← Chapters

ကွာခြားမှုက ဘာလို့ ဒီလောက်တောင်ကြီးမားနေရတာလဲ

Vol. 34 Ch. 502

ကွာခြားမှုက ဘာလို့ ဒီလောက်တောင်ကြီးမားနေရတာလဲ

Vol. 34 Ch. 502

ပါမောက္ခကျိုး၏ အကူအညီကြောင့် လုပ်ထုံးလုပ်နည်းများအားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး ကျောင်းဝင်းချဲ့ထွင်ခွင့်ကို သုံးရက်အတွင်း ရရှိခဲ့သည်။ ငွေ၏ဆွဲဆောင်မှုကြောင့် တစ်ပတ်အတွင်းမှာပင် မီးလျှံဝိညာဉ်မျှော်စင်၏ နေရာအများအပြားမှာ ရှင်းလင်းသွားခဲ့ပြီး အနည်းဆုံးဆယ်ထပ်ခန့် ဗလာကျင်းသွားခဲ့ရသည်။

သူတို့က ဟွာရှားယွမ်ငွေငါးဘီလီယံဖြင့် အင်တာနက်ပန်းခြံထဲရှိ နေရာတစ်နေရာကို သုံးနှစ်စာအတွက် ချက်ချင်းငှားရမ်းခဲ့ကြသည်။ ထို့ပြင် ၂.၅ဘီလီယံကို ရင်းနှီးမြှုပ်နှံ၍ ဒေသခံဖွံ့ဖြိုးတိုးတက်ရေးဗျူရိုနှင့် နှစ်နှစ်ကြာမြင့်မည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို စာချုပ်ချုပ်ဆိုခဲ့သည်။ နှစ်နှစ်အကြာတွင် သူတို့၏ မူလရုံးခန်းထက်ပင် ပိုမိုကြီးမားသော ရုံးအဆောက်အအုံတစ်ခုကို ပိုင်ဆိုင်ရတော့မည်ဖြစ်၏။

ဤရန်ပုံငွေကြောင့် လဲ့ကျား၏ စီမံကိန်းကလည်း ရှယ်ယာရှင်များ၏ သဘောတူညီမှုကို အပြည့်အဝရရှိခဲ့သည်။ သူတို့တွင် ပိုက်ဆံရှိနေပြီဖြစ်သောကြောင့် ထိုပိုက်ဆံကို သုံးပစ်ရန်မကြောက်တော့ပေ။ ထို့ကြောင့် သူ့ကို လုပ်ပိုင်ခွင့်ပေးလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ ဤပိုက်ဆံမှာ သူကိုယ်တိုင်ရှာဖွေထားသော ပိုက်ဆံများသာ။

ထွက်ခွာသွားသော ဝန်ထမ်းများအတွက် ပေးချေရမည့် လျော်ကြေးငွေနှင့် ဝန်ထမ်းအသစ်ခေါ်ယူမည့် ဘတ်ဂျက်တို့ကို ထည့်သွင်းစဉ်းစားပြီးသည့်တိုင် သူတို့ထံတွင် နှစ်ဘီလီယံကျော် ကျန်နေသေးသည်။

ငါးရက်မြောက်နေ့တွင် ကျန်းမုန့်လောင်စီစဉ်ထားသည့် လူများက မီးလျှံဝိညာဉ်မျှော်စင်ကို ပြုပြင်ပြောင်းလဲမှုများ စတင်ကြတော့သည်။ ဤမျှအထိ ကြီးမားကျယ်ပြန့်လှသောနေရာမှာ ကောလိပ်တစ်ခုလုံးကို ထည့်သွင်းထားလျှင်ပင် လုံလောက်တာထက် ပိုသေးသည်။ ထို့ပြင် မီးလျှံဝိညာဉ်အဆောက်အအုံတွင် ကိုယ်ပိုင်ဝန်ထမ်းအဆောင်ခန်းများ ရှိနေသောကြောင့် ကျောင်းအတွက် အသစ် ဆောက်ရန်ပင် မလိုအပ်တော့ချေ။

ထိုသတင်းကို ကြားလိုက်ရသောအခါ အဆိုပိုင်းဆိုင်ရာဂီတဌာနမှ ကျောင်းသားကျောင်းသူများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရသည်။

သူတို့ ကျန်းနန်ဂီတကောလိပ်သို့ လာရောက်လျှောက်ထားရသည့် အကြောင်းအရင်းများထဲက တစ်ခုမှာ ဤကောလိပ်သည် နိုင်ငံအတွင်းရှိ အဆင့်မြင့်ကောလိပ်တစ်ခု ဖြစ်သောကြောင့်ပင်။ သို့သော် အခြားအကြောင်းအရင်းတစ်ခုလည်း ရှိသေးသည်။ ကျန်းနန်မြို့က အလွန်အသက်ဝင်လှုပ်ရှားပြီး စည်ကားလှသောမြို့တစ်မြို့ ဖြစ်သောကြောင့်ပင်။

သို့သော် ကျောင်းဝင်ခွင့်စာလွှာများ လက်ခံရရှိပြီးနောက် ကျောင်းဝင်းတည်နေရာကို မြင်လိုက်ရသောအခါ အများစုမှာ အံ့အားသင့်သွားကြသည်။ လင်းသုန်းခရိုင်က ကျန်းနန်မြို့၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အခြားမြို့တစ်မြို့မှ ခွဲထွက်ပြီး မြို့စွန်တွင် ရပ်တည်နေခဲ့သည်။

ယခုနှစ်တွင် မြေအောက်ရထားစနစ်ကို ဆက်သွယ်ပေးထားသော်လည်း မြို့လယ်ခေါင်သို့သွားသည့် အသွားလမ်းကြောင်းတစ်ကြောင်းကပင် နှစ်နာရီကြာမြင့်သည်ဖြစ်ရာ သူတို့၏ ကျန်းနန်မြို့အိပ်မက်များကို ပျက်စီးစေခဲ့သည်။

သို့သော် ဤကြားဖြတ်အသိပေးစာမှာ စပရိုက်အကြီးစားတစ်ခုနှင့်ပင် အလားသဏ္ဍာန်တူလှ၏။ ကျန်းသုန်းခရိုင်က မြို့လယ်ခေါင်နှင့် မယှဉ်သာသော်လည်း အများသုံး သယ်ယူပို့ဆောင်ရေးဖြင့်သွားလျှင် မိနစ်သုံးဆယ်ခန့်သာ ကြာမြင့်မည်ဖြစ်လေရာ ဤသည်မှာ လုံးဝလက်ခံနိုင်သော အနေအထားတစ်ခုပင်။

ထို့ပြင် နှစ်ပေါင်းများစွာကြာအောင် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ကျန်းသုန်းခရိုင်ရှိ အဆောက်အအုံများနှင့် အသုံးအဆောင်များမှာ မြို့လယ်ခေါင်ရှိ အရာများထက် မနိမ့်ကျတော့ပေ။ ကျင်းသိုက်ပလာဇာ၊ ပိုင်တာ့ပလာဇာနှင့် လုံဟယ်ထျန်းကျဲကဲ့သို့သော နေရာများမှာ ကျောင်းသားများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လုံလောက်တာထက်ပင် ပိုပေသည်။

ကျောင်းဝင်းပြောင်းလဲခြင်းနှင့်ပတ်သက်သည့် သဘောထားများကို စုဆောင်းခြင်းကလည်း လုပ်ထုံးလုပ်နည်းတစ်ခုသာဖြစ်၏။ စည်ကားသိုက်မြိုက်သော နေရာတစ်ခုတွင် နေနိုင်နေပြီဖြစ်ရာ မည်သူကများ ထိုကဲ့သို့သောနေရာမျိုးတွင် ဆက်နေချင်မည်နည်း။

စက်တင်ဘာလ တစ်ရက်နေ့တွင် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့နှစ်ယောက်သား စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ ဘွဲ့လွန်ကျောင်းသားဘဝကို စတင်ခဲ့သည်။

"မင်းက မင်းရဲ့အကြံပေးဆရာဆီကို အရင်သွားလိုက်။ ငါလည်း ပါမောက္ခဟန်ကို သွားနှုတ်ဆက်ပြီးမှ နေ့လယ်စာအတူစားဖို့ မင်းကိုလာရှာမယ်နော်"

ကျန်းမုန့်လောင်လည်း လုရီယောင်ကို ကျောင်းရှေ့တွင် ချထားပေးခဲ့ပြီးနောက် သူ့လျှပ်စစ်စကူတာလေးကိုစီး၍ ထွက်ခွာသွားသည်။

...

"မုန့်လောင် ဘာလို့ အခုထိ မလာသေးတာလဲ"

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဝင်ပေါက်တွင် အသက်နှစ်ဆယ်အရွယ်ရှိ လူငယ်အုပ်စုတစ်စုက လူအုပ်ကြီးကို လှမ်းကြည့်နေကြသည်။

အနည်းငယ် ချောမွေ့တောက်ပြောင်နေသော နဖူးပြင်များနှင့် ဆံသားလိုင်းကိုကြည့်လျှင် ဤကျောင်းသားအများစုမှာ ဘွဲ့လွန်ကျောင်းသားများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိနိုင်သည်။

ကျန်းမုန့်လောင်၏ကျေးဇူးကြောင့် ဟန်ကျင်းယွီ၏ သုတေသနအဖွဲ့မှာ ယခုအခါတွင် ကမ္ဘာပေါ်၌ အချမ်းသာဆုံးအဖွဲ့များထဲမှ တစ်ခုဖြစ်လာခဲ့ပြီး သူတို့၏ ထောက်ပံ့ကြေးကလည်း ပုံမှန်ဒေါက်တာဘွဲ့ရများ၏ လစာထက်ပင် အဆပေါင်းများစွာ သာလွန်နေပေသည်။

သူတို့၏နယ်ပယ်ထဲတွင် မဟာဘွဲ့ရများက ပျမ်းမျှလစာရှစ်ထောင်ရရှိပြီး ဒေါက်တာဘွဲ့ရများကတော့ တစ်သောင်းခွဲရရှိသည်။ သို့သော် ယခုမူ မဟာဘွဲ့ရကျောင်းသားများကပင် တစ်နှစ်လျှင် လုပ်အားခနှစ်သိန်းကျော် ရရှိနေသည်။ ဤပမာဏမှာ နှစ်ကုန်ဘောနပ်စ်ပင် မပါသေးချေ။ သူ့စီနီယာများမှာ အလွန်ငွေရွှင်နေကြသည်။

ထိုအချိန်မှာ အခြားကျောင်းသားများ၏ ဓာတ်ခွဲခန်း အများစုတွင်မူ ထောက်ပံ့ကြေးမရှိရှာပေ။ ရှိသည်ဆိုလျှင်ပင် အများဆုံးမှ လေးရာမျှသာ။ အခြားကျောင်းများတော့ မသိပေ။ ဤသည်မှာ ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ စံချိန်စံနှုန်းပင်။

အမှန်ပင်။ သူတို့သိပ္ပံသုတေသန၏ ပြင်းထန်မှုအဆင့်ကလည်း ကွာခြားလှပေသည်။ သို့သော် ငွေလုံလုံလောက်လောက်ရနေသရွေ့ သုတေသနပြင်းထန်မှုအဆင့် တိုးလာလျှင်ပင် မမှုရုံသာမက အလုပ်ချိန်မနက်၉နာရီမှ ည၉နာရီအထိ၊ တစ်ပတ်လျှင်၆ရက် အလုပ်လုပ်ရတာမျိုးကတောင် ပြဿနာမရှိချေ။

တကယ်တော့ ၉၉၆လုပ်ငန်းစနစ်ကို မနှစ်သက်ရသည့်အကြောင်းအရင်းမှာ အလုပ်ချိန်များလွန်းသောကြောင့် မဟုတ်ပါဘဲ ကြိုးစားအားထုတ်မှုနှင့် ပြန်ရသော အကျိုးအမြတ်တို့က မမျှတသောကြောင့်ပင်။

အပိုမပေးဘူးဆိုရင် ငါကရော ဘာလို့ မင်းတို့အတွက် အချိန်ပို အလုပ်လုပ်ပေးရမှာလဲ။

ဒါပေမဲ့ မင်းဘက်က လုံလောက်အောင် ပေးမယ်ဆိုရင်တော့ စိတ်ဝိညာဉ်ကို ရောင်းလိုက်ရရင်တောင် မမှုပေ။

သူတို့၏အမြင်မှာတော့ ယခုအချိန်တွင် ကျန်းမုန့်လောင်က ရှူးဂါးဒယ်ဒီတစ်ယောက်ပင်။ မဟုတ်ပါက သုတေသနကိစ္စများဖြင့် အလုပ်ရှုပ်နေချိန်မှာ ဘယ်သူကများ ဘွဲ့လွန်ကျောင်းသားသစ်တစ်ယောက်ကို ကြိုဆိုဖို့ အချိန်ဖြုန်းချင်မည်နည်း။

"အစ်ကိုတို့ အစ်မတို့!"

ထိုအချိန်တွင် ပါနာမီရာကားတစ်စီးက လမ်းဘေးသို့ ထိုးရပ်လိုက်ပြီး လူပေါင်းများစွာ၏အာရုံကို ချက်ချင်း ဖမ်းစားထားလိုက်သည်။

လူငယ်လေးတစ်ယောက်က ကားထဲမှ ထွက်လာပြီးနောက် စီနီယာတစ်သိုက်ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။

သူ့နာမည်မှာ ကျန်းမင်လဲ့ဖြစ်သည်။ သူ့မိသားစုက ပေါ်လီမာကုန်ကြမ်းပစ္စည်းလုပ်ငန်းနယ်ပယ်တွင် ကျင်လည်နေသောကြောင့် ယခုနှစ် ဘွဲ့လွန်ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ ယခုနှစ်တွင် ကျန်းမုန့်လောင်၏ အရင်းအမြစ်များကြောင့် ဟန်ကျင်းယွီမှာ တော်ဝင်ပညာရှင်အဖြစ် အမည်စာရင်းတင်သွင်းခံထားရပြီး ပြန်လည်သုံးသပ်မှုအောင်မြင်နိုင်ခြေလည်း ရှိသည်ဟုဆို၏။ ထို့ကြောင့် ကျန်းမင်လဲ့က လေးစားအားကျစိတ်ဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းပင်။

သူ့မိသားစုက အလွန်ချမ်းသာသည်။ သူကလည်း ဖော်ရွေသည့်အပြင် ရုပ်ရည်ကလည်း အလွန်ချောမောသည်။ သူသည် ပတ်ဝန်းကျင်မှလူများ၏ အာရုံစိုက်မှုကိုလည်း အမြဲရနေကျပင်။ သူ့အမြင်တွင် သူသည် ဘွဲ့လွန်ကျောင်းသားအဆင့်မှာ ရှိနေသေးသည့်တိုင် အာရုံစိုက်မှုကို ရရှိနေဦးမည်ဟု ထင်နေပေသည်။

တက္ကသိုလ်သို့ မလာခင်ကပင် သူ့အကြံပေးပုဂ္ဂိုလ်များနှင့် ကျောင်းသားများကို ဆက်သွယ်ခဲ့ပြီး သူ့စီနီယာများကိုပါ ဒေသထွက်အစားအစာများ ပို့ပေးခဲ့သေးသည်။ တက္ကသိုလ်ကိုရောက်သည့်အခါ သူ့ကို သူတို့ နည်းနည်းတော့ ဂရုစိုက်ပေးကြလိမ့်မည်မဟုတ်လား။

"စီနီယာတို့..ကျွန်တော်က ကျန်းမင်လဲ့ပါ"

ကျန်းမင်လဲ့က စိတ်လှုပ်ရှားစွာ ပြေးသွားလေသည်။ သူ့ပေါင်းသင်းဆက်ဆံရေး တည်ဆောက်မှုမှာ အချည်းနှီးတော့ မဖြစ်ဟန်တူသည်။ အကြောင်းမှာ သူ့စီနီယာများက သူ့အား လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသောကြောင့်ပင်။

"အိုး.. မင်းက မင်လဲ့လား.. တွေ့ရတာဝမ်းသာပါတယ်"

"ဂျူနီယာ ခဏနေဦးနော်။ ငါတို့ တခြားတစ်ယောက်ကို ကြိုရဦးမယ်။ ဒါမှမဟုတ် မင်း ဓာတ်ခွဲခန်းကို အရင်သွားနှင့်လိုက်လေ။ ပြီးမှ ငါတို့တွေ ပါမောက္ခဟန်ကို အတူသွားတွေ့ကြမယ်"

"ဒါက ဘယ်လိုဖြစ်တာလဲ။ သူတို့တွေအားလုံးက ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ"

ဤဇာတ်လမ်းအလှည့်အပြောင်းမှာ ကျန်းမင်လဲ့ ထင်ထားသလို လုံးဝမဟုတ်ပေ။

ပုံမှန်ဆိုလျှင် စီီနီယာများက သူ့ကို နွေးထွေးစွာကြိုဆိုသင့်သည်မဟုတ်လော။ ယခုမူ သူ့ကို ခေါင်းညိတ်ရုံသာညိတ်ပြပြီး ဘာကြောင့် လျစ်လျူရှုထားရတာလဲ။ သူ့ကားကိုတောင် တစ်ချက်မကြည့်ကြတော့ဘူးလား။ အနည်းဆုံးတော့ ကျောင်းသားဘဝမှာတင် ဒီလိုကားမျိုးမောင်းနိုင်တဲ့လူတွေဆိုတာ သိပ်မရှိဘူးမဟုတ်လား။

ကျန်းမင်လဲ့ခမျာ သူတို့၏အကြည့်လားရာအတိုင်း လိုက်ကြည့်လိုက်မိသည်။ သူတို့ အမှန်တကယ်ပင် တစ်ယောက်ယောက်ကို စောင့်နေပုံရသည်။ သူ့စီနီယာများ၏ အာရုံစိုက်မှုကို ခံရလောက်အောင်အထိ သူ့ထက် ပိုအရေးပါနေသူမှာ မည်သူလေလဲ။

သူ့ကားကို ဘေးဘက်သို့ ရပ်ထားလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများ၏အကြည့်ကို လျစ်လျူရှုကာ စီနီယာများနောက်သို့ ညှိုးငယ်စွာ လိုက်သွားချေသည်။ ယခုမူ သူ ဘာကြောင့် အဖက်မလုပ်ခံရသလဲဆိုတာကို သိချင်နေမိသည်။

"သူလာပြီ။ ဂျူနီယာရောက်လာပြီ!"

"ဂျူနီယာရေ ဒီဘက်ကိုလာခဲ့!"

ကျန်းမင်လဲ့ခမျာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူနှင့်သက်တူရွယ်တူ လူငယ်လေးတစ်ယောက်က ပေါ့ပေါ့ပါးပါးအဝတ်အစားများကို ဝတ်ဆင်ထားပြီး လျှပ်စစ်စကူတာလေးကို စီးလာလေသည်။ အံ့ဩစရာ ကောင်းသည်မှာ ထိုစကူတာပေါ်တွင် လမ်ဘော်ဂီနီတံဆိပ် ရိုက်နှိပ်ထားခြင်းပင်။

ဤအခြင်းအရာကို မြင်သောအခါ ကျန်းမင်လဲ့လည်း မရယ်ဘဲ မနေနိုင်ခဲ့ချေ။ လမ်ဘော်ဂီနီက လျှပ်စစ်စကူတာများကို ဘယ်တုန်းက စထုတ်ခဲ့တာလဲ။ ဤသည်မှာ သူ့ဘာသာ စတစ်ကာဝယ်ပြီး ကပ်ထားခြင်းပင်ဖြစ်ရမည်။

ဘွဲ့လွန်ကျောင်းသားတစ်ယောက်က အဘယ်ကြောင့်များ ဤမျှအထိကလေးဆန်နေရသလဲ။ ဤကဲ့သို့သောလူစားမျိုးကို စီနီယာတွေကလည်း ဘာကြောင့်များ စိတ်အားထက်သန်စွာ ကြိုဆိုနေရသလဲ။

"ဂျူနီယာ.. ဒီနေ့ အရမ်းပူတယ်နော်။ ရေဆာနေလား။ ရေနည်းနည်းသောက်လိုက်ဦး"

စီနီယာအစ်မတစ်ယောက်က သူ့ကို ရေသန့်ဘူးတစ်ဘူး ချက်ချင်း လှမ်းပေးလိုက်သည်။

"ဂျူနီယာ..လာခဲ့ မင်းရဲ့ပစ္စည်းတွေကို ငါ ကူသယ်ပေးမယ်"

"ဂျူနီယာ.. မနေ့တုန်းက ငါ အရမ်းစားကောင်းတဲ့ အကင်ဆိုင်တစ်ဆိုင်ကို ရှာတွေ့ထားတယ် ။ ဒီည သွားစားကြရအောင်။ မင်းရဲ့ကောင်မလေးကိုပါ ခေါ်ခဲ့လိုက်လေ။ ညစာကို ငါဒကာခံမယ်"

"ဂျူနီယာ ဓာတ်ခွဲခန်းထဲမှာ ခဏနားချင်လား။ မနေ့တုန်းက ငါ ပါမောက္ခဟန်ရဲ့ အကောင်းဆုံးလက်ဖက်ခြောက်တွေကို အလစ်သုတ်ထားတယ်။ မင်း မြည်းကြည့်လို့ရအောင် ငါဖျော်ပေးမယ်။ ဒါက သူ ခေါင်းဆောင်တွေကို ဧည့်ခံဖို့အတွက်ပဲ သိမ်းထားတဲ့ဟာနော်!"

စီနီယာဆယ်ယောက်ခန့်က ကျန်းမုန့်လောင်ကို ဝိုင်းရံထားကြသည်။ တစ်ယောက်က သူ့စကူတာကို တွန်းပေးပြီး နောက်တစ်ယောက်က သူ့အိတ်ကို ကူသယ်ပေးသည်။ တစ်ယောက်ကတော့ သူ့ကို ရေတိုက်နေပြီး စီနီယာအစ်မတစ်ယောက်ဆိုလျှင် ထီးမိုးပေးထားသည်အထိပင်။ သူတို့အားလုံးက သူ့အား ရတနာတစ်ပါးကဲ့သို့ ဆက်ဆံနေကြသည်။

ကျန်းမင်လဲ့ခမျာတော့ ဘေးနားတွင်ရပ်ရင်း ဘာလုပ်ရမှန်း မသိတော့ပေ။

ဘာတွေဖြစ်နေတာလဲ? ငါတို့တွေအားလုံးက ပထမနှစ်ဘွဲ့လွန်ကျောင်းသားသစ်တွေပဲလေ။ လူလူချင်းကြားက ဆက်ဆံပုံက ဘာလို့ ဒီလောက်တောင်ကွာခြားနေရတာလဲ?

*************

All Chapters