← Chapters

ကုမ္ပဏီကို တိုက်ရိုက်ဝယ်ပစ်လိုက်မယ်ဆိုရင်ရော

Vol. 34 Ch. 500

ကုမ္ပဏီကို တိုက်ရိုက်ဝယ်ပစ်လိုက်မယ်ဆိုရင်ရော

Vol. 34 Ch. 500

"ဒါက နင့်အစီအစဉ်လား"

ဘေးနားတွင်ရပ်နေသော လုရီယောင်ခမျာ ကျန်းမုန့်လောင် ဖုန်းပြောတာကိုကြားပြီး ဆွံ့အသွားလေသည်။

ကျန်းမုန့်လောင်တစ်ယောက် အရူးတစ်ယောက်လို ရယ်မောနေတာကို သူ(မ) မြင်မိသဖြင့် ကောင်းမွန်လှသော အကြံတစ်ခုကို ရလိုက်ပြီဟု ထင်ခဲ့မိသည်။ သို့သော် ဤသည်မှာ ပိုက်ဆံနှင့်ပစ်ပေါက်သည့် နည်းလမ်းဟောင်းကြီးတစ်ခုဖြစ်နေဆဲပင်။ ရိုးရှင်းပြီး သဘာဝဆန်လှသည်။

"ဘယ်လိုသဘောရလဲ။ မိုက်တယ်မလား"

ကျန်းမုန့်လောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ လူတော်တော်များများက ငွေသုံးရန် တွေးတတ်ကြသော်လည်း ဤပုံစံဖြင့် ငွေထုတ်သုံးခြင်းမှာမူ လူတိုင်း တွေးနိုင်သောအရာမျိုးမဟုတ်ပေ။

"နင်က လက်ဖျားခါလောက်ပါတယ်။ နင့်ပုံစံနဲ့ ကွက်တိပဲ"

လုရီယောင်က ကျန်းမုန့်လောင်ကို မလုပ်ရန် မဖျောင်းဖျပေ။ အကြောင်းမှာ ဤကိစ္စတွင် ကျန်းမုန့်လောင်က သူ(မ)၏အမြင်ကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သူ(မ)သိသည်။

"သောက်ကျိုးနည်း?"

ဖုန်းတစ်ဖက်တွင်မူ လဲ့ကျားတစ်ယောက် လုံးဝမှင်တက်သွားရလေသည်။

"အဆောက်အအုံကို ရောင်းဖို့စိတ်ကူးရှိလား"ဆိုတာက ဘာသဘောလဲ။ သူတို့က အခုမှတွေ့ကြတာလေ။ တွေ့တွေ့ချင်းပြောလိုက်တဲ့စကားက သူ့အဆောက်အအုံကို ရောင်းပေးဖို့တဲ့လား။ ဒါက ဘယ်လိုအကွက်မျိုးလဲ?

"ကျွန်တော် မစ္စတာလဲ့ပိုင်တဲ့ အဆောက်အအုံကို ဝယ်ချင်လို့။ မစ္စတာလဲ့ဘက်က အနစ်နာခံပြီး လိုက်လျောပေးဖို့ မျှော်လင့်ပါတယ်။ ဈေးနှုန်းကတော့ ခင်ဗျားကြိုက်တဲ့ဈေးသာခေါ်လိုက်ပါ။ ကျွန်တော် ဈေးမဆစ်ပါဘူး"

ကျန်းမုန့်လောင်က ဝေ့လည်ကြောင်ပတ်လုပ်နေမည့် လူစားမျိုးမဟုတ်ပေ။ ထိုသို့ဝေ့လည်ကြောင်ပတ်လုပ်ခြင်းမျိုးမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကင်းမဲ့သည့် သဘောဆောင်လေသည်။ သို့သော် ကျန်းမုန့်လောင်ကတော့ ဘယ်လိုဈေးနှုန်းမျိုးကိုမဆို တတ်နိုင်သည်ဖြစ်ရာ တိုက်ရိုက်ထုတ်ပြောလိုက်ရုံသာ။

"ဒါက..မစ္စတာကျန်း ခင်ဗျားရဲ့တောင်းဆိုမှုက ရုတ်တရက်ဆန်လွန်းလို့ ကျွန်တော့်ကို စဉ်းစားချိန်လေးတော့ ပေးပါဦး"

လဲ့ကျားခမျာ နားထင်ကို ပွတ်သပ်လိုက်မိတော့သည်။ ဤကဲ့သို့သော လူချမ်းသာတစ်ယောက်နှင့် ဆက်ဆံရခြင်းမှာ ခက်ခဲလွန်းလှသည်။ တစ်စုံတစ်ခုကို သဘောမတူလိုက်မိပါက သူတို့က မိမိ၏မိုးမျှော်တိုက်ကို ဝယ်ချင်သွားလိမ့်မည်။ ဤအဖြစ်ကို မည်သို့ရင်ဆိုင်ကြမည်နည်း။

"ဒီလိုပါ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျွန်တော်က ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ စာလေ့လာနေတာလေ။ ကျွန်တော့်ကောင်မလေးက ဂီတကောလိပ်က။ သူ့ကျောင်းမှာ အပ်နှံသူတွေမြင့်တက်လာလို့ ကျောင်းဝင်းအဟောင်းနဲ့တင် လူမဆံ့တော့ဘူး။ ဒီတော့ သူ့ကို ကျောင်းဝင်းအသစ်ကို ပြောင်းရွှေ့ခိုင်းထားတယ်။ ကျွန်တော်စဉ်းစားနေတာ။ တကယ်လို့ ကျောင်းဝင်းအဟောင်းကိုသာ တိုးချဲ့နိုင်မယ်ဆိုရင် သူလည်း ပြောင်းစရာမလိုတော့ဘူးလေ။ ကျွန်တော်တို့လည်း အဝေးရောက်ချစ်သူဘဝကို မရောက်တော့ဘူးပေါ့"

"အဲဒီအကြောင်းပြချက်ကြောင့်လား"

လဲ့ကျားခမျာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားချေသည်။ ဤဆန္ဒလေးတစ်ခုကြောင့်နှင့် သူတို့အဆောက်အအုံကို ဝယ််မည်တဲ့လား။

မင်းရဲ့စိတ်ကူးတွေက တွင်းနက်ကြီးတွေနဲ့များ လုပ်ထားတာလား?

"ဟုတ်ပါတယ်"

ကျန်းမုန့်လောင်က အပြစ်ကင်းစင်လေဟန်ဖြင့် ပြောလိုက်၏။

"မစ္စတာလဲ့..ခင်ဗျား ကျွန်တော့်ခံစားချက်ကို နားလည်တယ်မလား"

ချီးကို နားလည်ရမှာလား?

လဲ့ကျားခမျာ ပေါက်ကွဲမိမတတ်ဖြစ်သွားရသည်။

သူတို့က လုပ်ငန်းသေးသေးလေးတစ်ခုမဟုတ်ပေ။ အလုပ်လုပ်ရန်အတွက် ရုံးခန်းတစ်ခန်းနှင့် ကွန်ပျူတာနည်းနည်းကိုသာ လိုအပ်သည့် ကုမ္ပဏီသေးသေးလေးတစ်ခု မဟုတ်ချေ။

သူတို့က ဝန်ထမ်းပေါင်းနှစ်ထောင်ကျော်ရှိသော တရားဝင်ကုမ္ပဏီတစ်ခုပင်။ ရုံးခန်းနေရာအပြင် ဆာဗာများထားရန်အတွက်လည်း နေရာလိုသလို သူတို့၏ဝန်ထမ်းများအတွက် လေ့ကျင့်ခန်းလုပ်ပြီး အနားယူနိုင်မည့် နေရာများကိုလည်း လိုအပ်ပေသည်။ ဤသည်မှာ အသာလေးအထုပ်အပိုးပြင်ပြီး ရွှေ့ပြောင်းပေးနိုင်သော ကုမ္ပဏီတစ်ခုမဟုတ်ချေ။

မင်းရဲ့ချစ်မှုရေးရာကိစ္စအတွက်နဲ့ ငါ့ဝန်ထမ်းပေါင်းအယောက်နှစ်ထောင်ကျော်ကို တံတားအောက်မှာ သွားနေခိုင်းရမှာလား? ဒီတောင်းဆိုမှုက မလွန်လွန်းဘူးလား?

"မစ္စတာကျန်း.. ကျွန်တော့်ကုမ္ပဏီမှာ ဝန်ထမ်းပေါင်း အယောက်နှစ်ထောင်ကျော်ရှိပါတယ်။ ခင်ဗျားအနေနဲ့ ကျွန်တော်တို့ကိုလည်း နားလည်ပေးသင့်ပါတယ်"

"မစ္စတာလဲ့ ကျွန်တော် ခန့်မှန်းခြေတချို့ကို တွက်ချက်ပြီးပြီ။ ဒီအဆောက်အအုံက ဆောက်လုပ်ရေးကုန်ကျစရိတ်သန်း၄၇၀ကုန်ကျခဲ့တယ်။ ရှင်းရှင်းလေးဖြစ်သွားအောင် ပမာဏကို အတိပဲထားလိုက်ကြမယ်။ သန်းငါးရာပဲ ထားပါတော့"

ကျန်းမုန့်လောင်က စတင်တွက်ချက်ပြလေတော့သည်။

"အဲဒီအချိန်တုန်းက ကျုပ်တို့ခရိုင်ထဲမှာ တစ်စတုရန်းမီတာကို ၉၂၀၀ယွမ်ဈေးနှုန်းအရဆိုရင် ကျန်းသုန်းခရိုင်ထဲက ပျမ်းမျှဈေးနှုန်းက အခုဆိုရင် ယွမ်သုံးသောင်းရှစ်ထောင်ရှိနေပြီ။ ဒီတော့ ဒီအဆောက်အအုံရဲ့လက်ရှိပေါက်ဈေးက ၂၀ဘီလီယံဝန်းကျင်ရှိလိမ့်မယ်"

"ပြီးတော့ ခင်ဗျားဘက်က ကိစ္စတော်တော်များများကို စီမံရမယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားပေးရမှာပေါ့။ ဝန်ထမ်းနေရာချထားမှုနဲ့ ကုမ္ပဏီပစ္စည်းကိရိယာတွေကို ရွှေ့ပြောင်းတဲ့ကိစ္စမျိုးတွေအတွက် ကျွန်တော် ဒါကို တိုက်ရိုက်ဝယ်ယူဖို့အတွက် ၃၀ဘီလီယံကမ်းလှမ်းပါ့မယ်။ ဒီဈေးနှုန်းကို ခင်ဗျား ဘယ်လိုသဘောရလဲ"

"အဟွတ် အဟွတ် အဟွတ်"

ထိုပမာဏကြောင့် လဲ့ကျားခမျာ အပြင်းအထန်ချောင်းဆိုးသွားရသည်။ ဤမျှခမ်းနားလှသော လက်ဖွာမှုမျိုးကို သူ့အနေနှင့် မည်သို့ တုံ့ပြန်ရမည်နည်း။

ရောင်းရမယ်တဲ့လား?

သို့ဆိုလျှင် ကုမ္ပဏီအနေနှင့် အစက ပြန်စရပေလိမ့်မည်။လူအယောက်နှစ်ထောင်ဆံ့သော ရုံးခန်းတစ်ခုကို ရှာဖွေရန်မှာ လွယ်ကူလှသောအရာတစ်ခု မဟုတ်ချေ။ ထိုငွေပမာဏက မိုးမျှော်တိုက်တစ်ခုကို ဆောက်လုပ်ရန် လုံလောက်ပါသော်ငြား အချိန်နှစ်နှစ်သုံးနှစ်လောက် ယူရပေလိမ့်မည်။

မရောင်းဘူးတဲ့လား။

ဤကမ်းလှမ်းချက်မှ ငြင်းရက်စရာမရှိအောင် ကောင်းမွန်လှသည်။

တိတိကျကျပြောရမည်ဆိုလျှင် ဤအဆောက်အအုံ၏ကုန်ကျစရိတ်က နှစ်ဆယ်ဘီလီယံဝန်းကျင်ရှိသော်ငြား မည်သူကများ ဝန်ထမ်းနေရာရွှေ့ပြောင်းရေးနှင့် ကိရိယာများကို ပြောင်းရွှေ့ခြင်းအတွက် မည်သူကများ တစ်ဆယ်ဘီလီယံကို ပေးမည်တဲ့လဲ။ အလွယ်လေးရမည့် ဤပိုက်ဆံကို လက်လွှတ်ခံလိုက်ပါက တုံးအရာကျပေလိမ့်မည်။ ဂိမ်းလုပ်ငန်းကို မလုပ်တော့ဘဲ အိမ်ခြံမြေလုပ်ငန်းဘက်သို့ ခြေချရန်ပင် သူ စိတ်ကူးမိလိုက်သည်။ ငါးနှစ်အတွင်း အမြတ်ငွေ၁၀ဘီလီယံရခြင်းမှာ အလွန်စွဲမက်ဖွယ်ကောင်းလှသည်။

သူ တွေဝေတုံ့ဆိုင်းနေမိသည်။ ဤကုမ္ပဏီမှာ သူတစ်ဦးတည်းအပိုင်မဟုတ်ချေ။ ပမာဏက သူစိတ်ယိုင်နိုင်လောက်သည့် ပမာဏမျိုးဖြစ်သော်လည်း ချက်ချင်းဆုံးဖြတ်ချက်ချရန် ခက်ခဲလှပြီး အခြားရှယ်ယာရှင်များကို ဆွဲဆောင်ရန်မှာ မဖြစ်နိုင်ပေ။

ကုမ္ပဏီပြောင်းရွှေ့ခြင်းအားဖြင့် ဝန်ထမ်းအပြောင်းအလဲများလည်း ဖြစ်လာနိုင်သည်။ ဤသည်မှာ သူတို့ကုမ္ပဏီ၏ တည်ငြိမ်မှုကို ထိခိုက်စေနိုင်သည်။

"ကြည့်ရတာတော့ မစ္စတာလဲ့က ဒီပမာဏကို စိတ်တိုင်းမကျဘူးထင်တယ်"

ကျန်းမုန့်လောင်က ဒေါသအလျဉ်းမထွက်ဘဲ ပြောလိုက်၏။

ဤကဲ့သို့သောကိစ္စကြီးတစ်ခုကို မည်သူကမှ ချက်ချင်း ဆုံးဖြတ်ချက်ချနိုင်မည်မဟုတ်ပေ။ သို့သော် ဤသည်မှာ သုံးဆယ်ဘီလီယံ၏တိုက်ခိုက်မှုက သိပ်မပြင်းလှကြောင်း ပြသနေပေသည်။

လဲ့ကျားဘက်က နှုတ်ဆိတ်နေဆဲသာ။

"၄၀ဘီလီယံ!"

"ဟစ်!"

လဲ့ကျားခမျာ ချက်ချင်းဆိုသလို အံ့အားသင့်သွားချေသည်။

ပြီးခဲ့သည့်တစ်ခေါက်တုန်းက ထန်ရွှင်းက သူတို့၏ကုမ္ပဏီကို သိမ်းပိုက်ချင်ခဲ့စဉ်အချိန်က လူတစ်ယောက်မှာ ယခုလို ပိုက်ဆံပုံပေးခဲ့ဖူးသည်။ ထင်မှတ်မထားပါဘဲ နှစ်အနည်းငယ်အကြာတွင် လူသာပြောင်းလဲသွားသော်လည်း ဖြစ်စဉ်ကတော့ ပြောင်းလဲမသွားပေ။

"ငါးဆယ်ဘီလီယံ?"

ဖုန်းတစ်ဖက်တွင်မူ လဲ့ကျားမှာ မျက်ခုံးနှစ်ခုကြားရှိနေရာကို နှိပ်နယ်နေမိလေပြီ။ မည်သူကများ ဤအဖြစ်ကို ခံနိုင်မည်နည်း။

ကျန်းမုန့်လောင် မင်းက မကောင်းဆိုးဝါးတစ်ကောင်များလား?

ရုတ်ခြည်းပင် လဲ့ကျား၏စိတ်အာရုံထဲ၌ အကြံတစ်ခု လင်းလက်သွားရသည်။

သူသည် ဂိမ်းအသစ်တစ်ခု ဖန်တီးထုတ်လုပ်ရန် အမြဲအိပ်မက်မက်ခဲ့ရသော်လည်း ဤဂိမ်းက လက်ရှိဈေးကွက်မော်ဒယ်လ်များနှင့် သွေဖည်နေသောကြောင့် ရှယ်ယာရှင်များက ဆန့်ကျင်ခဲ့ကြသည်။ အကြောင်းမှာ ကုမ္ပဏီက အနုတ်အသိမ်းမြင့်မားသော်ငြား အမြတ်ငွေကတော့ မများလှသောကြောင့်ပင်။

IPဝယ်ယူခြင်းမှာ ငွေကုန်ကြေးကျများသလို ထုတ်လုပ်မှုအပိုင်းကလည်း ငွေကုန်ကြေးကျများပြီး ဂိမ်းစီမံမှုအပိုင်းကလည်း ငွေကြေးအမြောက်အများကုန်ကျလေသည်။ နေရာတိုင်းမှာ ငွေကသာ စိုးမိုးထားပြီး အရာအားလုံးလုပ်ကိုင်ပြီးစီးသောအခါ အမြတ်ငွေက အကန့်အသတ်နှင့်သာ ဖြစ်နေချေသည်။

သို့သော် သူတို့တွင်သာ ဤငါးဆယ်ဘီလီယံရှိပါက အများကြီးလုပ်ကိုင်၍ ရနိုင်သည်။

လောင်းကြေးတစ်ခုလောက်ထပ်ကြည့်ကြရင်ရော?

သူတို့အနေနှင့် အသင်းအသစ်တစ်ခုကို ပြန်လည်တည်ဆောက်နိုင်သည်။ အသင်းဟောင်းက ယခင်ပရောဂျက်များကို စီမံနေချိန်တွင် အသင်းအသစ်က ဂိမ်းအသစ်ကို ထုတ်လုပ်ရာတွင် အာရုံစိုက်နိုင်သည်။ ကျရှုံးသွားခဲ့လျှင်ပင် တစ်နှစ်အတွင်း သူတို့ ဘီလီယံဘယ်လောက်များများ ဆုံးရှုံးနိုင်မည်နည်း။

ဤသည်မှာ တစ်သက်မှာ တစ်ခါသာရနိုင်သော အခွင့်အရေးတစ်ခုပင်။

"ခြောက်ဆယ်ဘီလီယံ!"

"ခုနစ်ဆယ်ဘီလီယံ!"

သူ တဒင်္ဂမျှ တွေးတောနေချိန်မှာ ကျန်းမုန့်လောင်ကတော့ ကမ်းလှမ်းချက်ကို ဈေးနှုန်းထပ်မြှင့်နေပေသည်။ အနောက်ရှိငွေကြေးယူနစ်များမှာ ဘီလီယံမဟုတ်ဘဲ ယွမ်များသာ ဖြစ်နေသည့်အလားပင်။

"ရှစ်ဆယ်ဘီလီယံ?"

"ခဏနေပါဦး"

ကျန်းမုန့်လောင်က ဖုန်းထဲတွင် ယန်ဟွမ်အကြောင်း သတင်းအချက်အလက်များကို ရှာဖွေစစ်ဆေးလိုက်သည်။

"ဈေးကွက်တန်ဖိုးက ၇၇ဘီလီယံတည်းလား။ ငါကမ်းလှမ်းတဲ့ပမာဏက ဈေးကွက်တန်ဖိုးကိုတောင် ကျော်နေပြီဆိုတော့ လုပ်ငန်းတစ်ခုလုံးကို ဒီအတိုင်းဝယ်ပစ်လိုက်မယ်ဆိုရင်ရော"

"မစ္စတာလဲ့ ကျွန်တော် စိတ်ပြောင်းသွားပြီ။ ကျွန်တောိ ကုမ္ပဏီတစ်ခုလုံးကို ဝယ်ချင်တယ်။ ကျွန်တော်သာ အဓိကရှယ်ယာရှင်ဖြစ်သွားရင် ကုမ္ပဏီထဲမှာ အမိန့်ပေးမဲ့လူက ကျွန်တော်ဖြစ်သွားမှာမဟုတ်လား"

"အာ ဒါက.."

လဲ့ကျားခမျာ ဤကဲ့သို့သော အကွက်ရွှေ့ပုံမျိုးကို ယခင်က တစ်ခါမှမမြင်ဖူးပေ။

မင်းက အချစ်ရေးကို အရမ်းအလေးထားလွန်းလို့ ကျောင်းဝင်းကို တိုးချဲ့ချင်တယ်။ ကျောင်းဝင်းကို တိုးချဲ့ရဖို့အတွက် ၂ဘီလီယံတန်ဖိုးရှိတဲ့ အဆောက်အအုံတစ်ခုကို ဝယ်ယူဖို့ စီစဉ်ပြန်တယ်။

ဒါပေမဲ့ မင်းက ကမ်းလှမ်းငွေကို ဆက်တိုက်မြှင့်လိုက်ပြီးမှ တအားများသွားမှန်းသိတော့ ကုမ္ပဏီကိုပါ ဝယ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့လေ..

မြေပဲလေးဝါးရင်း အရက်သောက်နေချိန်မှာ ဆုံးဖြတ်ချက်ချတယ်ဆိုရင်တောင် ဒီလောက်အလျင်စလိုမနိုင်သင့်ဘူးမလား?

ထိုရှစ်ဆယ်ဘီလီယံသာရှိနေပါက ဘာကြောင့်များ ကျောင်းတက်နေဦးမည်နည်း။ မင်းက ရည်းစားထားရတာကို သဘောကျပြီး တစ်ချိန်လုံးအတူရှိနေချင်တယ်ဆိုရင်လည်း အဲဒီပိုက်ဆံကိုယူပြီး ကမ္ဘာပတ်နေလိုက်တော့လေ။ ဒါဆို စိတ်ကြိုက်အတူနေလို့ရပြီ..

မင်း ရူးနေတာလား? မရူးဘူးဆိုရင် ရှေ့နည်းနည်းတိုးပြ!

သူ့မှာ ဆွံ့အနေမိသည်။

မဖြစ်ပေ။ ကျန်းမုန့်လောင်အား ကုမ္ပဏီကိုဝယ်ယူခွင့် မပေးနိုင်ပေ။ မဟုတ်ပါက သူသာ ကုမ္ပဏီတွင် ပြောရေးဆိုခွင့်ရှိသူဖြစ်သွားလျှင် သူ့ပရောဂျက် ပြီးမြောက်ရန်အတွက် နှစ်ပေါင်းမည်မျှကြာသွားမလဲဆိုသည်ကို မသိနိုင်ပေ။

"မစ္စတာကျန်း.. မလိုအပ်ပါဘူးဗျာ။ ဒီလိုလုပ်ဖို့ မလိုပါဘူး"

လဲ့ကျား အလောတကြီးဝင်ပြောလိုက်ရသည်။

"အဆောက်အအုံလေးတစ်ခုပဲဟာကို.. သိပ်မတန်ပါဘူး။ ခင်ဗျားပြောတဲ့ဈေးနဲ့ပဲ ညှိနှိုင်းလိုက်ကြတာပေါ့။ ငါးဆယ်ဘီလီယံလေ? ဘယ်လိုသဘောရလဲ?"

"ကျွန်တော့်အတွက်တော့ ငွေက အဓိကမဟုတ်ပါဘူး။ အချစ်အပေါ်ထားတဲ့ ခင်ဗျားရဲ့သဘောထားကြောင့် ကျွန်တော် ရင်ထဲထိသွားတာပါ"

လဲ့ကျားက ယုံကြည်ချင်စရာကောင်းအောင် ပြောလိုက်၏။

"ဒါကြောင့် ကျွန်တော် ခင်ဗျားကို ကူညီပေးမှာပါ"

**************

All Chapters