ကောလာဟလများ
Vol. 203 Ch. 3044
“ဆူကျူးလား”
ဤနာမည်က ဘာကြောင့် ရင်းနှီးနေသည်ဟု ထင်ရတာလဲ။
ပကတိနဂါးသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရင်တစ်ချက်ထိတ်သွား၏။ သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး လွှတ်ခနဲ ပြောလိုက်၏။
“ဓားကမ္ဘာက ဆူကျူး… နံပါတ်တစ် ပကတိစိတ်ဝိညာဉ်”
သူသည် ဗလာနယ်ဝိညာဉ် ပကတိနဂါးတစ်ကောင်သာဖြစ်ပြီး အရင်တုန်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ နဂါးဘုရင်မ ဦးချိုမဲ့နှင့် အခြားသူများနှင့်အတူ သူက လိုက်ပါခွင့်မရခဲ့ပေ။ ထို့ကြောင့် သူသည် ဆူဇီမိုကို အရင်က မတွေ့မြင်ဖူးခဲ့ပေ။
သို့သော်လည်း ဓားကမ္ဘာမှ ဆူကျူးသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မကြာသေးခင်နှစ်များအတွင်း အလွန်တရာ ကျော်ကြားလာခဲ့ပြီဖြစ်ပြီး သူ့ကို သမိုင်းတစ်လျှောက် နံပါတ်တစ် ပကတိစိတ်ဝိညာဉ်ဟုပင် သတ်မှတ်ထားကြလေသည်။ သူကလည်း ထိုသူ၏ နာမည်ကို ကြားဖူးလေသည်။
သို့သော်လည်း ကောလာဟလများသည် ဆူကျူးက နံပါတ်တစ် ပကတိစိတ်ဝိညာဉ် ဖြစ်သည်ဟု ဆိုထားသော်လည်း သူ့ရှေ့မှလူက ကောင်းကင်လိုဏ်ဂူဘုရင်တစ်ဦးဖြစ်နေ၏။ ထို့ကြောင့် သူက အဲဒါကို ချက်ချင်းသတိမထားမိခဲ့ခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် သူတို့နှစ်ယောက်ကို အခက်တွေ့အောင် လုပ်မနေပေ။ သူက သူတို့ကို ဖိနှိမ်ဖို့အတွက် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖိအားကို ထုတ်ဖော်ပြီးနောက် သူတို့ကို နဂါးကမ္ဘာသို့ ပြန်ပို့လိုက်၏။
ပကတိနဂါးသည် နဂါးကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသောအခါ သူ၏ အမူအရာက အိုးတိုးအမ်းတမ်း ဖြစ်နေသေးပြီး သူက တည်တံ့စွာ ပြောလိုက်၏။
“ငါ ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေကို အခုသွားပေးမယ်… မင်း ငါ့ကို အရူးလုပ်နေတာဆိုရင်တော့ မင်းက နဂါးမျိုးနွယ်ရဲ့ အမျက်ဒေါသကို သေချာပေါက် ခံစားရလိမ့်မယ်”
ထို့နောက် နဂါးနှစ်ကောင်က လေထဲသို့ ပျံတက်ပြီး တစ်ခဏချင်း ပျောက်ကွယ်သွားကြသည်။
မျောက်သည် နဂါးနှစ်ကောင်၏ နောက်ကျောကို ကြည့်ပြီး စောစောက သူ၏ အမျက်ဒေါသက ပျောက်ကွယ်မသွားသေးပေ။ သူက မကျေမနပ်ဖြင့် ပြောလိုက်၏။
“အစ်ကိုကြီး… ကြည့်ရတာတော့ ဟိုကောလာဟလတွေက အခြေအမြစ်မရှိတာတော့ မဟုတ်ဘူး… အဲဒီနဂါးတွေက တကယ်ကို မောက်မာလွန်းတယ်… နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ တိုက်ပွဲဆိုတာကို အဲဒီနဂါးတွေက အစပျိုးခဲ့တာ ဖြစ်ရမယ်”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
လမ်းတစ်လျှောက်မှာ သူတို့နှစ်ယောက်သည် ကောလာဟလများစွာကို ကြားခဲ့ရ၏။
ကောလာဟလများအရ အချိန်တစ်ခုမှာ အစက နဂါးကမ္ဘာအတွင်း မှီတင်းနေထိုင်သော နဂါးများသည် ရုတ်တရက် စစ်ပွဲတစ်ခုကို စတင်ပြီး ဘေးပတ်ဝန်းကျင်ရှိ ကမ္ဘာအမျိုးမျိုးကို သိမ်းပိုက်ကာ အခြားသော မျိုးနွယ်ဝင်များကို ဖိနှိမ်လာခဲ့လေသည်။
နဂါးကမ္ဘာသည် မည်သို့ပင်ဆိုစေ ထိပ်တန်းကမ္ဘာကြီးတစ်ခု ဖြစ်လေသည်။ နဂါးမျိုးနွယ်၏ ခွန်အားနှင့်အတူ နဂါးစစ်တပ်၏ သိမ်းပိုက်စိုးမိုးမှုကို ခုခံနိုင်သည့် အခြားမျိုးနွယ်ဝင်များ မရှိသလောက်နီးပါးပင်။
နဂါးမျိုးနွယ်သည် ကမ္ဘာတစ်ခုကို သိမ်းပိုက်ပြီးနောက် သူတို့ကိုယ်သူတို့ သာလွန်မြင့်မြတ်သူများအဖြစ် သတ်မှတ်ကာ ထိုကမ္ဘာမှာရှိသော ဘီလီယံနှင့်ချီသက်ရှိများကို ကျွန်ပြုကာ အုပ်ချုပ်လေသည်။
အဆက်မပြတ် နယ်ချဲ့သိမ်းပိုက်မှုများဖြင့် နဂါးကမ္ဘာ၏ ပိုင်နက်နယ်မြေက လျင်မြန်စွာ ကျယ်ပြန့်လာခဲ့၏။
ဤကဲ့သို့သော အခြေအနေအောက်မှာ နဂါးကမ္ဘာသည် နေကာသစ်ပင်ကမ္ဘာနှင့် ပဋိပက္ခတချို့ ရှိလာဖို့က မလွဲဧကန်ပင်။
ကမ္ဘာနှစ်ခုစလုံးက ထိပ်တန်းကမ္ဘာကြီးများ ဖြစ်ကြလေသည်။ အရင်တုန်းက သူတို့မှာ သဘောထားကွဲလွဲစရာများ ရှိလာမည်ဆိုလျှင် သူတို့မှာ သူတို့၏ ထိန်ချန်ငဲ့ကွက်မှုများ ရှိပြီး ပြဿနာကို ဖြေရှင်းဖို့အတွက် ကမ္ဘာနှစ်ခုက အတတ်နိုင်ဆုံး ရိုးသားကြပေလိမ့်မည်။
သို့သော်လည်း ဤတစ်ခေါက်မှာ နေကာသစ်ပင်ကမ္ဘာ၏ တုံ့ပြန်မှုကလည်း တစ်မူထူးခြားစွာ တင်းစီးလွန်းနေ၏။ နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခက အရှိန်အဟုန် မြင့်တက်လာပြီး နောက်ဆုံးမှာ ကမ္ဘာများကြား စစ်ပွဲတစ်ခု ဖြစ်ပွားလာခဲ့လေသည်။
နဂါးကမ္ဘာ၏ စွမ်းအားကြီးမားသော မျိုးဆက်သွေးကြောင့် သူတို့သည် အသန်မာဆုံးမျိုးနွယ်စုများထဲမှတစ်စု တကယ်ပင်ဖြစ်လေသည်။
သို့သော်လည်း ထိုအချက်သည် နဂါးမျိုးနွယ်က အခြားသော မျိုးနွယ်များထက် များစွာသာလွန်မြင့်မြတ်သည်ဟု မဆိုလိုပေ။
လူသားမျိုးနွယ်သည် မွေးရာပါ အားနည်းကြသော်လည်း ရှေးဟောင်းခေတ်အဆက်ဆက်ကတည်းက မွေးဖွားပေါ်ထွက်လာသော မဟာဧကရာဇ်အများစုက လူသားမျိုးနွယ်မှ ဖြစ်ကြလေသည်။
လိပ်ပြာမျိုးနွယ်သည် လူသားများထက်ပင် ပိုမိုအားနည်းလေသည်။ သို့သော်လည်း ဒီဘက်မျိုးဆက်မှာ တျဲယွဲ့သည် မြင့်မားတိုးတက်လာပြီး မျိုးနွယ်စုအားလုံးကိုပင် ခြိမ်းခြောက်နိုင်ခဲ့လေသည်။
နဂါးမျိုးနွယ်အနေဖြင့် သူတို့ကိုယ်သူတို့ သာလွန်မြင့်မြတ်သည်ဟု ခံစားတတ်ကြပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာလည်း အတူတူပင် ဖြစ်ခဲ့၏။
သို့သော်လည်း စောစောတုန်းက နဂါးနှစ်ကောင်သည် ဆူဇီမိုနှင့် မျောက်အပေါ် သိသိသာသာ ရန်လိုစိတ်ရှိနေပြီး သူတို့၏ ရင်ထဲအသည်းထဲကနေ အထင်အမြင်သေးနေကြ၏။
ဆူဇီမိုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နဂါးမျိုးနွယ်နှင့် ထိတွေ့ဆက်ဆံမှုများစွာ မရှိပေ။ သူနှင့် ဆက်ဆံရေးတစ်ခု ရှိထားသည့်သူများမှာ နဂါးဘုရင်မ ဦးချိုမဲ့နှင့် လုံလီတို့သာ ဖြစ်လေသည်။
အနည်းဆုံးတော့ သူသည် သူတို့နှစ်ယောက်ထံမှ တင်းစီးလွန်းသော စိတ်သဘောထားကို ခံစားရခြင်း မရှိခဲ့ပေ။
ယခု နဂါးများနှင့် ဖီးနစ်များကြား စစ်ပွဲက ဖြစ်ပွားနေပြီး အခြေအနေက ဆတ်ဆတ်ထိမခံ ဖြစ်နေ၏။ ထိုနဂါးနှစ်ကောင်၏ စိတ်နေသဘောထားက ထိုအချက်ကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ နဂါးနှစ်ကောင်က ရန်လိုလွန်းနေသည်ကို ဆူဇီမို တွေ့မြင်သောအခါ သူသည် လုံရန်ထံသို့ အလည်လာသည်ဟု တိုက်ရိုက်ပြောဆိုခြင်း မရှိပေ။ ထိုအစား သူက ဆူကျူးဟူသော သူ၏ အမည်ကို အသုံးပြုပြီး လုံလီထံ အလည်လာသည်ဟု ပြောခဲ့လေသည်။
ဆူကျူးဖြစ်စေ၊ လုံလီဖြစ်စေ သူတို့သည် ဤပကတိစိတ်ဝိညာဉ်နှစ်ဦး အထင်အမြင်သေးလို့ မရသော တည်ရှိမှုများ ဖြစ်လေသည်။
တကယ်ပင် သိပ်မကြာခင် လုံလီက နဂါးကမ္ဘာကနေ ခပ်သုတ်သုတ် ပြေးလာလေသည်။
သူမသည် အနည်းငယ် ပင်ပန်းနေသည့်ပုံပေါ်သော်လည်း လုံလီက ဆူဇီမိုကို တွေ့မြင်သည့်အချိန်မှာပင် အံ့အားသင့်စွာဖြင့် ကျေနပ်သွားဆဲဖြစ်၏။ သူမက အနီးအနားသို့ ရောက်မလာခင် လက်ပြကာ ပြုံး၍အော်ခေါ်လိုက်၏။
“အစ်ကို ဆူကျူး”
ဆူဇီမိုက ပြုံး၍ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“တာအိုရောင်းရင်း လုံလီ…. ငါ မပြောမဆိုနဲ့ အလည်ရောက်လာတာ မင်းကို အနှောင့်အယှက် မဖြစ်စေဘူးမလား”
“အစ်ကို ဆူကျူး…. ရှင် ဘာလို့ ကျွန်မကို အဲ့လောက်ထိ ယဉ်ယဉ်ကျေးကျေး ပြောနေရတာလဲ… ကျွန်မက ရှင်လာတာ တွေ့လို့ ပျော်နေတာ… အဲဒါက ဘယ်လိုလုပ် အနှောင့်အယှက်ဖြစ်မှာလဲ”
“ရှင် လာချင်စိတ်ရှိသရွေ့ အချိန်မရွေး ကြိုဆိုနေမယ်”
“သူက...”
လုံလီ၏ အကြည့်က မျောက်ထံသို့ ရောက်ရှိသွားလေ၏။
ဆူဇီမိုက ပြောလိုက်၏။
“သူက ငါ့ရဲ့ သွေးသောက်ညီအစ်ကိုပဲ… သူ့ရဲ့မျိုးရိုးနာမည်က ယွမ်”
“မင်္ဂလာပါ အစ်ကိုယွမ်”
လုံလီက သူမ၏ လက်နှစ်ဖက်ကို ယှက်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
“ဟဲဟဲ”
မျောက်က ထိုစကားကို ကြားသောအခါ သွားဖြီးပြီး ပြောလိုက်၏။
“မင်္ဂလာပါ… မင်းကိုကြည့်ရတာ အတော်လေး စိတ်ချမ်းသာတယ်… မင်းက စောစောက ဟိုနဂါးလေးနှစ်ကောင်ထက်စာရင် စကားပြော ပိုကောင်းသားပဲ”
မျောက်သည် စောစောက ဖြစ်ရပ်နှင့် ပတ်သက်၍ အခဲမကြေသေးပေ။
လုံလီက တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“လုံကွေ့က စောစောတုန်းက ရှင်တို့ကို အခက်တွေ့အောင် လုပ်ခဲ့သေးတာလား”
“အဲ့လိုတော့လည်း မဟုတ်ပါဘူး”
ဆူဇီမိုက အရေးမကြီးသည့်ဟန်ဖြင့် လက်ကာပြလိုက်၏။
“သူတို့က နည်းနည်း ရန်လိုနေရုံပါပဲ… အခုလိုအချိန်မျိုးမှာ အဲဒါက နားလည်လက်ခံလို့ရပါတယ်”
လုံလီက ထိုစကားကို ကြားသောအခါ သူမ၏ အမူအရာက တွေဝေရှုပ်ထွေးသွား၏။ သူမက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
“အစ်ကိုဆူ…. ရှင်တို့တွေ လာတဲ့လမ်းမှာ နဂါးတွေနဲ့ ဖီးနစ်တွေကြား တိုက်ပွဲနဲ့ပတ်သက်တဲ့ ကောလာဟလတချို့ကို ကြားခဲ့ရမှာပေါ့”
ဆူဇီမိုက လုံလီ၏ အမူအရာကို ကြည့်ပြီး လေးနက်စွာ မေးလိုက်၏။
“အဲဒီ ကောလာဟလတွေက အမှန်ပဲလား”
လုံလီက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက စဉ်းစားရခက်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“နဂါးမျိုးနွယ်က ဘာကြောင့် စစ်ပွဲတစ်ခုကို စတင်ပြီး တခြားကမ္ဘာတွေကို သိမ်းပိုက်ခဲ့တာလဲ…. သူတို့တွေက တခြားမျိုးနွယ်တွေကို ကျွန်ပြုပြီး အုပ်ချုပ်ချင်တယ်ဆိုတာရော အမှန်ပဲလား”
ခေတ်ပေါင်းများစွာကြာအောင် နဂါးမျိုးနွယ်သည် ဤကဲ့သို့သော လုပ်ရပ်မျိုးကို ဘယ်တုန်းကမှ မပြုလုပ်ခဲ့ဖူးပေ။
လုံလီက ပြောလိုက်၏။
“ကျွန်မတို့ နဂါးတွေက အစတုန်းကတော့ နဂါးကမ္ဘာမှာပဲ မှီတင်းနေထိုင်ကြတာ… များသောအားဖြင့် ကျွန်မတို့တွေက အပြင်ဘက်မှာ ပြဿနာရှာလေ့မရှိဘူး… တခြားကမ္ဘာတွေကလည်း ကျွန်မတို့ကို ရန်လာစရဲမှာ မဟုတ်ဘူး”
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကာလတုန်းက နဂါးကမ္ဘာမှာ အယူအဆတစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာခဲ့တယ်… အဲဒါက မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက နဂါးမျိုးနွယ်ကို ရိုသေလေးစားရမယ်… ကျွန်မတို့တွေက အထွတ်အထိပ်မှာ ရပ်တည်ပြီး တခြားမျိုးနွယ်တွေက ကျေးကျွန်တွေ ဖြစ်လာရမယ် ဆိုတာပဲ”
“သူတို့က အညံ့ခံဖို့ ငြင်းဆန်မယ်ဆိုရင် ကျွန်မတို့က သူတို့ကို သတ်ဖြတ်ရလိမ့်မယ်ပေါ့”
ဆူဇီမိုက ထိုစကားကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။
ကြည့်ရသည်မှာ လုံကွေ့ ဟုခေါ်သော ပကတိနဂါးသည် သူတို့အပေါ် ဤမျှအထိ ရန်လိုနေသည်မှာ နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲကြောင့်သာ မဟုတ်ဘဲ ထိုအချက်ကြောင့် ဖြစ်လေသည်။
ဆူဇီမိုက မေးလိုက်၏။
“အဲဒီ ရူးကြောင်ကြောင် အယူအဆကို နဂါးကမ္ဘာမှာ ဘယ်သူကမှ တားဆီးဖို့ မကြိုးစားဘူးလား”
“အစတုန်းကတော့ နဂါးတချို့က တကယ်ပဲ ကန့်ကွက်ခဲ့ကြတယ်”
လုံလီက ခေါင်းခါပြလိုက်၏။
“ဒါပေမဲ့ သူတို့ရဲ့အသံတွေက တဖြည်းဖြည်း ဖိနှိမ်ခံလိုက်ရတယ်… အဲဒီသဘောတရားကို နဂါးအတော်များများက တကယ်ပဲ အသိအမှတ်ပြု လက်ခံလာကြတယ်… နောက်ပိုင်းမှာ တခြားအသံတွေက ထွက်ပေါ်မလာတော့ဘူး”
“ဘယ်သူက ဘယ်သူ့ကို ဖိနှိမ်ခဲ့တာလဲ”
ဆူဇီမိုက ချက်ချင်းပင် မေးမြန်းလိုက်၏။
လုံလီက စိုးရိမ်ပူပန်နေပုံရပြီး ဘေးပတ်လည်ကို ကြည့်ရှုကာ နှုတ်ဆိတ်နေ၏။
မျောက်က လှောင်ရယ်လိုက်၏။
“နဂါးကမ္ဘာကို ဘယ်ကမ္ဘာကမှ မကူညီချင်ကြဘဲ သူတို့လက်အောက်က ကမ္ဘာတွေကတောင် ဘက်ပြောင်းသွားကြတာ မထူးဆန်းတော့ဘူး”
လုံလီသည် မျောက်၏ လှောင်ပြောင်ထေ့ငေါ့မှုမှာ ငြင်းဆန်ခြင်းမရှိဘဲ ခါးသက်စွာ ပြုံးနေ၏။
ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။
“ဒီတစ်ခေါက် ငါတို့နဲ့တွေ့ဆုံတာ မင်းကို ဒုက္ခရောက်စေမှာလား”
လုံလီက ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။
“ဝေဖန်ပြောဆိုမှုတချို့ ထွက်ပေါ်လာဖို့ကတော့ မလွဲမသွေပဲ”
“ဒါပေမဲ့ ဘာပဲပြောပြော ကျွန်မက နဂါးကမ္ဘာရဲ့ တစ်ဦးတည်းသော အန္တိမပကတိစိတ်ဝိညာဉ်ပဲ… တခြားနဂါးတွေက ကျွန်မကို ရန်စရဲမှာ မဟုတ်ဘူး… အစ်ကိုဆူ ဘာမှ ပူမနေနဲ့… ရှင်တို့ကို ကျွန်မခေါ်သွားရင် နဂါးကမ္ဘာမှာ ဘယ်သူကမှ ရှင်တို့ကို အခက်တွေ့အောင် လုပ်ရဲမှာမဟုတ်ဘူး”
လုံလီ၏ ယုံကြည်မှုသည် သူမက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး ဖြစ်နေသောကြောင့်သာ မဟုတ်ပေ။
သူမကို နဂါးဘုရင်မ ဦးချိုမဲ့က နောက်ခံပေးထားသောကြောင့်လည်း ဖြစ်၏။
နဂါးဘုရင်မ ဦးချိုမဲ့ကတော့ သူမသည် နဂါးကမ္ဘာ၏ မဟာနဂါးဘုရင်ငါးဦးထဲမှ တစ်ဦးဖြစ်ပြီး ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေကို စောင့်ကြပ်နေလေသည်။ သူမ၏ အဆင့်အတန်းဖြစ်စေ၊ တိုက်ခိုက်ရည်ခွန်အားဖြစ်စေ သူက အထွတ်အထိပ်မှာ ရှိနေ၏။
“အစ်ကိုဆူ… ရှင်တကယ်တော့ ဒီကိုရောက်လာတာ လုံရန်ကို တွေ့ဖို့မလား”
လုံလီသည် လိမ္မာပါးနပ်ပြီး ဆူဇီမို၏ အတွေးကို သိပ်မကြာခင် အာရုံခံမိသွား၏။
“အမ်း…”
ဆူဇီမိုက ထိုအချက်ကို ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြလိုက်၏။
“ဖြစ်နိုင်ရင် ငါသူ့ကို ဒီကနေ ခေါ်ထုတ်သွားချင်တယ်”
လုံလီနှင့် စောစောက အပြန်အလှန်ပြောဆိုခဲ့ပြီးနောက် ဆူဇီမိုက အနည်းငယ် မအီမသာခံစားနေရ၏။
နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲအခြေအနေသည် သူတွေးထင်ထားသည်ထက်ပင် များစွာပိုမိုရှုပ်ထွေးနေ၏။
နဂါးကမ္ဘာမှာ အန္တရာယ်တချို့လည်း ရှိနေ၏။
တကယ်ဆို ဤနေရာမှာ ဖော်မပြတတ်သော ထူးဆန်းမှုတစ်ခုပင် ရှိနေလေသည်။