နှစ်ရာက စကြရအောင်
Vol. 34 Ch. 506
"အဆင့်သုံးလား"
ကျန်းမုန့်လောင်၏စကားကြောင့် ဟန်ကျင်းယွီခမျာ လုံးဝထိတ်လန့်သွားရသည်။ သူ့အမြင်တွင် ထိပ်ဆုံးအဆင့်ဆယ့်ရှစ်ထဲ၌ ပါဝင်ရုံမျှဖြင့်ပင် အံ့သြဖို့ကောင်းနေပြီဖြစ်ရာ ဤသည်ကို အံ့ဖွယ်တစ်ပါးဟု သတ်မှတ်လျှင်ပင် အကျယ်ချဲ့ရာမကျပေ။
အဆင့်သုံးတဲ့လား။ ထိုအဆင့်ဆိုလျှင် ချင်းပေ့တက္ကသိုလ် နှင့် ဟွာရှားတက္ကသိုလ်တို့လို ကမ္ဘာကျော်တက္ကသိုလ်အဆင့်အထိ ရောက်နေပြီမဟုတ်လား။
သူတို့ကရော သည်အတိုင်းထိုင်နေကြမည်ဟု ထင်နေလေသလား။
ရှင်းရှင်းပြောရလျှင် ကောလိပ်တစ်ခု၏ အောင်မြင်မှုတစ်ခုတည်းကပင် သူတို့တစ်ကျောင်းလုံးကို ဖျက်ဆီးပစ်နိုင်သည်။ ထိုသို့သောစကားမျိုးကို လျှာခလုတ်မတိုက်ဘဲ သူ ပြောရဲသလား။
"အဆင့်သုံးအတွင်းဝင်ဖို့ တအားခက်ခဲလို့လား"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ပထမဆုလိုချင်ရင်လည်း မဖြစ်နိုင်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ နာမည်ကြီးကျောင်းတွေရဲ့ ခံစားချက်ကို နည်းနည်းတော့ ထည့်တွက်ပေးသင့်တယ်လေ။ သူတို့ တော်တော်လန့်သွားမှာစိုးရတယ်"
"မင်းက ငါတွေ့ဖူးသမျှထဲမှာ အကြွားအသန်ဆုံးပဲ။ ပြီးတော့ ငါ့ရဲ့ဘွဲ့လွန်ကျောင်းသားလည်း ဖြစ်နေပြန်တယ်။ မယုံနိုင်စရာပဲ!"
"ပါမောက္ခဟန်.. ကျွန်တော်တို့ကျောင်းမှာ သိပ္ပံနဲ့ အင်ဂျင်နီယာပါမောက္ခတွေ ဘယ်နှယောက်ရှိလဲ"
"ပါမောက္ခတွေနဲ့ တွဲဖက်ပါမောက္ခတွေ အားလုံးပေါင်းရင်တော့ အယောက်တစ်ရာ့နှစ်ဆယ်သုံးဆယ်ဝန်းကျင်လောက်ရှိမှာပါ"
"အင်း။ ဒါဆိုရင် ကျွန်တော် စီမံကိန်းအခုနှစ်ရာသုံးရာလောက်ပဲ လိုလိမ့်မယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ပါမောက္ခဟန်.. အဲဒီပါမောက္ခတွေကို ဆက်သွယ်ပြီး သူတို့ရဲ့သုတေသနဦးတည်ချက်အသေးစိတ်ကို ကျွန်တော့်အတွက် စာရင်းပြုစုပေးဖို့ ပြောပေးလို့ရမလား။ ရက်ပိုင်းအတွင်းမှာတင် ကျွန်တော် တစ်ယောက်ချင်းစီအတွက် နိုင်ငံတော်အဆင့်သုတေသနစီမံကိန်းတစ်ခုစီ ရအောင် လုပ်ပေးပါ့မယ်"
"မင်းရူးနေပြီလား"
ဟန်ကျင်းယွီခမျာ လွှတ်ခနဲပြောလိုက်မိလေတော့သည်။
နိုင်ငံတော်အဆင့်စီမံကိန်းများကို လျှောက်ထားဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာကို အသာထား။ အခြေအနေမကောင်းသော ခုနှစ်များတွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဟာ စီမံကိန်းတစ်ခုလေးကိုတောင် မရရှိနိုင်ခဲ့ပေ။
စီမံကိန်းအခုတစ်ရာကျော်ရဖို့ မျှော်လင့်နေတာတဲ့လား။ အဓိပ္ပာယ်မရှိလိုက်တာ!
အောင်အောင်မြင်မြင်လျှောက်ထားနိုင်ခဲ့လျှင်ပင် တစ်လအတွင်း ရလဒ်ထွက်ဖို့ မမျှော်လင့်နိုင်ပေ။ ဤသည်မှာ ရယ်ချင်စရာပင်။ နိုင်ငံတော်အဆင့်စီမံကိန်းများမှာ သုံးနှစ်မှ ငါးနှစ်အထိ အချိန်မပေးရဘဲ သိသာထင်ရှားလှသော ရလဒ်များကို မမျှော်လင့်နိုင်ပေ။
"ဒီကိစ္စကို စိတ်ပူစရာမလိုပါဘူး။ ဒါတွေက အသေးအဖွဲလေးတွေပါ"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ဒီစီမံကိန်းတွေကို လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်ရှိနေသရွေ့ ကျွန်တော်တို့ဘက်က တောင်းဆိုစရာ မလိုဘဲနဲ့တောင် နိုင်ငံတော်က ကျွန်တော်တို့ကို လုပ်ပေးပါဆိုပြီး တောင်းပန်လာမှာ"
"ကောင်းပြီ။ ဒါဆို မင်းရဲ့စွမ်းဆောင်ရည်ကို ငါစောင့်ကြည့်နေမယ်။ အဲဒီလူအိုကြီးတွေကိုတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ ငါကိုယ်တိုင်လုပ်ပေးထားမယ်"
"ဟဲဟဲ ပါမောက္ခဟန်..ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ တစ်လကြာပြီးရင်တော့ ကျွန်တော်တို့ တွေ့နိုင်မဲ့ အခွင့်အရေးများများစားစား ရှိတော့မယ်မထင်ဘူး"
"အဲဒီလိုစကားတွေမပြောခင် မင်းရဲ့အလုပ်ကိုသာ အရင်ပြီးအောင်လုပ်စမ်းပါ။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့!"
လူအိုကြီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်တို့က ရုံးခန်းထဲတွင် ပျော်ရွှင်စွာ အော်ရယ်နေကြသည်။
အစီရင်ခံစာတင်ပြီးနောက်နေ့မှာ ပိတ်ရက်ဖြစ်၏။ ကျန်းမုန့်လောင်ကလည်း ဆရာကျိုးထံသို့ သွားရောက်ရန် ယန်ကျင်းသို့ ခရီးထွက်ဖို့ စီစဉ်ထားပြီးဖြစ်၏။ ထို့ကြောင့် လုရီယောင်ကိုပါ လည်ပတ်နိုင်ရန်အတွက် ခေါ်လာခဲ့သေးသည်။
ဆရာကျိုး၏ နေအိမ်မှာ အလွန်ရှေးကျသော ခြံဝင်းတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကလည်း အေးချမ်းငြိမ်သက်နေသည်ဖြစ်ရာ ခုနစ်ဆယ်ရှစ်ဆယ်ခုနစ်ကာလများသို့ ပြန်ရောက်သွားသလို ခံစားရစေသည်။
"အိုး! မုန့်လောင်ရောက်လာပြီပဲ!"
ဆရာကျိုး၏ဇနီးက စောစောစီးစီးကွယ်လွန်သွားသည်ဖြစ်ရာ ယခုအခါတွင် သူနှင့်အတူ နိုင်ငံတော်က စီစဉ်ပေးထားသော စောင့်ရှောက်သူတချို့သာ ဤနေရာတွင် နေထိုင်ကြသည်။ သူ့ခမျာ နေ့တိုင်း လုပ်စရာများများစားစားမရှိပေ။ သူ့ဝါသနာကလည်း ခြံဝင်းထဲရှိ အပင်များနှင့် ပန်းပင်များကို ပြုစုစောင့်ရှောက်ခြင်းဖြစ်ပြီး နိုင်ငံတော်အရေးကိစ္စများတွင် များများစားစားပါဝင်ပတ်သက်ခြင်းမရှိချေ။
"ကောင်မလေးကိုလည်း ခေါ်လာတာပဲ!"
ဆရာကျိုးက သူ့သားသမီးအရင်းအချာကို တွေ့လိုက်ရသည့်အလား ချစ်ခင်ကြင်နာစွာ လှမ်းလာလေသည်။
"မင်္ဂလာပါ ဆရာကျိုး.. ကျွန်မနာမည်က လုရီယောင်ပါ။ မုန့်လောင်က ဆရာ့အကြောင်း ခဏခဏပြောတယ်ရယ်"
လုရီယောင်က ထိုသို့သော အခြေအနေများတွင် အမျိုးသမီးတစ်ယောက်၏ ကျက်သရေရှိမှုမျိုးဖြင့် ပြုမူသည်သာ။
"သူက ငါ့အကြောင်းပြောတယ်?"
ဆရာကျိုးက သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် ငါ သူ့ကို ဖုန်းဆက်တုန်းကတောင် ဆုံးမလိုက်သေးတာကို။ သူက ငါ့အကြောင်း အကောင်းပြောစရာဘာရှိလို့လဲ"
"ဆရာကျိုး.. ဆရာက ကျွန်တော့်ကို အရမ်းအထင်သေးတာပဲ။ ကျွန်တော်က အဲဒီလိုလူမျိုးမို့လို့လား"
ကျန်းမုန့်လောင်က စိတ်ထိခိုက်ဟန်ဆောင်၍ ပြောလိုက်သည်။
"ကျွန်တော် ဆရာ့အတွက် လက်ဆောင်တောင် ယူလာခဲ့သေးတယ်။ အခုတော့ လွှင့်ပစ်လိုက်ရတော့မယ်ထင်တယ်"
"မလုပ်နဲ့!"
ဆရာကျိုးက ကျန်းမုန့်လောင်၏လက်ထဲရှိ လက်ရာမြောက်စွာ ထုပ်ပိုးထားသောဘူးကို ဆွဲယူလိုက်ပြီး ကလေးတစ်ယောက်၏ စိတ်အားထက်သန်မှုမျိုးဖြင့် ဖွင့်လိုက်သည်။
ထိုဘူး၏ထုပ်ပိုးမှုက အလွန်လှပတင့်တယ်သော်လည်း အထဲတွင်မူ အထင်ကြီးလောက်စရာမရှိသော ပစ္စည်းတစ်ခုသာရှိ၏။
"ဒါကဘာလဲ။ ငါ့ကို အိုနေပြီဆိုပြီး မင်းက အဆိပ်ခတ်သတ်ဖို့ ကြိုးစားနေတာလား"
ဆရာကျိုးကမူ ကျန်းမုန့်လောင်အနေနှင့် ဝိုင်ကောင်းကောင်းတစ်ပုလင်းလောက် ယူလာလိမ့်မည်ဟု မျှော်လင့်ထားသည်။ သက်ကြီးပိုင်းလူကြီးများမှာ အရက်သောက်ရခြင်းကို နှစ်သက်ကြသည်။
"ဒါက အဆိပ်မဟုတ်ပါဘူး။ အမတဆေးလုံးပါ။ ဒါကို သောက်လိုက်ရင် ဆရာ နောက်ထပ်အနှစ်နှစ်ဆယ်သုံးဆယ်လောက် ကျန်းကျန်းမာမာနေရမှာ"
"မင်းက ဆေးအတုတွေလာရောင်းနေတယ်လို့ ငါတော့ထင်တာပဲ"
"ဆေးအတုလား။ ကျွန်တော့်ကိုမယုံရင် ချင်မိသားစုမှာ သွားမေးကြည့်လိုက်။ ဗိုလ်ချုပ်ဟောင်းချင်က ကျွန်တော့်ဆေးကို သောက်ထားလို့ ဒီလောက်အထိကျန်းမာနေတာ"
"မင်း ဘာပြောလိုက်တယ်။ အဘိုးကြီးချင်က မင်းရဲ့ဆေးကို သောက်ခဲ့တယ်ပေါ့"
ဤစကားကို ကြားလိုက်ရသောအခါ လောင်ကျိုးမှာ ရုတ်တရက် အားအင်ပြန်ပြည့်ဝလာသည်။
သူသည် ချင်မိသားစုမှ အဘိုးကြီးချင်နှင့် ဆက်ဆံရေးကောင်းမွန်လေသည်။ လွန်ခဲ့သည့်လအနည်းငယ်တုန်းက ဗိုလ်ချုပ်ချင်၏ ဒဏ်ရာဟောင်းများ ပြန်ထလာခဲ့ပြီး သေလုနီးပါးဖြစ်ခဲ့ရသည်။ ဆရာဝန်များက ဤတစ်ခေါက် သူ အသက်ရှင်ခဲ့လျှင်ပင် လအနည်းငယ်မျှသာ သက်တမ်းကျန်တော့မည်ဟု ပြောခဲ့ကြသည်။
သို့သော် ပြီးခဲ့သည့်တစ်ခေါက်တုန်းက ဗိုလ်ချုပ်ချင်ကို သူသွားတွေ့ခဲ့စဥ်က ထိုလူအိုကြီးသည် တပ်ထဲသို့သွားရောက်ကာ လူငယ်အထူးတပ်ဖွဲ့ဝင်များနှင့်ပင် လက်ဝှေ့ကြိုးဝိုင်းထဲ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့သေးသည်။
အသက်တစ်ရာနီးပါးရှိပြီဖြစ်သော အဘိုးကြီးတစ်ယောက်က အသက်နှစ်ဆယ်အရွယ် အထူးတပ်ဖွဲ့ဝင်များနှင့် ယှဉ်ပြိုင်ထိုးသတ်နေခြင်းမှာ ယုံနိုင်စရာပင်မရှိပေ။ အစတုန်းကတော့ ဤသည်မှာ ဗိုလ်ချုပ်ဟောင်းချင်တစ်ယောက် မသေခင် နောက်ဆုံးအကြိမ်အင်အားထကြွနေခြင်းဖြစ်သည်ဟုပင် ထင်ခဲ့မိသည်။
အဘိုးကြီးချင်၏မွေးနေ့တွင် သူ့မြေးဖြစ်သူ ချင်ဖုန်းက သူ့အတွက် အမတဆေးတစ်မျိုးကို ရှာဖွေပေးခဲ့ကြောင်း နောက်မှသာ သိလိုက်ရသည်။ သူသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း ခန္ဓာကိုယ်ကျန်းမာရေးကတော့ အသက်သုံးဆယ်လေးဆယ်အရွယ်အလားပင်။ ဆေးစစ်ချက်အစီရင်ခံစာများကလည်း ထိုအချက်ကို သက်သေပြနေသည်။
ဤသတင်း ထွက်လာသောအခါ ယန်ကျင်းရှိ အထက်တန်းလွှာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ သူတို့အားလုံးက ဤဆေးကို ဘယ်နေရာတွင်ရနိုင်ကြောင်း ချင်ဖုန်းကို အသည်းအသန်မေးမြန်းစုံစမ်းခဲ့ကြသော်ငြား အချည်းနှီးသာ။
ဖြစ်ချင်တော့ ထိုအမတဆေးမှာ ကျန်းမုန့်လောင်ဆီက ရရှိခဲ့ခြင်းပင်။
"တော်လိုက်တဲ့ကောင်လေး... မင်းရဲ့ ဒီလက်ဆောင်က တန်ဖိုးမနည်းဘူးပဲ"
လောင်ကျိုးက ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ခံလိုက်သည်။ ဤအသက်အရွယ်မျိုးတွင် မည်သူကများ ပိုမကျန်းမာချင်ဘဲ ရှိမည်နည်း။
"ကဲ ဒီတစ်ခါ မင်း ဘယ်လိုပြဿနာမျိုး ရှာခဲ့ပြန်ပြီလဲ"
"ဆရာပြောပုံကိုလည်း ကြည့်ဦး။ ကျွန်တော်က ပြဿနာရှာတတ်တဲ့လူနဲ့ တူနေလို့လား"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်သည်။
"ယုံကြည်မှုအပြည့်နဲ့ 'တူနေလို့လား'ဆိုတဲ့စကားကို ဖယ်ထားလိုက်စမ်းပါ။ မင်းက တကယ်ကိုအဲဒီလိုလူမျိုးပဲ"
"ဆရာ့ကြောင့် ကျွန်တော် နာကျင်သွားရပြီ။ ကျွန်တော်က ဒီတစ်ခေါက် နိုင်ငံအတွက်အကျိုးပြုဖို့ ရောက်လာတာပါနော်"
"မင်းကိုယုံရင် ငါက လူမိုက်မို့လို့ပဲ"
လောင်ကျိုးက ကျန်းမုန့်လောင်ကို မျက်စောင်းထိုးလိုက်သည်။
"ကဲ ပြောစရာရှိတာမြန်မြန်ပြော"
"ဟဲဟဲ.. ဆရာ နည်းပညာဌာနကလူတွေနဲ့ ရင်းနှီးလား"
"နည်းပညာဌာနလား။ မင်းက သူတို့ကို ဘာလုပ်ဖို့လဲ"
"အခုလတ်တလော ပညာရေးဝန်ကြီးဌာနက သိပ္ပံသုတေသနတက္ကသိုလ်တွေကို ရှေ့ဆောင်စီမံကိန်းအတွက် အကဲဖြတ်နေတာမဟုတ်လား။ ကျွန်တော်လည်း ကျွန်တော်တို့ကျောင်းအတွက် စီမံကိန်းတချို့ အရယူချင်လို့လေ"
"မင်းက ငါ့ကို အမှားလုပ်ခိုင်းနေတာပဲ"
လောင်ကျိုး၏အမူအရာကား အတန်ငယ်ပျက်ယွင်းသွားသည်။
"ဒါက အခြေခံမူနဲ့ပတ်သက်နေတာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို ငါမကူညီနိုင်လောက်ဘူး။ နိုင်ငံတော်က နှစ်စဉ်နှစ်တိုင်း စီမံကိန်းတွေကို ဒီလောက်ပဲ ခွဲဝေချမှတ်ပေးထားတာ။ လူတိုင်းကလည်း ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းကိုပဲ မှီခိုရမှာ။ ငါ မင်းကို ဒီအတိုင်း ပေးလိုက်လို့မရဘူး။ တခြားတက္ကသိုလ်တွေသာသိရင် ကန့်ကွက်ကြမှာ"
"လောင်ကျိုး ကျွန်တော့်ကိုပြောစမ်းပါဦး။ တစ်နှစ်ချင်းစီမှာ နိုင်ငံတော်စီမံကိန်းဘယ်နှခုလောက်ကိုများ ပြီးစီးအောင် လုပ်နိုင်ခဲ့လို့လဲ"
"ဒါက..."
ဤမေးခွန်းကြောင့် လောင်ကျိုး ရှက်သွားရသည်။
သိပ္ပံသုတေသနစနစ်တွင် ပါဝင်ပတ်သက်သူတိုင်း သိထားသည့်အရာမှာ မည်သည့်စီမံကိန်းပင်ဖြစ်စေ ချို့ယွင်းချက်အမြောက်အများ ပါရှိလေသည်။ အချို့စီမံကိန်းများမှာ ဓာတ်ခွဲခန်းတွင် ရလဒ်တချို့ထုတ်ပြနိုင်သော်လည်း စက်မှုလုပ်ငန်းအရ အကောင်အထည်ဖော်ရန်မူ လုံးဝမဖြစ်နိုင်ပေ။ ပညာရပ်ဆိုင်ရာ လေ့ကျင့်ခန်းများအဖြစ်သာ သုံးနိုင်ပေလိမ့်မည်။
ထို့ကြောင့် နိုင်ငံတော်၏ သုတေသနရန်ပုံငွေမှာ ဤစီမံကိန်းများတွင်သာ ဖြုန်းတီးလိုက်ရသည်။
နှစ်စဉ်နှစ်တိုင်း စီမံကိန်းဆယ်ခုလောက်ကသာ ထိရောက်မှုရှိခဲ့လျှင် နိုင်ငံအတွက် သိသာလှသော တိုးတက်မှုတစ်ခုဖြစ်နေချေပြီ။
"နှစ်ဆယ်သုံးဆယ်ရာခိုင်နှုန်းလောက်တော့ ရှိပါတယ်"
လောင်ကျိုးက အရေအတွက်ကို နည်းနည်းမြှင့်ပြောလိုက်သည်။
"ကျွန်တော်ကတော့ တစ်လအတွင်း စီမံကိန်းအားလုံးရဲ့ တစ်ရာရာခိုင်နှုန်းကို ပြီးအောင်လုပ်ပေးနိုင်တယ်။ သုတေသနရန်ပုံငွေအတွက်လည်း နိုင်ငံတော်ကနေ တစ်ပြားတစ်ချပ်မှ မတောင်းပါဘူး။ ကျွန်တော်တောင်းဆိုချင်တာက စီမံကိန်းတွေကို ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့နာမည်အောက်မှာ ထားပေးဖို့ပါပဲ"
"မင်း အတည်ပြောနေတာလား"
လောင်ကျိုးက ပြောလိုက်သည်။
"အဲဒီစီမံကိန်းတွေကို မင်းတို့တက္ကသိုလ်က မလုပ်နိုင်ဘူးနော်။ အချိန်သုံးနှစ်ငါးနှစ်လောက် ပေးတာတောင် ဟွားရှားသိပ္ပံကျောင်းတော်က ပညာရှင်အဖွဲ့က တစ်ခုမှ ပြီးစီးအောင်မလုပ်နိုင်ခဲ့ဘူး။ ငါ့ကိုလာကြွားမနေနဲ့"
"ကျွန်တော် အတည်ပြောနေတာ။ အရင်တုန်းက ကျွန်တော် အပြောသက်သက်ပဲလုပ်ခဲ့တာမျိုး ရှိဖူးလို့လား"
ဤအချက်ကို စဥ်းစားကြည့်လိုက်သောအခါ လောင်ကျိုးလည်း သူ့ရှေ့ရှိပုဂ္ဂိုလ်မှာ သာမန်ဘွဲ့လွန်ကျောင်းသားတစ်ယောက်မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။ သူသည် ကျန်းမုန့်လောင်ပင်တည်း။
"မင်း စီမံကိန်းဘယ်နှခုလောက်လိုချင်လဲ။ ငါ မင်းအတွက် မေးပေးမယ်"
"အများကြီးတော့မဟုတ်ပါဘူး။ နှစ်ရာလောက်နဲ့ စလိုက်ကြတာပေါ့"
***************