ငါက လူရွှင်တော်ကြီးလား
Vol. 34 Ch. 503
"စီနီယာအစ်ကိုကျောက်က ဘယ်ရောက်နေတာလဲ"
ကျန်းမုန့်လောင် ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ ပါရဂူဘွဲ့ရစီနီယာအစ်ကိုကျောက်ဝူဟွမ်ကို မတွေ့ရပေ။
"ဪ.. လောင်ကျောက်က တခြားဂျူနီယာလေးတွေကို သွားကြိုတာလေ"
အကြီးဆုံးစီနီယာအစ်ကိုကျူးမုန့်ချောင်က ပြောလာလေသည်။
"ငါတို့ရဲ့သုတေသနအဖွဲ့ဆီကို အရင်သွားကြရအောင်။ အပြင်မှာ အရမ်းပူတယ်။ ငါတို့ မင်းအတွက် ဖရဲသီးအေးအေးလေးကို လေဟာနယ်အအေးခန်းထဲမှာ အအေးခံပေးထားတယ်။ ခဲတောင့်နေတာပဲ"
"ဟားဟားဟား..အဆိပ်တော့မရှိဘူးမလား"
သူ့စီနီယာအစ်ကိုများက ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ကျွမ်းကျင်စွာအသုံးချနိုင်ကြောင်း ကျန်းမုန့်လောင် ကောင်းကောင်းသိထားသည်။ ဥပမာဆိုရလျှင် ကျောက်ပုစွန်များကို အယ်ထရာဆိုးနစ်သန့်စင်စက်ဖြင့် ဆေးကြောခြင်း၊ လေဟာနယ်မီးဖိုဖြင့် အသားကင်ခြင်း သို့မဟုတ် ကြိတ်စက်ဖြင့် သစ်ကြားသီးခွဲခြင်းတို့ပင်။
မည်သို့ပင်ဖြစ်စေ သိပ္ပံသုတေသနနှင့် ဆက်စပ်လုပ်ငန်းများအပြင် အံ့ဩစရာကောင်းသည့် အခြားအရာများကိုလည်း ထိုဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် လုပ်ကိုင်နိုင်သည်။
"လုံးဝပဲ"
အခြားစီနီယာအစ်ကိုတစ်ယောက်က ရင်ဘတ်ကိုပုတ်ပြီး အာမခံသည်။
"ငါတို့ ဖရဲသီးကို အအေးမခံခင်မှာ ဓာတုပစ္စည်းတွေအားလုံးကို ဖယ်ရှားထားပြီးပြီ။ အတွင်းအပြင် အကြိမ်ကြိမ်ဆေးကြောထားတာမို့ ဘာအဆိပ်အတောက်မှ မရှိပါဘူး!"
"အင်း..."
ကျန်းမုန့်လောင်မှာ မျက်ဆန်လှန်လိုက်မိသည်။ သူ့အတွေ့အကြုံအရဆိုလျှင် ဤစီနီယာအစ်ကိုအစ်မများမှာ ယုံကြည်စိတ်ချရသူများ မဟုတ်သဖြင့် ဓာတ်ခွဲခန်းထဲရှိ ဘယ်လိုအစားအသောက်မျိုးကိုမှ မစားတာကသာ ပိုကောင်းလိမ့်မည်။
"ဟိုမှာ မင်းရဲ့စီနီယာအစ်ကိုကျောက်လာပြီ!"
ကျူးမုန့်ချောင်က အဝေးရှိ တစ်စုံတစ်ယောက်ကို လက်ဝေ့ယမ်းပြလိုက်သည်။
"စီနီယာ"
ကျန်းမုန့်လောင်လည်း လက်ယမ်းပြလိုက်သည်။ ထို့နောက် သူ့စီနီယာကျောက်ဝူဟွမ်၏အနောက်မှ ကျောင်းသားငါးယောက်လိုက်လာသည်ကို တွေ့လိုက်ရ၏။ ယောက်ျားလေးနှစ်ယောက်နှင့် မိန်းကလေးသုံးယောက်ပင်။ သူတို့က သူ့အတန်းတူတပည့်များ ဖြစ်ပုံရသည်။
"မိတ်ဆက်ပေးရဦးမယ်"
ကျောက်ဝူဟွမ်က ပြောလာလေသည်။
"ကျိုးခိုင်၊ ဝူယွဲ့၊ လင်းရီရီ၊ ယင်ရှောင်ယင်းနဲ့ လျိုရွေ့တဲ့"
"မင်္ဂလာပါ စီနီယာအစ်ကိုတို့အစ်မတို့!"
ဘွဲ့လွန်ကျောင်းသားသစ်ငါးယောက်ကလည်း လျင်မြန်စွာ နှုတ်ဆက်လိုက်ကြသည်။
"ကျွန်တော်က ကျိုးခိုင်.. ဝမ်ချွမ်းကပါ"
"ကျွန်မကတော့ လင်းရီရီပါ။ အရှေ့မြောက်ပိုင်းကပါ"
...
"တွေ့ရတာ ဝမ်းသာပါတယ်"
"ကျွန်တော်ကတော့ ကျန်းမင်လဲ့ပါ"
ကျန်းမင်လဲ့က သူ့ဖြစ်တည်မှုကို သိသာစေရန်အတွက် အခွင့်အရေးကို အလျင်အမြန်ဆုပ်ကိုင်လိုက်ပြီး သူ၏ပါနာမီရာကားသော့ကို ပေါ့ပေါ့ပါးပါး ထုတ်ကြွားလိုက်သည်။
"ကျွန်တော်တို့အားလုံးက အခု အတန်းဖော်တွေ ဖြစ်သွားပြီဆိုတော့ နောက်နောင် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း စောင့်ရှောက်ကြရအောင်။ ကျွန်တော့် မိသားစုက ပေါ်လီမာကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းတင်ပို့တဲ့လုပ်ငန်းကို လုပ်ပါတယ်။ စိတ်ဝင်စားရင် ဘွဲ့ရပြီးတာနဲ့ ကျွန်တော်တို့ကုမ္ပဏီကို ထည့်စဉ်းစားလို့ရပါတယ်။ အားလုံးစိတ်ကျေနပ်လောက်တဲ့လစာကို ကျွန်တော် ကမ်းလှမ်းနိုင်ပါတယ်"
ဤစကားကို ကြားသောအခါ ကျောင်းသားငါးယောက်၏ မျက်လုံးများမှာ အရောင်လက်သွားချေသည်။ သူတို့အနေနှင့် ဤနေရာသို့ ရောက်လာရခြင်းမှာ ပါမောက္ခဟန်က တော်ဝင်ပညာရှင် ဖြစ်တော့မည့်အချက်နှင့် သူ့ဂုဏ်သတင်းကြောင့် မဟုတ်ပါလော။
ဤအဓိပ္ပာယ်မှာ ဘွဲ့ရပြီးလျှင် သူတို့အတွက် စိတ်ကျေနပ်လောက်သည့် အလုပ်တစ်ခုကို ရှာဖွေပေးနိုင်မည့် အထောက်အကူမျိုး ရချင်သောကြောင့်သာ။
တော်ဝင်ပညာရှင်တစ်ဦး၏ တပည့်များဟာ သုတေသန အဖွဲ့အစည်းများတွင်ဖြစ်စေ၊ ကောလိပ်တွင်ဖြစ်စေ လူကြိုက်များကြသည်မဟုတ်ပါလော။
အကယ်၍ ရင်းနှီးပြီးသား နီးစပ်သူတစ်ဦးက သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကို ကူညီစီစဉ်ပေးနိုင်မည်ဆိုပါက ပိုကောင်းသည်မဟုတ်လား။ ကိုယ့်အားကိုယ်ကိုးနေရပါလျှင် သူတို့ရထားသောမဟာဘွဲ့ဖြင့်ပင် အထူးကောင်းမွန်လှသော အလုပ်တစ်ခုကို ရှာတွေ့ဖို့ မဖြစ်နိုင်လောက်ချေ။
"ကျွန်တော် အများကြီးတော့ ကတိမပေးနိုင်ဘူး။ ဒါပေမဲ့ ဘွဲ့ရပြီးပြီးချင်း ပထမနှစ်မှာတင် လစာယွမ်တစ်သိန်းခွဲလောက်တော့ ပေးနိုင်ပါတယ်"
"တစ်သိန်းခွဲလား"
လူတိုင်းမှာ ဈေးကွက်အကြောင်း ကောင်းကောင်းသိကြသူများပင်။
လက်ရှိလစာနှုန်းထားအရ ပထမတန်းအဆင့်မြို့ကြီးများတွင်ပင် သူတို့နှင့် ပညာအရည်အချင်းအဆင့်ချင်းတူသော ဘွဲ့လွန်ကျောင်းသားတစ်ဦးအနေနှင့် တစ်နှစ်လျှင် လစာယွမ်တစ်သိန်းရခြင်းမှာ သာမန်ထက်ပင် မြင့်နေလေပြီ။ သို့ဖြစ်လေရာ ဤယွမ်တစ်သိန်းခွဲမှာ လိုချင်စရာကောင်းလှသော ပမာဏတစ်ခုပင်။
ကျန်းမင်လဲ့၏စကားအရ ဤသည်မှာ အနည်းဆုံးလစာဖြစ်ဟန်တူသည်။ ဆက်ဆံရေးသာကောင်းမွန်ပါက ယွမ်နှစ်သိန်းအထိပင် ရနိုင်ပေလိမ့်မည်။
"အဟားဟား.. မင်လဲ့ ဝီချက်မှာ အပ်ထားကြရအောင်။ ငါတို့တွေက အတန်းဖော်တွေဖြစ်သွားပြီလေ။ ပိုပြီး ဆက်သွယ်သင့်တာပေါ့"
"မင်းက ဘယ်အဆောင်မှာနေတာလဲ ။ ၄၁၄လား? တိုက်ဆိုင်လိုက်တာ။ ငါတို့က အခန်းဖော်တွေပဲ!"
ရုတ်တရက်ပင် ဘွဲ့လွန်ကျောင်းသားသစ်များက ကျန်းမင်လဲ့ကို ဗဟိုပြုကာ အာရုံစိုက်နေကြလေရာ စီနီယာအစ်ကိုအစ်မများအပေါ်ထားသော အာရုံစိုက်မှုကိုပင် လွှမ်းမိုးသွားသည်။
"စီနီယာတို့လည်း ဒီလိုစိတ်ကူးမျိုးရှိရင် ကျွန်တော့်ကို လာပြောလို့ရပါတယ်။ ကျွန်တော့်မိသားစုက ကောင်းကောင်းဂရုစိုက်ပေးပါလိမ့်မယ်"
"ငါတို့အတွက်တော့ မလိုပါဘူးကွာ။ ဒီမှာ စာသင်ရတာကတင် အဆင်ပြေပါတယ်။ ပြီးတော့ ဘွဲ့ရပြီးရင်လည်း ပါမောက္ခဟန်ရဲ့ လက်အောက်မှာပဲ သိပ္ပံသုတေသနဆက်လုပ်ဖို့ စီစဉ်ထားတယ်"
အကြီးဆုံးစီနီယာအစ်ကိုက ပြုံးရယ်လျက် ပြောလိုက်သည်။
အသက်သုံးဆယ်ရှိပြီဖြစ်သော ကျူးမုန့်ချောင်က ထို လှည့်ကွက်လေးများကို ထိုးထွင်းသိမြင်ပြီးသားပင်။ ဤသည်မှာ အုပ်စုဖွဲ့ရန် ကြိုးစားခြင်းသာ။ သုတေသနလေ့လာမှုများအတွင်း ပိုမိုကောင်းမွန်စွာ ဆက်ဆံခံရရန်အတွက် ကြိုးစားနေခြင်းပင်။ သို့မှသာ ဘာမှမလုပ်ဘဲ အချောင်ခိုနေပြီး ဘွဲ့ရနိုင်မည်ဖြစ်၏။
သူ ရယ်ချင်မိသော်လည်း သူ့ဂျူနီယာညီလေး၏ မျက်နှာကိုလည်း ထောက်ထားရသေးသည်။
တစ်နှစ်လျှင် ဒေါ်လာတစ်သိန်းခွဲလစာမှာ အပြင်ဘက်တွင် စင်စစ်မနိမ့်လှပေ။ သို့သော် သူတို့သုတေသနအဖွဲ့ထဲမှာတော့ အမှိုက်သာသာပင်။ လူတိုင်းကသာ အလေးအနက်ထားပြီး သိပ္ပံသုတေသနပြုလုပ်နေသမျှကာလပတ်လုံး အခြေခံလုပ်အားခတစ်ခုတည်းဖြင့်ပင် တစ်နှစ်လျှင် တစ်သိန်းကျော်ရရှိနိုင်သည်။ ထို့ပြင် ပရောဂျက်များမှရရှိမည့် ဆုကြေးငွေများကိုပါ ထည့်တွက်မည်ဆိုလျှင် ဒေါ်လာနှစ်သိန်းလောက်ကတော့ မျက်စိမှိတ်ထားရုံမျှဖြင့် ရှာနိုင်လေသည်။
ကျူးမုန့်ချောင်အတွက်မူ မနှစ်တုန်းက ၀င်ငွေပမာဏမှာ ဒေါ်လာလေးသိန်းကျော်သွားခဲ့သည်။ ထိုပမာဏကား ပုံမှန် ပါရဂူဘွဲ့ရတစ်ဦးထက် နှစ်ဆကျော်ပိုများပေသည်။
"စကားမစပ်.. ကိုယ့်လူ.. မင်းနာမည်က ဘယ်လိုခေါ်လဲ"
ကျန်းမင်လဲ့က ကျန်းမုန့်လောင်ကို ကြည့်လိုက်မိသည်။
"ကျန်းမုန့်လောင် အင်း..အခုလောလောဆယ်တော့ ကျန်းနန်မြို့မှာ အခြေချနေတယ်လို့ ပြောရမှာပေါ့"
"ကျန်းမုန့်လောင်လား။ ဟား.. မင်းရဲ့နာမည်က ကမ္ဘာ့အချမ်းသာဆုံးလူရဲ့နာမည်နဲ့ သွားတူနေတာပဲ!"
"ကမ္ဘာ့အချမ်းသာဆုံးလူတဲ့လား"
လူတိုင်း အံ့အားသင့်သွားကြသည်။ သို့သော် ကျန်းမုန့်လောင်က ကျန်းကျယ်မြို့မှ ဖြစ်သော်လည်း ကျန်းနန်မြို့ဇာတိမဟုတ်ဘဲ အနီးအနားရှိ ကျွန်းမြို့တစ်မြို့မှဖြစ်ကြောင်း သူတို့ မသဲမကွဲမှတ်မိကြသည်။
နာမည်ဆင်တာပဲဖြစ်ရမယ်။
"သူက..."
"တော်တော့လေ စီနီယာအစ်ကို..ကျွန်တော်တို့ ကျောင်းကို အမြန်သွားကြရအောင်။ ပါမောက္ခဟန်ကို စိတ်ပူအောင်မလုပ်နဲ့လေ"
ကျန်းမုန့်လောင်က သူ့အတွက် ဝင်ပြောပေးရန်ပြင်နေသော စီနီယာအစ်ကိုကို ဆွဲထားလိုက်သည်။
"ဟုတ်တယ်"
လူတိုင်းက အရွယ်ရောက်ပြီးသူများ ဖြစ်ကြသောကြောင့် တချို့အရာများကို ထုတ်ပြောရန် မလိုအပ်ကြောင်း သူတို့ ကောင်းကောင်းသိကြသည်။ မျက်နှာဖုံးစွပ်ပြီး ဟန်ဆောင်နေခြင်းမှာ သူတို့၏အကျိုးစီးပွားကို မထိခိုက်သရွေ့တော့ ဥပဒေချိုးဖောက်ခြင်းမျိုး မဟုတ်ပေ။
"ဂျူနီယာညီလေး.. မင်းက ဒါကိုစီးပြီး ကျောင်းကိုလာတာလား"
ကျူးမုန့်ချောင်က ကျန်းမုန့်လောင်၏ လျှပ်စစ်စကူတာကို ထူးဆန်းသောအမူအရာတစ်ခုဖြင့် တွန်းလာလိုက်သည်။
ကျန်လူများကတော့ ကျန်းမုန့်လောင်သည် ကမ္ဘာ့အချမ်းသာဆုံးလူနှင့် နာမည်ချင်းဆင်တူသည်ဟုသာ ထင်နေကြသည်။ သို့သော် သူတို့ကတော့ ကျန်းမုန့်လောင်သည် ဒေါ်လာငါးထရီလီယံပိုင်ဆိုင်သော ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်ကြောင်း ကောင်းကောင်းသိထားသည်။ သို့တိုင် ကျန်းမုန့်လောင်ကတော့ ကျောင်းကို လျှပ်စစ်စကူတာစီးပြီး ရောက်ချလာသည်။ ဤသည်မှာ သူ့အဆင့်အတန်းနှင့် သွေဖည်မနေဘူးလား။
သူ့အနေနှင့် ခမ်းနားထည်ဝါလှသော ပြိုင်ကားတစ်စင်းကို မမောင်းလျှင်တောင် ဈေးဝယ်ထွက်ရန်အတွက် သုံးလေးငါးသန်းတန် သာမန်ကားတစ်စီးကို မောင်းခြင်းမှာ သိပ်ယုတ္တိမမဲ့လှပေ။ အထူးသဖြင့် ဤဂျူနီယာအသစ်လေးက အစောကပင် သူတို့ကို အထင်သေးနေခဲ့သည်။
"ဟဲဟဲ စီနီယာ ဒီကိရိယာလေးကို အထင်မသေးသင့်ဘူးနော်"
ကျန်းမုန့်လောင်က သူ့စကူတာကို ပုတ်ပြလိုက်သည်။
"ဒါက လမ်ဘော်ဂီနီက ကျွန်တော့်အတွက် သီးသန့်ထုတ်လုပ်ပေးထားတာ။ အရွယ်အစားသေးပေမဲ့ ကာဗွန်ဖိုက်ဘာတွေနဲ့ချည်း လုပ်ထားတာ။ အလေးချိန်ကလည်း ပုံမှန်လျှပ်စစ်စကူတာတစ်စီးရဲ့ သုံးပုံနှစ်ပုံလောက်ပဲရှိတယ်။ သူ့ရဲ့မြင်းကောင်ရေအားနဲ့ အမြင့်ဆုံးအမြန်နှုန်းကလည်း မော်တော်ဆိုင်ကယ်ထက် မနိမ့်ဘူး!"
"ဝိုး! ဒါဆို တော်တော်ဈေးကြီးမှာပဲနော်"
လူတိုင်း၏အမူအရာများ ပြောင်းလဲသွားပြီး ထိုလျှပ်စစ်စကူတာကို ကြည့်လိုက်ကြသည်။ ဤသည်မှာ ကမ္ဘာပေါ်မှာ တစ်စီးသာရှိမည့် လမ်ဘော်ဂီနီလျှပ်စစ်စကူတာပင်။
"သိပ်မပေးရပါဘူး"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"ထုတ်လုပ်မှုကုန်ကျစရိတ်က ၁.၂သန်းလောက်ပဲ။ ဒါပေမဲ့ အဲဒီကုမ္ပဏီက ကျွန်တော့်မိသားစုပိုင်မို့ အများကြီးမသုံးလိုက်ရဘူး"
ကျူးမုန့်ချောင်ခမျာ စကူတာကိုတွန်းနေရင်း လက်များက အပြင်းအထန်တုန်ယင်သွားချေသည်။ တစ်ချက်လောက်ချော်လဲလိုက်သည်နှင့် သူ ပြန်လျော်ပေးနိုင်မည်မဟုတ်ပေ။
"ဂျူနီယာညီလေး.. ဒီလိုတန်ဖိုးရှိတဲ့ ပစ္စည်းမျိုးကို မင်း ကိုယ်တိုင်တွန်းတာပဲ ပိုကောင်းပါတယ် ဟားဟား..."
"ဂျူနီယာ.. မင်း စကူတာလေးတစ်စီးပဲ ပါလာတာလား။ ခရီးဆောင်အိတ်တွေကရော ဘယ်မှာလဲ"
"ဪ..ကျွန်တော် ကျောင်းဝင်းထဲမှာနေဖို့ အစီအစဉ် မရှိဘူးရယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီမြို့ထဲမှာ မနေဘူးလား။ နေ့တိုင်း အသွားအပြန်လုပ်ရတာ အဆင်မပြေဘူးမလား"
"ကျွန်တော် ကျောင်းရဲ့မျက်နှာချင်းဆိုင်က လန်ထင်ဗီလာမှာ အိမ်တစ်လုံးဝယ်ထားတယ်။ အဲဒီမှာ ခဏလောက်နေမယ်လေ။ ဆယ်မိနစ်လောက်ပဲ မောင်းရတာမို့ အရမ်း အဆင်ပြေတယ်"
အနီးအနားတွင် ရပ်နေသော ကျန်းမင်လဲ့ခမျာ သရော်ပြုံးပြုံးနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။ သူသည် ကျန်းသုန်းခရိုင်မှ ဒေသခံတစ်ဦးဖြစ်သောကြောင့် လန်ထင်ဗီလာမှာ ဗီလာဧရိယာတစ်ခုဖြစ်ကြောင်း သိသည်။ ဈေးနှုန်းက အလွန်အမင်းမမြင့်မားလှသော်လည်း တစ်စတုရန်းမီတာလျှင် ဒေါ်လာခုနစ်သောင်းကျော်ရှိပြီး ထိုနေရာရှိ အသေးငယ်ဆုံးအိမ်များပင် စတုရန်းမီတာခြောက်ရာကျော်ရှိသည်။
ဤစကားမှာ ကြွားဝါနေခြင်းမဟုတ်ပါက သူသည် ဘယ်လောက်တောင် ချမ်းသာလေသလဲ။
အစောတုန်းက စီနီယာအစ်ကိုအစ်မများ၏ အပြုအမူများကိုပါ ထည့်သွင်းစဉ်းစားကြည့်လိုက်ပြီးနောက် ရဲရင့်သော အတွေးတစ်ခုက ကျန်းမင်လဲ့၏စိတ်ထဲ၌ ရုတ်တရက် ပေါ်လာသည်။
"စီနီယာအစ်မ.. မုန့်လောင်ရဲ့မိသားစုက ဘာအလုပ်လုပ်တာလဲ"
ကျန်းမင်လဲ့က သူနှင့်ရင်းနှီးသော စီနီယာအစ်မတစ်ယောက်ကို တိတ်တဆိတ် ကပ်မေးလိုက်သည်။
"နင်တော့နော်!"
ထိုစီနီယာအစ်မက သူ့ကို မျက်ဆန်လှန်ပြသည်။
"ကမ္ဘာ့အချမ်းသာဆုံးလူဆိုတာကို နာမည်တူရုံသက်သက်ပဲလို့ ထင်နေတာလား"
ကျန်းမင်လဲ့ခမျာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
အစောတုန်းက သူလုပ်ခဲ့မိသည့် မိုက်မဲလှသော အပြုအမူများကို ပြန်စဉ်းစားမိသောအခါ ရှက်လွန်းသောကြောင့် အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းပါရှိသော တိုက်ခန်းတစ်ခန်းစာလောက်ကိုပင် သူ့ခြေသုံးချောင်းဖြင့် တွင်းတူးနိုင်လောက်သည်ဟု ထင်မိသည်။ သူက ကမ္ဘာ့အချမ်းသာဆုံးလူရှေ့မှာ ကြွားခဲ့မိတာလား။
သူ လူရွှင်တော်တစ်ယောက်ဖြစ်သွားတာလား?
***************