အိမ်သာထဲမှာ အကြာကြီးထိုင်လိုက်ရလို့ ခြေထောက်တွေကျင်သွားတာနဲ့ လမ်းမလျှောက်နိုင်တော့ဘူး
Vol. 34 Ch. 508
"ချာတိတ်.. မနေ့တုန်းက မင်းကြွားထားတာတွေက ဘယ်လိုဖြစ်သွားပြီလဲ။ စီမံကိန်းကို မတင်ပြနိုင်ရင် ဒီနေ့ လာစရာမလိုဘူးနော်။ မင်းကိုတွေ့ရမှာတောင် ငါရှက်နေမိမှာ"
ပါမောက္ခကျိုးက မနက်စောစော ဖုန်းပြောရင်း လှောင်ပြောင်လိုက်လေသည်။
မနေ့ညက ကျန်းမုန့်လောင်ပေးထားသော အမတဆေးလုံးကို သောက်ပြီးနောက် အိပ်ရာနိုးလာချိန်တွင် ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရသည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း သူ့အနေနှင့် ဤမျှပေါ့ပါးလန်းဆန်းမှုကို မခံစားရသည်မှာ ကြာလှချေပြီ။
"ကျွန်တော့်ကို လာစိန်ခေါ်နေတာလား။ ခင်ဗျားရဲ့ဖက်စ်ကို ဖွင့်ထားလိုက်။ ခင်ဗျားရဲ့မိတ်ဆွေတွေ စစ်ဆေးဖို့အတွက် အစီရင်ခံစာတစ်ခုကို အရင်ပို့လိုက်မယ်"
ကျန်းမုန့်လောင်ကလည်း ရယ်မောရင်း ပြောလိုက်သည်။
"ခဏနေရင် ကျွန်တော့်ကိုတွေ့ချင်လို့ကတော့ ခင်ဗျားရဲ့ကားနဲ့ လာကြိုတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ကျွန်တော်လာမှာမဟုတ်ဘူးနော်!”
"မင်းကို လူပါးဝတယ်လို့ ပြောလိုက်မိတာနဲ့ တကယ်ကို ထကြွလာပြီပဲ။ ကောင်းပြီလေ..ငါစောင့်နေမယ်!"
"ဟမ့်! ဒီနေ့တော့ အမျိုးသားသိပ္ပံဌာနက ဘယ်သူမှ နားရမှာမဟုတ်တော့ဘူး!"
ကျန်းမုန့်လောင်က ဖုန်းချလိုက်ပြီးနောက် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ခိုးဝင်ရန် အကြောင်းပြချက်တစ်ခု ရှာလိုက်သည်။
"အကုန်လုံး ဘယ်ရောက်ကုန်ကြတာလဲ"
ကျန်းမုန့်လောင် အော်လိုက်လေသည်။
"ခင်ဗျားတို့တွေ အရှေ့မုခ်ဝထဲကို ဝင်ချင်နေကြတာလား။ ကဲ..."
"လာပါပြီ!"
နယူတန်၊ ကော်ပါးနီးကပ်စ်၊ အိုင်းစတိုင်းနှင့် အခြားလူများမှာ မုခ်ဝတစ်ခုမှ ပြေးထွက်လာကြသည်။ တစ်ယောက်ချင်းစီက စာရွက်စာတမ်းအထပ်လိုက်ကြီးကို ကိုယ်စီကိုင်ဆောင်ထားကြပြီး လူတိုင်းနီးပါး၏ မျက်လုံးအောက်ဝယ် မျက်ကွင်းညိုနေချေသည်။
သူတို့အတွက်တော့ ဤသုတေသနစီမံကိန်းများမှာ ကလေးကစားစရာသာသာဖြစ်သော်ငြား လက်ရှိအခြေခံရူပဗေဒနှင့် နည်းပညာအဆင့်များကြောင့် ဤအရာများကို သေချာရှင်းပြနိုင်ရန်အတွက် သူတို့၏စွမ်းအင်အမြောက်အများကို အသုံးပြုလိုက်ရသည်။
စီမံကိန်းပေါင်းတစ်ရာကျော်နှင့် ဖိုင်ပေါင်းတစ်ရာကျော်ကို စုပေါင်းလိုက်လျှင် ကားတစ်စီးစာနီးပါး ပြည့်ကျပ်သွားနိုင်သည်။
"ကျောင်းအုပ်ကြီး..မစ်ရှင်ပြီးမြောက်ပါပြီ!"
နယူတန်က သူ့နဖူးထက်မှ ချွေးများကို သုတ်ဖယ်လိုက်သည်။ နေ့မအားညမအား လုပ်ကိုင်ပြီးနောက် အဆုံးမှာတော့ ဘဝတူညီအစ်ကိုများကို ကယ်တင်နိုင်ခဲ့လေပြီ။
"မဆိုးဘူး။ မဆိုးဘူး"
ကျန်းမုန့်လောင်မှာ ထူထဲလှသော စာရွက်စာတမ်းအထပ်ကြီးကို ပုတ်လိုက်သည်။ ဤအရာများက ဟွာရှားနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာအဆင့်အတန်းကို အနည်းဆုံး ငါးနှစ်မှ ဆယ်နှစ်အထိ တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ပေသည်။
"ခင်ဗျားတို့တွေ တကယ်ပင်ပန်းသွားကြပြီ။ နောက်နှစ်ကျရင် ခင်ဗျားတို့ကို လစာတိုးပေးမယ်!"
ကျန်းမုန့်လောင်က နယူတန်၏ပခုံးကို ပုတ်လိုက်သည်။
နယူတန်နှင့် အခြားလူများမှာ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြသည်။
သူတို့က အစကတည်းက လစာရနေခဲ့တာမှ မဟုတ်တာ။
လစာရခဲ့လျှင်ပင် သုံးစွဲစရာနေရာမရှိပေ။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ထာဝရကျေးကျွန်များ ဖြစ်ရဖို့သာ ရှိသည်။
သူ့နေအိမ်သို့ ပြန်ရောက်သောအခါ ကျန်းမုန့်လောင်လည်း စာရွက်စာတမ်းတစ်ခုကို လောင်ကျိုးထံသို့ ဖက်စ်ပို့လိုက်သည်။
စာမျက်နှာပေါင်းတစ်ရာကျော်က ပါရဂူဘွဲ့စာတမ်းတစ်ခုအဖြစ်ပင် အောင်မြင်စွာတင်ပြနိုင်သည်။
လောင်ကျိုးက ပညာရပ်ဆိုင်ရာသုတေသနတွင် ပါဝင်သူမဟုတ်သောကြောင့် ဤအရာများကို နားမလည်ပါဘဲ စာရွက်စာတမ်းကို လောင်ရွှီထံသို့ ပေးပို့လိုက်၏။
လောင်ရွှီဆိုသည်မှာ အငြိမ်းစားတော်ဝင်ပညာရှင်ရွှီတန့်ဖုန်းဖြစ်ပြီး ယခုအခါတွင် အသက်ကိုးဆယ်ကျော်နေပြီဖြစ်သော်ငြား ကျန်းမာသန်စွမ်းနေဆဲပင်။ အမြဲတမ်းလည်း အသာငြိမ်မနေနိုင်သောကြောင့် နိုင်ငံတော်က နှစ်စဉ်နှစ်တိုင်း အဓိကသိပ္ပံသုတေသနစီမံကိန်းများအားလုံးကို စီစဥ်ခိုင်းထားခြင်းဖြစ်၏။
နှစ်စဥ်နှစ်တိုင်း စီမံကိန်းအကဲဖြတ်အဖွဲ့ကြီးတစ်ခု အမြဲရှိနေသော်လည်း ထိုစီမံကိန်းများ၏ နောက်ဆုံးအတည်ပြုမှုကတော့ ရွှီတန့်ဖုန်း၏ဆုံးဖြတ်ချက်ကို လိုအပ်နေဆဲပင်။ ဤစီမံကိန်းများကို အမှန်တကယ်လုပ်ဆောင်နိုင်စွမ်းရှိသူများကသာ နိုင်ငံတော်စီမံကိန်းများနှင့် ထိုက်တန်သည်ဟု သူက ယုံကြည်ထားသောကြောင့်ဖြစ်၏။
ကျန်းမုန့်လောင်ပေးပို့ထားသော စာရွက်စာတမ်းမှာ "ပစ်မှတ်ထားကင်ဆာဆဲလ်ကုသမှု'ဟုခေါ်သော နည်းပညာတစ်ခုဖြစ်ပြီး ကင်ဆာဆဲလ်များကို သတ်မှတ်ထားသောအိုင်ဆိုတုပ်ဖြင့် တည်နေရာရှာဖွေကာ နာနိုအဆင့်အနှေးထုတ်လွှတ်မှုအမှုန်အမွှားများဖြင့် တိကျစွာချိန်ရွယ်ကုသခြင်းတို့ ပါဝင်သည်။
ကင်ဆာသုတေသနမှာ ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုတစ်ခု ဖြစ်ပြီး သိပ္ပံသုတေသနစီမံကိန်းများတွင် မယိမ်းမယိုင်သော ဦးစားပေးမှုတစ်ခုအဖြစ် တည်ရှိနေသည်။
တော်ဝင်ပညာရှင်ရွှီ၏ ကျွမ်းကျင်မှုမှာ စွမ်းအင်မြင့် ရူပဗေဒနယ်ပယ်ဖြစ်ပြီး ဓာတုဗေဒ၊ ဇီဝဗေဒနှင့် ဆေးပညာတို့ကို ခြုံငုံထားသော နယ်ပယ်ဖြစ်လေရာ ဤစီမံကိန်းကို နားမလည်နိုင်လောက်အောင် အလှမ်းဝေးလွန်းလှသည်။ ထို့ကြောင့် သူ့မိတ်ဆွေတစ်ယောက်ကို ချက်ချင်းဆက်သွယ်လိုက်သည်။
တော်ဝင်ပညာရှင်ရွှီ၏ မိတ်ဆွေမှာ အသက်၈၃နှစ်ရှိသော ပါမောက္ခတစ်ယောက်ဖြစ်ပြီး တော်ဝင်ပညာရှင်တစ်ဦးလည်း ဖြစ်၏။ သူ့ခမျာ ဤသုတေသနစီမံကိန်းကို သုံးသပ်နေရင်း လက်များ တုန်ရီလာသည်။
ဤသည်မှာ စီမံကိန်းအစီရင်ခံစာသက်သက်မျှ မဟုတ်ချေ။ မဟာဗျူဟာမြောက်လမ်းညွှန်ချက်တစ်ခုပင်။
ဤအစီအစဉ်က ဆေးဝါးပြင်ဆင်မှုမှ စမ်းသပ်စစ်ဆေးခြင်းအထိ ပါဝင်ပြီး အစုလိုက်အပြုံလိုက်ထုတ်လုပ်ခြင်းအပြင် အသေးစိတ်မိတ်ဆက်မှုများနှင့် ကြိုတင်ခန့်မှန်းထားသော စမ်းသပ်မှုရလဒ်များပင် ပါဝင်ချေသည်။
တစ်နည်းဆိုရသော် တစ်စုံတစ်ယောက်တွင် ဤစာရွက်စာတမ်းများရှိပြီး အချက်အလက်များကလည်း တိကျနေပါက မှန်ကန်သင့်တော်သော ပစ္စည်းကိရိယာများကိုသုံး၍ ဤစီမံကိန်းကို အပြည့်အဝအကောင်အထည်ဖော်နိုင်ပေသည်။
ဤစီမံကိန်းစာအုပ်ထဲတွင် အကြံပြုထားသော နည်းလမ်းက အလွန်ဆန်းသစ်ပြီး ခေတ်မီနည်းလမ်းများထက်ပင် သာလွန်နေသော်ငြား သူ့ပညာအဆင့်အတန်းနှင့်ယှဉ်လိုက်လျှင် ဤစီမံကိန်း၏ ဖြစ်နိုင်ခြေမှာ အလွန်မြင့်မားလွန်းလှပြီး အချက်အလက်များကို စစ်ဆေးရန်အတွက်လည်း အချိန်အနည်းငယ်မျှသာ လိုအပ်သည်။
အချက်အလက်များအားလုံးက မျှော်လင့်ထားသည့်အတိုင်း ကိုက်ညီပါက ဆေးဝါးစမ်းသပ်မှုကို တစ်လခွဲအတွင်း အပြီးသတ်နိုင်ပြီး နောက်တစ်လခွဲမှာပင် လူသားစမ်းသပ်မှုအဆင့်သို့ ပြောင်းရွှေ့နိုင်မည်ဖြစ်၏။ ရလဒ်ကသာ ပြဿနာမရှိပါက ချက်ချင်းပင် အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုကို စတင်နိုင်လေပြီ။
နှမြောစရာကောင်းသောအချက်မှာ ဤစာရွက်စာတမ်းထဲတွင် ဖော်ပြထားသော ဆေးဝါးမှာ အစာအိမ်ကင်ဆာတစ်ခုတည်းကိုသာ ထိရောက်စွာကုသပေးနိုင်ခြင်းပင်။
သို့သော် အစာအိမ်ကင်ဆာမှာ လက်ရှိတွင် အချိုးအစား အများဆုံး ကင်ဆာအမျိုးအစားဖြစ်၏။ အစာအိမ်ကင်ဆာကို အောင်နိုင်ပါက လူသားများအနေနှင့် ကင်ဆာအားလုံး၏တစ်ဝက်ကို အနိုင်ယူလိုက်နိုင်ပြီဟုပင် ဆိုနိုင်သည်။
သူသည် သူ့တစ်သက်တာလုံး ကင်ဆာအကြောင်း သုတေသနပြုလုပ်လာခဲ့ပြီး မိမိကိုယ်ကိုယ်လည်း ဤအကြောင်းအရာနှင့် ပတ်သက်၍ အာဏာပိုင်တစ်ဦးအဖြစ် ယူဆထားသော်ငြား ဤအဆိုပြုလွှာပိုင်ရှင်၏ ရှေ့မှောက်တွင်မူ သူသည် တော်ဝင်ပညာရှင်တစ်ဦးနှင့် ယှဉ်နေမိသော မူလတန်းကျောင်းသားတစ်ဦးအလား ခံစားရသည်။
သူသည် ကင်ဆာဆဲလ်များ ပျံ့နှံ့မှုကို နှေးကွေးစေပြီး ရောဂါတိုးတက်မှုကို ထိန်းချုပ်ပေးရုံသာ လုပ်နိုင်ခဲ့သော်လည်း ကျန်းမာပြီးသား ဆဲလ်များတွင်မူ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိသည်။
သို့သော် ဤလူကတော့ ပစ်မှတ်ထားကုသမှုကို အောင်မြင်သွားပြီး လူ့ခန္ဓာကိုယ်ပေါ်တွင် ဘာသက်ရောက်မှုမှ မကျန်ရစ်ဘဲ ပျောက်ကင်းသွားအောင် လုပ်နိုင်ပေသည်။
ဤသည်မှာ ဘာကိုဆိုလိုသလဲ။ ၎င်းမှာ လူသားအားလုံးအတွက် ကောင်းချီးမင်္ဂလာတစ်ပါးပင်တည်း။
"လောင်ရွှီ ဒီစီမံကိန်းကို ဘယ်ကရတာလဲ"
သူလည်း သူ့ထင်မြင်ချက်ကို ရွှီတန့်ဖုန်းအား ချက်ချင်းမျှဝေလိုက်သည်။
"လောင်ကျိုးပေးတာပဲ။ မင်း ဘယ်လိုထင်လဲ”
"အတွေးအခေါ်က အရမ်းအဆင့်မြင့်ပြီး ဖြစ်နိုင်ခြေကလည်း မြင့်တယ်။ တကယ်လို့ ငါတို့ စမ်းသပ်စစ်ဆေးမှုတွေကို တရားဝင်စတင်မယ်ဆိုရင် ကနဦးသုတေသနရလဒ်အစီရင်ခံစာကို တစ်လအတွင်းမှာတင် ရနိုင်တယ်”
"ဒီလောက်တောင် အထင်ကြီးဖို့ကောင်းတာလား"
ရွှီတန့်ဖုန်းမှာ ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။
"လုံခြုံရေး! လုံခြုံရေး!"
"တော်ဝင်ပညာရှင်ရွှီ ဘာဖြစ်တာလဲ"
"ငါ့အတွက် ကားတစ်စီးစီစဥ်ပေးပါ။ လောင်ကျိုးရဲ့အိမ်ကို သွားရမယ်!"
"ခဏနေဦး! ငါ့ကိုပါ ဝင်ခေါ်ပေးဦး။ ငါလည်း လိုက်မယ်!"
.....
"ဒုန်း ဒုန်း ဒုန်း"
အလျင်စလို တံခါးခေါက်သံများကြောင့် လောင်ကျိုး၏အိမ်တံခါးမှာ ပွင့်ထွက်လုနီးပါးပင်။
"လောင်ကျိုး တံခါးဖွင့်ဦး!"
"မင်းတို့ ဘာလို့ရောက်လာကြတာလဲ"
လောင်ကျိုးခမျာ အံ့သြသွားရှာလေသည်။ သူတို့နှစ်ယောက်စလုံးက ယန်ကျင်းတွင် နေထိုင်ကြသော်လည်း တော်ဝင်ပညာရှင်ရွှီက အပြင်ထွက်ခဲသူအဖြစ် နာမည်ကြီးလေသည်။ သူ့အိမ်နှင့် သုတေသနဌာနမှလွဲ၍ အခြားနေရာကို သွားမိလျှင်ပင် သူ့အတွက် ဆုံးရှုံးနစ်နာမှုတစ်ခုအဖြစ် သတ်မှတ်ပေလိမ့်မည်။
သူတစ်ယောက်တည်းတင်မကပေ။ ဆေးတက္ကသိုလ်မှ နောက်ထပ်အဆင့်မြင့်ပညာရှင်တစ်ဦးကပါ သူနှင့်အတူ လိုက်ပါလာသည်။
"စကားများမနေနဲ့။ သူဘယ်မှာလဲ"
တော်ဝင်ပညာရှင်ရွှီက သူ့ခြံဝင်းအနှံ့ လိုက်ရှာနေတော့သည်။
"ဘယ်သူလဲ"
"မင်းကို ဒီအချက်အလက်တွေပေးတဲ့လူလေ!”
"ဒီအချက်အလက်တွေက..."
"လောင်ကောင်းက ပြောတယ်။ ဒီဟာက ငါတို့ရဲ့လက်ရှိအဆင့်ထက် အများကြီးမြင့်နေတယ်တဲ့။ ဒီလူ့ကို မြန်မြန်ခေါ်လိုက်။ ဒီနိုင်ငံတော်စီမံကိန်းကို သူ့ကို လွှဲပေးရမယ်။ သူ လက်မခံချင်ဘူးဆိုရင် ငါ ဥက္ကဋ္ဌဆီ တိုက်ရိုက်သွားပြီး သူ့ကို ကိုယ်တိုင်တောင်းဆိုခိုင်းရမယ်!”
"အဲဒါက တအားပိုလွန်းမနေဘူးလား"
လောင်ကျိုးခမျာ တော်ဝင်ပညာရှင်ရွှီ ဤမျှအထိ စိတ်လှုပ်ရှားနေသည်ကို တစ်ခါမှမမြင်ဖူးချေ။
"မင်း နားမလည်ပါဘူး!"
တော်ဝင်ပညာရှင်ကောင်းက ပြောလိုက်၏။
"အခုလက်ရှိ တစ်ကမ္ဘာလုံးက ကင်ဆာကုသမှုကို သုတေသနလုပ်နေကြတာ။ တကယ်လို့ ငါတို့ကသာ ရလဒ်တွေကို အရင်ထုတ်ပြနိုင်ခဲ့ရင် ကမ္ဘာ့ဆေးပညာနယ်ပယ်တစ်ခုလုံးက ငါတို့ဟွာရှားကို ပြောရေးဆိုခွင့်ရှိသူအဖြစ် အသိအမှတ်ပြုကြလိမ့်မယ်။ ဒီလောက်ကောင်းမွန်တဲ့ စီမံကိန်းအစီရင်ခံစာကို လက်ထဲမှာကိုင်ထားရမှတော့ ငါက ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ"
ဤအချက်အလက်များမှာ အဓိကမော်လီကျူးဖော်မြူလာ အချို့ကို ဖျောက်ထားခြင်းမှလွဲ၍ အလွန်ပြည့်စုံလှသော အချက်အလက်များ ပါဝင်ပေသည်။ သို့မဟုတ်ပါက ပါမောက္ခရွှီက ဤအစီရင်ခံစာကို အသံတစ်ချက်မထွက်ဘဲ အပိုင်သိမ်းထားလိုက်မည်သာ။
"ဒါပေမဲ့ မင်းတို့လာတာ အလကားပဲ"
လောင်ကျိုးက လက်လျှော့လေဟန်အပြုံးဖြင့် ပြောလိုက်၏။
"ဒီအချက်အလက်တွေက ငါ့ဆီကို ဖက်စ်နဲ့ပို့လိုက်တာ။ အဲဒီလူက ငါ့အိမ်မှာမရှိဘူး"
"ဒါဆို ဒီစီမံကိန်းကို သူ လက်ခံပေးမယ်ဆိုရင် သူလိုအပ်တဲ့ သုတေသနရန်ပုံငွေပမာဏကို စိတ်ကြိုက်သတ်မှတ်နိုင်တယ်လို့ပြောလိုက်။ သန်းသုံးဆယ်ပဲဖြစ်ဖြစ် သန်းငါးဆယ်ပဲဖြစ်ဖြစ်.. မလုံလောက်သေးရင် ငါ ထပ်ပြီးလျှောက်လွှာတင်ပေးမယ်။ ဒီဟာက ငါတို့နိုင်ငံရဲ့ ကင်ဆာကုသရေးနည်းပညာကို အနောက်နိုင်ငံတွေထက် အနည်းဆုံး ငါးနှစ်ကနေ ဆယ်နှစ်အထိ တိုးတက်သွားစေနိုင်တယ်"
တော်ဝင်ပညာရှင်ရွှီက ကမ်းလှမ်းလိုက်လေသည်။
"ဒီကောင်လေးကတော့"
လောင်ကျိုး တွေးလိုက်မိသည်။ ကျန်းမုန့်လောင်တစ်ယောက် တစ်ညတည်းနှင့် ဖန်တီးခဲ့သောအရာ၏ ကြီးကျယ်ခမ်းနားမှုကြောင့် သူ ထိတ်လန့်သွားရသည်။ အလားအလာကလည်း အမှန်တကယ်ပင် မြင့်မားလွန်းလှသည်။
"ကလိမ်ကကျစ်ကောင်လေး.. ဒီကိုမြန်မြန်လာခဲ့။ မင်းကို တွေ့ချင်တဲ့လူတွေ ရှိတယ်!"
လောင်ကျိုးက ကျန်းမုန့်လောင်ကို အလျင်အမြန် အကြောင်းကြားလိုက်သည်။
"လာရမှာလား။ တောင်းပန်ပါတယ် လောင်ကျိုး.. ကျွန်တော် ခုနက အိမ်သာထဲမှာ အကြာကြီးထိုင်လိုက်ရလို့ ခြေထောက်တွေကျင်သွားပြီ။ ဘယ်သူကမှ လာမခေါ်ဘူးဆိုရင် ကျွန်တော် လမ်းလျှောက်နိုင်မှာမဟုတ်ဘူး"
****************