိုကြည့်ပြီး တည်တံ့စွာ ပြောလိုက်၏။

“မိတ်ဆွေလေး… မင်းက ငယ်သေးတော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ပတ်သက်ပြီး သိပ်ပြီးသိမှာ မဟုတ်ဘူး”

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မျိုးနွယ်စုတစ်သောင်းကို အမြဲတမ်း စောင့်ကြည့်နေတယ်… သူတို့ရဲ့ ခွန်အားနဲ့ အခြေခံအုတ်မြစ်ကို လျှော့တွက်လို့မရဘူး… မိတ်ဆွေလေး… မင်းရဲ့ ရန်သူကို အထင်မသေးနဲ့”

“စီနီယာ… ခင်ဗျားပြောတာ မှန်ပါတယ်”

ဆူဇီမိုက ခေါင်းညိတ်ပြီး ထပ်မံ၍ မပြောဆိုတော့ပေ။

“အခုကစပြီး မင်းတို့တွေ ဘယ်ကို သွားကြမှာလဲ”

မျောက်ဝံအိုကြီးက မေးလိုက်၏။

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ်တို့တွေ မိတ်ဆွေဟောင်းတချို့ကို ရှာဖွေဖို့အတွက် တခြားကမ္ဘာတချို့ကို သွားဖြစ်မယ်ထင်တယ်”

မျောက်ဝံအိုကြီးက ခဏမျှတွေးတောပြီး ပြောလိုက်၏။

“အဲဒါလည်း ကောင်းပါတယ်… ဒါပေမဲ့ ကမ္ဘာတချို့က အခုချိန်မှာ ကြီးမားတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်… မင်းတို့တွေ အဲဒီနေရာတွေကို ရှောင်လွှဲနိုင်ရင် ပိုကောင်းလိမ့်မယ်”

“ဥပမာ… ထိပ်တန်းကမ္ဘာကြီးတွေဖြစ်တဲ့ ခွန်မျိုးနွယ်နဲ့ ဖန်းမျိုးနွယ်ကြား… နဂါးတွေနဲ့ ဖီးနစ်တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်”

“နဂါးတွေနဲ့ ဖီးနစ်တွေကြား တိုက်ပွဲက အခုချိန်ထိ မပြီးဆုံးသေးဘူးလား”

ဆူဇီမိုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

မျောက်ဝံအိုကြီးက ခေါင်းခါပြလိုက်၏။

“နဂါးကမ္ဘာနဲ့ နေကာသစ်ပင်ကမ္ဘာက ထိပ်တန်းကမ္ဘာကြီးတွေပဲ…. စစ်ပွဲက လုံးလုံးလျားလျား ပေါက်ကွဲထွက်ပေါ်လာပြီး ရာနဲ့ချီတဲ့ ကမ္ဘာအမျိုးမျိုးက ပါဝင်ပတ်သက်လာရတယ်… တိုက်ပွဲအခြေအနေကလည်း အရမ်းကို ချောက်ချားစရာကောင်းနေပြီ”

နဂါးကမ္ဘာနှင့် နေကာသစ်ပင်ကမ္ဘာမှာ သူတို့နှင့် ဆက်ဆံရေးကောင်းရှိသော ထိပ်တန်းကမ္ဘာကြီးတချို့နှင့် အဆင့်မြင့်ကမ္ဘာများ ရှိနေကြပေလိမ့်မည်။

သူတို့၏ လက်အောက်မှာ အလယ်အလတ်ကမ္ဘာများနှင့် အဆင့်နိမ့်ကမ္ဘာများလည်း ရှိနေပေမည်။

ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်နှင့် ကမ္ဘာများစွာက မလွဲမသွေ ပါဝင်ပတ်သက်လာရပေလိမ့်မည်။

မျောက်ဝံအိုကြီးက ဆက်ပြောလိုက်သည်။

“ငါသိထားသလောက်ဆိုရင် ကမ္ဘာတချို့က ဖျက်ဆီးခံထားရပြီ… သက်ရှိအတော်များများကလည်း ချေမှုန်းသုတ်သင်ခံခဲ့ရတယ်… ဒီနှစ်တွေထဲမှာ နေကာသစ်ပင်ကမ္ဘာနဲ့ နဂါးကမ္ဘာဘက်မှာ ဧကရာဇ်ပညာရှင်တွေတောင်မှ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြတယ်”

ဆူဇီမိုက တိတ်တဆိတ် ထိတ်လန့်သွား၏။

ဧကရာဇ်ပညာရှင်များပင်လျှင် သေဆုံးခဲ့ရလေသည်။

မျိုးနွယ်စုနှစ်စုကြား တိုက်ပွဲက တကယ်ပင် ဤမျှအတိုင်းအတာအထိ ရောက်ရှိလာခဲ့လေသည်။

နဂါးမျိုးနွယ်၏ မျိုးဆက်သွေးခွန်အားသည် မျိုးနွယ်စုတစ်သောင်းကြားမှာ အထွတ်အထိပ်တွင် ရပ်တည်သော်လည်း နဂါးမျိုးနွယ်မှာ အရေအတွက် နည်းပါးလေသည်။

နဂါးဧကရာဇ်တစ်ဦးကို မပြောနှင့်၊ နဂါးဘုရင်တစ်ဦး သေဆုံးသွားမည်ဆိုလျှင်တောင် အဲဒါက နဂါးမျိုးနွယ်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။

ယခုအချိန်မှာ ထိပ်တန်းကမ္ဘာကြီးနှစ်ခုသည် အသေအကြေ တိုက်ခိုက်နေကြလေသည်။

မျောက်ဝံအိုကြီးက ဆက်ပြောလိုက်သည်။

“ဒီလိုအဆင့် ကမ္ဘာစစ်တစ်ခုက အရမ်းကို ရက်စက်ကြမ်းတမ်းလွန်းတယ်… အဲဒီတိုက်ပွဲမှာ ကျဆင်းသွားတာနဲ့ ကောင်းကင်လိုဏ်ဂူဘုရင်တွေတောင်မှ ချမ်းသာရာရမှာ မဟုတ်လောက်ဘူး”

ဆူဇီမိုက ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု အကြည့်တစ်ခု ပေါ်ထွက်လာလေသည်။

All Chapters