နယူတန်ကို သင်းကွပ်လိုက်
Vol. 34 Ch. 507
"နှစ်ရာလား။ ဒီသိပ္ပံသုတေသနစီမံကိန်းတွေကို လက်ကားရောင်းတဲ့ပစ္စည်းတွေများ မှတ်နေလား"
ကျန်းမုန့်လောင်က တစ်နိုင်ငံလုံး၏ နှစ်စဉ်သိပ္ပံသုတေသနစီမံကိန်းများကို တစ်ယောက်တည်းလက်ဝါးကြီးအုပ်ရန် ရည်ရွယ်နေသည့်အတွက် လောင်ကျိုးခမျာ နှလုံးရပ်မတတ်ဖြစ်သွားချေသည်။
"မဖြစ်နိုင်တာ"
"လောင်ကျိုး.. အဲဒီလိုတော့မပြောပါနဲ့"
ကျန်းမုန့်လောင်က ဆိုးသွမ်းလေဟန်အပြုံးဖြင့် ပြောလိုက်၏။
"အဲဒီစီမံကိန်းတွေကို တစ်ယောက်ယောက်ကတော့ လုပ်ရမှာပဲမဟုတ်လား။ ကျွန်တော်က မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းမွန်မွန်လုပ်ပေးနိုင်တဲ့အပြင် အစိုးရအတွက် ပိုက်ဆံတစ်ပြားတစ်ချပ်မှလည်း မကုန်စေရဘူး။ ဘယ်လိုတွက်ကြည့်ကြည့် နိုင်ငံဘက်က အမြတ်ချည်းပါပဲ"
"ဒီစီမံကိန်းတွေက ဘာတွေလဲဆိုတာ မင်း သိရောသိရဲ့လား"
လောင်ကျိုးက ထုတ်မေးလိုက်တော့သည်။
"ငါ မင်းကို အဲဒီစီမံကိန်းတွေ ပေးလိုက်ရင်တောင် မင်းချက်ချင်းလုပ်နိုင်ပါ့မလား။ သုတေသနနယ်ပယ်တွေကို အစီအစဉ်ချတာ၊ သုတေသနအစီအစဉ်တွေရေးဆွဲတာနဲ့ သုတေသီတွေ ပြင်ဆင်တာနဲ့တင် အချိန်သုံးလကနေ ငါးလအထိ ကြာတယ်။ တစ်လဆိုတာကတော့ မင်း အိပ်မက်မက်နေတာပဲ"
"လောင်ကျိုး.. ကျွန်တော်တို့ အလောင်းအစားတစ်ခုလောက် လုပ်ရအောင်"
ကျန်းမုန့်လောင်က အဆိုပြုလိုက်သည်။
"ကျွန်တော့်ကို တစ်ရက်ပဲအချိန်ပေး။ သီအိုရီပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်တွေအားလုံးနဲ့ သုတေသနအစီအစဉ်တွေကို ပြီးအောင်လုပ်ပြမယ်။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင် ဒီနေ့ ခင်ဗျားရှေ့မှာ ကျွန်တော် လေလည်ခဲ့တယ်လို့ ပြောလို့ရတယ်"
"ဪ? ဒီလောက်တောင်ယုံကြည်မှုရှိနေတာလား"
"ကျွန်တော်ကတော့ ဒါကို အရည်အချင်းလို့ခေါ်တယ်"
"ဟွန့်..စီမံကိန်းခေါင်းဆောင်တွေက စစ်ဆေးပြီး သဘောတူမှသာ မင်းရဲ့သီအိုရီပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်နဲ့ သုတေသနအစီအစဉ်တွေက အရာဝင်မှာ"
လောင်ကျိုးဘက်က အနည်းငယ်လေသံပျော့သွားသည်ကို ကြားလိုက်ရချိန်ဝယ် ကျန်းမုန့်လောင်လည်း အခွင့်အရေးရလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။
"ကောင်းပါပြီ။ အဲဒီစီမံကိန်းတွေရဲ့ ယေဘုယျအကြောင်းအရာနဲ့ ဦးတည်ချက်တွေကိုသာ ပြောပြလိုက်ပါ"
"ခဏလေး"
လောင်ကျိုးက အလွန်ခေတ်ဟောင်းနေသော ဖုန်းတစ်လုံးကို ထုတ်ယူပြီး ဖုန်းနံပါတ်စာရင်းထဲတွင် လှန်လှောရှာဖွေလိုက်သည်။
သူ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်ပြီးနောက် ကျန်းမုန့်လောင်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
"စောင့်နေဦး"
"ဟယ်လို လောင်ရွှီ..ငါပါ လောင်ကျိုး။ ဒီနှစ် ငါတို့နိုင်ငံရဲ့ သိပ္ပံသုတေသနစီမံကိန်းတွေကို မင်းပဲ ဦးဆောင် ညှိနှိုင်းနေတာမလား။ ဟုတ်တယ်။ အဲဒီအသေးစိတ်အချက်အလက်တွေ ငါ့ဆီ ပို့ပေးလို့ရမလား။ အေး..ငါ့ဆီမှာ ဒီစီမံကိန်းတွေကို စစ်ဆေးကြည့်ချင်တဲ့လူတစ်ယောက်ရှိနေလို့..."
တရားဝင်လုပ်ငန်းကိစ္စများကို လက်စသတ်ပြီးနောက် စကားစမြည်အနည်းငယ်ပြောဆိုပြီးသည်နှင့် မိနစ်အနည်းငယ်အကြာတွင် လောင်ကျိုး၏ စာကြည့်ခန်းထဲရှိ ဖက်စ်ထဲမှ စာရွက်စာတမ်းအထပ်လိုက် ထွက်လာသည်။
ထိုစာရွက်စာတမ်းများတွင် စာမျက်နှာတစ်ရာကျော်ရှိပြီး ယခုနှစ်အတွက် နိုင်ငံတော်စီမံကိန်း၁၅၈ခု၏ အကြောင်းအရာများနှင့် အကျဉ်းချုပ်များကို ဖော်ပြထားသည်။
"မင်းကိုယ်တိုင် ကြည့်ကြည့်လိုက်"
လောင်ကျိုးက လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြောလိုက်သည်။
"ငါ မင်းကို သတိမပေးဘူးလို့တော့ မပြောနဲ့နော်။ နိုင်ငံတော်အဆင့် သိပ္ပံသုတေသနအဖြစ် အရည်အချင်းပြည့်မီတဲ့ စီမံကိန်းတွေက ရိုးရိုးလေးတွေမဟုတ်ဘူး။ အဲဒါတွေက သီအိုရီအရ ခိုင်မာရုံတင်မကဘူး။ လက်တွေ့ အသုံးချနိုင်စွမ်းလည်း မြင့်တယ်"
ကျန်းမုန့်လောင်က ထိုစာရွက်စာတမ်းများကို ကောက်ယူကာ စာမျက်နှာတချို့ကို သာမန်ကာလျှံကာ လှန်လှောကြည့်ရှုလိုက်သည်။
"ဇီဝသတ္တုဗေဒအင်ဂျင်နီယာနည်းပညာ"၊ "စွမ်းဆောင်ရည်မြင့်ပါဝါဘက်ထရီထုတ်လုပ်မှုနည်းပညာ"၊ "ဝတ်ဆင်နိုင်သော ကျန်းမာရေးစောင့်ကြည့်ကိရိယာများ"၊ "SiC MEMSအခြေပြု ဂြိုဟ်တုတည်နေရာပြခြင်း၊ အနေအထားထိန်းချုပ်ခြင်းနှင့် မိုက်ခရိုတွန်းကန်အားအစီအမံအတွက် သီအိုရီပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်များနှင့် သုတေသန နည်းလမ်းများ"...
"ဒါတွေက ဘာအမှိုက်တွေလဲ"
ဤသည်မှာ ကျယ်ပြန့်လှသော သီအိုရီပိုင်းဆိုင်ရာ အသိပညာများဖြင့် ပြည့်နှက်နေသော်လည်း လက်တွေ့ကျသည့် အရာတစ်ခုကို ချက်ချင်းထုတ်လုပ်ရန် ခက်ခဲလှကြောင်း ကျန်းမုန့်လောင် သိလိုက်သည်။
"ဟားဟားဟား..အခုတော့ခေါင်းရှုပ်သွားပြီလား"
ကျန်းမုန့်လောင်၏ အမူအရာကို မြင်လိုက်ရသောအခါ လောင်ကျိုးလည်း မရယ်ဘဲ မနေနိုင်တော့ပေ။
"တစ်ညတည်းနဲ့ သီအိုရီပိုင်းဆိုင်ရာကို ခွဲခြမ်းစိတ်ဖြာနိုင်တယ်တဲ့လား။ မင်းကို တစ်ကမ္ဘာလုံးမှာရှိသမျှအချိန်တွေ ပေးလိုက်ရင်တောင် ဘာမှထွက်လာမှာမဟုတ်ဘူး"
"လောင်ကျိုး..မနက်ဖြန် ဒီလိုအချိန်ကျရင် ကျွန်တော်တို့ချိန်းထားတာကို မမေ့နဲ့နော်"
ကျန်းမုန့်လောင်အနေနှင့် တစ်ယောက်တည်း အဖြေမထုတ်နိုင်သည့်တိုင် အခြားဘယ်သူကမှ အဖြေမထုတ်နိုင်သည့်သဘောတော့ မသက်ရောက်ချေ။
...
"ငါအိမ်သာတက်ချင်လို့"
ယန်ကျင်းမြို့ရှိ သူ့ဗီလာသို့ ပြန်ရောက်သောအခါ ကျန်းမုန့်လောင်လည်း သန့်စင်ခန်းထဲသို့ ဝင်ရန်အတွက် အကြောင်းပြချက်တစ်ခုရှာလိုက်သည်။ ထူးခြားဆန်းကြယ်လှသော လျှို့ဝှက်မုခ်တံခါးတစ်ခု ပေါ်လာချိန်ဝယ် သန့်စင်ခန်းထဲ၌ ပြင်းထန်လှသော အနံ့တစ်ခုသာ ကျန်ရစ်ခဲ့သည်။
"ကောထန်.. ဆရာအသစ်တွေအများကြီးကို ဆင့်ခေါ်ပေးတော့"
ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ အော်ဟစ်လျက် ပြေးဝင်သွားလေရာ ထိုနေရာ၌ စာလေ့လာနေကြသည့် ကျောင်းသားများအားလုံး အံ့အားသင့်သွားကြပြီး သူ ဘာလိုချင်နေသလဲဆိုတာကို နားမလည်နိုင်ဖြစ်နေကြသည်။
ယခုအချိန်တွင် ကျန်းမုန့်လောင်၌ ခွန်အားအမှတ်ထောင်ပေါင်းများစွာ ပိုင်ဆိုင်ထားသည့်အတွက် ချမ်းသာကြွယ်ဝနေသောကြောင့် ဆရာအယောက်နှစ်ဆယ်ကို ဆင့်ခေါ်လိုက်သည်။
"အာသာက ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"သာနော့စ်က ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"ကော်ပါးနီးကပ်စ်က ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"ဂယ်လီလီယိုက ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"တက်စလာက ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"တာရိုနန်ကိုက ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"တာရိုဟီဂါရှီက ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"မီးခိုးရောင်ဝံပုလွေက ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"ကောင်းကျန့်ချွင်းက ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"လင်သုန်းက ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
"ဟော့ကင်းက ကျောင်းအုပ်ကြီးကို အရိုအသေပေးပါတယ်"
...
"ဝိုး.. ငါတို့ ကမ္ဘာကြားအတားအဆီးတွေကို ထိုးဖောက်နိုင်သွားပြီ"
ကျန်းမုန့်လောင်မှာ စောဒကမတက်ဘဲ မနေနိုင်ပေ။
သူ့အနေနှင့် သိပ္ပံပညာရှင်အချို့ကို ရယူရန် စိတ်အားထက်သန်နေသောကြောင့်လားတော့ မသိ။ ဆရာအယောက်နှစ်ဆယ်ထဲတွင် တစ်ဝက်ကျော်လောက်က နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ ဖြစ်ကြပြီး သူ ငယ်စဉ်ကတည်းက လေ့လာခဲ့ဖူးသည့် ဇီဝဗေဒ၊ ဓာတုဗေဒနှင့် ရူပဗေဒကျောင်းသုံးဖတ်စာအုပ်များထဲမှ သိပ္ပံပညာရှင်အားလုံးနီးပါး စုဝေးရောက်ရှိလာကြသည်။
အခြားလူများထဲမှ သာနော့စ်ပင် ပေါ်လာခဲ့သည်။ သူ့မိဘများ ဤကမ္ဘာမှထွက်သွားခါစကပင် အပြိုင်ကမ္ဘာတစ်ခုမှ သာနော့စ်ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ကျန်းမုန့်လောင်မှတ်မိသည်။ အနန္တသံမဏိလက်အိတ်ကိုဝတ်၍ လက်ဖျောက်တစ်ချက် တီးလိုက်ရုံမျှဖြင့် ကမ္ဘာ့လူဦးရေတစ်ဝက်ကို အမှန်တကယ်ရှင်းထုတ်ပစ်နိုင်သလားဆိုတာကို သိချင်မိသည်။
တာရိုနန်ကိုက အယ်လ်ထရာမန်း၏ လူသားအသွင်ဖြစ်ပြီး တာရိုဟီဂါရှီကတော့ ကာမန်ရိုင်ဒါဘလက်ပင်။ တာရိုအမည်ရှိသူများမှာ စင်စစ်ခန့်ညားလှသော အမျိုးသားငယ်များဖြစ်ကြောင်းကိုမူ သူ ဝန်ခံရပေမည်။ သို့သော် မီးခိုးရောင်ဝံပုလွေနှင့် ကောင်းကျန့်ချွင်းက ဘာအတွက်လဲ။ ဤဆရာအုပ်စုထဲကို ဘယ်လိုထူးဆန်းသတ္တဝါများ ထိုးဖောက်ဝင်ရောက်လာလေသလဲ။
ကျန်းမုန့်လောင်လည်း ဤဆရာအားလုံးကို စီမံခန့်ခွဲရေးရာထူးများတွင် နေရာချပေးလိုက်သည်။ ကောင်းကျန့်ချွင်း၏ အပြင်းအထန်တိုက်တွန်းမှုကြောင့် ကျန်းမုန့်လောင်လည်း ကျောင်းစည်းကမ်းဖောက်ဖျက်သည့် ကျောင်းသားများကို အပြစ်ပေးရန်အတွက် အရှေ့မုခ်ဝကို တည်ဆောက်ခဲ့ရသည်။ ဆုံးမခြင်းက အဆင်ပြေသော်ငြား ဓားတော့ မပါစေနှင့်ဟုလည်း သူ့ကို သတိပေးထားရသည်။
"ဆရာတွေအားလုံး.. ဒီကိုလာခဲ့ကြပါ"
ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ဆရာအားလုံးကို သူ့အနားသို့ ခေါ်လိုက်သည်။
"ကျောင်းအုပ်ကြီး အမိန့်ပေးစရာများရှိလို့လား"
သိပ္ပံပညာရှင်များက မဝံ့မရဲမေးလိုက်ကြလေသည်။
"ဒီပစ္စည်းတွေ"
ကျန်းမုန့်လောင်က စာရွက်စာတမ်းအထပ်လိုက်ကို စားပွဲပေါ် ပစ်ချလိုက်၏။
"ကျွန်တော်တို့ကမ္ဘာပေါ်က လက်ရှိနည်းပညာအဆင့်အတန်းအရ တစ်ယောက်ကို စီမံကိန်းဆယ်ခုယူရမယ်။ တစ်ရက်အတွင်း စီမံကိန်းတစ်ခုချင်းစီအတွက် သီအိုရီပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ တိကျတဲ့အစီအစဉ်တွေအားလုံးကို တိကျတဲ့ အထောက်အကူပြု အချက်အလက်တွေနဲ့အတူ ပေးရမယ်"
ဆရာများမှာ ချက်ချင်းဆိုသလို စိတ်ညစ်သွားကြသည်။ သူတို့က သူတို့၏ကိုယ်ပိုင်ကမ္ဘာထဲတွင် သိပ္ပံသုတေသနလုပ်ငန်းများကို ပူပင်ကြောင့်ကြမှုကင်းကင်း လုပ်ကိုင်ခဲ့ကြသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ရောက်လာသောအခါ သူတို့အနေနှင့် လွတ်လပ်မှုကို ဆုံးရှုံးခဲ့ရသော်လည်း ထာဝရအသက်ကို ရရှိခဲ့ပြီး သူတို့၏သုတေသနလုပ်ငန်းများကိုလည်း တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နိုင်ခဲ့သည်။ သူတို့၏နေ့စဉ်တာဝန်မှာ သင်ကြားရေးတစ်ခုတည်းသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။
သို့သော် အရင်းရှင်ကျန်းမုန့်လောင်၏ အမြတ်ထုတ်ခြင်းကို ရင်ဆိုင်ရလိမ့်မည်ဟု သူတို့ ထင်မထားကြပေ။
"အဟွတ် အဟွတ်..ကျောင်းအုပ်ကြီး ကျွန်တော်တို့တွေအားလုံးက ကိုယ့်ရဲ့နယ်ပယ်မှာပဲ နက်နက်နဲနဲလေ့လာထားတာ။ ဒီလုပ်ငန်းတွေထဲက တချို့က ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုနယ်ပယ်ကို ကျော်လွန်နေပြီ။ တစ်ရက်တည်းနဲ့တော့ မဖြစ်နိုင်လောက်ဘူး..."
"အဲဒီစကားမျိုးနဲ့ ခင်ဗျားတို့ တခြားလူကိုသာ လှည့်စားလို့ရချင်ရမယ်။ ဒါပေမယ့် ကျွန်တော့်ကိုတော့ မရဘူး"
ကျန်းမုန့်လောင်က အဝေးတစ်နေရာရှိ ရွေ့လျားနေသော အဆောက်အအုံကြီးတစ်ခုကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဟိုနားမှာ စကြဝဠာတစ်ခုချင်းစီက အဆင့်အမြင့်ဆုံးနည်းပညာဗဟုသုတတွေ ရှိတယ်။ ဒီစီမံကိန်းတွေက အဲဒီအသိပညာနယ်ပယ်ထဲက အခြေခံအကျဆုံးအရာတွေပဲ။ ခင်ဗျားတို့ရဲ့ဦးနှောက်တွေက မိနစ်ပိုင်းအတွင်းမှာတင် အဲဒါတွေကို နားလည်နိုင်လောက်တဲ့အထိ ဖွံ့ဖြိုးပြီးသား။ ခင်ဗျားတို့က ကျွန်တော့်ရှေ့မှာ ပေါ့တီးပေါ့ဆလာလုပ်ပြနေတာလား"
ကျန်းမုန့်လောင်က မာမာထန်ထန်ပြောလိုက်သည်။
"ဒါမှမဟုတ် ခင်ဗျားတို့က အလုပ်မလုပ်ချင်တာလား"
ကျန်းမုန့်လောင် အော်ဟစ်လိုက်ချေသည်။
"ကြီးကြပ်ရေးမှူးကောင်း"
"အမိန့်ရှိပါ"
ခမ်းနားတင့်တယ်လှသည့် ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသော ကောင်းကျန့်ချွင်းက ကျန်းမုန့်လောင်၏ ဘေးနားသို့ ရောက်ချလာသည်။
"ကျောင်းအုပ်ကြီး ဘာများအမိန့်ပေးစရာရှိလို့လဲ"
"ကျုပ် ခင်ဗျားကို နောက်ထပ်အခွင့်အာဏာတစ်ခု ထပ်ပေးမယ်။ အခုကစပြီး စီမံခန့်ခွဲမှုကိုမနာခံတဲ့ ဆရာတွေကိုပါ အရှေ့မုခ်ဝက ဆုံးမရမယ်။ ခင်ဗျား ကျောင်းသားတွေကို အသားလွတ်ကြီးမရိုက်ရဘူး။ မဆူရဘူး။ မစော်ကားရဘူး။ ဒါပေမဲ့ ဆရာတွေကိုတော့ လုပ်လို့ရတယ်"
"ဟုတ်ကဲ့"
ကောင်းကျန့်ချွင်းက ရက်စက်လှသောအမူအရာတစ်ခုကို လှစ်ဟပြသလာသည်။ မည်သို့ပင်ဆိုစေ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ဆရာများမှာ မသေနိုင်ပေ။ ခြေလက်အင်္ဂါပြတ်တောက်သွားသည့်တိုင် ပြန်ပေါက်လာနိုင်သည်။ ထို့ကြောင့် သူ့အနေနှင့် ဤတာဝန်ကို လုပ်ကိုင်ရာတွင် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုး မရှိပေ။
"အခုပဲ ဒီလူအိုကြီးတွေက ကျုပ်ကို အာခံခဲ့ကြတယ်။ သူတို့ကို ခင်ဗျားလက်ထဲ အပ်လိုက်ပြီ။ ဥပမာပြတဲ့အနေနဲ့ နယူတန်ကို အရင်သင်းကွပ်လိုက်"
"အမိန့်အတိုင်းပါ"
ဤအမိန့်ကို ကြားလိုက်ရသောအခါ နယူတန်ခမျာ သေးထွက်ကျလုမတတ်ပင်။ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင် မသေနိုင်သော်လည်း နာကျင်မှုတော့ ခံစားရသည်သာ။ သူတို့က စွမ်းအားအဆင့်မြင့်မားလှသောဆရာများ မဟုတ်သည့်အတွက် ကောင်းကျန့်ချွင်းကို မည်သို့ခုခံနိုင်မည်နည်း။
"ကျောင်းအုပ်ကြီး.. ကျွန်တော်တို့က စနေတာပါ"
နယူတန်က ခယလေဟန်အပြုံးဖြင့် ပြောလိုက်သည်။
"ဒီလိုအလုပ်မျိုးကို ဘာလို့ တစ်ရက်ကြီးများတောင် အချိန်ယူမှာလဲ။ နေ့တစ်ဝက်ဆိုရင် လုံလောက်ပါတယ်"
"ဟုတ်ပါတယ် ကျောင်းအုပ်ကြီး။ ကျွန်တော်တို့က ခင်ဗျားရဲ့စကားကို နာခံရမှာပဲမဟုတ်လား။ ဒီအလုပ်က တစ်နဲ့တစ် ပေါင်းသလောက်ပဲ ရှိတာပါ။ သီအိုရီပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်ဆိုတာ အသာထား။ စာတမ်းတွေအများကြီး ရေးရရင်တောင် ပြဿနာမရှိပါဘူး"
"စိတ်ချပါ ကျောင်းအုပ်ကြီး..ကျွန်တော်တို့ ပစ္စည်းတွေကို ဒီမှာထားခဲ့လိုက်မယ်။ မနက်ဖြန် ဒီလိုအချိန်ကျရင် လာယူလိုက်လေ။ ကျွန်တော်တို့သာ မပေးနိုင်ဘူးဆိုရင် ခင်ဗျား ကြိုက်သလိုလုပ်လို့ရပါတယ်"
"ဟမ့်! ဒီလိုမှပေါ့"
ကျန်းမုန့်လောင်လည်း ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလျက် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက ထွက်သွားချေသည်။
ဆရာများမှာမူ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိကြသည်။
"အား! သောက်ကျိုးနည်းအရင်းရှင်ကတော့!"
***************