← Chapters

လက်ကျန်ဘဝတစ်လျှောက်လုံး တောင်းစားနေလိုက်

Vol. 34 Ch. 496

လက်ကျန်ဘဝတစ်လျှောက်လုံး တောင်းစားနေလိုက်

Vol. 34 Ch. 496

"ကျုပ်က ခင်ဗျားတို့ကိုယ်စား ကျုပ်ရဲ့အဆက်အသွယ်တွေကိုသုံးပြီး ခင်ဗျားတို့နိုင်ငံရဲ့လုံခြုံရေးအတွက် လုပ်ပေးမဲ့ဟာကို ကာကွယ်စောင့်ရှောက်ခလေးနည်းနည်းလောက်တောင်းတာ ဘာမှားလို့လဲ"

ကျန်းမုန့်လောင်က အရှက်မရှိ ဆက်ပြောလိုက်ပြန်သည်။

နေပါဦး။ မဟုတ်သေးပေ။ ဤသည်ကို အရှက်မရှိဘူးဟု မည်သို့သတ်မှတ်နိုင်မည်နည်း။ တန်ဘတ်နိုင်ငံကို သူ ထောက်ပံ့ပေးထားသော လက်နက်ကိရိယာများမှာ အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံနီးနီးရှိ၏။ ဤသည်မှာ ကုန်ကျစရိတ်ကိုပါ ထည့်မတွက်ရသေးချေ။

သို့သော် ကျန်းမုန့်လောင်က ဉာဏ်နီဉာဏ်နက်များသော စီးပွားရေးသမားတစ်ယောက်ဖြစ်၏။ ဈေးနှုန်းကို ဘယ်လိုမြှင့်ပြီး ဘယ်လိုရိတ်ရမလဲဆိုတာကတော့ သူ့သဘောသာ။ ယခုဆိုလျှင် ကြံရာမရဖြစ်နေသော ဤအခြေအနေမှ သူတို့အား ကယ်ထုတ်နိုင်သူမှာ သူတစ်ယောက်တည်းသာရှိ၏။

"မများပါဘူး။ လုံးဝကျိုးကြောင်းဆီလျော်ပါတယ်"

ဒါလစ်လည်း သဘောတူရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ သူ့စိတ်ထဲကတော့ သိပ်မလိုလားလှပေ။ အစတုန်းကတော့ သူတို့သည် သူတစ်ပါး၏ပိုင်ဆိုင်မှုကို လုယူရန် ကြိုးစားခဲ့သည့်အပြင် လက်တုံ့ပြန်ပြီး ကျန်းမုန့်လောင်ကို သတ်ရန်အတွက် မဟာမိတ်များ ဖွဲ့ခဲ့ကြသေးသည်။ သို့ဖြစ်လေရာ သူကြုံခဲ့ရသော ပြဿနာများအတွက် လျော်ကြေးပြန်တောင်းခြင်းမှာ မသင့်တော်တာတော့ မဟုတ်ပေ။

"မစ္စတာကျန်း ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး မဟာ့ကို တောင်းဆိုကြည့်လိုက်ပါ့မယ်။ ဒါပေမဲ့ ဒီကာကွယ်စောင့်ရှောက်ခက.."

ဒါလစ်ခမျာ တွေဝေနေလေသည်။

"ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံက လတ်တလောမှာ သိပ်ချမ်းသာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့မိခင်လို့သတ်မှတ်ထားတဲ့ မြစ်ကြီးကိုတောင် စီမံခန့်ခွဲဖို့ ရန်ပုံငွေလုံလုံလောက်လောက်မရှိပါဘူး။ အဲဒါကြောင့် ခင်ဗျား ကျွန်တော်တို့ကို လျှော့ဈေးပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

"ဒါပေါ့"

ကျန်းမုန့်လောင် ပြန်ပြောလိုက်သည်။

"ကျုပ်က ကျိုးကြောင်းမဆင်ခြင်တတ်တဲ့လူတစ်ယောက် မဟုတ်ပါဘူး။ ခင်ဗျားတို့ဘက်က ပြောလာမှတော့ ကျုပ်ကလည်း လျှော့ဈေးအကြီးကြီးချပေးရမှာပေါ့"

ဤစကားကိုကြားသော် ဒါလစ်၏အမူအရာမှာ အနည်းငယ်ပြေလျော့သွားသည်။ အမေရိကန်ဒေါ်လာဘီလီယံအနည်းငယ်မျှသာဆိုပါက သူတို့လည်း အင်တင်တင်ပေးချေနိုင်ပါသေးသည်။

"ဒီလိုဆိုရင် ကျုပ် ခင်ဗျားတို့ဆီက ရက်ရက်ရောရောနဲ့ အမေရိကန်ဒေါ်လာ၁၀ဘီလီယံလောက်ပဲယူလိုက်မယ်လေ"

"မစ္စတာကျန်း အဲဒါက.."

ဒါလစ်ခမျာ သွေးအန်မိမတတ်ပင်။

အဲဒါက လျှော့ဈေးအကြီးကြီးချပေးထားတာလား? လျှော့ဈေးချပြီးထားတာတောင် ဘယ်လိုလုပ်ပြီး တစ်ဆယ်ဘီလီယံတောင် ကျန်နေသေးရတာလဲ?

"မစ္စတာကျန်း ဒါက မများလွန်းဘူးလား"

"များတယ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

ခင်ဗျားတို့နိုင်ငံက စစ်ရေးအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ၅၀၀ဘီလီယံကနေ ၆၀၀ဘီလီယံအထိ သုံးတယ်မလား။ ဒီတော့ ချစ်ကြည်ရေးအတွက် ဒေါ်လာတစ်ဆယ်ဘီလီယံလောက်သုံးတာက သင့်တင့်တယ်မဟုတ်ဘူးလား"

"ဪ.. တစ်နှစ်ကို အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံလို့ပြောတာနော်"

"တစ်နှစ်ကိုလား"

အစတုန်းကမူ ဤဒေါ်လာတစ်ဆယ်ဘီလီယံဆိုသည်မှာ တစ်ကြိမ်တည်းပေးချေရမည့် ပမာဏဟု ဒါလစ် ထင်နေမိသည်။ ဤသည်မှာ ဘရာမန်နိုင်ငံကို သူတို့အတွက် ရေရှည်လခစားအလုပ်သမားတစ်ယောက်အဖြစ် သတ်မှတ်နေခြင်းလေလား။

"ဒီအခကြေးငွေကို မပေးလို့လည်း ရပါတယ်"

ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။

"ကျုပ်လည်း ငွေရေးကြေးရေးချို့တဲ့နေတာမဟုတ်ဘူး။ ခင်ဗျားတို့ကိုသနားလို့ ကူညီပေးချင်ရုံပဲ။ ခင်ဗျားတို့ဘက်က ကျေးဇူးမသိတတ်ဘူးဆိုရင်လည်း ထားလိုက်ပါတော့"

"ဒါကို အကူအညီပေးတယ်လို့ခေါ်တာလား"

ဒါလစ်ခမျာ စိတ်တိုလွန်းသဖြင့် ကျန်းမုန့်လောင်၏ခေါင်းကို ခေါက်ပစ်ချင်မိသည်။ ဤသည်မှာ ပေါ်တင်ကြီးပေါက်ကရပြောနေခြင်းပင်မဟုတ်လား။

ဒါလစ်က စိတ်ထဲတွင် ကျန်းမုန့်လောင်အား ဆဲဆိုနေသည့်တိုင် မျက်နှာထက်တွင်မူ အပြုံးတစ်ပွင့်ကို ဆင်မြန်းထားဆဲပင်။

"မစ္စတာကျန်း ကျွန်တော် ဒီကိစ္စကို ကောင်စီအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရပါဦးမယ်။ ခဏနေမှ အကြောင်းပြန်လို့ရမလား"

"ရတယ်လေ"

…..

မိနစ်အနည်းငယ်ကြာသော် ဒါလစ်က ကျန်းမုန့်လောင်အား ဖုန်းပြန်ဆက်လာသည်။ အနည်းငယ်မျှ ဈေးဆစ်ပြီးနောက် အဆုံးမှာတော့ သူတို့ ကာကွယ်စောင့်ရှောက်ခကို နှစ်စဉ် အမေရိကန်ဒေါ်လာ၅ဘီလီယံပေးရန် သဘောတူလိုက်သည်။

ကျန်းမုန့်လောင်က ပိုက်ဆံကို စင်စစ်ဂရုမစိုက်ပေ။ သူက ထိုအတွက်နှင့် သူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေချင်ရုံသာ။

နေ့လယ်ဘက်တွင် မဟာလက်စ်မိသားစု၏ပိုင်ဆိုင်မှုလွှဲပြောင်းထားသည့် သေတမ်းစာနှင့်အတူ ကျန်းမုန့်လောင်ဆီသို့ ဒါလစ်ကိုယ်တိုင် ရောက်ချလာသည်။ ပထမဆုံးနှစ်အတွက် ကာကွယ်စောင့်ရှောက်ခလည်း ပါပေသည်။

"မစ္စတာကျန်း..ဒီကတ်က ခင်ဗျားအတွက် သီးသန့်ပြင်ဆင်ပေးထားတာပါ။ နှစ်တိုင်း ကာကွယ်စောင့်ရှောက်ခကို ဒီအကောင့်ထဲ လွှဲပြောင်းပေးပါ့မယ်။ ပထမဆုံးနှစ်အတွက် အမေရိကန်ဒေါ်လာ၅ဘီလီယံကို ကျွန်တော်တို့ အကောင့်ထဲကို ထည့်ထားပေးပြီးပါပြီ။ ခင်ဗျား စစ်ဆေးကြည့်နိုင်ပါတယ်"

"အိုး..မြန်လိုက်တာ"

ကျန်းမုန့်လောင်က ထိုကတ်ကို ဟုန်းရီကို ပေးလိုက်၏။

"စစ်ကြည့်လိုက်"

"မစ္စတာကျန်း.. ဒါက နိုင်ငံတကာငွေစုဘဏ်အကောင့်ပါ။ ဒီထဲမှာ အမေရိကန်ဒေါ်လာ၅ဘီလီယံ တကယ်ရှိပါတယ်"

ဟုန်းရီကလည်း အကောင့်ကို စစ်ဆေးပြီးနောက် ချက်ချင်းတင်ပြလိုက်သည်။

"မစ္စတာကျန်း..ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ခကို ပေးပြီးသွားပြီနော်။ အခု ဒီကိစ္စနဲ့ပတ်သက်ပြီး.."

"အိုး ဟုတ်သားပဲ။ ကျုပ် သူတို့ကို အခုချက်ချင်းဖုန်းဆက်လိုက်မယ်"

ကျန်းမုန့်လောင်က ဖုန်းထုတ်၍ ဗိုလ်ချုပ်အက်ဖ်ဖူ၏နံပါတ်ကို ခေါ်လိုက်သည်။

"ဗိုလ်ချုပ်အက်ဖ်ဖူလား။ ကျွန်တော်ပါ"

"ကျန်း..မစ္စတာလောင်"

"ဗိုလ်ချုပ်အက်ဖ်ဖူ.. တတိယနယ်မြေကို သိမ်းပိုက်ပြီးရင် စစ်ရေးလုပ်ဆောင်ချက်တွေကို ရပ်လိုက်ပါတော့"

ကျန်းမုန့်လောင်က တဲ့တိုးသာ ပြောချလိုက်သည်။

"ဟုတ်ကဲ့!"

…

"ဒီလောက်နဲ့ ပြီးသွားပြီလား"

ဒါလစ်ခမျာ ထိုနေရာမှာပင် မတ်တတ်ရပ်ရင်း အကြောင်သားဖြစ်နေချေသည်။

ဒါက ဘယ်လိုလုပ်ပြီး အဆက်အသွယ်တွေကိုသုံးတာ ဖြစ်ရမှာလဲ။ အမိန့်ပေးလိုက်တာမှန်း အသိသာချည်းကို။

တန်ဘတ်နိုင်ငံကို လက်နက်ကိရိယာတွေ ထောက်ပံ့ပေးခဲ့တာက မင်းမဟုတ်ပါဘူးလို့ ငြင်းရဲသေးလား? အဲလိုမှမဟုတ်ရင် သူတို့က မင်းကို ဘာလို့တအားယဉ်ကျေးပြီး စကားကို နာခံနေမှာလဲ? မင်း ဟန်ဆောင်နေရင်တောင် အနည်းဆုံးတော့ ကောင်းကောင်းမွန်မွန်သရုပ်ဆောင်ပြလို့မရဘူးလားကွာ။ ငါတို့ကို အခြေခံလေးစားမှုလေးတော့ ထားပါဦး…

တစ်နှစ်ကို ကာကွယ်စောင့်ရှောက်ခအမေရိကန်ဒေါ်လာငါးဘီလီယံယူပြီး ဖုန်းတစ်ချက်ဆက်လိုက်ရုံမျှဖြင့် ပြေလည်သွားပေသည်။ ပိုက်ဆံရှာဖွေရန်မှာ အလွန်လွယ်ကူလွန်းလှသည်။

ထိုအချိန်မှာပင် ဒိုမုတိ၏ဝမ်းကွဲများနှင့် မောင်နှမများလည်း ရောက်ချလာသည်။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်"

သူတို့ ကျန်းမုန့်လောင်ရှေ့သို့ ရောက်ရောက်ချင်း ပထမဆုံးလုပ်သည့်အရာမှာ ဒူးထောက်ချလိုက်ခြင်းပင်။

တန်ဘတ်နိုင်ငံ၏ စစ်ရေးအင်အား ရုတ်တရက်တိုးတက်လာခြင်းမှာ ကျန်းမုန့်လောင်၏လက်ချက်ဖြစ်ကြောင်း လွှတ်တော်အမတ်များထံမှ သိခဲ့ရသည်။ ထိုအခိုက်မှာပင် သူတို့ စတင်တုန်လှုပ်ထိတ်လန့်ရလေတော့သည်။

ကျန်းမုန့်လောင်က တိတ်တိတ်လေးအထိနာသွားသည်ဟု သူတို့ ထင်ခဲ့မိသော်ငြား ယခုလိုကြီးမားလှသော အစီအမံကြီးများကို ဆောင်ရွက်နေလိမ့်မည်ဟု သူတို့ လုံးဝထင်မထားချေ။

ကျန်းမုန့်လောင်က တစ်ယောက်တည်းအားဖြင့် သူတို့တစ်နိုင်ငံလုံးကို ဆော့ကစားခဲ့သည်။ သူတို့အနေနှင့် ဘယ်လိုမုန်တိုင်းမျိုးများ ဖန်တီးနိုင်မည်နည်း။

ရုတ်ခြည်းဆိုသလိုပင် ကျန်းမုန့်လောင်ကို သစ္စာဖောက်ခြင်းက အလွန်မိုက်မဲလှသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်လေသည်။

"သခင်.. သူတို့က ကျွန်တော်တို့ကို အကျပ်ကိုင်ခဲ့တာပါ"

ဒိုမုတိ၏တူဖြစ်သူက ဒါလစ်ကို လက်ညှိုးထိုးပြလိုက်သည်။

"မဟာလက်စ်မိသားစုက ဘယ်လောက်ပဲအာဏာရှိရှိ ကျွန်တော်တို့က ဒီနိုင်ငံသားတွေပဲမဟုတ်လား။ သူတို့နဲ့ မယှဉ်နိုင်ဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ လက်ခံခဲ့ရတာပါ။ သခင် ကျွန်တော်တို့ကို ချမ်းသာပေးပါ"

"မင်း ဘာပြောလိုက်တယ်?"

ဒါလစ်ခမျာ ဤစကားကိုကြားပြီးနောက် ဒေါသူပုန်ထသွားလေသည်။

မဟာလက်စ်မိသားစုက တစ်နိုင်ငံလုံး၏အခွန်ငွေတစ်ဆယ်ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီး နိုင်ငံတော်အဆင့်လုပ်ငန်းစုအများအပြားကလည်း သူတို့လက်ထဲတွင် ရှိနေပေသည်။ သူတို့က တစ်နိုင်ငံလုံး၏အုတ်မြတ်ကို ထိပါးနိုင်သည်ဟုပင် ဆိုနိုင်သည်။

သူတို့က နှစ်ပေါင်းများစွာကြာအောင် မဟာလက်စ်မိသားစုကို အလေးထားခဲ့သည်ဖြစ်ရာ ဤစကားမှာ ပြောင်လိမ်ပြောင်စားလုပ်နေခြင်းပင်။ သူတို့သာ မဟာလက်စ်မိသားစု၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန် မကြံစည်ခဲ့ပါက ပါလီမန်အဖွဲ့ဝင်များကလည်း အပြည့်အဝပူးပေါင်းရဲမည်မဟုတ်ပေ။

ခွေးခွေးချင်းကိုက်နေကြသည့်မြင်ကွင်းကို ကြည့်ရင်း ကျန်းမုန့်လောင်မှာ ဒေါသလည်းထွက်မိသလို အံ့လည်းအံ့ဩမိသည်။ ယခုလိုနိုင်ငံမျိုးနှင့် ယခုလိုညီအစ်ကိုမောင်နှမမျိုးကို ပိုင်ဆိုင်ထားရှာသည့် ဒိုမုတိခမျာ အလွန်ကံဆိုးလှချေသည်။

"ကောင်းပြီ ကိုယ်စားလှယ်ကြီး..ခင်ဗျား ပြန်လို့ရပြီ။ ကျုပ် မိသားစုအတွင်းရေးကိစ္စတွေကို ဖြေရှင်းလိုက်ဦးမယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

ဒါလစ်လည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ကျန်းမုန့်လောင်အနေနှင့် သူတို့နိုင်ငံကို ထပ်ပြဿနာရှာမည့်ဟန်မရှိလောက်တော့ပေ. ဤသို့ဖြင့် သူ့မစ်ရှင်လည်း ဆုံးခန်းတိုင်သွားလေသည်။

ဒိုမုတိ၏ ကံမကောင်းအကြောင်းမလှရှာသော ဆွေမျိုးတချို့လည်း ရောက်ချလာသည်။ ယခုမူ သူတို့အားလုံး ကျန်းမုန့်လောင်ရှေ့တွင် ဒူးထောက်နေကြရသည်။ သူ့အား မော်ပင်မကြည့်ရဲရှာပေ။

လူကာ၊ ဆင်းတိုနှင့် အခြားလူများကတော့ ကျန်းမုန့်လောင်၏အနောက်တွင် မော်ကြွားစွာ မတ်တတ်ရပ်နေရင်း သူတို့မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန်အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

သခင်ကတော့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါပေတယ်!

သူ့ပိုင်ဆိုင်မှုများကို နိုင်ငံတော်အင်အားကပင် ထိပါး၍မရနိုင်ချေ။

ကျန်းမုန့်လောင် သူတို့အား ကတိပေးထားသည့်ကိစ္စကို ပြန်သတိရမိသောအခါ အသက်ရှူသံများ မြန်ဆန်လာရသည်။ သူတို့ အိပ်မက်ပင်မမက်ရဲခဲ့သော မဟာလက်စ်မိသားစု၏ ပိုင်ဆိုင်မှုအလုံးစုံမှာ ယခုမူ သူတို့လက်ထဲသို့ ရောက်လာလေပြီ။

"ငါ ကြေညာစရာတစ်ခုရှိတယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒီနေ့ကစပြီး မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို လူကာနဲ့ ဆင်းတိုတို့က စီမံခန့်ခွဲလိမ့်မယ်။ သူတို့ရဲ့အဆင့်အတန်းက ဒိုမုတိရဲ့အဆင့်အတန်းနဲ့ အတူတူဖြစ်သွားပြီ။ နားလည်ကြလား"

"နားလည်ပါတယ်"

ယခုအချိန်တွင် သူတို့ ခံမပြောရဲတော့ပေ။

"ငါက သစ္စာဖောက်တွေကို အမုန်းဆုံးပဲ"

ကျန်းမုန့်လောင်က ဆိုလိုက်သည်။

"ကျန်းမိသားစုကို သစ္စာဖောက်ရင် မိသားစုစည်းကမ်းအရ ဘယ်လိုအပြစ်ပေးလဲဆိုတာ တစ်ယောက်ယောက် ပြောပြနိုင်မလား"

"မိသားစုထဲကထုတ်ပယ်ပြီး ပိုင်ဆိုင်မှုတွေအားလုံးကို ပြန်သိမ်းပြီးရင် မိသားစုအဆက်အသွယ်တွေကိုသုံးဖို့ ပိတ်ပင်လိုက်မှာပါ"

"ကဲ မင်းတို့သွားလို့ရပြီ"

ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။

"လူကာ.. ကျုပ် ခင်ဗျားကို တာဝန်တစ်ခုပေးစရာရှိတယ်။ သူတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းလိုက်။ သူတို့ မဟာလက်စ်မိသားစုဆီက တစ်ပြားတစ်ချပ်လောက်ဖြစ်ဖြစ် ယူထားရင်တောင် ကျုပ် ခင်ဗျားနေရာကို လူစားထိုးဖို့ စဉ်းစားရလိမ့်မယ်"

"ဟုတ်ကဲ့ပါ သခင်.. ကျွန်တော် တာဝန်ကို ပြီးစီးအောင် လုပ်ဆောင်လိုက်ပါ့မယ်"

ကျန်းမုန့်လောင်၏စကားများကြောင့် ဒိုမုတိ၏ညီအစ်ကိုမောင်နှမများမှာ စိတ်ဓာတ်ကျသွားရသည်။ သို့သော် နောက်ထပ်ဆက်ပြောလာသောစကားကတော့ သူတို့အား အပြိုပြိုအလဲလဲဖြစ်သွားစေသည်။

"ဆင်းတို.. ငါ သူတို့ကို ဘရာမန်နိုင်ငံထဲက ထွက်မသွားစေချင်ဘူး။ ဘရာမန်တစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်လုပ်ငန်းစု ဒါမှမဟုတ် ဘယ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမှ သူတို့ကို အလုပ်မခန့်စေနဲ့"

ကျန်းမုန့်လောင်က ထိုသစ္စာဖောက်များကို အမိန့်ချမှတ်လိုက်သည်။

"မင်းတို့ လက်ကျန်ဘဝတစ်လျှောက်လုံး တောင်းစားကြပေတော့"

***************

All Chapters