ကျွန်တော် ပရောဂျက်တွေအားလုံးလိုချင်တယ်
Vol. 34 Ch. 509
"မာန်မတက်နဲ့နော် ချာတိတ်!"
အိမ်သာအကြာကြီးထိုင်လိုက်ရသဖြင့် ခြေထောက်များထုံကျင်သွားသည်ဟူသော ကျန်းမုန့်လောင်၏စကားကသာ အမှန်ဖြစ်နေခဲ့မည်ဆိုလျှင် သရဲတစ္ဆေများလည်း ရှိနေလိမ့်မည်ဖြစ်၏။ သူ့ကို လာစေချင်လျှင် ကိုယ်တိုင်လာခေါ်ရမည်ဟု အစောကပင် ဖုန်းထဲမှတစ်ဆင့် ယုံကြည်မှုအပြည့်ဖြင့် ပြောခဲ့ပြီးနောက် တစ်နာရီမပြည့်ခင်မှာပင် ထိုစကားအားလုံး အမှန်တကယ် ဖြစ်လာခဲ့သည်။
"တော်ဝင်ပညာရှင်ကျိုး... ကျွန်တော့်ဆီမှာ သုတေသနကုန်ကြမ်းတွေ အများကြီးရှိတယ်။ လာတဲ့လမ်းမှာ မတော်တဆ စာတမ်းတစ်စောင်တလေများ လွတ်ကျသွားပြီး တခြားနိုင်ငံက လူတစ်ယောက်ယောက်က ကောက်ယူသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်!”
“မင်းမှာ သုတေသနစာတမ်း တစ်စောင်ထက်မက ရှိတယ်ပေါ့။ ဟုတ်လား"
စာမျက်နှာပေါင်းတစ်ရာကျော်ရှိသော ဤကင်ဆာကုသမှုအစီရင်ခံစာများက တစ်စောင်ထက်ပိုပြီး ရှိနေခြင်းမှာ မယုံနိုင်စရာပင်။ သူ့အနေနှင့် စီမံကိန်းပေါင်းတစ်ရာကျော်အတွက် အစီရင်ခံစာအားလုံးကို ညတွင်းချင်းပြင်ဆင်နိုင်လိမ့်မည်ဟုလည်း လုံးဝမထင်ထားချေ။
သူ့တွင် သီအိုရီများနှင့် နည်းပညာများအားလုံးကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း တကယ်ရှိသည်ဆိုလျှင်ပင် ထိုအချက်အလက်အားလုံးကို တစ်ညတည်းစာရိုက်ပြီး ရေးနိုင်မည်မဟုတ်ပေ။
"ကျွန်တော်ပြောသားပဲ။ စီမံကိန်းအခုတစ်ရာကျော်ကို လုပ်နိုင်ပါတယ်ဆိုမှ။ ကျွန်တော် အကုန်ပြင်ဆင်ပြီးပြီ။ ကျွန်တော် ပြောပြမယ်။ ဒါမျိုးတွေ အများကြီးရှိတယ်နော်။ ကျွန်တော်တစ်ယောက်တည်း လာခဲ့မယ်ဆိုရင် မတော်တဆ တစ်စောင်လောက်လွတ်ကျသွားဖို့ဆိုတာ တကယ်ဖြစ်နိုင်တယ်။ အဲဒီအခါကျရင် တာဝန်က..."
"စောင့်နေ။ ငါကိုယ်တိုင်လာခဲ့မယ်"
ဤတစ်ကြိမ်မှာတော့ တော်ဝင်ပညာရှင်ကျိုးလည်း အမှန်တကယ် ထိတ်လန့်သွားရှာလေသည်။
အကယ်၍ ကျန်းမုန့်လောင်တွင် သုတေသနအစီရင်ခံစာ အခုတစ်ရာကျော် တကယ်ရှိပါက၊ ထိုအရာအားလုံးမှာ သူကိုင်ထားသော အစီရင်ခံစာနှင့် အရည်အသွေးအတူတူသာ ဖြစ်ခဲ့မည်ဆိုပါက သူကိုင်ထားသောအရာမှာ နောက်ထပ်ငါးနှစ်မှ ဆယ်နှစ်ကြာသည်အထိ တည်ရှိနေမည့် နိုင်ငံ၏အသက်သွေးကြောပင်တည်း။ သို့ဖြစ်လေရာ ကျန်းမုန့်လောင်ကို တစ်ယောက်တည်းလာခွင့်ပေးလို့ မရနိုင်တော့ပေ။
ဤကုန်ကြမ်းပစ္စည်းများအတွက် သူ့မာနကို ခဝါချထားရမည်ဆိုလျှင်လည်း ဘာဖြစ်သလဲ။
"မင်းတို့တွေ စောင့်နေကြဦး။ ငါ သူ့ကို သွားခေါ်လိုက်ဦးမယ်"
တော်ဝင်ပညာရှင်ကျိုးက တော်ဝင်ပညာရှင်နှစ်ဦးကို ထိုသို့ပြောခဲ့ပြီးနောက် သူတို့အား ကောင်းမွန်စွာဧည့်ခံရန် စီစဉ်ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ သူ့အတွက် စီစဉ်ပေးထားသော နိုင်ငံတော်လုံခြုံရေးအရာရှိများနှင့်အတူ ချက်ချင်းထွက်ခွာသွားသည်။
တော်ဝင်ပညာရှင်ကျိုး၏ နေအိမ်မှ ကျန်းမုန့်လောင်၏ နေအိမ်အထိ ကားမောင်းသွားလျှင် ပုံမှန်အားဖြင့် နာရီဝက်ခန့်ကြာမြင့်သည်။ သို့သော် သူ့တိုက်တွန်းမှုကြောင့် မိနစ်နှစ်ဆယ်အတွင်းမှာပင် ရောက်လာခဲ့ကြသည်။ ကျန်းမုန့်လောင်က လုံခြုံရေးကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်သောကြောင့် လောင်ကျိုးလည်း ဘာအတားအဆီးမှမရှိဘဲ ဗီလာဝင်းအတွင်းသို့ တန်းတန်းမတ်မတ် မောင်းဝင်လာနိုင်ခဲ့သည်။
ပျမ်းမျှဈေးနှုန်း၁.၈သန်းနှင့် ကြမ်းခင်းဈေးနှုန်းသန်းရှစ်ဆယ်ရှိသော ဗီလာများမှာ ယခုလောလောဆယ်တွင်မူ တော်ဝင်ပညာရှင်ကျိုး၏ အာရုံစိုက်မှုကို မဖမ်းစားနိုင်ခဲ့ပေ။ သူသည် ကျန်းမုန့်လောင်၏အိမ်သို့ တန်းတန်းမတ်မတ်ပြေးသွားပြီး တံခါးခေါက်လိုက်လေတော့သည်။
"ကောင်စုတ်လေး တံခါးဖွင့်ဦး!"
လုရီယောင်က တံခါးဖွင့်ပေးလိုက်ချိန်ဝယ် တော်ဝင်ပညာရှင်ကျိုးတစ်ယောက် ပျာယာခတ်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားရသည်။
ဤလူမှာ နိုင်ငံပေါင်းများစွာမှ သံတမန်များနှင့် ဆက်ဆံရာတွင်ပင် တည်တည်ငြိမ်ငြိမ်ရှိသူတစ်ယောက်ဖြစ်၏။ သို့သော် ယခုမူ ကပျာကယာနိုင်နေလေဟန်ပင်။
ဘာများ ဖြစ်တာပါလိမ့်။
"တော်ဝင်ပညာရှင်ကျိုး.. ဒီကို ဘာလို့ရောက်လာတာလဲ”
"အဲဒီကောင်စုတ်လေးကျန်းမုန့်လောင် ဘယ်မှာလဲ"
“သူ... သူ အပေါ်ထပ်မှာ ဂိမ်းဆော့နေတယ်။ ကျွန်မ သူ့ကို သွားခေါ်ပေးရမလား”
“ဂိမ်းဆော့နေတယ်ပေါ့။ ဒီလောက်အရေးကြီးတဲ့ ကိစ္စကြီးတစ်ခုရှိနေတာတောင် သူက အခုထိ ဂိမ်းဆော့နိုင်သေးတာလား"
တော်ဝင်ပညာရှင်ကျိုးခမျာ ဤသိပ္ပံပညာပိုင်းဆိုင်ရာ အောင်မြင်မှုများအပေါ် ကျန်းမုန့်လောင်က အလေးအနက် မထားသဖြင့် စိတ်လည်းတိုမိသလို အံ့လည်းအံ့သြမိသည်။
ဤသိပ္ပံအောင်မြင်မှုတစ်ခုချင်းစီတိုင်းက ကမ္ဘာကြီးကို တုန်လှုပ်သွားစေရန် လုံလောက်သည်။ ဤမျှ တန်ဖိုးရှိသောအရာတစ်ခု လက်ထဲတွင် ရှိနေပါလျက်နှင့် ကျန်းမုန့်လောင်က ဂိမ်းဆော့နိုင်သေးသလား။
သို့သော် ဤသို့ပြုမူခြင်းမှာ ကျန်းမုန့်လောင်၏ပုံစံ ဖြစ်နေသောကြောင့် ရယ်စရာလည်း ကောင်းနေပေသည်။
သူ့မျက်လုံးထဲတွင် ဤအရာများမှာ လုံးဝအရေးမပါပေ။ ဤသည်မှာ ကျန်းမုန့်လောင်ထံတွင် ပိုတန်ဖိုးရှိပြီး ပိုအဆင့်မြင့်သော နည်းပညာစီမံကိန်းများ ရှိနေလေကြောင်း သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြနေပေသည်။
"ထိုင်ပါဦး။ ကျွန်မ အပေါ်ထပ်ကို မြန်မြန်သွားပြီး ကျန်းမုန့်လောင်ကို ဆွဲခေါ်လာခဲ့ပါ့မယ်"
ကျန်းမုန့်လောင် အပေါ်ထပ်မှ ဆင်းလာချိန်ဝယ် "King's Canyon"ဂိမ်းထဲတွင် အာရုံရောက်နေဆဲပင်။
"သူ့ကိုလိုက်ဖမ်း! သတ်ပစ်လိုက်! လေးကြိမ်ဆက်တိုက်သတ်လိုက်ပြီ! ငါးကြိမ်ဆက်တိုက်သတ်လိုက်ပြီ! တော်တယ်!”
“နောက်တစ်ပွဲ.. နောက်တစ်ပွဲ..ဒီတစ်ချီတော့ ငါ အလယ်လမ်းကိုယူမယ်!”
...
"ကစားတာ တော်လောက်ပြီ!"
တော်ဝင်ပညာရှင်ကျိုးက ကျန်းမုန့်လောင်၏လက်ထဲမှ ဖုန်းကို ဆွဲယူလိုက်သည်။
"အရေးကြီးကိစ္စတစ်ခုရှိတယ်။ ငါ့အိမ်ကို မြန်မြန်လိုက်ခဲ့!"
"တော်ဝင်ပညာရှင်ကျိုး.. ခင်ဗျားမျက်နှာကို အိုးမည်းမသုတ်ဖို့အတွက် ကျွန်တော့်ကို ကျန်းနန်မြို့ကို မြန်မြန်ပြန်ခိုင်းထားတာမဟုတ်ဘူးလား။ ကျွန်တော်က ဘာလို့ ခင်ဗျားရဲ့အိမ်ကို လိုက်ခဲ့ရမှာလဲ"
"မင်းက ဈေးကိုင်နေတယ်ပေါ့လေ ဟုတ်လား"
တော်ဝင်ပညာရှင်ကျိုးက ကျန်းမုန့်လောင်၏ ရူးသွပ်ချင်စရာကောင်းသည့် စကားပြောဟန်ကို တဖြည်းဖြည်းကျင့်သားရလာဟန်တူသည်။
"ပစ္စည်းတွေက ဘယ်မှာလဲ"
“ဟဲဟဲဟဲ... ဒေါသမထွက်ပါနဲ့။ ဒီမှာပါ"
ကျန်းမုန့်လောင်က စားပွဲပေါ်ရှိ အဖြူရောင်စာရွက်ပုံကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒီစာရွက်စာတမ်းတွေက ဘာတွေလဲ"
လောင်ကျိုး၏ မျက်လုံးများမှာ ပြူးထွက်မတတ်ဖြစ်သွားရှာသည်။
စာရွက်စာတမ်းပုံကြီးက ကော်ဖီစားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် စီထားသော်လည်း အချို့စာရွက်များပေါ်တွင် ကွာစေ့များ ပြန့်ကျဲနေပြီး တချို့စာရွက်များပေါ်မှာတော့ ကွာစေ့ခွံများကို ထွေးထုတ်ထားသည်။
ဤအရာများမှာ တန်ဖိုးကြီးလှသော သုတေသနကုန်ကြမ်းပစ္စည်းများပင်။ အမှိုက်စက္ကူစများ မဟုတ်ချေ။
"အိုး..ဟိုနားမှာ နောက်ထပ်မိတ္ထူနှစ်စောင်ရှိသေးတယ်။ ဘာဖြစ်မှန်းတော့ ကျွန်တော်လည်းမသိဘူး။ အဲဒီစားပွဲရဲ့ ခြေတစ်ချောင်းက နည်းနည်းတိုနေတာလေ။ အဲဒါကြောင့် ကျွန်တော်လည်း အဲဒီစာရွက်တွေကို အောက်ကနေခုပြီး ထောက်ထားလိုက်တာ"
ကျန်းမုန့်လောင် လက်ညှိုးထိုးပြသည့်နေရာကို ကြည့်လိုက်သောအခါ လောင်ကျိုး၏သွေးပေါင်ချိန်မှာ နှစ်ဆနီးပါးထိုးတက်လာလုနီးပါးပင်။
တန်ဖိုးရှိလှသော သုတေသနစာရွက်စာတမ်းများကို ကွာစေ့ခွံများ ထွေးထုတ်ရန်အတွက် အသုံးပြုခြင်းကပင် ဆိုးရွားလွန်းလှပေသည်။ ထိုအရာများကို စားပွဲခြေထောက် ထောက်ရန်အတွက်ပင် အသုံးပြုထားသေးသည်။ အမျိုးသားသိပ္ပံကျောင်းတော်မှ လူအိုကြီးများသာ ဤအခြင်းအရာကို မြင်သွားပါက မီတာလေးဆယ်ရှည်လျားသော ဓားရှည်ကိုထုတ်ပြီး ကျန်းမုန့်လောင်ကို အစိတ်စိတ်အပိုင်းပိုင်း ခုတ်ပစ်ကြပေလိမ့်မည်။
"မင်း ဒီစာရွက်စာတမ်းတွေ ပျက်စီးသွားမှာ မကြောက်ဘူးလား"
လောင်ကျိုးက ခါးသက်သက်အပြုံးဖြင့် မေးလိုက်လေသည်။
"တကယ်လို့ ပျက်စီးသွားခဲ့ရင်လည်း ကျွန်တော် နောက်တစ်စောင်ထပ်ရေးလို့ မရလို့လား"
ကျန်းမုန့်လောင်က စိုးရိမ်ပူပန်မှုမရှိဘဲ ပြောလိုက်သည်။
"တကယ်လို့ ပျောက်သွားခဲ့ရင်ရော။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီပစ္စည်းတွေက နေရာအထားမှားပြီး မသမာတဲ့လူတွေလက်ထဲကို ရောက်သွားခဲ့ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မင်းသိလား"
ဤသည်မှာ လောင်ကျိုးအစိုးရိမ်ဆုံးအရာပင်။
အကယ်၍ ဤစာရွက်စာတမ်းများသာ အခြားနိုင်ငံမှ တစ်စုံတစ်ယောက်၏ လက်ထဲသို့ ရောက်သွားခဲ့ပါက ဟွာရှားနိုင်ငံ၏ပိုင်ဆိုင်မှု မဟုတ်တော့ပေ။ သူတို့ဘက်က သုတေသနရှာဖွေတွေ့ရှိချက်များကို တစ်ပုံစံတည်း ပြန်ထုတ်လုပ်နိုင်ခဲ့လျှင်ပင် တစ်ဖက်ကလည်း ဟွာရှားနိုင်ငံဘက်က သူတို့ထံမှ ခိုးယူထားသည်ဟု အလွယ်လေးစွပ်စွဲနိုင်သည်။
"ဒါဆိုလည်း တခြားတစ်ယောက်က ယူသုံးသွားတယ်ပေါ့။ ဒီလောက်ပါပဲ"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြပြီး ပြောလိုက်သည်။
"အများဆုံးရှိလှ.. ကျွန်တော် အချိန်နည်းနည်းလောက် ပိုပေးပြီး သုတေသနကို နောက်ထပ်အဆင့်တစ်ခုအထိ မြှင့်တင်လိုက်မယ်ဆိုရင် သူတို့ထက် ပိုထူးချွန်အောင် လုပ်လိုက်မယ်ဆိုရင် ရတယ်မလား"
ထိုမှတ်ချက်ကြောင့် လောင်ကျိုး၏နှုတ်ခမ်းမှာ တွန့်သွားရသည်။
"ဘာ? မင်းက အဲဒီသုတေသနစူးစမ်းမှုတွေကို လွယ်လွယ်လေးဖန်တီးခဲ့တယ်လို့ ပြောနေတာလား"
"ဟုတ်တယ်"
ကျန်းမုန့်လောင်က စိတ်တိုချင်စရာကောင်းသော စကားနောက်တစ်ခွန်းကို ပြောလိုက်သည်။
"ကျွန်တော် တော်တော်အာရုံစိုက်ပြီး ရေးလိုက်လို့ လက်ရှိခေတ်ထက် အနှစ်နှစ်ဆယ် ဒါမှမဟုတ် အနှစ်သုံးဆယ်လောက် အဆင့်မြင့်သွားခဲ့ရင် ဒီစီမံကိန်းကို တာဝန်ယူရတဲ့လူတွေ နားလည်နိုင်မှာမဟုတ်တော့ဘူးလေ။ ဟုတ်တယ်မလား။ အဲဒီအခါကျရင် ကျွန်တော်လည်း စီမံကိန်းတွေကို ရတော့မှာမဟုတ်ဘူးပေါ့"
"လာစမ်းပါ။ ဒီစာရွက်စာတမ်းတွေကိုယူပြီး ငါနဲ့အတူ လိုက်ခဲ့! မင်း ဒီနေ့ ငါ့အိမ်မှာ နေ့လယ်စာစားရမယ်!"
လောင်ကျိုးက ကျန်းမုန့်လောင်ကို သူ့အိမ်သို့ ကပျာကယာဆွဲခေါ်သွားလေသည်။
....
"လောင်ရွှီ.. ငါ အဲဒီလူကို ခေါ်လာခဲ့ပြီ!"
ခြံဝင်းထဲကို မရောက်သေးခင်မှာပင် လောင်ကျိုးက အကျယ်ကြီးအော်ပြောလိုက်သည်။
တော်ဝင်ပညာရှင်ရွှီနှင့် တော်ဝင်ပညာရှင်ကောင်းတို့လည်း အလောတကြီး ပြေးထွက်လာခဲ့ကြသည်။ သူတို့၏ အကြည့်က ကျန်းမုန့်လောင်ထံတွင် ခဏမျှရပ်တန့်နေပြီးမှ အကြည့်လွှဲသွားခဲ့သည်။ သူတို့ တွေးလိုက်သည်မှာ သည်လူငယ်လေးက ဤသုတေသနကို မည်သို့လုပ်ဆောင်နိုင်မည်နည်းဟူ၍ပင်။ ပညာရှင်တစ်ဦးဦး၏ မျိုးဆက်တစ်ယောက်များ ဖြစ်နေမလား။
"အဲဒီလူက ဘယ်မှာလဲ"
"သူပဲ!"
လောင်ကျိုးက ကျန်းမုန့်လောင်ကို လက်ညှိုးထိုးပြလိုက်သည်။
"သူလား"
"ဘာလဲ။ မယုံဘူးလား"
ကျန်းမုန့်လောင်က သူ့အသက်အရွယ်ကြောင့် လျှော့တွက်ခံရခြင်းကို ရိုးနေပြီဖြစ်၏။
စာရွက်စာတမ်းများကို သူရေးထားခြင်း မဟုတ်သော်လည်း သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတများအားလုံးကိုတော့ တစ်ချက်ကြည့်လိုက်ရုံဖြင့် နားလည်နိုင်သည်။ ထိုစာတမ်းများထဲမှ ပိုမိုနက်နဲသော အကြောင်းအရာများကိုပင် သူ တွက်ချက်နိုင်သည်။ သူ့ဗဟုသုတက ထိုတော်ဝင်ပညာရှင်များထက်ပင် ပိုပြည့်ဝပေသည်။
"ဒါဆို ကျွန်တော် ပြန်လိုက်ရတော့မလား"
"သူပဲ"
လောင်ကျိုး ခေါင်းညိတ်ပြလိုက်သည်။
"တော်ဝင်ပညာရှင်ဖန်းရဲ့ ထိန်းချုပ်နျူကလီးယားပေါင်းစည်းမှုစီမံကိန်းကို ခင်ဗျားတို့ သိတယ်မဟုတ်လား။ သူက အဲဒီအတွက် သီအိုရီပိုင်းဆိုင်ရာ အကူအညီပေးခဲ့တာ"
"ဘာ"
တော်ဝင်ပညာရှင်နှစ်ယောက်ခမျာ ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသည်။ ထိန်းချုပ်နျူကလီးယားပေါင်းစည်းမှုစီမံကိန်းမှာ နိုင်ငံတော်၏ လျှို့ဝှက်အဆင့်စီမံကိန်းတစ်ခုပင်။ ထိုစီမံကိန်းကို လုပ်ဆောင်နေကြောင်း သူတို့ သိရှိထားသော်လည်း ထိုအကြောင်းကိုသိထားသူမှာ ဆယ်ယောက်တောင်မပြည့်ပေ။
ထိုမျှအထိ ကြီးမားလှသောစီမံကိန်းကြီးတစ်ခုကို လူငယ်လေးတစ်ယောက်က သီအိုရီပိုင်းဆိုင်ရာ ထောက်ပံ့ပေးခဲ့သတဲ့လား။
ဘာသာရပ်တစ်ခုက ရူပဗေဒဖြစ်ပြီး နောက်တစ်ခုက ဆေးပညာပင်။ ဤနယ်ပယ်မှာ အလွန်ကျယ်ပြန့်လွန်းလှသည်မဟုတ်လား။
"ဟဲဟဲဟဲ အခုတော့ မသွားသေးပါနဲ့ဦး!"
တော်ဝင်ပညာရှင်နှစ်ယောက်စလုံးကလည်း အပြုံးကြီးပြုံးလိုက်လေသည်။
"မုန့်လောင်..ငါ မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒီလူက ကင်ဆာသုတေသနအထူးပြုထားတဲ့ တော်ဝင်ပညာရှင်ကောင်းတဲ့။ ဒီလူကတော့ စွမ်းအင်မြင့်ရူပဗေဒရဲ့ ကျွမ်းကျင်သူ တော်ဝင်ပညာရှင်ရွှီတဲ့။ သူက နိုင်ငံတော်စီမံကိန်းတွေအားလုံးကို စီမံခန့်ခွဲနေရတဲ့လူပေါ့"
ကျန်းမုန့်လောင်၏ မျက်လုံးများမှာ တောက်ပသွားလေသည်။ ထို့ကြောင့် လောင်ကျိုး၏အနောက်ရှိ လုံခြုံရေးများ၏ လက်ထဲမှ စာရွက်စာတမ်းများကို လက်ညှိုးထိုးပြပြီးနောက် ပြောလိုက်သည်။
"တော်ဝင်ပညာရှင်ရွှီ..ကျွန်တော် စီမံကိန်းအဆိုပြုချက်တွေအားလုံး ရေးပြီးသွားပြီ။ သီအိုရီပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ စမ်းသပ်ရေးအစီအစဉ်တွေလည်း ပါတယ်။ ဒီတော့ ကျွန်တော် ခင်ဗျားတို့ရဲ့စီမံကိန်းတွေအကုန်လုံးကို လိုချင်တယ်"
*************