ဒီအဆောက်အအုံကို ရောင်းမှာလား
Vol. 34 Ch. 499
"ကျောင်းအုပ်ကောင်း?"
ကျန်းမုန့်လောင်မှာ အတန်ကြာသည်အထိ ဖုန်းတစ်ဖက်မှ အသံမကြားရသောကြောင့် ခေါ်လိုက်မိသည်။
"ကျောင်းအုပ်ကောင်း.. ကျွန်တော်တို့တွေက ဘွဲ့ရပြီးပြီမို့ အခုအချိန်မှာ ရည်းစားထားတာက ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားတယ်လို့တော့ သတ်မှတ်လို့မရဘူးနော် ဟုတ်တယ်မလား"
ကျောင်းအုပ်ကောင်းခမျာ တဒင်္ဂမျှ ငေးကြောင်သွားရသည်။ သူ့မွေးရပ်မြေတွင် သူတို့နှင့် သက်တူရွယ်တူကလေးများက "ရည်းစားသနာကိစ္စများ"ကို လုပ်တတ်နေပြီဖြစ်၏။ သူတို့နှစ်ယောက် တွဲနေသောကြောင့် သူ ဆွံ့အသွားရခြင်းလေလား။ မဟုတ်ပေ။ သူ ဆွံ့အသွားရသည်မှာ ဤစပရိုက်က အလွန်ကြီးမားလှသောကြောင့် ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ ငါက ရှေးရိုးစွဲတဲ့လူတစ်ယောက်မဟုတ်ပါဘူး။ မင်းတို့နှစ်ယောက်တွဲတာကို ငါက ဘယ်လိုလုပ်ပြီး ကန့်ကွက်နိုင်မှာလဲ"
ကျောင်းအုပ်ကောင်းလည်း အမြန်ပြောလိုက်ရသည်။ သူ ကန့်ကွက်လျှင်ပင် သူတို့အား တားနိုင်မည်မဟုတ်ချေ။ ကျန်းမုန့်လောင််နှင့် သူတို့ကျောင်းမှ ကျောင်းသူတစ်ယောက်က တွဲနေတာကြောင့်သာမဟုတ်ပါက ဤမျှကောင်းမွန်လှသော အခွင့်အရေးကြီးတစ်ခုက သူတို့ကျောင်းထံသို့ မည်သို့ရောက်လာနိုင်မည်နည်း။
"ကြားရတာဝမ်းသာလိုက်တာ။ ကျောင်းဝင်းတိုးချဲ့မဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းအုပ်အနေနဲ့ ဘယ်လိုသဘောရလဲမသိဘူး"
"ကျောင်းဝင်းကိုသာ တိုးချဲ့နိုင်မယ်ဆိုရင်တော့ ကောင်းတဲ့ကိစ္စပါပဲ"
ကျောင်းအုပ်ကလည်း ပြောလိုက်၏။
"ဒါပေမဲ့ အခု ကျန်းသုန်းခရိုင်က လွန်ခဲဲ့တဲ့ငါးနှစ်ခြောက်နှစ်တုန်းကလို မဟုတ်တော့ဘူး။ အဲဒီအချိန်တုန်းက ဒီနယ်မြေက ကျန်းနန်မြို့ရဲ့ဆင်ခြေဖုံးလို့ သတ်မှတ်လို့ရတယ်။ ထောက်ပံ့ရေးကိရိယာတွေလည်း ချို့တဲ့တာမို့ မြေဝယ်ရတာက သိပ်မခက်ဘူး။ အခုတော့ မြေနေရာလျှောက်ထားဖို့ အရင်ကလောက် မလွယ်တော့ဘူး"
ကျန်းမုန့်လောင် တက္ကသိုလ်စတက်စဉ်တုန်းက ကျန်းနန်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများက မြင့်တက်ခြင်းမရှိသေးပေ။ သူတို့ကျောင်းနှင့် ဆန့်ကျင်ဘက်ရှိ ကျောင်းဝင်းက တစ်စတုရန်းမီတာကို ၆၉၉၉ယွမ်ဖြင့် ကမ်းလှမ်းထားကြောင်း ဆိုင်းဘုတ်ထောင်ထားပါသည့်တိုင် မည်သူကမှ တစ်ချက်လှည့်မကြည့်ကြချေ။ ကျန်းမုန့်လောင်၏မွေးရပ်မြေတွင်မူ အိမ်ခြံမြေဈေးများမှာ တစ်စတုရန်းမီတာကို တစ်သောင်းကျော်ပေးရသည်။
သို့သော် သုံးနှစ်အကြာတွင် ကျန်းနန်မြို့၌ အာရှထိပ်သီးအစည်းအဝေးပွဲကို ကျင်းပပြီးနောက် အိမ်ခြံမြေဈေးနှုန်းများမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။ မူလတုန်းက ၆၉၉၉ယွမ်ဖြင့် ရောင်းချခဲ့သော အိမ်များမှာ ယခုအခါတွင် ယွမ်သုံးသောင်းကျော်အထိ ပေါက်ဈေးရှိလာခဲ့ပြီး ဤသည်မှာလည်း ကျန်းသုန်းခရိုင်ထဲရှိ အလွန်စုတ်ချာလှသော နေရာတစ်ခုပင်။
ဆန့်ကျင်ဘက်အနေနှင့် ကျန်းမုန့်လောင်၏မွေးရပ်မြေတွင်မူ အကောင်းဆုံးမြေနေရာများမှာ နှစ်သောင်းအောက်ထစ်သာ တိုးလာခဲ့သည်။
ယခုအချိန်တွင် ကျောင်းဝင်းတိုးချဲ့ရန်အတွက် မြေနေရာ လျှောက်ထားချင်သည်ဆိုပါက ကုန်ကျစရိတ်က ကြောက်စရာကောင်းလှပေလိမ့်မည်။ ရန်ပုံငွေရရှိရန်ပင် မဖြစ်နိုင်ပေ။
ကျန်းမုန့်လောင်၏ဘဏ္ဍာရေးအင်အားနှင့် အဆက်အသွယ်များကို ထည့်သွင်းစဉ်းစားကြည့်လျှင်မူ လုပ်ဆောင်ရန် နည်းလမ်းတစ်ခု ရှိကောင်းရှိနိုင်သည်။
"ကျန်းသုန်းခရိုင်ထဲက ချောင်ဟိုင်လမ်းမနားမှာ စီစဉ်ထားတဲ့ မြေကွက်တစ်ကွက်ရှိတာ အခုမှသတိရတယ်။ ငါတို့ အဲဒီနေရာကို အသုံးပြုနိုင်မဲ့ နည်းလမ်းတစ်ခုလောက်ရှာနိုင်မယ်ထင်တယ်"
ကျောင်းအုပ်ကြီးက အကြံပြုလိုက်သည်။
"ချောင်ဟိုင်လမ်းလား"
ကျန်းမုန့်လောင်က အလျင်အမြန် ခေါင်းခါလိုက်၏။
"အဲဒီနေရာက ဒီကနေ ငါးကီလိုမီတာ ခြောက်ကီလိုမီတာလောက် ဝေးတယ်။ အရမ်းဝေးလွန်းတယ်။ ကျွန်တော်ပြောချင်တဲ့သဘောက ရှိပြီးသားကျောင်းဝင်းကို ချဲ့ထွင်ဖို့!"
"အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျောင်းအုပ်ကြီးက ပြောလိုက်သည်။
"ငါတို့ပတ်ပတ်လည်မှာ ကျောင်းတွေနဲ့ ကုမ္ပဏီတွေပဲရှိတာ။ ဘယ်လိုလုပ်ပြီး ချဲ့ထွင်လို့ရမှာလဲ။ မြေအောက်မှာ သွားဆောက်ရမှာလား"
ဤသည်မှာ ဖြေရှင်းနည်းမဟုတ်ဘူးဟုတော့ မဆိုနိုင်ပေ။ သို့သော် ကျန်းနန်မြို့၏ မြေအောက်ရထားစနစ်က သူတို့၏ကျောင်းအောက်မှာပင် ရှိနေသောကြောင့် ဤနည်းမှာ ဖြစ်နိုင်ခြေသိပ်မရှိပါချေ။
"ဂီတကောလိပ်ဘေးက ယန်ဟွမ်အွန်လိုင်းဂိမ်းကုမ္ပဏီကို ဘယ်လိုမြင်လဲ"
"အဲဒါက အရမ်းကောင်းတဲ့ ကုမ္ပဏီတစ်ခုပဲ။ စာရင်းဝင်ထားတာလည်း ငါးနှစ်ရှိသွားပြီ။ ဝန်ထမ်းပေါင်းနှစ်ထောင်ကျော်ရှိပြီး ကျန်းနန်မြို့ရဲ့ ထိပ်တန်းကုမ္ပဏီသုံးခုစာရင်းထဲမှာ ရှိတယ်။ အွန်လိုင်းဂိမ်းကုမ္ပဏီတွေထဲမှာ တစ်နိုင်ငံလုံးအဆင့် ထိပ်တန်းဆယ်ခုစာရင်းမှာ ဝင်တယ်"
"ကုမ္ပဏီက ဘယ်လိုနေလဲလို့ မေးနေတာမဟုတ်ဘူး။ အဲဒီအဆောက်အဦးကိုသုံးရင် ဘယ်လိုနေလဲလို့ မေးနေတာ"
"ဟင်? အဲ... အဲဒီအဆောက်အဦးလား?"
ကျောင်းအုပ်ကြီးကောင်းခမျာ ထိုစကားကိုနားလည်ဖို့ အချိန်ယူလိုက်ရသည်။
"အထပ်နှစ်ဆယ်ကျော်ရှိပြီး တော်တော်လေးအထင်ကြီးဖို့ကောင်းတယ်။ ကမ္ဘာကျော်ဒီဇိုင်နာတစ်ယောက်ကို ငှားရမ်းခဲ့တာတဲ့။ ဆောက်လုပ်ရေးကုန်ကျစရိတ်ကလည်း သန်းငါးရာနီးပါးရှိတယ်။ အဲဒီအဆောက်အဦးကို ကျန်းသုန်းခရိုင်ရဲ့ အထင်ကရကုမ္ပဏီအဆောက်အအုံတစ်ခုလို့ ယူဆလို့ရတယ်"
"ဒီအဆောက်အဦးကို ကျောင်းစာသင်ခန်းအနေနဲ့သုံးရင်ရော ဘယ်လိုလဲ"
"မင်း ဘာတွေပြောနေတာလဲ"
ကျောင်းအုပ်ကြီးကောင်းခမျာ အလွန်လန့်ဖျပ်သွားသဖြင့် သူ၏ဒေသိယလေသံကို ကယောင်ကတမ်းဖြင့် လွှတ်ခနဲထုတ်ပြောမိသည်။
အဲဒီကုမ္ပဏီက ဘယ်လိုနေလဲလို့ လာမေးနေတာ သူတို့ရဲ့ ကုမ္ပဏီအဆောက်အအုံကို မင်း မျက်စိကျနေလို့မဟုတ်လား။
ဒါက အဓိပ္ပာယ်ရောရှိရဲ့လား။ မင်း အဲဒါကို မျက်စိကျနေတယ်ဆိုပေမဲ့ မင်းမှာ ပိုက်ဆံရှိရင်တောင် သူတို့က မင်းကိုရောင်းပေးမယ်လို့ ထင်လား။ မင်းကိုရောင်းပေးလိုက်မယ်ဆိုရင် သူတို့အလုပ်တွေကရော ဘယ်လိုလုပ်မလဲ။ ရုံးခန်းနေရာတစ်ခု ရှာနိုင်တယ်ဆိုရင်တောင် ဒီကြားထဲ သွားစရာနေရာမရှိဘူးလေ...
"ကျောင်းအုပ်ကြီးကောင်း မကန့်ကွက်ဘူးဆိုရင် ဒီအတိုင်းပဲ ဆက်လုပ်ကြတာပေါ့"
"ဒါက… ငါ…"
ကျောင်းအုပ်ကြီးကောင်း၏ စိတ်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ ဤသည်မှာ သန်းငါးရာနီးပါးတန်ဖိုးရှိသော အဆောက်အဦးတစ်ခုဖြစ်၏။ ဤဈေးနှုန်းကလည်း လွန်ခဲ့သည့်ငါးနှစ်ခြောက်နှစ်လောက်က စျေးနှုန်းဖြစ်သည်။ ဤအဆောက်အအုံကိုသုံးနိုင်ပါက သိပ်အံ့သြဖို့ကောင်းနေမည်သာ။ သို့သော် သူသည် ကောလိပ်တစ်ခု၏ ကျောင်းအုပ်ဖြစ်နေသည့်အတွက် အလကားရနိုင်မည့် အခွင့်အရေးကြီးတစ်ခုရှိနေလျှင်ပင် လူသိအောင် ပျော်ရွှင်ပြနေလို့မဖြစ်ပေ။
သူသာ လိုချင်တယ်ဟု ပြောလိုက်မိလျှင် တစ်စုံတစ်ယောက် သိသွားသည့်အခါ သူ့ကို အရှက်မရှိဘူးဟု ပြောကြလိမ့်မည်။
သို့သော် မလိုချင်ဘူးဟု ပြောလိုက်ပြန်လျှင်လည်း ဤမျှကောင်းမွန်လှသော အဆောက်အဦးကြီးက အလဟဿဖြစ်သွားမည်မဟုတ်လား။
"ကောင်းပြီ။ ကျွန်တော်နားလည်ပြီ!"
ကျန်းမုန့်လောင်က တွေဝေတုံ့ဆိုင်းနေသော ကျောင်းအုပ်ကြီး၏ လေသံကို ကြားလိုက်သည်နှင့် ချက်ချင်း နားလည်သွားသည်။
"နေပါဦး။ မင်းက ဘာကိုနားလည်တာလဲ"
"ဟီးဟီး..ကျောင်းအုပ်ကြီးကောင်း လျှောက်လွှာတင်ဖို့ကိစ္စကိုတော့ ခင်ဗျားကိုပဲ အပ်လိုက်မယ်။ ကျန်တာကို ကျွန်တော် အကုန်စီစဉ်မယ်။ ဒီကျောင်းဝင်းထဲမှာ ဂီတဌာနကို ဆက်ထားဖို့ပဲ စီစဉ်ပေးပါ။ ကျွန်တော်တို့မှာ အချိန်တစ်ပတ်ကျန်သေးတယ်။ ဒီလောက်ပါပဲ!"
ထို့နောက် ကျန်းမုန့်လောင်လည်း ချက်ချင်း ဖုန်းချလိုက်သည်။
ကျောင်းအုပ်ကြီးကောင်းခမျာ ရုံးခန်းပြတင်းပေါက်ကိုဖွင့်ပြီးနောက် လမ်းတစ်ဖက်ရှိ ခမ်းနားထည်ဝါလှသော အဆောက်အအုံကြီးကို ကြည့်လိုက်မိ၏။ သူ မလေးစားဘဲ မနေနိုင်တော့ချေ။
"တကယ်အံ့သြဖို့ကောင်းတာပဲ!"
...
"ကောင်းပြီ။ ဒီပရောဂျက်ကို ဆက်လုပ်ကြရအောင်။ ဒီနှစ်ထဲမှာ ဒီဂိမ်းနဲ့ ဝင်ငွေသုံးဆယ်ဘီလီယံအထိရောက်ဖို့ ရည်မှန်းထားတယ်"
ယန်ဟွမ်ကုမ္ပဏီ၏သူဌေးဖြစ်သူ လဲ့ကျားသည် ဂိမ်းပရောဂျက်တစ်ခုအတွက် နောက်ဆုံးထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို ပြီးမြောက်ခဲ့သည်။ ပထမမျိုးဆက် ဂိမ်းကစားသမားတစ်ယောက်အနေနှင့် လဲ့ကျားမှာ အသက်လေးဆယ်မပြည့်ခင်မှာပင် သူ့ကုမ္ပဏီ၏စျေးကွက်တန်ဖိုးကို ရှစ်ဆယ်ဘီလီယံနီးပါးအထိရောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ထန်ရွှင်းကဲ့သို့ ဒိတ်ဒိတ်ကြဲလုပ်ငန်းကြီးများနှင့် ရင်ဘောင်မတန်းနိုင်သော်လည်း သူသည် ဤလုပ်ငန်းလောကအတွင်းရှိ ထိပ်တန်းကစားသမားများထဲမှ တစ်ယောက်ဖြစ်၏။
ဤဂိမ်းသည် ဂိမ်းအင်ဂျင်ကို တီထွင်ခြင်းမှစ၍ နောက်ဆုံးအဆင့် ထုတ်လုပ်မှုအထိ သုံးနှစ်ကြာမြင့်ခဲ့ပြီး အားလုံးကို အမှီအခိုကင်းကင်းလုပ်ဆောင်ခဲ့ခြင်းပင်။ ဤဂိမ်းမှာ စမ်းသပ်နေစဉ်အတောအတွင်း တုံ့ပြန်မှုကောင်းကောင်းရရှိခဲ့ပြီး အကယ်၍ အောင်မြင်ခဲ့ပါက ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးကလည်း သန်းတစ်ရာကျော်အထိ ရောက်သွားနိုင်ခြေရှိ၏။
အထပ်နှစ်ဆယ်မြင့်သော ဤအဆောက်အအုံပေါ်မှတစ်ဆင့် ကျန်းသုန်းခရိုင်တစ်ခုလုံးကို အပေါ်စီးက လှမ်းကြည့်ရင်း လဲ့ကျား၏မျက်ဝန်းအစုံဝယ် တက်ကြွမှုများနှင့် ရည်မှန်းချက်ထက်သန်မှုတို့ တောက်ပနေချေတော့သည်။
အပြင်လူများအတွက်တော့ လဲ့ကျားက အလွန်အောင်မြင်နေပြီဟု ထင်ကောင်းထင်ရသော်လည်း သူ့အမြင်တွင်မူ သူသည် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်နေဆဲပင်။။ သူ့အမြင်အရတော့ စျေးကွက်တန်ဖိုးရှစ်ဆယ်ဘီလီယံမျှဖြင့် လုံလောက်သည်။ သူ့အိပ်မက်က ဟွာရှားနိုင်ငံ၏ ဒုတိယမြောက်ထန်ရွှင်းကုမ္ပဏီဖြစ်လာဖို့ပင်။
သူ့တွင် နည်းပညာရော အသင်းရော ရှိ၏။ ယခုလောလောဆယ် လိုအပ်နေသောအရာမှာ ရန်ပုံငွေပင်။ ရင်းနှီးမတည်ငွေသာ လုံလုံလောက်လောက်ရှိလျှင် သူ့အသင်းနှင့် အမှီအခိုကင်းသော သူ့ဂိမ်းအင်ဂျင်များက ပိုမိုပြောင်မြောက်သောဂိမ်းများကို ဖန်တီးထုတ်လုပ်နိုင်ပြီး ဈေးကွက်ထဲရှိ အမိုက်စားဂိမ်းများနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
သို့သော် ဂိမ်းထုတ်လုပ်ခြင်းမှာ အလွန်အကုန်အကျများသော လုပ်ငန်းတစ်ခုဖြစ်၏။ ဂိမ်းထုတ်လုပ်သည့် ကုန်ကျစရိတ်မှာ အလွန်မြင့်မားလှပြီး ဂိမ်းကို အောင်အောင်မြင်မြင်ထုတ်လုပ်နိုင်ခဲ့လျှင်ပင် ကစားသမားများက ထိုဂိမ်းအတွက် ပိုက်ဆံထုတ်သုံးမည်ဟု အာမမခံနိုင်ပေ။
သူ့ယုံကြည်မှုက အခြားရှယ်ယာရှင်များကို စိတ်ပါလာအောင် မဆွဲဆောင်နိုင်ပေ။ ထိုရှယ်ယာရှင်များက သူတို့ပိုက်ဆံကို ဖြုန်းတီးပစ်မည့် ဂိမ်းအသစ်များကို မဖန်တီးဘဲ ကုမ္ပဏီကို ပုံမှန်လေးတိုးတက်သွားစေချင်ရုံမျှသာ။
ထို့ကြောင့် လဲ့ကျားတင်သွင်းသော ပရောဂျက်မှာ ရှယ်ယာရှင်အစည်းအဝေးတွင် သဘောတူညီမှုမရခဲ့ပေ။ ထို့ပြင် မည်မျှပင် ပိုက်ဆံဝင်သည်ဆိုစေဦးတော့၊ သူသဘောမကျသည့် ပရောဂျက်များကိုတော့ မလုပ်နိုင်ပေ။
"ကျွန်တော်က လဲ့ကျားပါ။ အခုပြောနေတာ ဘယ်သူပါလဲ"
လဲ့ကျားက မြည်နေသောဖုန်းကို သာမန်ကာလျှံကာကောက်ကိုင်လိုက်ပြီး ဖုန်းနံပါတ်စိမ်းကို တစ်ချက်မျှပင် မကြည့်မိပေ။
"ဟယ်လို ဆရာလဲ့.. ကျွန်တော်က ကျန်းမုန့်လောင်ပါ။ ဒီအချိန်ကြီး နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"
"မစ္စတာကျန်းလား"
လဲ့ကျား ရင်ထိတ်သွားရလေသည်။
"ခင်ဗျားက ဟို.. အာ.. Forbesစာရင်းဝင်မစ္စတာကျန်းလား"
အင်တာနက်စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အနေနှင့် လဲ့ကျား ဤနာမည်နှင့် ရင်းနှီးနေသည်မှာ သဘာဝကျပါသည်။ ဆိုရှယ်မီဒီယာသုံးခြင်းမှာ သူ့ဝါသနာများထဲမှ တစ်ခုအပါအအဝင်ဖြစ်၏။
"ဟုတ်တယ်။ ကျွန်တော်ပါ"
"ဘာများလိုအပ်လို့လဲ မစ္စတာကျန်း"
လဲ့ကျား သိချင်စိတ်ဖြစ်သွားသည်။ သူ့ကုမ္ပဏီက စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သော်ငြား ကျန်းမုန့်လောင်လို လူတစ်ယောက်နှင့်တော့ မယှဉ်နိုင်ပေ။ သူ့အမြင်တွင် ဟွာရှားနိုင်ငံ၌ မာဟွားနှင့် လူတချို့လောက်ကသာ သူ့ကို ဆက်သွယ်နိုင်စွမ်းရှိသည်ဟု ထင်မိသည်။
"အိုး ဘာရယ်မဟုတ်ပါဘူး။ မေးစရာလေးရှိလို့ပါ။ မစ္စတာလဲ့.. ယန်ဟွမ်အဆောက်အအုံကို ရောင်းဖို့စိတ်ကူးရှိလား"
***************