← Chapters

ဘာသာရပ်ဆိုင်ရာပြိုင်ပွဲလေးတစ်ခုပဲ မဟုတ်လား

Vol. 34 Ch. 504

ဘာသာရပ်ဆိုင်ရာပြိုင်ပွဲလေးတစ်ခုပဲ မဟုတ်လား

Vol. 34 Ch. 504

ကျန်းမင်လဲ့သည် ခရီးစဉ်တစ်လျှောက်လုံး ပါးစပ်ပိတ်နေခဲ့ပြီး သူနှင့်အတူပါလာသော အခြားသုတေသနကျောင်းသားများကလည်း နာနာခံခံဖြင့် လိုက်လာခဲ့ကြသည်။

သူတို့အားလုံးက သက်တူရွယ်တူများဖြစ်ကြပြီး သုတေသနအဖွဲ့ထဲရှိ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော်လည်း ထိုလူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေပေသည်။ သူတို့အနေနှင့် သူ့အား သာမန်လူတစ်ဦးကဲ့သို့ မည်သို့ ဆက်ဆံရဲမည်နည်း။

သို့သော် အခြားအရာများထက်စာလျှင် သူတို့အနေနှင့် အံ့ဩခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ရောပြွမ်းနေသော ခံစားချက်တစ်မျိုးကို ခံစားခဲ့ရသည်။ "သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား"ဟူသော စကားပုံလိုပင်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဆရာတူတပည့်များဖြစ်နေသည့်အတွက် တစ်ဖက်လူက နောင်တစ်ချိန်တွင် သူတို့အား အလုပ်အကိုင်အခွင့်အလမ်းတချို့ကို ညွှန်းပေးနိုင်လိမ့်မည်မဟုတ်လား။

အခြားအရာများကို မဆိုထားနှင့်။ ကမ္ဘာ့အချမ်းသာဆုံးလူနှင့် အတူတွဲရိုက်ထားသော ဘွဲ့နှင်းသဘင်ဓာတ်ပုံတစ်ပုံကို ထုတ်ပြလိုက်ရုံဖြင့် မည်သူမဆို သင့်အား နှစ်ခါလည်ပြန်ကြည့်ရမည်မှာ သေချာပေါက်ပင်။

သူတို့ ဓာတ်ခွဲခန်းသို့ ရောက်ရှိသောအခါ ဟန်ကျင်းယွီက အထဲတွင် ပြုံးရွှင်စွာဖြင့် လက်ဖက်ရည်သောက်ရင်း ထိုင်နေသည်ကို တွေ့လိုက်ရ၏။

ယခုနှစ်တွင် ကျန်းမုန့်လောင်နှင့် တွေ့ဆုံပြီးကတည်းက သူ့ဘဝကား လိမ်လည်မှုကုတ်တစ်မျိုးကို ဖွင့်လိုက်ရသလိုပင်။

နိုင်ငံတော်အဆင့် စီမံကိန်းပေါင်းများစွာကို သူ ဆက်တိုက်ရရှိခဲ့သည်။ ကျန်းမုန့်လောင် ပံ့ပိုးပေးထားသော အရင်းအမြစ်များနှင့် ရန်ပုံငွေများကြောင့် ပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် ကြီးမားလှသော တိုးတက်မှုများကို ဆောင်ရွက်နိုင်ခဲ့ပြီး အရေအတွက်ရော အရည်အသွေးပိုင်းမှာပါ သူ့ယခင်စံချိန်များကို ကျော်လွန်သွားသည့် စာတမ်းများကို ထုတ်ဝေနိုင်ခဲ့သည်။

သို့သော် ဤအရာများမှာ ပညာရပ်ဆိုင်ရာအောင်မြင်မှုများသာ ဖြစ်၏။

စွမ်းဆောင်ရည်မြင့် ကာဗွန်နာနိုပြွန်ပြုပြင်ပစ္စည်းများဖြင့် သူသည် တစ်ဘီလီယံတန်ဖိုးရှိသော စီးပွားရေးလုပ်ငန်း စီမံကိန်းတစ်ခုကို ရရှိခဲ့ပြီး ဝန်ဆောင်ခတစ်ခုတည်းကပင် သာမန်ပါမောက္ခတစ်ယောက်၏ တစ်သက်တာဝင်ငွေကို ကျော်လွန်သွားခဲ့သည်။

လက်ရှိဟန်ကျင်းယွီသည် ကျော်ကြားမှုနှင့် ကြွယ်ဝချမ်းသာမှုနှစ်မျိုးစလုံးကို ခံစားနေရပြီဖြစ်ရာ မနှစ်တုန်းက စီးပွားရေးလုပ်ငန်းစုများထံမှ ငွေကြေးအကူအညီ တောင်းခံရင်း အောက်ခြေဘဝထိတိုင် ရောက်နေခဲ့ရသူနှင့် မိုးနှင့်မြေလို ကွာခြားသွားလေပြီ။

ယခုအခါ စီးပွားရေးလုပ်ငန်းစုများမှာ သူ့အား စီမံကိန်းများအပ်နှံရန် မျှော်လင့်လျက် သူ့ရုံးခန်းကို ချောင်းပေါက်မတတ် လာနေကြရချေပြီ။ အထူးသဖြင့် သူ့ကို ယခင်က အားမနာတမ်းငြင်းပယ်ခဲ့ကြသော ကုမ္ပဏီများမှာ ညီငယ်လေးများအလား ကျိုးနွံရိုသေစွာ ပြန်ချော့မော့နေကြရသည်။

ဟန်ကျင်းယွီက ယခုဆိုလျှင် ကျောင်းအုပ်ကြီးရာထူးကိုပါ ရရှိထားပြီး သူတို့၏ အမှုန်ခွဲခြမ်းစိတ်ဖြာစက်ကို အသုံးပြုချင်သည့် မည်သူမဆို သူ့ခွင့်ပြုချက်ကို တောင်းခံရမည်ဖြစ်၏။

သင်က ပါမောက္ခလား။ တန်းစီလိုက်ပါ။ သင့်ရှေ့မှာ ကြိုတင်စာရင်းသွင်းထားသူတွေ အများကြီးရှိနေသေးတယ်။

သင်က တော်ဝင်ပညာရှင်လား။ တောင်းပန်ပါတယ်။ သင်လည်း တန်းစီရပါလိမ့်မယ်။ တန်းစီနေတဲ့ တော်ဝင်ပညာရှင်တွေက နည်းနည်းနောနောလို့များ ထင်နေတာလား။

သို့သော် သူပိုင်ဆိုင်ထားသမျှအရာအားလုံးက သူ့ကျောင်းသားကျန်းမုန့်လောင်ထံမှ မြစ်ဖျားခံခဲ့သည်ကိုမူ သူ ဘယ်တော့မှ မမေ့ချေ။

"ဟာ မုန့်လောင်..မင်းရောက်လာပြီပဲ။ ထိုင်ပါဦး"

ကျန်းမုန့်လောင် ကျောင်းသို့ရောက်ရှိလာသည်နှင့် ဟန်ကျင်းယွီက ချက်ချင်းမတ်တတ်ထရပ်ပြီး သူ့အတွက် လက်ဖက်ရည်တစ်ခွက်ပင် ထည့်ပေးလိုက်၏။

"ဆရာ..ဆရာတို့နှစ်ယောက် အရင်စကားပြောနှင့်ပါဦး။ ကျွန်တော်တို့ အလုပ်သွားလုပ်လိုက်ပါဦးမယ်"

စီနီယာကျောင်းသားများက ဟန်ကျင်းယွီကို နှုတ်ဆက်ပြီးနောက် ရုံးခန်းထဲမှ ထွက်ခွာသွားကြသည်။

ရေရှည်တည်တံ့လာခဲ့သော ထုံးတမ်းစဉ်လာအတိုင်း သုတေသနအဖွဲ့သို့ ဝင်ရောက်လာသော ကျောင်းသားအားလုံးက အဖွဲ့ထဲသို့မဝင်ခင် သူတို့၏ အနာဂတ်သုတေသနအသားပေးမှုနှင့် စာတမ်းများပါဝင်သည့် သုတေသနခေါင်းစဉ်များကို ရွေးချယ်ရန် လိုအပ်လေသည်။

"အခုလောက်ဆိုရင် အားလုံး တစ်ယောက်နဲ့တစ်ယောက် သိပြီးကြလောက်ပြီလို့ ထင်တယ်"

ဟန်ကျင်းယွီက အခြားကျောင်းသားများရှေ့တွင် တော်ဝင်ပညာရှင်လောင်းတစ်ဦးနှင့် သင့်လျော်သော ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့သည်။

"ငါတို့သုတေသနအဖွဲ့ရဲ့ စည်းကမ်းတွေကို အရင်ဆုံးပြောပါရစေ။ ဘွဲ့ယူချင်တဲ့ ဘွဲ့လွန်ကျောင်းသားတွေ..စည်းကမ်းကတော့ ရှင်းရှင်းလေးပါ။ စီမံကိန်းနှစ်ခု၊ ဒုတိယအဆင့် SCIစာတမ်းနှစ်စောင်၊ ဒါမှမဟုတ် ပထမအဆင့် SCIစာတမ်းတစ်စောင်ရေးနိုင်ရင် မင်းတို့ဘွဲ့ရပြီ!"

ဤစကားကို ကြားလိုက်ရသောအခါ ကျောင်းသားအားလုံး နာကျင်လေဟန်အမူအရာများကို ပြသလာကြသည်။

SCIစာတမ်းထုတ်ဝေခြင်းမှာ ခက်ခဲလှသောအလုပ်တစ်ခုမဟုတ်ချေ။ သိပ္ပံသုတေသနကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေသရွေ့ ပြဿနာမရှိပေ။

သို့သော် ဒုတိယအဆင့် သို့မဟုတ် ပထမအဆင့် SCIစာတမ်းကို ထုတ်ဝေရန်မှာမူ လွယ်ကူသောတာဝန်တစ်ရပ်မဟုတ်ပေ။ အချို့အဆင့်နိမ့်ကျောင်းများတွင်ပင် ထိုသို့သော အောင်မြင်မှုများမှာ လက်ထောက်ပါမောက္ခ သို့မဟုတ် ပါမောက္ခအဆင့်များကသာ လုပ်ဆောင်နိုင်စွမ်းရှိကြသည်။

နှစ်စဉ်နှစ်တိုင်း ဖိအားများကြောင့် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ်သတ်သေကြသော ကျောင်းသားများစွာ ရှိပြီး သူတို့ထဲမှ တချို့က စာတမ်းထုတ်ဝေနိုင်ခြင်းမရှိခဲ့သော သုတေသီများပင်။

ဟန်ကျင်းယွီ၏ ဓာတ်ခွဲခန်းထဲရှိ အကျိုးခံစားခွင့်မှာ ကောင်းမွန်နိုင်သော်လည်း လိုအပ်ချက်များကလည်း မေးခွန်းထုတ်နေစရာမလိုလောက်အောင် မြင့်မားလှသည်။

ခေါင်းစဉ်က ပိုမိုခက်ခဲလေလေ တန်ဖိုးကလည်း မြင့်မားလေလေဖြစ်ပြီး ထိုအရာမှာ သူတို့၏ အနာဂတ်အတွက် ပိုအကျိုးရှိမည်ဖြစ်ကြောင်း နားလည်ထားသဖြင့် ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

"ဒါတွေက ဒီနှစ် ငါလုပ်မယ့် သုတေသနစီမံကိန်းတွေပဲ။ အားလုံးပဲ.. ကိုယ့်စိတ်ဝင်စားတဲ့အပိုင်းကို ရွေးချယ်နိုင်တယ်။ ရွေးချယ်ပြီးတာနဲ့ နောက်သုံးနှစ်အတွင်း ဒီခေါင်းစဉ်တွေနဲ့ပတ်သက်တဲ့အရာတွေကို မင်းတို့ရဲ့စီနီယာအစ်ကိုအစ်မတွေနဲ့အတူ လုပ်ကိုင်နိုင်တယ်"

သူက ထိုသို့ပြောလိုက်၏။

ဟန်ကျင်းယွီက သုတေသနအစီရင်ခံစာဆယ်စောင်ကျော်ကို သူတို့ရှေ့တွင် ချလိုက်သည်။

"Grapheneစွမ်းဆောင်ရည်နည်းပညာများ၏ ပြင်ဆင်မှု နည်းလမ်းအသစ်များ"

"ကာဗွန်နာနိုပြွန်မျက်နှာပြင်များပေါ်တွင် စူပါဟိုက်ဒရိုဖိုးဘစ်ဖွဲ့စည်းပုံများ တည်ဆောက်ခြင်း"

"အပူဒဏ်ခံနိုင်ရည်မြင့်မားသော ပိုလီစတာ"

...

တောက်ပလှသော ဤစီမံကိန်းမျိုးစုံနှင့် ရင်ဆိုင်လိုက်ရသောအခါ လူတိုင်း အံ့ဩမှင်တက်သွားကြပြီး အထင်ကြီးစရာအကောင်းဆုံး နာမည်များပါရှိသည့် ခေါင်းစဉ်များကိုသာ ရွေးချယ်ကြရတော့သည်။ အမှန်တကယ် ရလဒ်ထွက်လာနိုင်စွမ်းရှိမရှိကတော့ သူတို့၏ ကံကြမ္မာပေါ်တွင်သာ မူတည်လေသည်။

"မုန့်လောင် မင်းပဲကျန်တော့တယ်"

"အင်း... ဒါက..."

ကျန်းမုန့်လောင်က ဟန်ကျင်းယွီ၏နားနားသို့ တိုးကပ်ကာ ပြောလိုက်၏။

"ပါမောက္ခဟန် ကျွန်တော်တို့ နှစ်ယောက်တည်းစကားပြောလို့ရမလား"

"မင်းတို့တွေက မင်းတို့ရဲ့စီနီယာအစ်ကိုအစ်မတွေနဲ့ ရင်းနှီးသွားအောင် လုပ်လိုက်ကြဦး။ ငါနဲ့မုန့်လောင် ဆွေးနွေးစရာရှိသေးလို့"

ဟန်ကျင်းယွီက အခြားကျောင်းသားများကို တဲ့တိုးပြောလိုက်သည်။

ပိုက်ဆံရှိခြင်းမှာ အထူးအခွင့်အရေးရှိခြင်းပင်ဖြစ်ပြီး လူတိုင်း ဤအကြောင်းကို ကောင်းစွာနားလည်ကြသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်၏ အဆင့်အတန်းအရ ဟန်ကျင်းယွီကသာ ကျန်းမုန့်လောင်အား တစ်ခါတည်းဘွဲ့ပေးလိုက်လျှင်တောင် အလွယ်လေးလုပ်ဆောင်နိုင်ပေသည်။

စာတမ်းများအတွက်မူ ဆရာကသာ စာတမ်းရေးသားသည့်အခါ ထိုကျောင်းသား၏နာမည်ကို ထည့်ပေးလိုက်ရုံဖြင့် လုံလောက်သည်။

"ကောင်းပြီ။ သူတို့အားလုံး အပြင်ထွက်သွားကြပြီ။ ဒီတော့ မင်း ဘာပြောချင်တာလဲ"

ဟန်ကျင်းယွီက ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်သည်။

"ပါမောက္ခဟန်.. ကျွန်တော် ဆရာနဲ့ ဆွေးနွေးစရာရှိတယ်"

ကျန်းမုန့်လောင်က စနောက်ကျီစယ်လိုဟန်အပြုံးဖြင့် ပြောလိုက်သည်။

"ဆရာသိတဲ့အတိုင်း ကျွန်တော်က အရမ်းအလုပ်များတယ်လေ။ သိပ္ပံသုတေသနလုပ်ရတာက အချိန်အရမ်းကုန်ပြီး အဓိပ္ပာယ်လည်းမရှိဘူး။ ဒီလိုကိစ္စတွေမှာ ကျွန်တော် ဝင်မပါလို့မရဘူးလား"

"မရဘူး!"

ဟန်ကျင်းယွီက ချက်ချင်းပြောလိုက်သည်။

"အဲဒါကလည်း အဲဒါပေမဲ့ ငါက စည်းကမ်းကြီးတဲ့ဆရာတစ်ယောက်လေ။ ဒီကိစ္စမှာတော့ မင်းကို လွယ်လွယ်နဲ့ ခွင့်ပြုပေးလို့မရဘူး"

"ဆရာ့ရဲ့သုတေသနရန်ပုံငွေအတွက် ၁၀ဘီလီယံ လှူပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"

ဟန်ကျင်းယွီခမျာ ထိုနေရာမှာပင် အတွင်းဒဏ်ရာရလုနီးပါး ဖြစ်သွားရသည်။ ကျောင်းသားတစ်ယောက်က ဘွဲ့ရရန်အတွက် ဆရာတစ်ယောက်ကို ငွေနှင့်ပစ်ပေါက်ခြင်းမျိုး သူ မမြင်ဖူးခဲ့ချေ။ ဤသည်မှာ တက္ကသိုလ်ဖြစ်၏။ ဤသို့လှည့်ကွက်ခင်း၍ ရရိုးလား။

"မရ... မရဘူး!"

ဟန်ကျင်းယွီက ကျန်းမုန့်လောင်၏ တောင်းဆိုချက်ကို ငြင်းဆန်မိသည့်အတွက် ဝမ်းနည်းမှုကို ထိန်းချုပ်လျက် ပြောလိုက်သည်။ သူ့အနေနှင့် အလျှော့ပေးနိုင်သည့် အရာများရှိသော်လည်း စည်းမျဉ်းစည်းကမ်းဆိုင်ရာကိစ္စများတွင်မူ အမှားအယွင်းမလုပ်နိုင်ပေ။

"ပါမောက္ခဟန်.. ဒီခေါင်းစဉ်တွေက ကျွန်တော့်အတွက် စိတ်ဝင်စားစရာမကောင်းတာကို ဆရာသိပါတယ်။ ဒါက တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို 'တစ်နဲ့တစ်ပေါင်းရင် နှစ်ရတယ်'ဆိုပြီး လုပ်ခိုင်းသလိုမျိုးဖြစ်နေတယ်။ ဒါက ကျွန်တော့်ဉာဏ်ရည်ကို စော်ကားရာရောက်သလို ကျွန်တော့်ရဲ့အဖိုးတန်အချိန်တွေကိုပါ အလဟဿဖြစ်စေပါတယ်။ ကျွန်တော့်အချိန်တွေကို ပိုအဓိပ္ပာယ်ရှိတဲ့အရာတွေမှာ သုံးသင့်တယ်လေ"

"မင်းရဲ့ဉာဏ်ရည်ကို စော်ကားတယ်တဲ့လား"

ဤစကားကို ကြားပြီးနောက် ဟန်ကျင်းယွီခမျာ သွေးအန်လုနီးပါး ဖြစ်သွားရသည်။

ပထမဆုံးစီမံကိန်းကိုပင် ဥပမာယူကြည့်လိုက်ပါလေ။ လက်ရှိခေတ်စားနေသော ခေါင်းစဉ်တစ်ခုဖြစ်သော grapheneပြင်ဆင်မှုလုပ်ငန်းစဉ်မှာ ခက်ခဲပြီး ကုန်ကျစရိတ်ကြီးမားလှသည်။ အလွန်သန့်စင်လှသော grapheneအလွှာတစ်ထပ်မှာ ရွှေထက်ပင် ပိုဈေးကြီးပြီး တစ်ဂရမ်လျှင် ထောင်ပေါင်းများစွာဖြင့် ရောင်းချနေသည်။

သို့သော် လက်ရှိတွင် ကမ္ဘာပေါ်၌ ပြင်ဆင်မှုလုပ်ငန်းစဉ် အနည်းငယ်သာ ရှိ၏။ တစ်စုံတစ်ယောက်ကသာ ထိရောက်သော နည်းလမ်းသစ်တစ်ခုကို တီထွင်နိုင်ပါက နိုဘယ်ဆုရရှိရုံသာမက ထိုအောင်မြင်မှုမှာ ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းတက္ကသိုလ်များကပင် သူတို့အား ငြိမ်းချမ်းရေးသံလွင်ခက်တစ်ခက် ကမ်းလာပေလိမ့်မည်။

ဤသည်မှာ ဤစီမံကိန်း၏ခက်ခဲမှုကို သက်သေပြနေသည်။ ဤနယ်ပယ်တွင် သေးငယ်လှသော တိုးတက်မှုလေးတစ်ခုကပင် စာတမ်းထုတ်ဝေမှုတစ်ခုကို ဖြစ်ပေါ်လာစေနိုင်သည်။

ကျန်းမုန့်လောင်ကတော့ ခက်ခဲလှသော ဤစီမံကိန်းများကို ဉာဏ်ရည်စော်ကားခြင်းဟု ပြောလိုက်သည်တဲ့လား။

သို့သော် ထိုအချိန်မှာပင် ကျန်းမုန့်လောင်ဘက်က နိုင်ငံအတွက် ပံ့ပိုးပေးခဲ့သည့် နည်းပညာများကို ဟန်ကျင်းယွီ ရုတ်တရက်သတိရလိုက်သည်။

ဆွဲငင်အားဆန့်ကျင်ရေးအင်ဂျင် သို့မဟုတ် ထိန်းချုပ်ထားသော နျူကလီးယားပေါင်းစည်းမှုကဲ့သို့သော အရာများမှာ လူသားများ တွေးတောင်မတွေးရဲသေးသည့် စိတ်ကူးအကြံဉာဏ်များပင်။

ထိုအချိန်တုန်းက အာဏာပိုင်များနှင့် ကျွမ်းကျင်သူများက ကျန်းမုန့်လောင်ကိုဝိုင်းရံကာ မေးခွန်းပေါင်းများစွာ ထုတ်ခဲ့ကြသော်လည်း သူကတော့ ချောမွေ့စွာ ပြန်ဖြေခဲ့သည်။ ထိုမြင်ကွင်းမှာ ဟန်ကျင်းယွီ၏စိတ်ထဲတွင် ယခုထိတိုင် စွဲမြဲနေဆဲပင်။

ကျန်းမုန့်လောင်၏ စွမ်းဆောင်ရည်များက ဟန်ကျင်းယွီ၏ ခေါင်းထဲတွင် အမြဲတမ်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေခဲ့သည်။

သူသာဆိုလျှင်ဖြင့် ဤအလုပ်များကို လွယ်ကူစွာ ပြီးမြောက်နိုင်ပေသည်။ မဖြစ်နိုင်စရာတော့ မရှိပေ။

"အပေးအယူတော့ရှိတယ်။ မင်း ငါ့အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မယ်ဆိုရင် မင်းတောင်းဆိုတာကို ငါ သဘောတူပေးမယ်။ အဲဒီနောက်ပိုင်း မင်း ကျောင်းမလာရင်တောင် ဘယ်သူမှ မင်းကို ပြဿနာမရှာရဲစေရဘူး"

"ဘာများလဲ"

"ငါတို့တက္ကသိုလ်မှာ မကြာခင် ဘာသာရပ်ဆိုင်ရာပြိုင်ပွဲတစ်ခု ကျင်းပတော့မှာ။ ဒီပြိုင်ပွဲက ငါတို့တက္ကသိုလ်ရဲ့ နိုင်ငံ့အဆင့်သတ်မှတ်ချက်ကို သက်ရောက်မှုရှိနိုင်တယ်။ ငါတို့က အဓိကတက္ကသိုလ်အသစ်တွေထဲက တစ်ခု ဖြစ်လာနိုင်မလားဆိုတာကို ဒီပြိုင်ပွဲက အဆုံးအဖြတ်ပေးလိမ့်မယ်။ နိုင်ငံတစ်ဝှမ်းက တက္ကသိုလ်တွေလည်း ပါဝင်ကြမှာ။ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ကွန်ပျူတာသိပ္ပံနယ်ပယ်တွေအကုန် အကျုံးဝင်တယ်"

"မင်းသာ ကျောင်းကို ထိပ်ဆုံး၁၈နေရာထဲ ဝင်အောင် ကူညီပေးနိုင်မယ်ဆိုရင် ငါတို့ သဘောတူညီမှုရပြီပဲ"

"ဒီပြိုင်ပွဲက ဘယ်လောက်ကြာမှာလဲ"

ကျန်းမုန့်လောင်က မေးလိုက်၏။

"တစ်လနှစ်လလောက်ပေါ့"

"သဘောတူတယ်!"

ကျန်းမုန့်လောင်က သူ့ပေါင်သူရိုက်ချလိုက်သည်။ သုံးနှစ်စာငြိမ်းချမ်းရေးအတွက် တစ်လနှစ်လလောက် အချိန်ပေးရခြင်းမှာ ကောင်းမွန်လှသော အပေးအယူတစ်ခုပင်။

"ဘာသာရပ်ဆိုင်ရာ ပြိုင်ပွဲလေးတစ်ခုပဲမလား။ ဘယ်လောက်ခက်မှာမို့လို့လဲ"

***************

All Chapters