← Chapters

တက္ကသိုလ်ကျောင်းဝင်းကို တိုးချဲ့ဖို့ စိတ်ဝင်စားလား

Vol. 34 Ch. 497

တက္ကသိုလ်ကျောင်းဝင်းကို တိုးချဲ့ဖို့ စိတ်ဝင်စားလား

Vol. 34 Ch. 497

ဟွာရှားနိုင်ငံမှ အချိန်အတော်ကြာအောင် ထွက်သွားခဲ့ရသည်ဖြစ်ရာ ပြန်ရောက်ရောက်ချင်း ကျန်းမုန့်လောင် ပထမဆုံးလုပ်သည့်အရာမှာ လုရီယောင်နှင့် ချစ်ရည်လူးခြင်းပင်။ သို့တိုင် ဤအကြောင်းအရာများမှာ ပရီမီယမ်အဆင့်အကြောင်းအရာများပင်။

...

"ဒါဆို နင့်ကိုသစ္စာဖောက်ခဲ့တဲ့လူတွေအကုန်လုံးကို တောင်းပန်ခိုင်းခဲ့တာပေါ့"

လုရီယောင်က ကျန်းမုန့်လောင်၏ရင်ဘတ်ပေါ်တွင် လဲလျောင်းနေရင်း တစ်ဖက်လူပြောပြသော ဇာတ်လမ်းကိုနားထောင်နေသည့်တစ်လျှောက်လုံး ပါးစပ်အဟောင်းသားဖြစ်နေလေသည်။

"ကိုယ့်ဘိုးဘေးတွေကြောင့်သာမဟုတ်ရင် မဟာလက်စ်မိသားစုလည်း လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကတည်းက ငတ်သေနေလောက်ပြီ။ အသုံးမကျတဲ့ ဒီမျိုးဆက်သစ်တွေက ကျေးဇူးတင်ရကောင်းမှန်းမသိဘဲ ပိုင်ဆိုင်မှုတွေကိုတောင် အပိုင်သိမ်းချင်နေတာ။ သူတို့ကိုမှ ပညာမပေးရင် ဘယ်သူ့ကို သွားပညာပေးရမှာလဲ"

"တန်ဘတ်နိုင်ငံကို ထောက်ပံ့ဖို့အတွက် စစ်သုံးကိရိယာတွေကိုဝယ်ပြီး ရန်သူ့ရှေ့တန်းမှာ စစ်သုံ့ပန်းတွေကို အမျိုးသမီးအဝတ်အစားတွေ ဝတ်ခိုင်းတယ်တဲ့လား..နင့်ခေါင်းထဲမှာ ဘာတွေများတွေးနေတာလဲ။ မစင်တွေပြည့်နေတာလား"

လုရီယောင်မှာ ကျန်းမုန့်လောင်၏စရိုက်ကို ဟိုးယခင်ကတည်းက သိကျွမ်းထားပြီးဖြစ်သော်ငြား သူ့လုပ်ရပ်တစ်ခုချင်းစီတိုင်းက "ဝင့်ကြွားခြင်း"ဟူသော စကားလုံးအပေါ် သူ(မ) နားလည်ထားသည့်အမြင်များကို ပြန်လည်ဆန်းသစ်စေသည်။

ဝင့်ကြွားလှသောအမူအရာနှင့် ပတ်သက်လာလျှင် ကျန်းမုန့်လောင်ကသာ သူ့ကိုယ်သူ ကမ္ဘာ့ဒုတိယအဆင့်ဟု ပြောလာခဲ့ပါက ကမ္ဘာဆုံးသည့်တိုင် မည်သူကမှ သူတို့ကိုယ်သူတို့ ပထမအဆင့်ပါဟု ပြောရဲမည်မဟုတ်။

"ဟားဟားဟား မစင်တွေချည်းပြည့်နေတာမဟုတ်ပါဘူး။ မင်းလည်း ရှိပါသေးတယ်"

ကျန်းမုန့်လောင်က ထိုသို့ပြောပြီးနောက် လုရီယောင်၏မျက်နှာထက် အနမ်းခြွေလိုက်သည်။

"တော်ပါပြီ။ ကျေးဇူးပါနော်။ ငါကတော့ အညစ်အကြေးတွေနဲ့ ရောမနေချင်ဘူး"

"ဟားဟားဟား.. နောက်အပတ်ကစပြီး ငါတို့တွေက တရားဝင်ဘွဲ့လွန်ကျောင်းသားတွေ ဖြစ်သွားပြီ။ မင်း ဘာတွေတွေးထားလဲ ကျောင်းသူလုရီယောင်"

"အဲဒီအကြောင်းပြောရရင် စိတ်တိုတယ်"

လုရီယောင်က စူပုတ်နေချေသည်။

"ငါတို့ ကျောင်းသွားကျောင်းပြန် အတူမလုပ်နိုင်တော့မှာစိုးတယ်"

"အာ? ဘာလို့လဲ"

ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် လုရီယောင်၏ ဂီတကောလိပ်ကြားတွင် လမ်းတစ်လမ်းသာ ခြားသည်ဖြစ်ရာ ဆယ့်ငါးမိနစ်လောက်သာ လမ်းလျှောက်ရသည်။

သူ့ဆီမှာ လမ်ဘော်ဂီနီထုတ်လျှပ်စစ်စကူတာလေးတစ်စီးလည်းရှိ၏။ ဤပျော်ရွှင်မှုကား ပြိုင်ကားများကို စီးခြင်းနှင့် မတူပေ။

"မနှစ်တုန်းက ကပ်ရောဂါကြောင့်မဟုတ်လား။ ဒီနှစ် ဘွဲ့လွန်ကျောင်းသားတွေရဲ့ ကျောင်းအပ်နှံမှုက တိုးလာတယ်လေ"

လုရီယောင်က စိတ်ဓာတ်ကျနေသော လေသံဖြင့် ပြောလေသည်။

"ဒီနှစ် ငါတို့ဂီတကောလိပ်က မနှစ်တုန်းကနဲ့ယှဉ်ရင် ကျောင်းအပ်နှံမှုနှစ်ဆယ်ရာခိုင်နှုန်းလောက် တိုးလာတယ်လေ။ အဲဒါကြောင့် တက္ကသိုလ်ကျောင်းဝင်းထဲက စာသင်ခန်းတွေနဲ့ အဆောင်ခန်းတွေက မလောက်တော့ဘူး။ ကျောင်းက စီစဉ်ပေးသလိုဆိုရင် ငါတို့ရဲ့ပေါ့ပ်သီချင်းမေဂျာက တခြားကျောင်းဝင်းကို ပြောင်းရမှာတဲ့"

"ဘယ်ကျောင်းဝင်းလဲ"

"လင်းသုန်းခရိုင်ထဲက ကျောင်းဝင်းလေ"

"သေစမ်း! အဲဒီလိုဆိုရင် ငါတို့က အဝေးရောက်ချစ်သူတွေ လုပ်ရတော့မှာပေါ့"

ကျန်းမုန့်လောင်မှာ မဆဲဘဲ မနေနိုင်ချေ။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တည်ရှိရာနေရာဖြစ်သော လင်းသုန်းခရိုင်နှင့် ကျန်းသုန်းခရိုင်တို့မှာ ကျန်းနန်မြို့ထဲတွင်သာ ရှိသော်ငြား တစ်ခုက အရှေ့ဘက်တွင်ဖြစ်ပြီး နောက်တစ်ခုက အနောက်ဘက်တွင် ရှိ၏။ သူတို့ကြားရှိ အကွာအဝေးမှာ လေးဆယ်ကီလိုမီတာတိတိပင်။

ကျန်းမုန့်လောင်တွင် ကိုယ်ပိုင်လေယာဉ်တစ်စီးရှိသော်ငြား ဤသည်မှာ သယ်ယူပို့ဆောင်ရေးပြဿနာမဟုတ်ပေ။ ဤသို့ဆိုလျှင် တက္ကသိုလ်ကျောင်းတွင်းအချစ်ရေး၏ ချိုမြိန်မှုကို ခံစားရတော့မည်မဟုတ်ချေ။

ကျန်းမုန့်လောင်သည် ကျောင်းတွင်းအချစ်ရေးကို အလွန်သဘောကျနှစ်ခြိုက်သူဖြစ်၏။ သူ့စိတ်ကူးယဉ်အချစ်ရေးတွင် အတန်းအတူတက်ပြီး ကျောင်းဝင်းတစ်လျှောက် လည်ပတ်ကာ ကန်တင်းတွင် အတူစားသောက်ရန်ပင်။

သို့သော် လုရီယောင်ကသာ ထိုကျောင်းဝင်းသို့ တကယ်သွားရမည်ဆိုလျှင် ထိုမြင်ကွင်းအားလုံးလည်း မြင်ရတော့မည်မဟုတ်။

ထိုသို့တွေးမိသောအခါ ကျန်းမုန့်လောင်၏မျက်နှာမှာ သုန်မှုန်သွားလေတော့သည်။

"ကဲ ဝမ်းနည်းမနေနဲ့တော့။ နည်းနည်းပဲဝေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ညရောက်ရင် နင်နဲ့အတူ အိမ်မှာ ညစာစားလို့ရတာပဲ"

လုရီယောင်က ချော့မော့နှစ်သိမ့်လိုက်၏။

"မတူဘူးလေ။ ငါတို့ရဲ့ဘွဲ့လွန်က သုံးနှစ်တောင် ရှိသေးတယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ငါ တစ်ခုခုကြံလိုက်ဦးမယ်။ မင်းကို အဲဒီနေရာကိုမလွှတ်နိုင်ဘူး။ ဒီလိုဆိုရင် အဝေးရောက်ချစ်သူတွေ ဖြစ်ကုန်မှာပေါ့"

"ဖွီး!"

လုရီယောင်ခမျာ အော်မရယ်ဘဲ မနေနိုင်ချေ။ တစ်မြို့တည်းတွင် လေးဆယ်ကီလိုမီတာသာ ကွာဝေးသော်လည်း ယာဉ်ပိတ်လှသော ဤမြို့ကြီးထဲတွင် ဤသည်မှာ အဝေးရောက်အချစ်ရေးတစ်ခုဟု ခေါ်ဆိုထိုက်သည်။

ဖွံ့ဖြိုးတိုးတက်နေသော မြေအောက်ရထားလမ်းစနစ်တစ်ခု ရှိနေလျှင်ပင် ဤလေးဆယ်ကီလိုမီတာအကွာအဝေးကို အရောက်သွားရန်အတွက် နှစ်နာရီခန့် ကြာပေမည်။ သာမန်လူတစ်ယောက်အနေနှင့် ဤမျှအထိ အချိန်ကုန်မည့်အရေးကို သည်းခံနိုင်မည်မဟုတ်ပေ။

ကျန်းမုန့်လောင်တွင် ကိုယ်ပိုင်လေယာဉ်တစ်စီး ရှိသော်ငြား မြို့ပေါ်တွင် ဟယ်လီကော်ပတာကိုသာ အသုံးပြုနိုင်သည်ဖြစ်ရာ သူသွားချင်သည့်နေရာတိုင်းကို သွားမရချေ။ တစ်ကြိမ်သွားတိုင်း ခွင့်ပြုချက်တောင်းခံရန် လိုအပ်သဖြင့် အလွန်ဒုက္ခများလှသည်။ ထို့ကြောင့် ကျန်းမုန့်လောင် စိတ်တိုနေတာလည်း မဆန်းပေ။

ကျန်းမုန့်လောင်လည်း ဟုန်းရီ၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"ဟုန်းရီ.. ငါ မင်းကို ကိစ္စတစ်ခုအတွက် အဖြေထုတ်ခိုင်းမလို့"

ကျန်းမုန့်လောင်လည်း ဖြစ်စဉ်အကြောင်းအရာကို ဟုန်းရီအား ရှင်းပြလိုက်သည်။

"ဒီကိစ္စကိုဖြေရှင်းနိုင်မဲ့ နည်းလမ်းတစ်ခုခုရှိလား။ လင်းသုန်းခရိုင်ကို ပြောင်းရွှေ့ရမဲ့ဌာနကို ပြောင်းတာပဲဖြစ်ဖြစ်ပေါ့"

"မစ္စတာကျန်း.. အဲဒါက နည်းနည်းခက်ခဲပါတယ်။ ကျန်းသုန်းခရိုင်ထဲက တက္ကသိုလ်တွေမှာ ပညာရေးအာဏာပိုင်အဖွဲ့အစည်းတွေ ရှိပြီးသားပါ။ ကျွန်မတို့သာ အပြောင်းအလဲလုပ်ချင်တယ်ဆိုရင် ခွင့်ပြုမိန့်တောင်းခံတဲ့ လုပ်ငန်းစဉ်အရှည်ကြီးကို လုပ်ရမှာပါ"

"လင်းသုန်းခရိုင်ကရော"

"လင်းသုန်းခရိုင်ကျောင်းဝင်းက မကြာခင်ကမှ ဆောက်လုပ်ပြီးစီးထားတာမို့ သက်ဆိုင်ရာလုပ်ငန်းစဉ်တွေက တစ်လနှစ်လလောက် နှောင့်နှေးနိုင်ပါတယ်။ ပေါ့ပ်ဂီတမေဂျာရဲ့နေရေးထိုင်ရေးကို အရင်စီစဉ်လို့ရပါတယ်"

"နည်းလမ်းတစ်ခုခုရှိလို့လား"

"ရှိပါတယ်။ ကျန်းသုန်းခရိုင်ဂီတကောလိပ်ကို တိုးချဲ့ဖို့ပါ။ ကျောင်းသူကျောင်းသားတွေအတွက် နေစရာနေရာကို ဆောက်ပေးမယ်ဆိုရင် ပြဿနာလည်း ဖြေရှင်းပြီးသား ဖြစ်သွားပြီလေ"

"ထားလိုက်တော့"

ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်မိသည်။ တိုးချဲ့ခြင်းကား ငွေရေးကြေးရေးသာ အဓိကကျသောကိစ္စတစ်ခုဖြစ်လေရာ ဘီလီယံအနည်းငယ်သုံးစွဲရုံမျှဖြင့် ကျန်းမုန့်လောင်အား ပြီးပြည့်စုံသော ကျောင်းတွင်းအချစ်ရေးကို ရရှိစေမည်ဆိုပါက ထိုပိုက်ဆံကို တွန့်တိုနေမည်မဟုတ်ပေ။

သို့သော် သူတို့သာ တကယ်တိုးချဲ့မည်ဆိုပါက ကောလိပ်အဆောက်အအုံတစ်ခုကို တည်ဆောက်ရုံမျှဖြင့် နှစ်နှစ်သုံးနှစ်လောက် ကြာမြင့်နိုင်သည်။ ထိုအချိန်လောက်ဆိုလျှင် သူတို့လည်း ဘွဲ့ရပြီးနေချေပြီ။ သို့ဆိုလျှင် ဘာများအသုံးဝင်မည်နည်း။

ထို့ပြင် ကျောင်းဆိုသည်မှာ သူတို့စိတ်ကြိုက် တိုးချဲ့နိုင်သောအရာမဟုတ်ပေ။ မစ္စတာကျိုး၏အဆက်အသွယ်များမှတစ်ဆင့် ခွင့်ပြုမိန့်လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်သော်ငြား မြေနေရာကိုလည်း တိုးချဲ့ရန် လိုအပ်လေသည်။

ဂီတကောလိပ်၏သုံးဖက်သုံးတန်တွင် တက္ကသိုလ်များ ဝိုင်းနေသည်ဖြစ်ရာ နောက်ထပ်ကျောင်းတစ်ကျောင်း ထပ်ဖြည့်၍ မရနိုင်တော့ပေ။

တစ်ဖက်တွင်လည်း ဂိမ်းကုမ္ပဏီတစ်ခု၏ ဌာနချုပ်တစ်ခုရှိနေလေရာ ကျောင်း၏မြေနေရာတိုးချဲ့ရန်အတွက် သူတို့၏အဆောက်အအုံကို သွားသိမ်းပိုက်၍ မဖြစ်သေးချေ။ ထို့ပြင် ဆောက်လုပ်ရေးကလည်း အချိန်ယူရဦးမည်မဟုတ်လား။

ခဏနေဦး!

ကျန်းမုန့်လောင်၏မျက်ဝန်းအစုံမှာ လင်းလက်သွားရသည်။

ထိုဂိမ်းကုမ္ပဏီဌာနချုပ်၏ အဆောက်အအုံဖွဲ့စည်းပုံက သင်ကြားရေးအဆောက်အအုံတစ်ခုအဖြစ် ပြောင်းလဲရန် သင့်တော်လှသည်မဟုတ်ပါလား။ ကွန်ယက်ပိုင်း၊ ဆက်သွယ်ရေးအပိုင်း။ လျှပ်စစ်ပိုင်း စသဖြင့် ဌာနအမျိုးမျိုးလည်း အပြည့်အစုံရှိသော ကုမ္ပဏီတစ်ခုပင်။

သူတို့အနေနှင့် ပြုပြင်ပြောင်းလဲမှုအနည်းငယ်လုပ်ပြီး သင်ကြားရေးပစ္စည်းများကို ထည့်သွင်းရန်သာ လိုအပ်သည်။ သူတို့တွင် ဝန်ထမ်းအရေအတွက်နှင့် လုပ်ဆောင်ရည်မြင့်မားမှုသာရှိပါက အများဆုံး တစ်ပတ်အတွင်းမှာပင် အကောင်အထည်ပေါ်လာလိမ့်မည်။

"ငါက ဉာဏ်ကြီးရှင်ပဲ!"

ကျန်းမုန့်လောင်မှာ ဉာဏ်နီဉာဏ်နက်ထွက်လှသော သူ့ခေါင်းကို ရိုက်လိုက်မိသည်။ ဤအဖြေက သူ့ဆီကိုမှ တမ်းတန်းမတ်မတ်ရောက်လာသည်မဟုတ်ပါလား။

"ဟုန်းရီ..ဂီတတက္ကသိုလ်ဥက္ကဋ္ဌရဲ့ဖုန်းနံပါတ်ကို ရှာပေးစမ်းပါ"

"နင် ဘာလုပ်မလို့လဲ"

လုရီယောင်လည်း အလွန်စိတ်လှုပ်ရှားတက်ကြွနေသော ကျန်းမုန့်လောင်ကို ကြည့်လိုက်မိသည်။

"နင် ဒီတစ်ခေါက် ဘယ်လိုရွှေဉာဏ်တော်စူးရောက်ပြန်ပြီလဲ"

"ဟက်ဟက်.. ခဏနေရင် သိရလိမ့်မယ်"

မိနစ်အနည်းငယ်အတွင်းမှာပင် ဟုန်းရီက ကျန်းမုန့်လောင်၏ဖုန်းထဲသို့ ဖုန်းနံပါတ်တစ်ခုကို ပို့ပေးလေသည်။

ယခုမူ ညရှစ်နာရီမျှသာ ရှိသေးသဖြင့် ထိုဥက္ကဋ္ဌကသာ ကျန်းမာရေးလိုက်စားလွန်းသူတစ်ယောက် မဟုတ်ပါက ယခုအထိ အိပ်ရာဝင်ဦးမည်မဟုတ်။

...

တက္ကသိုလ်စာသင်နှစ်အစပိုင်းဟာ ဆရာများအားလုံးအတွက် ခေါင်းကိုက်ချင်စရာပင်။ တစ်နေကုန်အလုပ်လုပ်ပြီးနောက် ဂီတတက္ကသိုလ်၏ဥက္ကဋ္ဌဖြစ်သူ ကောင်းယွဲ့ဝေခမျာ အဆုံးမှာတော့ နားချိန်ရလိုက်လေပြီ။

"ခဏလေးတောင် ငြိမ်းငြိမ်းချမ်းချမ်းမနေရပါလား"

ဖုန်းမြည်သံကို ကြားလိုက်ရချိန်ဝယ် ကောင်းယွဲ့ဝေတစ်ယောက် မဲ့ပြုံးပြုံးလိုက်မိသည်။

"ဟယ်လို ကောင်းယွဲ့ဝေပြောနေပါတယ်"

ကောင်းယွဲ့ဝေ၏အတွေ့အကြုံအရ ဖုန်းခေါ်ဆိုသူမှာ ပါမောက္ခတစ်ယောက် သို့မဟုတ် သြဇာအာဏာရှိသောကျောင်းသားမိဘတစ်ယောက်ယောက် ဖြစ်လိမ့်မည်။ ဤသည်မှာ နှစ်ပေါင်းများစွာကြာအောင် ဥက္ကဋ္ဌဖြစ်လာခဲ့သူတစ်ယောက်အတွက်တော့ မဆန်းလှပေ။

"မင်္ဂလာပါ ပါမောက္ခကောင်း.. ကျွန်တော်က ကျန်းမုန့်လောင်ပါ။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ကျောင်းသားတစ်ယောက်ပါ"

"သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကျောင်းသားလား"

ကောင်းယွဲ့ဝေခမျာ အံ့သြမှင်တက်သွားလေသည်။ ဤသည်မှာ အဆက်အစပ်မရှိလှသော ဆက်သွယ်မှုပင်။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ယောက်က သူ့ကို ဘာကြောင့် ဆက်သွယ်ရသလဲ။ ထို့ပြင် ဤကျောင်းသားက သူ့ကိုယ်ပိုင်ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ?

ကျန်းမုန့်လောင်တဲ့လား? ဒီနာမည်ကို ဘာလို့ရင်းနှီးနေပါလိမ့်? ဂီတတက္ကသိုလ်က ကျောင်းသားတစ်ယောက်က တခြားနေရာမှာ ပြဿနာသွားရှာခဲ့လို့ လာအတိုင်ခံရတာများလား?

"ဘာများကူညီပေးရမလဲ ကျောင်းသားလေး"

ဥက္ကဋ္ဌကောင်းက မေးလိုက်၏။

"ဥက္ကဋ္ဌကောင်း.. ခင်ဗျား ကျောင်းဝင်းကိုတိုးချဲ့ဖို့ စိတ်ဝင်စားလား"

**************

All Chapters