ဒီလောက်ဆိုရင် ကိစ္စပြတ်ပြီမလား
Vol. 34 Ch. 510
"ဒါပဲလား"
တော်ဝင်ပညာရှင်ရွှီ၏ မျက်လုံးအိမ်များမှာ ရုတ်တရက်ပြူးကျယ်သွားလေသည်။ အစကတော့ ထိုစာရွက်စာတမ်းများမှာ ကျန်းမုန့်လောင်၏ ကင်ဆာပစ်မှတ်ထားကုသမှုနှင့်ပတ်သက်သော အချက်အလက်အချို့ သို့မဟုတ် ဖြည့်စွက်ပစ္စည်းများဟုသာ သူတို့ ထင်ထားခဲ့သည်။ သို့သော် ယခုနှစ်အတွက် အခြားစီမံကိန်းပေါင်း၁၅၇ခု၏ သုတေသနအဆိုပြုလွှာများ ဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားချေ။
"ငါကြည့်လို့ရမလား"
"ရပါတယ်"
ကျန်းမုန့်လောင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် ခင်ဗျား ကြည့်ပြီးတော့မှ နောက်ပြန်လှည့်လို့ မရဘူးနော်"
"မင်းရဲ့ပစ္စည်းတွေက ဒီတစ်ခုနဲ့ အရည်အသွေးချင်းအတူတူပဲဆိုရင် ဒီနှစ်အတွက် စီမံကိန်း၁၅၈ခုလုံးကိုတင်မကဘူး။ နောက်နှစ်ရဲ့ စီမံကိန်းတွေပါ မင်းကိုပေးလိုက်ရင်တောင် ပြဿနာမရှိဘူး"
စီမံကိန်းခေါင်းဆောင်တစ်ဦးအနေနှင့် တော်ဝင်ပညာရှင်ရွှီက ဤနိုင်ငံတော်စီမံကိန်းများအားလုံးကို ကောင်းကောင်းနားလည်ပေသည်။ ပြည်တွင်းပညာရှင်အများစုက ရာထူးရွေးချယ်မှုနှင့် သုတေသနရန်ပုံငွေအတွက်သာ ဤစီမံကိန်းများကို လုနေကြခြင်းပင်။
အစောပိုင်းအဆင့်များတွင်မူ ကနဦးသုတေသနပြုရာ၌ အပြင်းအထန် ကြိုးစားအားထုတ်ကြသော်လည်း စီမံကိန်းကို အရယူပြီးသည်နှင့်တစ်ပြိုင်နက် ပေါ့ဆကုန်ကြတော့သည်။ သုံးနှစ်မှ ငါးနှစ်ကြာပြီးနောက် စီမံကိန်း၏ နိဂုံးချုပ်အစီရင်ခံစာကို တင်သွင်းကြရာဝယ် စီမံကိန်းများ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က လက်တွေ့ကျသော အကျိုးသက်ရောက်မှုများ လုံးဝမရှိသလောက်ပင်။
အခြားအရာများကို မဆိုထားနှင့်။ ကျန်းမုန့်လောင်၏ ကင်ဆာပစ်မှတ်ထားကုသမှုဆိုင်ရာ အစီရင်ခံစာတစ်ခုတည်းကပင် ထိုလူများ၏ စီမံကိန်းနိဂုံးချုပ်အစီရင်ခံစာများထက် ပိုတန်ဖိုးရှိလှသည်။
ဤစီမံကိန်းများကို လျှောက်ထားရာတွင် ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်က ဘာလဲဆိုတာကို သူ ဂရုမစိုက်ပေ။ ဤအရာများကိုသာ စနစ်တကျ သုတေသနပြုနိုင်သရွေ့ ထိုကိစ္စများမှာ သူနှင့်မသက်ဆိုင်ချေ။ သူကတော့ ရလဒ်များကိုသာ ဂရုစိုက်သည်။
ရူပဗေဒသုတေသနနှင့် ပတ်သက်၍ တော်ဝင်ပညာရှင်ရွှီက ပြည်တွင်း၌ ထိပ်တန်းဆယ်ယောက်အဆင့်တွင် ပါဝင်ပေသည်။ ရူပဗေဒသုတေသနဆိုင်ရာ စီမံကိန်းအများစုကို သူ့အနေနှင့် နက်နက်နဲနဲ လေ့လာဆန်းစစ်နိုင်ခြင်းမရှိသည့်တိုင် အကြမ်းဖျင်းသဘောတရားကိုတော့ နားလည်နိုင်ဆဲသာ။
ရူပဗေဒသုတေသနအစီရင်ခံစာအချို့ကို ထုတ်ယူကြည့်ရှုလိုက်ရာ ပထမဆုံးတစ်ခုကပင် သူ့ကို သေလောက်အောင် စိတ်လှုပ်ရှားသွားစေသည်။
ဤနိုင်ငံတော်စီမံကိန်းတွင် တစ်ခုတည်းသောလိုအပ်ချက်မှာ ကုန်ကြမ်းပစ္စည်းများ၏ မိုက်ခရိုအမှုန်အမွှားများကို လေ့လာပြီး မိုက်ခရိုအမှုန်အမွှားယန္တရားပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် အခြေခံရူပဗေဒနိယာမအချို့ကို ဆုံးဖြတ်ရန်ပင်။
သို့သော် ဤအစီရင်ခံစာထဲတွင် ကျန်းမုန့်လောင်က ဤနိယာမများကို အတည်ပြုထားရုံသာမက အသုံးချနည်းလမ်းတစ်ခုကိုပါ သုတေသနပြုထားခဲ့သည်။
"ပြင်းထန်တဲ့ အပြန်အလှန်သက်ရောက်ပစ္စည်း!"
ဤဝေါဟာရမှာ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများတွင်သာ တွေ့ရလေ့ရှိပြီး သိပ္ပံသုတေသနစီမံကိန်းအဆိုပြုလွှာထဲတွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာခဲ့ခြင်းပင်။
အဆိုပါအစီရင်ခံစာ၌ ကုန်ကြမ်းမိုက်ခရိုယန္တရားပိုင်းဆိုင်ရာ နိယာမအချို့မှ ဆင်းသက်မှုများနှင့် စမ်းသပ်ရေးအချက်အလက်တချို့၏ နိဂုံးများကို ရှင်းလင်းစွာ ဖော်ပြထားသည့်အပြင် အကြောင်းအရာကိုပင် အဆင့်မြှင့်ထားသေးသည်။
ပြင်းထန်သော အပြန်အလှန်သက်ရောက်ပစ္စည်းမှာ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဖြစ်သည့် "ခန္ဓာသုံးခု"ထဲရှိ ကြောက်မက်ဖွယ်ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်းမှာ ပစ္စည်းတစ်ခု၏ မိုက်ခရိုအမှုန်အမွှားများအကြားရှိ သက်ရောက်အားများကို ပြောင်းလဲနိုင်ကာ ထိုအရာများကို ကွက်ခ်အဆင့်မှ စွဲမြဲစွာ ပေါင်းစည်းထားနိုင်သည်။ ထို့ကြောင့် ဤပစ္စည်း၏ သိပ်သည်းဆကို အဆုံးစွန်ဆုံးအဆင့်အထိ တိုးမြှင့်ပေးလေရာ ၎င်း၏ခံနိုင်ရည်အားနှင့် မာကျောမှုကို ကမ္ဘာပေါ်ရှိ အမာကျောဆုံးပစ္စည်းများထက် အဆထောင်ပေါင်းများစွာအထိ ကျော်လွန်သွားစေနိုင်သည်။
ထိုကဲ့သို့သော အရာတစ်ခုကို အမှန်တကယ်ထုတ်လုပ်နိုင်ခဲ့ပါက အခြားနယ်ပယ်များအကြောင်း ပြောစရာပင်မလိုပေ။ စစ်ရေးနယ်ပယ်တစ်ခုတည်းကပင် အခြားနိုင်ငံများကို ချက်ချင်းပြိုလဲသွားစေနိုင်လိမ့်မည်။
ထို့နောက် ကျန်ရှိနေသေးသော အစီရင်ခံစာများမှာ တော်ဝင်ပညာရှင်ရွှီအား ကမ္ဘာသစ်တစ်ခု၏တံခါးကို ဖွင့်လှစ်ပေးလိုက်သည့်အလား အဆုံးမရှိသော သဘောတရားများနှင့် သီအိုရီအသစ်များကို တင်ပြခဲ့ရာ သူသည် ဗဟုသုတများ လေ့လာနေရသော ကျောင်းသားဘဝသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။
"လူငယ်မျိုးဆက်က ကြောက်စရာကောင်းလိုက်တာ။ တကယ်ကို ကြောက်စရာကောင်းတယ်"
"ဘယ်လိုလဲ တော်ဝင်ပညာရှင်ရွှီ..ကျွန်တော်တို့ ခုနက ဆွေးနွေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး..."
"ငါ့ကို သုံးရက်တော့အချိန်ပေးပါ။ ဒီစီမံကိန်းအဆိုပြုလွှာတွေရဲ့ အရည်အသွေးကို တခြားလူတွေနဲ့ အတည်ပြုချင်သေးတယ်။ ဘာပြဿနာမှမရှိဘူးဆိုရင် ဒီစီမံကိန်းတွေအားလုံးကို မင်းဆီ လွှဲပြောင်းပေးမယ်"
"ကောင်းပါပြီ!"
ကျန်းမုန့်လောင်လည်း သဘောတူလိုက်သည်။ ဤပညာရှင်များမှာ ပညာရပ်ဆိုင်ရာကိစ္စများတွင် ကောက်ကျစ်စဉ်းလဲသော အပြုအမူမျိုးကို လုပ်လိမ့်မည်မဟုတ်ကြောင်း သူသိထားသည်။
"ပါမောက္ခရွှီ.. ကျွန်တော် တောင်းဆိုစရာလေးတစ်ခုရှိတယ်"
"မလုပ်နဲ့။ ငါ့ကို ပါမောက္ခလို့ မခေါ်ပါနဲ့။ ငါနဲ့ မထိုက်တန်ပါဘူး"
တော်ဝင်ပညာရှင်ရွှီက နောက်ပြောင်လိုက်သည်။ သို့သော် အမှန်စင်စစ်တွင်မူ ဤအရာအားလုံးကို ကျန်းမုန့်လောင် ရေးသားခဲ့သည်ဆိုလျှင် ကမ္ဘာပေါ်တွင် သူ့ကို သင်ကြားပေးရန် အရည်အချင်းပြည့်မီသူ တစ်ယောက်မှမရှိပေ။
"ပြောလေ.. ဘာတောင်းဆိုချင်တာလဲ။ ရန်ပုံငွေလား။ ဒါမှမဟုတ် လူအင်အားလိုအပ်လို့လား"
ယခုတော့ တော်ဝင်ပညာရှင်ရွှီက သူ့အား ဤစီမံကိန်းများ ပေးမပေးဆိုတာကို ကျန်းမုန့်လောင်က မစိုးရိမ်ရတော့ချေ။ ကျန်းမုန့်လောင်က ထိုပရောဂျက်များကို လက်ခံလိုစိတ်ရှိမရှိဆိုတာကိုသာ တော်ဝင်ပညာရှင်ရွှီက စိုးရိမ်နေရမည်ဖြစ်၏။
ယခင်တုန်းကတော့ အခြားရွေးချယ်စရာမရှိသောကြောင့် တော်ဝင်ပညာရှင်ရွှီလည်း ထိုသုတေသနစီမံကိန်းများကို တာဝန်ယူရန် လျှောက်ထားသူများထဲမှ အယုံကြည်ရဆုံးနှင့် အစွမ်းအစအရှိဆုံး ပုဂ္ဂိုလ်များကို ရွေးချယ်ခဲ့ရသည်။
အကယ်၍ ကျန်းမုန့်လောင်ကသာ ဤအရာများကို အမှန်တကယ် တာဝန်ယူနိုင်ပါက နှစ်အနည်းငယ်အတွင်းမှာပင် ဟွာရှားနိုင်ငံသည် အခြေခံသိပ္ပံနှင့် အသုံးချသိပ္ပံနှစ်ခုစလုံးတွင် သိသာထင်ရှားသော အောင်မြင်မှုများနှင့် တိုးတက်မှုများကို ရရှိနိုင်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် တော်ဝင်ပညာရှင်ရွှီမှာ ကွယ်လွန်သွားရလျှင်ပင် အပြုံးမပျက် ရှေ့ဆက်နိုင်ဆဲသာ။
"မင်းအနေနဲ့ ဒီစီမံကိန်းတွေကို တာဝန်ယူဖို့ ဆန္ဒရှိမယ်ဆိုရင် စီမံကိန်းတစ်ခုချင်းစီအတွက် ရန်ပုံငွေကို အနည်းဆုံးတစ်ဆယ်ဘီလီယံနဲ့ လျှောက်ထားပေးနိုင်တယ်"
ထိုပမာဏက လောင်ကျိုးကိုပင် အံ့အားသင့်စေခဲ့သည်။ ဤသည်မှာ စုစုပေါင်းအားဖြင့် ယွမ်တစ်ဆယ်ဘီလီယံကျော် ရဖူးခြင်းဖြစ်၏။ ပုံမှန်အခြေအနေများအောက်တွင်မူ ဤစီမံကိန်းများအတွက် တစ်နှစ်လျှင် နိုင်ငံတော်ဘတ်ဂျက် ယွမ်သန်းငါးဆယ်မှ ခြောက်ဆယ်ခန့်အထိ ချပေးထားတတ်သည်။
ဤအချက်မှတစ်ဆင့် တော်ဝင်ပညာရှင်ရွှီက ဤကိစ္စကို တော်တော်ဂရုစိုက်ကြောင်း မြင်တွေ့နိုင်သည်။
"အဲ့ဒီလောက်အထိလည်း မလိုပါဘူး"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းပြလိုက်သည်။
"သုတေသနရန်ပုံငွေကို ကျွန်တော်ကိုယ်တိုင် အကုန်အကျခံနိုင်ပါတယ်"
"ဒါက..."
"ဟားဟား လောင်ရွှီ..ခင်ဗျား ဒီလူငယ်လေးအတွက် ပိုက်ဆံချွေတာပေးဖို့ မလိုဘူး"
လောင်ကျိုးက ရယ်မောလိုက်ချေသည်။
"ခင်ဗျားရဲ့ပိုက်ဆံက သူ ဘဏ်ကနေ ရက်ပိုင်းအတွင်းရတဲ့ အတိုးလောက်တောင် ရှိမှာမဟုတ်ဘူး!"
"မင်း..."
"သူ့နာမည်က ကျန်းမုန့်လောင်ပါ"
"မင်းက ကျန်းမုန့်လောင်လား"
တော်ဝင်ပညာရှင်ရွှီခမျာ ရုတ်တရက် ရယ်မောလိုက်လေသည်။ သူသည် ထရီလီယံပေါင်းများစွာ ပိုင်ဆိုင်ထားသော ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကိုမှ သုတေသနရန်ပုံငွေ လိုအပ်သလားဟု မေးမြန်းခဲ့မိသည်။
ဤသည်မှာ မတူညီသော ကိစ္စနှစ်ခုဖြစ်သော်လည်း ကျွဲပါးစောင်းတီးနေသလို ခံစားရသည်။ သိပ္ပံဆောက်လုပ်ရေးလုပ်ငန်းစဉ်အားလုံးအတွက် နှစ်စဉ်နှစ်တိုင်း ရင်းနှီးမြှုပ်နှံနေသည့် ငွေပမာဏများကပင် ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှုနှင့် မနီးစပ်ပေ။
"ဒါဆို မင်းဘက်က ဘာတွေသတ်မှတ်ချင်လဲ"
"ဒီစီမံကိန်းတွေကို ကျွန်တော်တို့ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ နာမည်အောက်မှာ ထည့်သွင်းပေးဖို့ မျှော်လင့်ပါတယ်"
"ကောင်းပြီ!"
တော်ဝင်ပညာရှင်ရွှီမှာ အစကတော့ ကြီးမားလှသော တောင်းဆိုမှုတစ်ခုဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤသည်မှာ နာမည်စာရင်းထည့်သွင်းရုံသက်သက်သာ။
အချိန်တန်သောအခါ အခြားကျောင်းများက တစ်မျိုးမြင်လာနိုင်သော်လည်း သူတို့တွင်လည်း အစွမ်းအစရှိပါက လုပ်နိုင်သည်။ သို့သော် လုပ်နိုင်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်ချင်စရာပင်။
သူ တစ်ညအတွင်း ထုတ်လုပ်လိုက်သည့်အရာကို အခြားလူများက တစ်နှစ်အတွင်း နည်းနည်းလောက်ပင် သုတေသနပြုနိုင်မည်မဟုတ်ချေ။
ဤသုတေသနအောင်မြင်မှုများမှာ ထိပ်တန်းတက္ကသိုလ်များကို ပါးစပ်ပိတ်သွားစေရန် လုံလောက်ပေသည်။
...
သုံးရက်အတွင်းမှာပင် တော်ဝင်ပညာရှင်ရွှီက ဤပစ္စည်းများကို ကိုင်ဆောင်ကာ ဟွာရှားနိုင်ငံရှိ ထိပ်တန်းသုတေသနဌာနအားလုံးနီးပါးကို သွားရောက်ခဲ့သည်။ ဤပစ္စည်းများကို မြင်လိုက်ရသူတိုင်းက တစ်နှစ်လုံးစာအတွက် အံ့ဩတုန်လှုပ်သွားခဲ့ကြပြီး တော်ဝင်ပညာရှင်ရွှီက ဂြိုလ်သားတစ်ဦးဦး၏ ဒေတာဘေ့စ်ကို လုယက်ယူဆောင်လာလေသလားဟုပင် သံသယဝင်ခဲ့ကြသည်။
စိတ်ချရသော အတည်ပြုချက်များကို ရရှိပြီးနောက်မှသာ သူလည်း ဤစီမံကိန်းများကို ကျန်းမုန့်လောင်အား စိတ်ချယုံကြည်စွာ အပ်နှင်းနိုင်ခဲ့သည်။
ကျန်းမုန့်လောင်၏ တောင်းဆိုချက်အရ ဤစီမံကိန်းများကို ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်သို့ ပေးအပ်ရမည်ဖြစ်သောကြောင့် သူတို့အနေနှင့် ကျောင်းမှတစ်ဆင့် ဆက်သွယ်ရန် လိုအပ်လေ၏။
ကျောင်းရှိ သိပ္ပံသုတေသနဌာန၏ ဒါရိုက်တာဖြစ်သူ ဟန်ကျင်းယွီခမျာ အမျိုးသားသိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ စုံစမ်းရေးကော်မရှင်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
"ဒါက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ပါမောက္ခဟန်လား"
"ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ။ ဘယ်သူပါလဲ"
"မင်္ဂလာပါ..ကျွန်တော်က သိပ္ပံစုံစမ်းရေးကော်မရှင်က ရွှီတန့်ဖုန်းပါ"
"တော်ဝင်ပညာရှင်ရွှီ!"
မွန်းတည့်နေ၏ ပူပြင်းမှုကြောင့် ဖြစ်ပေါ်လာသော အိပ်ချင်စိတ်ပင် ထိုနာမည်ကို ကြားလိုက်သည်နှင့် ဟန်ကျင်းယွီထံမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
"ပါမောက္ခဟန်..ကျွန်တော် ဒီနေ့ ခင်ဗျားနဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်လို့ပါ"
"ပြောပါ"
ဟန်ကျင်းယွီ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ရွှီတန့်ဖုန်းက သိပ္ပံစုံစမ်းရေးကော်မရှင်၏ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံတော်စီမံကိန်းများအားလုံးကို တာဝန်ယူနေရသူ ဖြစ်၏။ သူ့ထံမှ ကိုယ်တိုင်ဖုန်းခေါ်ခံရဖို့အတွက်လည်း ပြီးဆုံးသွားပြီဖြစ်သော ချစ်ပ်ပြားစီမံကိန်းကလွဲ၍ သူ့အနေနှင့် လတ်တလောအတွင်း နိုင်ငံတော်စီမံကိန်းကြီးများကို လက်ခံထားခြင်းမရှိပေ။
"ဒီနှစ် နိုင်ငံတော်မှာ သိပ္ပံသုတေသနစီမံကိန်းစုစုပေါင်း ၁၅၈ခုရှိပါတယ်။ ကော်မတီရဲ့ ဆွေးနွေးမှုအပြီးမှာတော့ ခင်ဗျားတို့တက္ကသိုလ်ကို အကုန်တာဝန်ယူခိုင်းဖို့ ဆုံးဖြတ်ထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါမောက္ခဟန် ဘယ်လိုသဘောရလဲဗျ"
"ဘာ... ဘာရယ်"
ဟန်ကျင်းယွီ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားရသည်။
သိပ္ပံသုတေသနစီမံကိန်း၁၅၈ခု ဆိုသည်မှာ ဘာကိုဆိုလိုသလဲ။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က လွန်ခဲ့သည့်သုံးနှစ်အတွင်း နိုင်ငံတော်အဆင့် သိပ္ပံသုတေသနစီမံကိန်းတစ်ခုတည်းကိုသာ အရယူနိုင်ခဲ့သည်။ ဤစီမံကိန်း၁၅၈ခုက သူတို့ထံသို့ တစ်ပြိုင်တည်းရောက်ရှိလာခြင်းမှာ ကမ္ဘာမြေတုန်လှုပ်ဖွယ် ကိစ္စတစ်ရပ်ပင်။
"ခင်ဗျားတို့တက္ကသိုလ်အနေနဲ့ ရန်ပုံငွေပဲဖြစ်စေ ဝန်ထမ်းခန့်အပ်မှုအပိုင်းမှာပဲဖြစ်စေ အခက်အခဲတစ်စုံတစ်ရာရှိရင် ပြောနိုင်ပါတယ်။ ကျွန်တော်တို့က အဲဒီကိစ္စတွေကို ဦးစားပေးဆောင်ရွက်ပေးပါ့မယ်"
"ပြဿနာ...ပြဿနာမရှိပါဘူး!"
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျန်းမုန့်လောင်၏ စိတ်အားထက်သန်သော ကတိစကားနှင့်အတူ တက္ကသိုလ်ပါမောက္ခများထံမှ သုတေသနစီမံကိန်းများ စုဆောင်းခဲ့ရသည့်ကိစ္စကို ရုတ်တရက်သတိရလိုက်မိသောအခါ ဟန်ကျင်းယွီ ချက်ချင်းနားလည်သွားခဲ့သည်။
ကျန်းမုန့်လောင် ဘယ်လိုမှော်ပညာကို အသုံးပြုခဲ့လေသလဲ။ တော်ဝင်ပညာရှင်ရွှီက အရေးပါသော နိုင်ငံတော်သုတေသနစီမံကိန်း၁၅၈ခုလုံးကို သူတို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်တဲ့လား။
ဤစီမံကိန်းများကို တာဝန်ယူရုံမျှဖြင့် ယာယီအားဖြင့် ရလဒ်မရှိသေးသည့်တိုင် စီမံကိန်းတစ်ခုချင်းစီအတွက် အမှတ်ဆယ်မှတ်စီ ပေးအပ်ခံရမည်ဖြစ်၏။ စီမံကိန်းများကို တာဝန်ယူနိုင်သော တက္ကသိုလ်ဆိုသည်မှာ သူတို့၏ သုတေသနစွမ်းရည်ကိုလည်း ပြသရာရောက်ပေသည်။
ဤစီမံကိန်း၁၅၈ခုက တစ်လအကြာ ဘာရလဒ်မှမရှိလျှင်ပင် စုစုပေါင်းအမှတ်၁၅၈၀အထိ ရလာမည်ဖြစ်ရာ သူတို့အနေနှင့် ထိပ်တန်းအဆင့်တက္ကသိုလ်များကို ယှဉ်ပြိုင်နိုင်ရန် လုံလောက်နေပြီဖြစ်၏။
သူဖုန်းချပြီးသည်နှင့် ကျန်းမုန့်လောင်ထံမှ ဖုန်းဝင်လာသည်။
"မုန့်လောင်..မင်း ဘာတွေလုပ်လိုက်တာလဲ"
"ဘာရယ်မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အစွမ်းအစကို နည်းနည်းထုတ်ပြလိုက်တာပါ၊ ဒါက ရှေ့ဆောင်တက္ကသိုလ်ရွေးချယ်ရုံပဲလေ။ ဒီစီမံကိန်းရွေးချယ်မှုကဏ္ဍကို ဖြေရှင်းပြီးပြီမဟုတ်လား"
*****************