← Chapters

ပန်းတိုင်သေးသေးလေးတစ်ခုကို အရင်သတ်မှတ်မယ်

Vol. 34 Ch. 505

ပန်းတိုင်သေးသေးလေးတစ်ခုကို အရင်သတ်မှတ်မယ်

Vol. 34 Ch. 505

"ဒီဘာသာရပ်ဆိုင်ရာပြိုင်ပွဲကို လျှော့မတွက်နဲ့။ ဒါက ငါတို့ရဲ့ရပ်တည်မှုကို မြှင့်တင်နိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးနော်"

ဟန်ကျင်းယွီက စာရွက်စာတမ်းတစ်ထပ်ကို ကျန်းမုန့်လောင်ရှေ့တွင် ချပေးလိုက်သည်။

"ဒီဟာကို အရင်ကြည့်လိုက်"

ကျန်းမုန့်လောင်က စာရွက်စာတမ်းများကို ဖွင့်ကြည့်လိုက်လေရာ ထိုစာရွက်စာတမ်းများ၏ ခေါင်းစီးတွင် "နိုင်ငံတော်ထိပ်တန်းအဆင့် သိပ္ပံသုတေသနပညာရေးဆိုင်ရာ ရှေ့ဆောင်တက္ကသိုလ်များရွေးချယ်ရေး အကြောင်းကြားစာ"ဟု ရေးသားထားသည်ကို တွေ့လိုက်ရ၏။

တက္ကသိုလ်ဝင်တန်းနှင့် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုခဲ့ပြီးနောက် ကျန်းမုန့်လောင်သည် ကျောင်းများ၏ အဆင့်ခွဲခြားသတ်မှတ်မှုကို ကောင်းစွာနားလည်နေပြီဖြစ်ရာ ၉၈၅နှင့် ၂၁၁အမျိုးအစားအဖြစ် သတ်မှတ်ထားသော တက္ကသိုလ်များက အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရေးနှင့် ပတ်သက်လာလျှင် အကြီးမားဆုံးပြိုင်ဘက်များဖြစ်ကြောင်း သိထားသည်။

ကုမ္ပဏီပေါင်းများစွာက ၉၈၅နှင့် ၂၁၁တက္ကသိုလ်များမှ ဘွဲ့ရများကို ဦးစားပေးမည်ဟု သတ်မှတ်ထားကြပြီး အချို့ကမူ ဤတက္ကသိုလ်များရှိ ကျောင်းသားများကိုသာ သီးသန့်ငှားရမ်းခန့်ထားကြသည်။

သို့သော် မတတ်နိုင်ပေ။ ဤအမျိုးအစားဝင် တက္ကသိုလ်များမှာ လွန်ခဲ့သည့် ရာစုနှစ်အတွင်းကပင် သူတို့၏ စီမံကိန်းများကို ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ကြပြီး လက်ရှိတက္ကသိုလ်အများအပြားက သင်ကြားရေးစွမ်းရည်ပိုင်း၌ သူတို့ထက် သာလွန်နေသော်လည်း ထိုအဆင့်အတန်းသို့ မဝင်ရောက်နိုင်ကြသဖြင့် အဖွဲ့အစည်းများအကြားတွင် စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်ခဲ့သည်။

၉၈၅အမျိုးအစားတွင် တက္ကသိုလ်ပေါင်း ၃၉ခုရှိပြီး ၂၁၁အမျိုးအစားတွင် ၁၁၂ခုရှိသော်လည်း လက်ရှိတွင် စုစုပေါင်းအဆင့် ၁၂၈နေရာတွင်ရှိသော ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်က ထိုအဖွဲ့အစည်းများနှင့် အပြိုင်အဆိုင်ဖြစ်နေသည်။

မကြာသေးခင်နှစ်များအတွင်း နိုင်ငံတော်က နှစ်ထပ်ကွမ်းပထမအဆင့်တက္ကသိုလ်များ ရွေးချယ်ခြင်းကို စတင်ခဲ့သည်။ ၉၈၅နှင့် ၂၁၁စီမံကိန်းများနှင့် နှိုင်းယှဉ်လျှင် ဂုဏ်ပုဒ်ကွဲလွဲမှုများ ရှိခဲ့သော်လည်း လုပ်ငန်းဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းမှာမူ အလွန်သင့်တင့်ပြီး သာမန် အဆင့်၁၊ အဆင့်၂နှင့် အဆင့်၃တက္ကသိုလ်များမှ ကျောင်းသားများထက် များစွာပိုမြင့်မားလေသည်။

သို့သော် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ပြီးခဲ့သည့်တစ်ခေါက်တုန်းက နှစ်ထပ်ကွမ်းပထမအဆင့်ပြိုင်ပွဲအတွက် လျှောက်ထားရာတွင် တစ်နေရာတည်းဖြင့် ကပ်လွဲခဲ့ရသည်မှာ စင်စစ်နောင်တရစရာကောင်းလှသည်။

ယခုတစ်ခေါက်တွင်မူ ဟွာရှားရှိ တက္ကသိုလ်များ၏ အဆင့်သတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင်ထားသည်။ ဤစာရွက်စာတမ်းအရ ရှေ့ဆောင်တက္ကသိုလ်ဖြစ်လာနိုင်မည့် တက္ကသိုလ်ပေါင်း ၁၈ခုသာရှိပြီး ထိုတန်ဖိုးမှာ ၉၈၅၊ ၂၁၁ သို့မဟုတ် နှစ်ထပ်ကွမ်းပထမအဆင့်စံနှုန်းများထက် ပိုမြင့်မားလေသည်။

ဤဂုဏ်ပုဒ်ကိုသာ ရရှိနိုင်ပါက သူတို့တက္ကသိုလ်က ဒုတိယအဆင့်မှသည် ဂုဏ်သတင်းကြီးမားသော တက္ကသိုလ်တစ်ခုအဖြစ်သို့ ညတွင်းချင်း ပြောင်းလဲသွားပေလိမ့်မည်။ ၎င်းမှာ တက္ကသိုလ်၏ဂုဏ်သတင်းနှင့် ကျောင်းသားစုဆောင်းမှုအတွက် အလွန်အရေးကြီးလှသည်။

ဤနေရာ၁၈နေရာအတွက် ယှဉ်ပြိုင်ရန် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များက အသည်းအသန် ကြိုးစားနေကြသည်မှာ မဆန်းလှချေ။ ထိုအဆင့်မြင့်တက္ကသိုလ်များက သူတို့ကျောင်း၏ ဂုဏ်ကျက်သရေကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြပြီး အဆင့်နိမ့်တက္ကသိုလ်များကမူ သူတို့ကို ကျော်တက်ရန် ရည်မှန်းထားကြသည်။

ယခုတစ်ခေါက် အကဲဖြတ်ခြင်းကို ရှုထောင့်ပေါင်းစုံမှ ကဏ္ဍခွဲခြားထားသည်။ တစ်ခုမှာ ကျောင်းသားများက သူတို့ကျောင်း၏ သင်ကြားရေးအရည်အသွေးကို အကဲဖြတ်ခြင်းပင်။ အမှန်တကယ်တွင် ဤအချက်က အလွန်ပြောင်းလွယ်ပြင်လွယ်ရှိသော ကဏ္ဍတစ်ခုပင်။ ပါမောက္ခများအနေနှင့် ဖုန်းခေါ်ရန် အချိန်ပေးနေသရွေ့ ကျောင်းသားအများစုကလည်း သူတို့၏မိခင်ကျောင်းတော်ကြီးအတွက် ကောင်းမွန်သောသုံးသပ်ချက်များပေးရန် ဆန္ဒရှိကြသဖြင့် လူတိုင်းနီးပါးက စမှတ်တစ်ခုတည်းမှ စတင်ကြရသည်။

ဒုတိယအချက်မှာ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကျောင်းများ၏ သိပ္ပံသုတေသနအောင်မြင်မှုများပင်။

ဤသိပ္ပံသုတေသနစီမံကိန်းများမှာ ပြည်နယ်နှင့် နိုင်ငံတော် စီမံကိန်းများအထိသာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းစုများက ဆောင်ရွက်ခဲ့သော စက်မှုအကျိုးပြုစီမံကိန်းများအားလုံးလည်း ပါဝင်ပေသည်။

ဤနေရာတွင် ကျောင်းများအကြားရှိ ကွာခြားမှုမှာ သိသာထင်ရှားလှသည်။ အကြောင်းမှာ နိုင်ငံတော် စီမံကိန်းရွေးချယ်ရာတွင် နာမည်ကျော်တက္ကသိုလ်များကို ပိုဦးစားပေးတတ်လေ့ရှိသောကြောင့်ပင်။

ဥပမာအားဖြင့် ကျန်းနန်မြို့တွင် နှစ်စဉ်နိုင်ငံတော်ရန်ပုံငွေအကဲဖြတ်မှုအများစုက နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်သုံးခုအနက် တစ်ခုဖြစ်သော ကျန်းနန်တက္ကသိုလ်သို့ ရောက်ရှိသွားပြီး သူတို့၏သိပ္ပံသုတေသနအောင်မြင်မှုများကလည်း မေးခွန်းထုတ်စရာမလိုလောက်အောင် ထူးခြားလှသည်။

မည်သို့ပင်ဖြစ်စေ အရေအတွက်က တစ်ကဏ္ဍဖြစ်သော်ငြား အရည်အသွေးကလည်း တစ်စိတ်တစ်ပိုင်းပင်။ ဤတစ်ခေါက်တွင် ကျန်းမုန့်လောင်၏ ၂နာနိုမီတာချစ်ပ်ပြားထုတ်လုပ်ရေးစီမံကိန်းက ကျန်းနန်သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်၏ အောင်မြင်မှုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပြီး ဤတက္ကသိုလ်ကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့ကြသည်။

တတိယအချက်မှာ ကျောင်းများ၏ စာတမ်းထုတ်ဝေရေးအခြေအနေဖြစ်ပြီး ၎င်းမှာ တက္ကသိုလ်များ၏ သိပ္ပံစွမ်းဆောင်ရည်နှင့် တိုက်ရိုက်ပတ်သက်နေသည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် ကျောင်းအားလုံးက တူညီသောစမှတ်မှ စတင်သည်ဟု ထင်ရသည်။ အကြောင်းမှာ ကြိုးစားအားထုတ်လိုသူတိုင်းအနေနှင့် မည်သည့်ကျောင်း၊ မည်သည့်ပါမောက္ခဆိုတာကိုမခွဲခြားဘဲ စာတမ်းထုတ်ဝေခွင့်ရှိကြပြီး ထုတ်ဝေသူများကမူ အရည်အသွေးကိုသာ ဂရုစိုက်ကြသောကြောင့်ပင်။

သို့သော် အဆင့်ပိုကောင်းသော ကျောင်းများက ပိုမိုကောင်းမွန်သော စက်ကိရိယာများနှင့် ရန်ပုံငွေများ ရရှိကြသည်ဖြစ်ရာ အလွန်ကျွမ်းကျင်ထက်မြက်လှသော အိမ်ရှင်မတစ်ယောက်ပင်လျှင် ဆန်မရှိဘဲ ထမင်းချက်၍ မရနိုင်ချေ။

နောက်ဆုံးအချက်မှာမူ ကျောင်းတိုင်းက သူတို့ယုံကြည်မှုအရှိဆုံးစီမံကိန်းကို လက်ရှိရထားသည့် အောင်မြင်မှုများအားလုံးနှင့်အတူ ပါဝင်ယှဉ်ပြိုင်သည့် အဖွဲ့အစည်းများနှင့် ဒိုင်လူကြီးများထံသို့ သရုပ်ပြရန် တင်ပြရမည်ဖြစ်ပြီး ထိုရမှတ်မှာ လူတိုင်းကပေးသော ရမှတ်များကို ပေါင်းစပ်ထားသည့်အမှတ်ပင်။

ထို့ကြောင့် ဤအရာမှာ တက္ကသိုလ်အားလုံးအတွက် အခွင့်အလမ်းတစ်ခုဟု ထင်ရသော်လည်း တကယ်တမ်းတွင် နိုင်ငံတော်၏ ထိပ်ဆုံးကျောင်းပေါင်းငါးဆယ်အတွင်း အဆင့်သတ်မှတ်ခံထားရသော ကျောင်းများသာ ရွေးချယ်ခံရနိုင်သည့် အခွင့်အရေးမျိုးရှိကြောင်း လူတိုင်း ကောင်းစွာသိရှိထားကြသည်။

အဆင့်၁၀၀ကျော်၌ ရှိနေသော ကျန်းနန်သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်မှာ ရွေးချယ်မှုကာလအတွင်း အိမ်နီးချင်းတက္ကသိုလ်များအကြား လှောင်ပြောင်ခံရလုနီးပါးဖြစ်ခဲ့ပြီး ထိုလူများက သူတို့အား ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသည်ဟု လှောင်ပြောင်ခဲ့ကြသည်။

အမှန်ပင်။ လက်ရှိတွင် ငွေကြေးနှင့် စက်ကိရိယာများစွာ ပိုင်ဆိုင်ထားသော်ငြား တစ်နှစ်လျှင် သူဌေးလက်သစ်တစ်ယောက်သာရှိ၏။ အခြားအဖွဲ့အစည်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က အမွေအနှစ်ပိုင်းဆိုင်ရာတွင် သိသိသာသာအားနည်းနေသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အချိန်သုံးနှစ်မှ ငါးနှစ်အတွင်း၌ သူတို့ ထိပ်တန်းတက္ကသိုလ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကောင်းရှိလာနိုင်သော်လည်း ယခုတော့ မဟုတ်ပေ။

သို့တိုင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကတော့ ကံကြမ္မာကိုယုံကြည်ရန် ငြင်းဆန်ခဲ့သည်။ ပါဝင်ယှဉ်ပြိုင်ရာတွင် သူတို့အနေနှင့် ၀.၀၁%သာ အခွင့်အရေးရှိသော်ငြား ဤသည်မှာလည်း အခွင့်အရေးတစ်ခု ဖြစ်နေဆဲပင်။ သို့သော် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိပါက လုံးဝအခွင့်အရေးရှိမည်မဟုတ်ပေ။ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတွင် မည်သည့်အရာက ပိုအရေးကြီးသလဲ။

အမှန်တကယ်တွင် အစတုန်းက ဟန်ကျင်းယွီကိုယ်တိုင်လည်း မျှော်လင့်ချက်မထားခဲ့ပေ။ သို့သော် ရုတ်တရက်ကြီး ကျန်းမုန့်လောင်ကို သတိရလိုက်မိသည်။ ဤကလေးကသာ အံ့ဖွယ်ကောင်းသောကိရိယာတစ်ခုကို ဖန်တီးနိုင်ခဲ့လျှင် အမှန်တကယ်ပင် နည်းလမ်းတစ်ခု ရှိနိုင်သည်မဟုတ်ပါလား။

"ပါမောက္ခဟန်..ကျွန်တော်တို့ကျောင်းက အခုလက်ရှိ အဆင့်ဘယ်လောက်မှာ ရှိနေတာလဲ"

ကျန်းမုန့်လောင်က မေးသည်။

ဟန်ကျင်းယွီခမျာ ကိုးရိုးကားရားအပြုံးဖြင့် ပြန်ဖြေလိုက်ရသည်။

"ငါတို့ကျောင်းက ကျောင်းသားတွေရဲ့ စိတ်ကျေနပ်မှုနှုန်းက အရမ်းမြင့်တယ်ကွ။ အကောင်းဆုံးနှုန်းကတော့ ၁၀၀ရာခိုင်နှုန်းနီးပါးပဲ"

"အင်း!"

ကျန်းမုန့်လောင်က ဟန်ကျင်းယွီကို ကြည့်လိုက်မိပြီး ဆက်နားထောင်ချင်ပါသော်လည်း ဟန်ကျင်းယွီက စကားစကို ရပ်တန့်ပစ်လိုက်သည်။

"ဟင်? ဒါပဲလား"

"ဒါပဲ!"

"ကျွန်တော်တို့တက္ကသိုလ်ကို ပြိုင်ပွဲမှာပါဝင်ရဲတဲ့သတ္တိမျိုး ဘယ်သူက ပေးခဲ့တာလဲ"

ကျန်းမုန့်လောင်ခမျာ အနည်းငယ်ရှက်ရွံ့သလို ခံစားမိသည်။

"ဝင်ပြိုင်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲအောင် လုပ်နေတာပဲ မဟုတ်ဘူးလား"

"လူပါးဝတဲ့ကောင်စုတ်လေး။ လေးစားမှုလေးတော့ ရှိစမ်းပါကွာ။ ငါနဲ့ ကျောင်းအုပ်ကြီး လျှောက်ထားတာကွ!"

တကယ်တမ်းတွင် ဟန်ကျင်းယွီက မျှော်လင့်ချက်အချို့ကို ဆုပ်ကိုင်ထားသည်။ အကြောင်းမှာ သိပ္ပံသုတေသနရလဒ်များနှင့် စာတမ်းများကို အကဲဖြတ်ခြင်းမှာ အမှတ်ပေးစနစ်ကိုသာ အခြေခံထားပြီး စီမံကိန်းများနှင့် စာတမ်းများ၏ အရည်အသွေးအရ ပြန်လည်သုံးသပ်ရေးအဖွဲ့က ရမှတ်များ သတ်မှတ်ပေးမည်ဖြစ်၏။

ဟန်ကျင်းယွီကိုယ်တိုင်လည်း ယခုလိုလျှောက်ထားရဲခြင်းမှာ ချစ်ပ်ပြားထုတ်လုပ်ရေးစီမံကိန်းက ရမှတ်အလွန်မြင့်မားမည်ဟု ထင်ထားသောကြောင့်ပင်။ ထို့ကြောင့် သူ အနည်းငယ်ယုံကြည်မှုလွန်ကဲနေခြင်းဖြစ်၏။

အမှန်ပင်။ ဤစီမံကိန်းက ရမှတ်ခပ်မြင့်မြင့်ကို ရရှိခဲ့သည်။ ပုံမှန်ပြည်နယ်စီမံကိန်းများက ၁၀မှတ်၊ နိုင်ငံတော် စီမံကိန်းများက ၃၀မှတ်ရရှိသော်လည်း ဤချစ်ပ်ပြားစီမံကိန်းကမူ အမှတ်မြင့်လှသော ၃၂၀မှတ်အထိ ချီးမြှင့်ခံခဲ့ရသည်။

သို့သော် ဤသည်မှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ တစ်ခုတည်းသော အထင်ကြီးစရာကိစ္စတစ်ခုပင်။ အခြားတက္ကသိုလ်များတွင် ထိုမျှအရည်အသွေးမြင့် သော စီမံကိန်းများမရှိနိုင်သော်ငြား အရေအတွက်၌မူ အားသာချက်ရှိကြသည်။

ဥပမာအားဖြင့် ဟွာရှားသိပ္ပံသုတေသနကျောင်းတော်ကို ကြည့်ပါက သူတို့၏စုစုပေါင်းရမှတ်မှာ အံ့ဖွယ်ကောင်းလောက်အောင် ၂၄၃၀မှတ်အထိ ရောက်ရှိခဲ့ပြီး သူတို့ကတော့ဖြင့် ထိုရမှတ်၏အစွန်းထွက်လေးကိုပင် မယှဉ်နိုင်ချေ။

စာတမ်းများအကြားရှိ ကွာဟချက်မှာ ပို၍ပင် ကြီးမားသေးသည်။ ထိုထိပ်တန်းတက္ကသိုလ်များက သဘာဝပတ်ဝန်းကျင်၊ သိပ္ပံနှင့် ဆဲလ်များကဲ့သို့သော ထိပ်တန်းဂျာနယ်များတွင် တစ်နှစ်လျှင် ဆောင်းပါးဆယ်စောင် သို့မဟုတ် အစောင်နှစ်ဆယ်အထိ ထုတ်ဝေနိုင်သည်။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကတော့ စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်အထိ ထိုတက္ကသိုလ်များ တစ်နှစ်အတွင်းထုတ်ဝေသည့် စာတမ်းအရေအတွက်မျှကိုပင် ထုတ်ဝေနိုင်ခဲ့ခြင်းရှိမရှိဆိုသည်မှာ မေးခွန်းထုတ်ချင်စရာပင်။

ဟန်ကျင်းယွီက ဤကွာဟချက်ကို မြင်သောအခါ စိတ်ဓာတ်များ လုံးဝကျဆင်းသွားရသည်။ ဤသည်မှာ အခြားဂုဏ်သရေရှိတက္ကသိုလ်များကို သူတို့အား ပါးရိုက်နိုင်ရန် မျက်နှာများ ထိုးပေးနေသလိုပင်။

ပါဝင်ယှဉ်ပြိုင်သော တက္ကသိုလ်၇၄ခုအနက် သူတို့၏လက်ရှိအဆင့်မှာ ၆၂ဖြစ်ပြီး အောက်ဆုံးနားသို့ ရောက်ရှိလုနီးပါးပင်။

ဤအကြောင်းကို သိလိုက်ရသောအခါ ကျန်းမုန့်လောင်ခမျာ ကူကယ်ရာမဲ့သွားလေဟန် အမူအရာကို ပြသလာသည်။

"ပါမောက္ခဟန်.. ဆရာက မျက်နှာသာရဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းနှိပ်စက်တာပဲ။ ကျွန်တော်တို့ကျောင်းရဲ့အစွမ်းအစကို ဆရာ မသိဘူးလား"

"မင်း ဘယ်လိုပြောလိုက်တာလဲ!"

ဟန်ကျင်းယွီက ကျန်းမုန့်လောင်၏ခေါင်းကို ရိုက်ချလိုက်သည်။

"ငါ မင်းကို ဖြေရှင်းနည်းရှိလားလို့ မေးနေတာလေ။ မရှိရင်လည်း သုတေသနအဖွဲ့ကိုလာပြီး သိပ္ပံသုတေသနကို ကောင်းကောင်းလုပ်။ တခြားလူတွေက စာတမ်းနှစ်စောင်နဲ့ ဘွဲ့ရနိုင်ရင် မင်းက အနည်းဆုံးတော့ ငါးစောင်လောက်လိုတယ်"

"ပါမောက္ခဟန်!"

ကျန်းမုန့်လောင်ခမျာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။

"ဟဲဟဲ"

ဟန်ကျင်းယွီသည် ယုတ်မာရက်စက်လေဟန် အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလာသည်။ ကျန်းမုန့်လောင်၏အစွမ်းအစဖြင့်သာဆိုလျှင် စာတမ်းငါးစောင်ပင် မဆိုထားနှင့်။ ဆယ်စောင်အထိ ထုတ်လုပ်နိုင်တာကို သူ ကောင်းကောင်းသိသည်။

"ဒါဆိုရင် ငါတို့တက္ကသိုလ်ကို ဒီရှေ့ဆောင်ဘွဲ့ရအောင် ကူညီပေးရင် ကူညီပေး။ ဒါမှမဟုတ် သုံးနှစ်လုံးလုံး သုတေသနကို စိတ်ရှည်လက်ရှည်လုပ်ပေးရင်လုပ်ပေး။ တစ်ခုရွေးလိုက်တော့!"

ကျန်းမုန့်လောင်မှာ ဟန်ကျင်းယွီက အလွန်မျက်နှာပြောင်တိုက်လှကြောင်း ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်လိုက်သည်။ သူ့အကြံပေးဆရာ ဖြစ်နေသည်မှာ အံ့သြစရာမရှိတော့ပေ။ သူ ကျောင်းထွက်လိုက်သင့်လားဟုပင် တွေးမိသည်။

သို့သော် ထပ်စဉ်းစားကြည့်လိုက်သောအခါ သူသာ အမှန်တကယ် အောင်မြင်အောင် လုပ်ဆောင်နိုင်ပါက သူ့ခွန်အားအမှတ်များကလည်း အများအပြားတိုးလာနိုင်သည်မဟုတ်လား။

"ကောင်းပြီလေ"

ကျန်းမုန့်လောင် ခဏမျှ စဉ်းစားကြည့်လိုက်သည်။

"ပန်းတိုင်သေးသေးလေးတစ်ခုကို အရင်ချမှတ်လိုက်ရအောင်။ တစ်လအတွင်း ထိပ်ဆုံးသုံးနေရာအထိ ရောက်အောင်မြှင့်လိုက်မယ်"

**************

All Chapters