← Chapters

လူငယ်တွေရဲ့ချစ်မှုရေးရာကို ငါနားမလည်ဘူး

Vol. 34 Ch. 501

လူငယ်တွေရဲ့ချစ်မှုရေးရာကို ငါနားမလည်ဘူး

Vol. 34 Ch. 501

အဆောက်အအုံတစ်ခုကိုဝယ်ရန် ငါးဆယ်ဘီလီယံကို သုံးစွဲခြင်းအတွက် အတွင်းရှိ ပစ္စည်းကိရိယာများကို အလကားပေးလိုက်ရလျှင်ပင် ကျန်းမုန့်လောင်က သူ့ကုန်ကျစရိတ်၏ နှစ်ဆနီးပါးကို ပေးခဲ့ခြင်းပင်။

သို့သော် သေချာစဉ်းစားကြည့်ပါက တချို့ရှုထောင့်ကကြည့်လျှင် သူတို့အား ထောက်ပံ့ငွေအနည်းငယ် ထောက်ပံ့ခြင်းမှာ ကျိုးကြောင်းမညီညွတ်တာတော့ မဟုတ်ချေ။

မြေတစ်လက်မတိုင်းက ရွှေတမျှ တန်ဖိုးရှိလှသော ဤမြို့ထဲတွင် ကုမ္ပဏီကြီးတစ်ခု ပြောင်းရွှေ့သည့်ကိစ္စကား အလွန်အထိနာလှသော ကိစ္စတစ်ရပ်ပင်။ အထူးသဖြင့် ပိုကြီးမားသော ကုမ္ပဏီများပင်။ ကုမ္ပဏီရွှေ့ပြောင်းသည့်နေရာက သိပ်မဝေးလျှင် စီမံခန့်ခွဲ၍ ရနိုင်သေးသည်။ ဝေးသွားခဲ့လျှင် မည်သို့လုပ်မည်နည်း။ ဝန်ထမ်းအရေအတွက်အမြောက်အများ အဝင်အထွက်ဖြစ်ကုန်ပေလိမ့်မည်။

အနီးအနားတွင် နေထိုင်သူများမှာ အလုပ်တက်ရန်အတွက် မိနစ်ပိုင်းမျှသာ အချိန်ယူခဲ့ရသော်လည်း အလုပ်တက်ရန် ကီလိုမီတာပေါင်းများစွာ ဝေးကွာလှသောနေရာကို သွားရတော့မည်ဟု သိလိုက်ရသောအခါ မည်သို့ဖြစ်မည်နည်း။

တစ်ကိုယ်ရည်သမားများအတွက်တော့ နေရာအသစ်ငှားရမ်းခြင်းဖြင့် ဖြေရှင်းနိုင်သော်ငြား မိသားစုရှိပြီးသား အိမ်ထောင်သည်များမှာ မည်သို့လုပ်မည်နည်း။ ကုမ္ပဏီအသစ်နားရှိ အိမ်အသစ်ကို ဝယ်ရမှာလား။

သူတို့အနေနှင့် အိမ်အသစ်ကို ငှားရမ်းရမည်ဆိုလျှင်ပင် မူလအိမ်ကိုရော မည်သို့လုပ်မည်နည်း။

အိမ်ကို လက်လွှတ်လိုက်ပါက ငှားရမ်းခကို ဆုံးရှုံးရမည်ဖြစ်ပြီး တစ်ဆင့်ပြန်ငှားခြင်းကလည်း အလုပ်ရှုပ်လှသည်။

အဓိကပြဿနာမှာ မီးလျှံဝိညာဉ်ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်ထဲတွင် လုပ်ငန်းခွင်တည်နေရာကို ဤလိပ်စာအတိုင်း အတိအကျ သတ်မှတ်ထားသည်။ ကုမ္ပဏီပြောင်းရွှေ့ခြင်းကြောင့် ဝန်ထမ်းများဘက်က သူတို့၏ အလုပ်သမားစာချုပ်ကို မဖြည့်ဆည်းနိုင်တော့သဖြင့် အလုပ်မှနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပါက လျော်ကြေးတောင်းဆိုခွင့်ရှိသည်။

ကုမ္ပဏီအသေးလေးတချို့က သူတို့၏ စာချုပ်ထဲတွင် မြို့နာမည်ကိုသာ ထည့်သွင်းလေ့ရှိကြသော်လည်း ကုမ္ပဏီ၏ တည်ငြိမ်မှုအပိုင်းအပြင် အရွယ်အစားနှင့် အတိုင်းအတာကိုဖော်ပြသည့် သင်္ကေတအဖြစ် အလွန်ကြီးမားလှသော လုပ်ငန်းစုကြီးများက လိပ်စာအတိအကျကို ထည့်သွင်းဖော်ပြလေ့ရှိကြသည်။

သို့သော် တစ်စုံတစ်ယောက်က သူတို့၏အဆောက်အအုံကို ဈေးနှစ်ဆတိုးပေး၍ ဝယ်ယူလာလိမ့်မည်ဟု မည်သူကများ ကြိုသိနိုင်မည်နည်း။ ထိုအရာကို သူတို့ လုံးဝကြိုမခန့်မှန်းနိုင်ချေ။ သို့မဟုတ်ပါက စာချုပ်ထဲတွင် ကုမ္ပဏီလိပ်စာအတိအကျကို ထည့်သွင်းဖော်ပြခဲ့မည်မဟုတ်။

ဤသို့ဖြင့် ကုမ္ပဏီဘက်က အလုပ်မှနုတ်ထွက်မည့် ဝန်ထမ်းများကို လျော်ကြေးပေးရန်အတွက် ငွေပမာဏ အများအပြားကို ပြင်ဆင်ထားရမည်ဖြစ်၏။ တစ်ချိန်တည်းမှာပင် ဝန်ထမ်းအသစ်ခေါ်ယူခြင်း၊ ပရောဂျက်များ နှောင့်နှေးခြင်းတို့အတွက် ဒဏ်ကြေးပေးဆောင်ခြင်း အစရှိသော အရာများအတွက်လည်း ကုန်ကျစရိတ်များပြားပေလိမ့်မည်။ ထို့ကြောင့် တိတိကျကျ ပြောရမည်ဆိုလျှင် သူတို့အနေနှင့် အမြတ်နှစ်ဆ ရလိုက်သည်ဟုတော့ မဆိုနိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ နေ့တိုင်းမရနိုင်သော အကျိုးအမြတ်ရှိသည့် အပေးအယူတစ်ခုပင်။ ငွေသားဘီလီယံအနည်းငယ်ကို ပိုပိုလျှံလျှံရလိုက်ခြင်းမှာ ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အံ့ဖွယ်ကောင်းလောက်အောင် အထောက်အကူဖြစ်လှသည်။

"နေရာအသစ်ကို အခုချက်ချင်းရှာကြ!"

လဲ့ကျားက ကုမ္ပဏီ၏ တည်နေရာအသစ်အတွက် ပြင်ဆင်မှုများကို စတင်စီမံလေတော့သည်။

"ခဏလေး..တက္ကသိုလ်တစ်ခုခုနဲ့ နီးတဲ့နေရာ ဒါမှမဟုတ် ငါတို့ရဲ့ လက်ရှိကုမ္ပဏီနဲ့ နီးတဲ့နေရာတွေကို လုံးဝမရွေးမိစေနဲ့"

ကျန်းမုန့်လောင်နှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စမျိုးမှာ ဒုတိယအကြိမ် ဖြစ်နိုင်ခြေမရှိသော်လည်း လဲ့ကျားခမျာ ဤအတွေ့အကြုံကြောင့် အမှန်တကယ် ထိတ်လန့်သွားခဲ့ရသည်။ ပိုက်ဆံက ကောင်းသောအရာတစ်ခု ဖြစ်သော်ငြား ပြဿနာလည်း များလှသည်။

ဂီတကောလိပ်၏ ကျောင်းအုပ်ကြီးအပြင် မီးလျှံဝိညာဉ်ဂိမ်းကုမ္ပဏီ၏သူဌေးနှင့်ပါ အခြေအနေများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ခွင့်ပြုချက်ယူဖို့သာ ကျန်တော့သည်။

ကျန်းမုန့်လောင်အတွက်မူ မစ္စတာကျိုးက အကောင်းဆုံး ဆက်သွယ်ရမည့် လမ်းကြောင်းတစ်ခုပင်။

"ဟဲဟဲဟဲ မစ္စတာကျိုး..ထမင်းစားပြီးပြီလား"

ကျန်းမုန့်လောင်က ခပ်ပြုံးပြုံးဖြင့် မစ္စတာကျိုးကို ဖုန်းခေါ်လိုက်သည်။

"အာ..ကောင်စုတ်လေး..အခုမှပဲ ငါ့ကိုသတိရတော့တယ်နော်။ မင်းက နိုင်ငံခြားမှာရှိတဲ့ ငါ့ကို ဒုက္ခမပေးနိုင်လောက်တဲ့အထိ အလုပ်များနေတယ်လို့ ထင်နေတာ"

မစ္စတာကျိုးက မုတ်ဆိတ်မွေးကို တသသလုပ်ရင်း ပြောလိုက်၏။

"အခုတလော ငါတို့အပေါ်ထားတဲ့ နိုင်ငံတကာရဲ့ အကဲဖြတ်မှုတွေက သိပ်မကောင်းဘူး။ ငါတို့ဟွာရှားနိုင်ငံက ကျန်းမိသားစုအပိုင် ဖြစ်လာတော့မလိုတောင် ပြောနေကြတာ"

"ဘယ်သူပြောတာလဲ! သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားမယောင်ပါနဲ့!"

ကျန်းမုန့်လောင်က ဆဲဆိုပစ်လိုက်သည်။

"ဘယ်သူလဲဆိုတာကိုသာ သိရရင် ဗုံးကြဲလေယာဉ်တစ်တပ်လုံး လွှတ်လိုက်မှာ"

မစ္စတာကျိုးခမျာ ဆွံ့အသွားရသည်။

ဘယ်သူကများ လူတွေကို ဒီလိုခြိမ်းခြောက်လို့လဲ။

သို့သော် ကျန်းမုန့်လောင်၏ စကားများက တန်ဘတ်နိုင်ငံတွင် လက်နက်ကိရိယာအများအပြား ရုတ်တရက်ပေါ်ပေါက်လာခြင်းမှာ သူ ထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်း အတည်ပြုပေးလိုက်သလိုပင်။ အမှန်ပင်။ ဘရာမန်နိုင်ငံနှင့် တစ်ကမ္ဘာလုံးကပါ ထိုအကြောင်းကို သိထားကြသည်။ သို့သော် မည်သူကမှ တိုက်ရိုက်ထုတ်မပြောရဲကြချေ။

သို့သော် သူ့လုပ်ဆောင်မှုများမှာ အလွန်ရဲရင့်လှသည်ကိုတော့ ငြင်းမရနိုင်ပေ။ သူ့ကို အလွန်အမင်းဖိအားပေးလာပါက ဤကလေးက မည်သည့်အရာကိုမဆို လုပ်နိုင်သူတစ်ယောက်ပင်။ ကံကောင်းချင်တော့ သူက ဟွာရှားနိုင်ငံသားတစ်ယောက် ဖြစ်နေလေသည်။ မဟုတ်ပါက သူတို့မှာ ထမင်းစားနေတုန်း တူများကိုပင် မြဲမြဲမြံမြံမကိုင်နိုင်လောက်အောင် အလွန်စိုးရိမ်ပူပန်နေမိကြမည်ဖြစ်၏။

"ဒီတစ်ခါတော့ ကျွန်တော့်အပြစ်မဟုတ်ဘူး။ တစ်စုံတစ်ယောက်က ကျွန်တော့်ပိုင်ဆိုင်မှုတွေကို လာလုယူဖို့ ကြိုးစားခဲ့တယ်လေ။ ဒီတော့ ကျွန်တော်လည်း အဲဒါကို အပြည့်အဝကာကွယ်သင့်တယ်မလား။ ကျွန်တော့်အဖေ အမြဲပြောနေကျ စကားတစ်ခုရှိတယ်။ 'ဆင်းရဲတဲ့ မိသားစုက ဆင်းသက်လာတဲ့ ကလေးတစ်ယောက်အနေနဲ့ မင်း စောစောစီးစီးတာဝန်ယူရမယ်တဲ့။ ပြီးတော့ သမာသမတ်လည်းကျရမယ်။ ပေါက်စီအတွက် တိုက်ခိုက်တာမဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းအတွက် တိုက်ခိုက်ပါတဲ့..."

"တော်တော့ တော်တော့။ မင်းက ဆင်းရဲတဲ့မိသားစုက ကလေးတဲ့လား?"

မစ္စတာကျိုးအနေနှင့် တခြားလူတွေက ဆင်းရဲမှုကြောင့် ငိုကြွေးပြလျှင်သာ ယုံချင်ယုံမည်။ သို့သော် ကျန်းမုန့်လောင်က ဆင်းရဲကြောင်း ညည်းညူနေတာကတော့ လုံးဝအဓိပ္ပာယ်မရှိသောစကားပင်။

"အဲဒီသုံးရာဘီလီယံလောက်ကို မင်းက မျက်လုံးထဲတောင် မထည့်ဘူးဆိုတာ ငါမသိဘူးမထင်နဲ့။ ဟုတ်တယ်မလား။ ပြီးတော့ Forbesစာရင်းမှာ ဖော်ပြထားတဲ့ပမာဏကလည်း မင်းရဲ့ပိုင်ဆိုင်မှုအကုန်မဟုတ်တာ သေချာတယ်"

"ဘယ်သူပြောလဲ?"

ကျန်းမုန့်လောင်လည်း ချက်ချင်းဆိုသလို မကျေမနပ်ဖြစ်သွားသည်။

"ခင်ဗျားမယုံရင် ကျွန်တော့်ဘဏ်ကတ်နဲ့ ခရက်ဒစ်ကတ်ကို ကြည့်လိုက်။ ငါးရာကျော်ရင် ကျွန်တော်အရှုံးပဲ"

"ကဲပါကွာ"

လောင်ကျိုးက ရယ်မောရင်း စနောက်လိုက်သည်။

"မင်းတို့သူဌေးတွေက ကိုယ့်ပိုက်ဆံကိုယ် ဘယ်တော့မှမသုံးဘူးဆိုတာ ငါသိတယ်။ ငါ့ကို လာလှည့်စားဖို့ မကြိုးစားနဲ့။ လိုရင်းကိစ္စကိုသာပြောလိုက်။ မင်း ငါ့ကို ဘာလို့ရှာတာလဲ။ မင်းက ဒီအဘိုးကြီးကို သတိရဖို့ကလွဲပြီး တခြားဘာမှလုပ်စရာမရှိဘူးလို့တော့ မပြောနဲ့နော်"

"ဟဲဟဲဟဲ..ခင်ဗျားရဲ့အကူအညီကို လိုအပ်နေပြီဗျ"

"မင်းက ငါ့အကူအညီကို လိုအပ်နေတာလား"

ဤတစ်ခေါက်တော့ လောင်ကျိုးလည်း အမှန်တကယ် အံ့အားသင့်သွားလေသည်။

"မင်းမလုပ်နိုင်တာ ဘာများရှိသေးလို့လဲ"

"ကျွန်တော့်ရည်းစားကိစ္စပါ"

ကျန်းမုန့်လောင်က အခြေအနေကို အတိုချုပ်ရှင်းပြလိုက်သည်။

"အဲဒါကြောင့် ကျွန်တော်လည်း ဒီနည်းလမ်းကိုပဲ တွေးမိလိုက်တာ"

ဖုန်းတစ်ဖက်ရှိ လောင်ကျိုးကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည်။

"ကျန်းနန်ဂီတကောလိပ်ဘေးက ကုမ္ပဏီအဆောက်အအုံကို ဘာမှအပိုစာသားတွေမပြောဘဲ တန်းဝယ်လိုက်တာပေါ့။ မင်းတို့လူငယ်တွေရဲ့ ချစ်မှုရေးရာကို ငါတော့ တကယ်နားမလည်တော့ပါဘူးကွာ"

"အဲဒီလိုသဘောပါပဲ။ ဒါက နောက်ဆုံးနည်းလမ်းပဲလေ။ ခင်ဗျားက ကျွန်တော်တို့ အဝေးရောက်ချစ်သူဘဝ ရောက်သွားတာကို အသာကြည့်မနေဘူးမလား။ အဲဒါက တော်တော်ပင်ပန်းရတာဗျ"

ကျန်းမုန့်လောင်က တမင်တကာညည်းညူပြရင်း ပြောလိုက်သည်။

"ငါးဆယ်ဘီလီယံသုံးပြီး အဆောက်အအုံတစ်လုံးကိုဝယ်လိုက်တဲ့လူက ငါ့ရှေ့မှာ သနားကမားလာလုပ်ပြနေတာလား?"

လောင်ကျိုးခမျာ မဲ့တဲ့တဲ့ပြုံးလိုက်မိသည်။

"ကျန်းနန်ဂီတကောလိပ်ရဲ့ ကျောင်းအုပ်ကြီးနဲ့ရော ပြောဆိုပြီးပြီလား"

"အကုန်ပြောဆိုပြီးပြီ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျောင်းဘက်က နံရံတစ်ခုကိုဖြိုချပြီး မီးလျှံဝိညာဉ်မျှော်စင်ကို အတွင်းဘက်မှာ တံတိုင်းခတ်ဖို့ပဲလိုတာ။ ဆောက်လုပ်ရေးစရိတ်၊ ပစ္စည်းကိရိယာသယ်ယူပို့ဆောင်ခတွေအားလုံး ကျွန်တော် အကုန်ကျခံမယ်။၊ သူ့ဘက်ကလည်း ကန့်ကွက်စရာမရှိဘူးလေ။ အခု ခင်ဗျားဆီက ခွင့်ပြုချက်ရဖို့ပဲ ကျန်တော့တယ်"

"ကောင်စုတ်လေး..မင်းက စေ့စေ့စပ်စပ် လုပ်ထားပြီးသားပဲ။ ကောင်းပြီလေ.. ဒီတစ်ခုတော့ ငါ မင်းအတွက် လုပ်ပေးလိုက်မယ်"

လောင်ကျိုးက ပြောသည်။

"ဒါပေမဲ့ ငါ့မှာ သတ်မှတ်ချက်တစ်ခုရှိတယ်"

"ပြောသာပြောလိုက်ပါ။ ဓားတောင်ကိုပဲတက်ရတက်ရ မီးပင်လယ်ကိုပဲ ဆင်းရဆင်းရ ကျွန်တော် မျက်တောင်တစ်ချက်ခတ်မှာမဟုတ်ဘူး!"

"မင်း ငါ့ကို ဒုက္ခသိပ်မပေးပါနဲ့ကွာ။ အဲဒါက မင်း ငါ့ကို အကူအညီပေးရာရောက်တယ်။ ဒီတစ်ခေါက် အထက်လူကြီးတွေက မင်းကို နည်းနည်းမကျေမနပ်ဖြစ်နေကြတာ။ ငါသာ သူတို့ကို မတားဘူးဆိုရင် မင်း အကြီးအကျယ်ပြဿနာတက်နေလောက်ပြီ"

"ဟဲဟဲဟဲ..နားလည်ပါပြီ။ နားလည်ပါပြီ"

ကျန်းမုန့်လောင်ကလည်း စနောက်လိုက်သည်။

"နောက်အပတ်ကျရင် ကျွန်တော် ကျောင်းတက်ရတော့မှာ။ အဲဒီအချိန်ကစပြီး ကျွန်တော် သိပ္ပံသုတေသနမှာပဲ အာရုံစိုက်မယ်။ ကြိုးကြိုးစားစားလေ့လာမယ်။ စာတမ်းတွေ ထုတ်ဝေမယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်ဖို့ ကြိုးစားမယ်"

"ငါ့ကို လာလိမ်မနေနဲ့!"

သူက ယခုလိုပြောသော်လည်း အကယ်၍များ ပဋိပက္ခတစ်ခု ပေါ်ပေါက်လာပါက ကျန်းမုန့်လောင်ကတော့ ဒုက္ခရောက်မည်မဟုတ်ကြောင်း လောင်ကျိုး ကောင်းကောင်းသိသည်။ သူ့ပိုင်ဆိုင်မှုအစစ်အမှန်များက နိုင်ငံ့စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေးကို မည်မျှအထိ အကျိုးသက်ရောက်မှု ပြင်းထန်စေသလဲဆိုသည်ကို မဆိုထားနှင့်။ သူ့လက်ထဲရှိ အာဏာတစ်ခုတည်းဖြင့်ပင် မည်သူမှ သူ့ကိုမထိရဲကြချေ။

လုံရှားတပ်ဖွဲ့နှင့် ရှေးဟောင်းသိုင်းပညာရှင်များ၏ ပူးပေါင်းအင်အားစုများကပင် သူ့သက်တော်စောင့်များထဲမှ လူတစ်ယောက်တည်း၏ ဆံချည်မျှင်တစ်မျှင်လေးကိုတောင် မထိပါးနိုင်ချေ။ ဤသည်မှာ ကိုယ်ပိုင်သိုင်းပညာအဆင့်က အဆုံးစွန်ဆုံးအဆင့်အထိ ရောက်အောင် စွမ်းဆောင်နိုင်သည့် အဆင့်အတန်းမျိုးပင်။

ထို့ကြောင့် တကယ်တမ်းမှာတော့ လောင်ကျိုးက ကျန်းမုန့်လောင်နှင့် ပတ်သက်ဆက်ဆံရာတွင် ဟန်ချက်ညီမှုကို ထိန်းသိမ်းထားရန် မျှော်လင့်မိသည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်တစ်ခေါက်တုန်းက သူပေးအပ်ခဲ့သော အချက်အလက်များမှာ နိုင်ငံအတွက် အလွန်အမင်း အထောက်အကူဖြစ်ခဲ့သည်။

မကြာသေးမီက ဘရာမန်နိုင်ငံနှင့် တန်ဘတ်နိုင်ငံတို့အကြားရှိ စစ်ပွဲတွင် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များ၏ စွမ်းအားကို လူတိုင်း မြင်တွေ့ခဲ့ကြရသည်။ ဆုံးရှုံးမှုအချိုးမှာ ၁:၁၅နီးပါးအထိ ရောက်ရှိခဲ့သည်။ အဓိပ္ပာယ်မှာ ပဉ္စမမျိုးဆက်တိုက်လေယာဉ်တစ်စင်းတည်းကပင် စတုတ္ထမျိုးဆက်တိုက်လေယာဉ်ဆယ်စင်းကျော်ကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဟု ဆိုလိုခြင်းပင်။

ယခုအခါတွင် ဖွံ့ဖြိုးပြီးနိုင်ငံများကို လိုက်မီရန် ကြိုးစားသည့်အနေနှင့် နိုင်ငံအများအပြားက ပဉ္စမမျိုးဆက်တိုက်လေယာဉ်များကို တီထွင်ထုတ်လုပ်ရန်အတွက် အစွမ်းကုန်ကြိုးစားနေကြသည်။

သို့သော် သူတို့မသိသည်မှာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်များမှာ ဟွာရှားနိုင်ငံ၏အမြင်တွင် ခေတ်ကုန်နေပြီဖြစ်၏။

ကျန်းမုန့်လောင်ပေးထားသော အချက်အလက်များနှင့် ပုံကြမ်းများအရ အများဆုံးသုံးလအတွင်းမှာပင် ဟွာရှားနိုင်ငံ၏ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်များမှာ နိုင်ငံတကာစင်မြင့်ပေါ်သို့ ရောက်ရှိလာမည်ဖြစ်ပြီး အမျိုးသားနေ့မှာပင် ပွဲဦးထွက်နိုင်ခြေရှိ၏။ ထိုအချိန်ရောက်လျှင် တစ်ကမ္ဘာလုံး အံ့အားသင့်သွားကြလိမ့်မည်။

ထိုနေ့တွင် ကမ္ဘာကြီးက ဟွာရှားနိုင်ငံကို အာရုံစိုက်လာကြပေတော့မည်။

****************

All Chapters