ကျွန်တော် အဝေးရောက်ချစ်သူဘဝကို မရောက်ချင်လို့
Vol. 34 Ch. 498
"ဟင်?"
ဥက္ကဋ္ဌကောင်းခမျာ နားမလည်နိုင်ဖြစ်သွားရှာသည်။ ဤမေးခွန်းကြောင့် သူ နားရှုပ်သွားသည်။
"သြော်.. ကျွန်တော်ဆိုလိုချင်တာက ကျန်းသုန်းခရိုင်ထဲက လက်ရှိကျောင်းဝင်းကို တိုးချဲ့မလားလို့ပါ"
ကျန်းမုန့်လောင် ထပ်ဖြည့်ပြောလိုက်သည်။
ကျောင်းဝင်းကို တိုးချဲ့ဖို့လား? သူ သေချာပေါက်စိတ်ဝင်စားသည်။ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြသော ကျောင်းသားအရေအတွက်မှာ နှစ်စဉ်မြင့်တက်လျက်ရှိ၏။ သို့ဖြစ်လေရာ ဝင်ခွင့်ရသော ကျောင်းသားအရေအတွက်ကလည်း တဖြည်းဖြည်းမြင့်တက်နေချေသည်။
သူတို့သာ ကျောင်းဝင်းကို တိုးချဲ့လိုက်ပါက ကျောင်းအပ်နှံသူအရေအတွက်ကို တိုးမြှင့်နိုင်သည်။ သို့ဖြစ်လေရာ ကျောင်းအုပ်ဖြစ်သော သူ့အတွက်တော့ ဤသည်မှာ အောင်မြင်မှုကြီးတစ်ခုပင်။
သို့သော် လူအင်အားရော ငွေအင်အားပါ အကုန်အကျများသော ယခုလိုကိစ္စမျိုးမှာ မြေနေရာရှာဖွေခြင်းမှ ရန်ပုံငွေထောက်ခံချက်တောင်းခံခြင်းအထိ အချိန်သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်နိုင်သည်။
အရေးအကြီးဆုံးအဆင့်ကား ရန်ပုံငွေလျှောက်ထားသည့်ကိစ္စပင်။ မြေနေရာတိုးချဲမည့် လုပ်ငန်းစဉ်မှာ အင်အားစိုက်ထုတ်မှုအများအပြားကို လိုအပ်လေသည်။ ထို့ပြင် အစိုးရရန်ပုံငွေမှာ ကောင်းကင်ပေါ်က ပြုတ်ကျလာခြင်းမဟုတ်ချေ။ နှစ်စဉ်ဘတ်ဂျက်ငွေကလည်း အကန့်အသတ်ရှိပြီး ကျောင်းပေါင်းများစွာကလည်း လျှောက်ထားနေကြသည်။
အနုပညာတက္ကသိုလ်တစ်ခုအနေနှင့် ကျန်းနန်ဂီတတက္ကသိုလ်မှာ နိုင်ငံ့ထိပ်တန်းအဆင့်အဖြစ် တန်းဝင်လေသည်။ သို့သော် သိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်များကို အာရုံစိုက်ထားသော ထိုတက္ကသိုလ်ကြီးများနှင့်ယှဉ်လျှင် သူတို့က နောက်ကောက်ကျကျန်ရစ်နေပေသည်။ သိပ္ပံနှင့် အင်ဂျင်နီယာတက္ကသိုလ်များရှိ သိပ္ပံသုတေသနများမှာ ဈေးအကြီးဆုံးဖြစ်လေရာ ဂီတတက္ကသိုလ်လေးများမှာ ရန်ပုံငွေလောက်လောက်ငှငှမရရှိပေ။
လင်းသုန်းခရိုင်၏ တက္ကသိုလ်ပရောဂျက်များမှာ လွန်ခဲ့သည့်ရှစ်နှစ်တုန်းက ဗျူရိုအဆင့်လုပ်ငန်းစဉ်များကို စတင်ခဲ့သည်။ မြေနေရာရရှိရန်အတွက်ပင် အချိန်နှစ်နှစ်ယူခဲ့ရပြီး ရန်ပုံငွေခွင့်ပြုမိန့်ရရန်အတွက် နောက်ထပ်သုံးနှစ်ကြာခဲ့ပေသည်။ ကျောင်းဝင်းတည်ဆောက်မှုကပင် နောက်ထပ်သုံးနှစ်ကြာမြင့်ပြီး ဤသည်မှာလည်း လူသူအရောက်အပေါက်နည်းသော တည်နေရာတစ်ခုတွင် ဆောက်ထားခြင်းဖြစ်၏။
ကျောင်းနယ်မြေကို တိုးချဲ့လိုက်လျှင်ပင် စီမံခန့်ခွဲရေးအပိုင်း၌ ပြဿနာတက်လာစေနိုင်သည်။ ကျောင်းဝင်းနှစ်ခုအတွက် သင်ကြားရေးဝန်ထမ်းများနှင့် စီမံခန့်ခွဲရေးကုန်ကျစရိတ်များကလည်း ပိုများလာလိမ့်မည်။
အကယ်၍ ပင်မကျောင်းဝင်းကို တိုးချဲ့နိုင်ခဲ့လျှင် တက္ကသိုလ်၏ သြဇာလွှမ်းမိုးမှုနှင့် ဂုဏ်သတင်းကို မြှင့်တင်နိုင်ရုံသာမက စီမံခန့်ခွဲရေးအကျပ်အတည်းကို လျှော့ချနိုင်ပြီး စည်းစည်းလုံးလုံးလည်း ထားနိုင်လိမ့်မည်။ ဤနည်းက သိသာထင်ရှားလှသော အကျိုးအမြတ်များကို သယ်ဆောင်လာပေးမည်မှာ မလွဲမသွေပင်။
သို့သော် မည်သို့တိုးချဲ့ရမည်နည်း။ တိုးချဲ့ရန်အတွက် ဘာကိုအသုံးပြုရမလဲ။
ကျောင်းဝင်း၏သုံးဖက်သုံးတန်တွင် ကျောင်းများဖြင့် ပြည့်နှက်နေပြီး ကျန်တစ်ဖက်တွင်လည်း ဝန်ထမ်းပေါင်းနှစ်ထောင်ကျော်ရှိသည့် အထပ်နှစ်ဆယ်ကျော်ကုမ္ပဏီကြီးတစ်ခုရှိ၏။ သူတို့အနေနှင့် ကျောင်းဆောက်ရန်အတွက် ထိုကုမ္ပဏီ၏အဆောက်အအုံကို ဖြိုချရမည်လား။
သူတို့တွင် ဆောက်လုပ်ရေးအတွက် မြေနေရာရှိသည်ဆိုလျှင်ပင် ကျန်းသုန်းခရိုင်ထဲ၌ တက္ကသိုလ်ဆယ်ခုနီးနီးရှိ၏။ ဘယ်ကျောင်းမှာများ မြေနေရာအလုံအလောက်ရှိနေလို့လဲ။ သူတို့အားလုံးမှာ မြေနေရာအလွတ်လေးတွေ့တိုင်း မျက်စိကျနေကြသူများပင်။
အထူးသဖြင့် ယခုနှစ်ထဲတွင် ရန်ပုံငွေအများကြီးကို လျှို့ဝှက်ဆန်းကြယ်စွာ ရရှိခဲ့သည့် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ပင်။ သူတို့သည် ဆရာခန့်အပ်ရေးနှင့် အဆောက်အအုံဆောက်လုပ်ရေးကို အရူးအမူးလုပ်ဆောင်နေကြသည်။ သူတို့က အခြားခရိုင်ထဲတွင်ပါ မြေနေရာတစ်ကွက်ကို ဝယ်ယူခဲ့သေးသည်။ ဆောက်လုပ်ရေးကုန်ကျစရိတ်များမှာ စီစဉ်ထားပြီးဖြစ်ပြီး အလုပ်စတင်ရန်သာ လိုတော့ကြောင်း ကောလာဟလများ ထွက်နေသည်။
ဤသတင်းကြောင့် သူလည်း မနာလိုဖြစ်မိသည်။
"လူငယ်လေး..မင်း ဘာလိုချင်လို့လဲ။ ငါ ဒီဘက်မှာ အရမ်းအလုပ်များနေတာ။ ဘာကိစ္စမှမရှိဘူးဆိုရင် ငါ့အလုပ်ကို လာမနှောင့်ယှက်ပါနဲ့"
ဥက္ကဋ္ဌကောင်းက သူ့တည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲပင်။ ဤကျောင်းသားက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ဂုဏ်ဖော်ရန်အတွက် စေလွှတ်လိုက်သော ကျောင်းသားတစ်ယောက်လေလား။
"ဥက္ကဋ္ဌကောင်း..ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ။ ခင်ဗျား ကျောင်းဝင်းကိုတိုးချဲ့ချင်လား။ မတိုးချဲ့ချင်ဘူးလား"
ကျန်းမုန့်လောင် တစ်လုံးချင်းစီရွတ်၍ မေးလိုက်၏။
"တိုးချဲ့ချင်တယ်ဆိုရင် ကျွန်တော် ငွေကြေးထောက်ပံ့ပေးမယ်။ လျှောက်ထားရေးအတွက်လည်း အဆက်အသွယ်တွေကို သုံးပေးမယ်။ ခင်ဗျားဘက်က အထက်လူကြီးတွေကို တောင်းဆိုလွှာတင်ပေးရုံပဲ"
"ကောင်လေး..နောက်မနေနဲ့"
ဥက္ကဋ္ဌကောင်းခမျာ လုံးဝဆွံ့အသွားရချေသည်။
ဒီကျောင်းသားက ရူးများရူးနေတာလား?
"ဘန်း!"
ထိုအချိန်မှာပင် ကျောင်းအုပ်ရုံးခန်းထဲသို့ လူတစ်ယောက်က အတင်းဝင်ရောက်လာသည်။
"ဒါရိုက်တာဝူ.. ဘာကိစ္စလဲ"
ကျောင်းအုပ်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒါရိုက်တာဝူက တက္ကသိုလ်၏ ဘဏ္ဍာရေးဌာနခေါင်းဆောင်ဖြစ်ပြီး ကျောင်း၏ငွေစာရင်းအားလုံးနီးပါးကို ကိုင်တွယ်စီမံရသည်။ သူက စေ့စပ်တိကျပြီး တာဝန်ကျေပွန်သူတစ်ယောက်ဟု လူသိများသည်။
"ကျောင်း..ကျောင်းအုပ်ကြီး.. ကျွန်တော်တို့တက္ကသိုလ်က ပရောဂျက်အကြီးစားတစ်ခုအတွက်များ လျှောက်လွှာတင်ထားသေးလား။ အဲဒီလိုကိစ္စကြီးကို ဘာလို့ ဘယ်သူကမှ ကျွန်တော့်ကို မပြောပြကြတာလဲ"
ဒါရိုက်တာဝူက မေးကြည့်လိုက်သည်။
"ပရောဂျက်လား။ ဘာပရောဂျက်လဲ"
ဥက္ကဋ္ဌကောင်းခမျာ နဝေတိမ်တောင်ဖြစ်သွားလေသည်။
"ခင်ဗျားပြောနေတာ သင်ကြားရေးသုံးသပ်မှုပရောဂျက်လား"
"မဟုတ်ပါဘူး!"
ဒါရိုက်တာဝူခမျာ ရူးသွပ်လုမတတ်ပင်။
"ကျွန်တော်က ရန်ပုံငွေလိုအပ်တဲ့ ကျောင်းဆောက်လုပ်ရေးပရောဂျက်ကိုပြောနေတာ"
ကျောင်းအုပ်ကြီး၏ ငေးကြောင်ကြောင်အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ ကျောင်းဘက်က ထိုကဲ့သို့သောပရောဂျက်မျိုးကို လျှောက်ထားဖူးခြင်းမရှိကြောင်း ဒါရိုက်တာဝူ သိလိုက်ရသည်။ သို့မဟုတ်ပါက လျှောက်ထားခဲ့ဖူးသည့်တိုင် ကျောင်းအုပ်ကြီးကိုယ်တိုင် မသိဘူးဆိုသည်မှာ အဓိပ္ပာယ်မရှိလှပေ။
"ဘာဖြစ်လို့လဲ"
"ကျောင်းအုပ်ကြီး.. ကျွန်တော်တို့ကျောင်းရဲ့အကောင့်ထဲကို ဘာနာမည်ဘာမှတ်ချက်မှမတပ်ထားဘဲ ငွေတွေအများကြီးဝင်လာလို့။ ကျွန်တော်တို့ ပေးပို့သူရဲ့အကောင့်နဲ့ ဘဏ်ကိုပဲ ခြေရာခံလို့ရခဲ့တယ်"
"ပိုက်ဆံက ဘယ်လောက်လဲ"
"သန်းငါးရာ!"
"ဘာ?"
ကျောင်းအုပ်ကြီးမှာ ရုတ်ခြည်းမဆ်တတ်ထရပ်လိုက်မိသည်။
"ဒီပိုက်ဆံနဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရထားဘူးလား"
ဤသည်မှာ ကိစ္စသေးသေးလေးမဟုတ်ပေ။ သူတို့ကျောင်းအနေနှင့် နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာရေးအစီရင်ခံစာကို တင်ပြရသည်။ အကယ်၍ စာရင်းမကိုက်ပါက ပြဿနာအကြီးအကျယ်တက်ပေလိမ့်မည်။ ရှင်းပြရခက်သော ပိုက်ဆံသန်းငါးရာက ရုတ်တရက်ကြီးပေါ်ပေါက်လာလေရာ များပြားလှသော စာရင်းကွာဟချက်ကြောင့် သူ ခပ်စောစောအငြိမ်းစားယူသွားရနိုင်သည်။
"ကျောင်းအုပ်ကောင်း.. အဲဒီပိုက်ဆံက ကျွန်တော်လွှဲလိုက်တာပါ"
ထိုအချိန်မှာပင် ကျန်းမုန့်လောင်၏အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
"ဒါရိုက်တာဝူ.. ခင်ဗျား အပြင်အရင်ထွက်နေလိုက်ပါဦး"
ကျောင်းအုပ်က လက်ခါယမ်းပြပြီးနောက် ထိုင်ခုံနေရာသို့ ပြန်သွားထိုင်ကာ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ရန်အတွက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"ဒီကကျောင်းသား.. အဲဒီပိုက်ဆံကို တကယ်ပဲ မင်းလွှဲလိုက်တာလား"
"တခြားဘယ်သူရှိရမှာလဲ။ ခင်ဗျားကို အကောင့်နံပါတ်နဲ့ ငွေလွှဲအမှတ်စဉ်နံပါတ်ကိုပါ ပြောပြရဦးမလား"
"မလိုပါဘူး"
ကျောင်းအုပ်ကြီးမှာ ရုတ်ခြည်းပင် တစ်စုံတစ်ခုကို အမှတ်ရလိုက်သည်။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတဲ့လား? ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ရုတ်တရက်ကြီး ကြွယ်ဝချမ်းသာလာရသည့် အကြောင်းအရင်းမှာ ကျောင်းသားတစ်ယောက်က ငွေကြေးအမြောက်အများ လှူဒါန်းပေးခဲ့သောကြောင့်ပင်။ ဤသည်မှာ သတင်းကြားထားရုံသာဖြစ်ပြီး အတည်မပြုရသေးပေ။
ဤကောင်လေးက ထိုကျောင်းသားများလား?
သူက သူ့ကိုယ်သူ ကျန်းမုန့်လောင်ဟု မိတ်ဆက်ထားသည်။
ခဏနေပါဦး! ဒါက လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်လား? သူက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ကျောင်းသားလား?
လျှပ်တစ်ပြက်အတွင်းမှာပင် ပဟေဋ္ဌိအပိုင်းအစများမှာ ဆက်စပ်မိသွားသည်။
ချမ်းသာကြွယ်ဝသော ကျောင်းသားများက အမိကျောင်းတော်အပေါ် ချစ်မြတ်နိုးစိတ်ကြောင့်ဖြစ်စေ၊ ဝင့်ကြွားလိုစိတ်ကြောင့်ဖြစ်စေ သူတို့၏ကျောင်းများကို အမြဲလိုလိုလှူဒါန်းတတ်ကြသော်လည်း စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီးများအတွက်ပင် တစ်သန်းနှစ်သန်းလှူဒါန်းရုံမျှဖြင့် ချီးကျူးထိုက်နေပြီဖြစ်၏။
ကျောင်းအုပ်ကောင်း၏ ခန့်မှန်းချက်အရ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဆောက်လုပ်ရေးပရောဂျက်များက တစ်ဘီလီယံအောက် မလျော့ပေ။ နိုင်ငံတော်ရန်ပုံငွေကို တောင်းခံဖို့လား။ သူတို့၏ထိပ်တန်းအဆင့်အထိ မရောက်သော တက္ကသိုလ်လေးအတွက် ထိုကဲ့သို့သော ရန်ပုံငွေမျိုးကို ဘာကြောင့်ချပေးမှာလဲ။
ကျောင်းသားဟောင်းများကို မှီခိုရန်အတွက်လည်း ထူးချွန်ထက်မြက်သော ကျောင်းသားဟောင်းဘယ်နှယောက်ကများ ထိုငွေပမာဏအများကြီးကို ထုတ်နိုင်မည်နည်း။
သို့သော် ကမ္ဘာ့အချမ်းသာဆုံးလူတစ်ယောက်သာ ပါခဲ့လျှင်မူ အခြေအနေကား မတူတော့ပေ။ အမိကျောင်းတော်ကြီးကို ၁၀ဘီလီယံလှူဒါန်းဖို့တော့ မဖြစ်နိုင်ဘူးမဟုတ်လား။
နောက်ဆုံးရForbesစာရင်းရှိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ ပိုင်ဆိုင်မှုမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ၅ထရီလီယံကျော်သည်။ ဟွာရှားယွမ်ငွေကို ပြောင်းလဲလိုက်ပါက သုံးဆယ်ထရီလီယံပင်။ ဤတစ်ဘီလီယံလောက်ကတော့ သူ့အတွက် ရေပုံးထဲက ရေတစ်စက်သာသာပင်။
"ကျောင်းသား မင်းက..မင်းက အဲဒီကျန်းမုန့်လောင်လား"
"ရှူး.. ခပ်လျှိုလျှိုပဲနေရအောင်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ရှောင်ကျန်း.. မင်းပြောတာ တကယ်ပဲလား"
"ပိုက်ဆံကို ခင်ဗျားတို့ကျောင်းရဲ့အကောင့်ထဲကိုတောင် လွှဲပေးပြီးပြီလေ။ ဘာများလွဲနိုင်ဦးမှာလဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကျောင်းတိုးချဲ့ဖို့လိုတယ်ဆိုရင် ကိစ္စတွေအများကြီးကို စီစဉ်ရတယ်တဲ့။ ပညာရေးအရင်းအမြစ်တွေကို စီစဉ်နေရာချတာကလည်း ကြီးကျယ်ခမ်းနားတဲ့ စတင်မှုတစ်ခုပဲ။ သန်းငါးရာဆိုရင် လောက်မယ်ထင်တယ်နော်"
"ဒါပေမဲ့.. မင်းက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကလေ။ လှူတယ်ဆိုရင်တောင် ကျန်းနန်တက္ကသိုလ်ကိုပဲ လှူရမှာမဟုတ်ဘူးလား။ ငါတို့ကို ဘာလို့လာလှူတာလဲ"
ကျောင်းအုပ်ကြီးခမျာ အတန်ငယ်ခေါင်းရှုပ်သွားရသည်။ ဤသည်မှာ သူ့နားလည်နိုင်စွမ်းကို ကျော်လွန်နေချေသည်။ ပိုက်ဆံအများကြီးရှိတာက ပြဿနာများလား။
"ကျွန်တော့်ကောင်မလေးက ခင်ဗျားတို့ကျောင်းမှာလေ"
ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။
"ခင်ဗျားတို့ကျောင်းက ကျောင်းအပ်နှံသူတွေ တိုးလာတဲ့အတွက် နာမည်ကြီးဂီတမေဂျာရှိတဲ့ လင်းသုန်းခရိုင်ထဲက ကျောင်းဝင်းအသစ်ကို ပြောင်းရွှေ့မယ်ဆို။ ဒီလိုဆိုရင် ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်လည်း အဝေးရောက်ချစ်သူဘဝကို ရောက်ရတော့မှာ။ စိတ်မပူဘဲ ဘယ်နေနိုင်ပါ့မလဲ"
"အဲဒါကြောင့် ကျန်းသုန်းခရိုင်ထဲက ကျောင်းဝင်းကို နည်းနည်းလောက်တိုးချဲ့ဖို့ စဉ်းစားကြည့်လိုက်တာ။ အဲဒီလိုဆိုရင် သူလည်း ကျန်းသုန်းခရိုင်ထဲမှာ ဆက်နေနိုင်ပြီလေ။ ပိုက်ဆံကိစ္စက ပြဿနာမရှိပါဘူး။ အဓိကကတော့ ကျွန်တော် အဝေးရောက်ချစ်သူဘဝကို မလိုချင်လို့"
"အဲဒါလေးအတွက်နဲ့လား"
ကျောင်းအုပ်ကြီးခမျာ ကြက်သေသေသွားလေသည်။ ဤသည်မှာ သူ့တစ်သက်ကြားဖူးသမျှထဲတွင် ယုတ္တိမရှိဆုံး ဆုံးဖြတ်ချက်တစ်ခုပင်။
မင်းနဲ့ မင်းကောင်မလေးက ကျောင်းဝင်းတစ်ခုတည်း အတူမတက်ရတော့မှာကြောက်တာနဲ့ပဲ မင်းက သူများကျောင်းကို တိုးချဲ့ဖို့အတွက် သန်းငါးရာကို အသာလေးပစ်ပေးလိုက်တော့တာပဲလား? ဘယ်လိုမိသားစုမျိုးကများ ဒီလိုလုပ်လို့လဲ?
မင်းမှာ သန်းငါးရာရှိတယ်ဆိုရင်လည်း ဘာလို့ ကျောင်းတက်နေသေးတာလဲ။ တခြားလူတွေက ရုန်းကန်ကြိုးစားဖို့ လိုတယ်ဆိုပေမဲ့ မင်းကရော လိုလို့လား။ ကျောင်းထွက်ပြီး အတူနေလိုက်ကြစမ်းပါ။ ဒီလိုဆိုရင် မင်းတို့လည်း အဝေးရောက်ချစ်သူဘဝကို စိတ်ပူစရာမလိုဘဲ စိတ်ကြိုက်တွဲလို့ရတယ်လေ..
မင်းရူးသွားတာလား? လူချမ်းသာတွေအကုန်လုံးက ဒီလိုပဲ ရူးမိုက်ကြတာလား?
***************