← Chapters

အဓိပတိရုပ်လောင်း ပြန်လည်ရှင်သန်လာခြင်း

Vol. 3 Ch. 36

အဓိပတိရုပ်လောင်း ပြန်လည်ရှင်သန်လာခြင်း

Vol. 3 Ch. 36

"အဓိပတိရဲ့ ရုပ်အလောင်းက တကယ်ပဲ ပေါ်လာတာလား"

အချို့သူများမှာ အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ်သွားကြလေသည်။

"ဒါဆိုရင်တော့ ငါတို့အားလုံး သေပြီပဲ။ အဓိပတိရဲ့ ကျင့်ကြံမှုအဆင့် တစ်ရာခိုင်နှုန်းပဲ ကျန်တယ်ဆိုရင်တောင် ငါတို့ကို အလွယ်တကူ သတ်ပစ်နိုင်တယ် မဟုတ်လား"

ပါရမီရှင်များအားလုံးမှာ မျှော်လင့်ချက်ကင်းမဲ့သွားကြလေသည်။

သူတို့သည် အသက်ကိုစွန့်၍ အဓိပတိလျှို့ဝှက်နယ်မြေသို့ လာရောက်ခဲ့ကြသည်မှာ ကံကောင်းခြင်း အခွင့်အရေးကို စမ်းသပ်ကြည့်ရန်သာ ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် သူတို့သည် အခွင့်အရေး ဆုံးရှုံးရမည်သာမက အသက်ပင် ဆုံးရှုံးရနိုင်ချေ ရှိနေလေ၏။

"ဘယ်လိုလုပ်ရမလဲ။ ငါ မသေချင်ဘူး။ ဒီလောကမှာ အောင်မြင်မှုမရရင်တောင်မှ ဒီနေရာမှာတော့ ပျက်စီးမသွားချင်ဘူး" ပါရမီရှင်တစ်ဦးသည် အလွန်ကြောက်လန့်နေ၏။ သူ၏ လေသံထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေလေသည်။

"ကိစ္စမရှိပါဘူး။ ငါတို့မှာ မျှော်လင့်ချက် ရှိသေးတယ်လို့ ငါခံစားမိတယ်။ ငါတို့ရှေ့က တာယန်မြင့်မြတ်သားတော်ကို ကြည့်လိုက်ဦး။ သူက အခုထိ တည်ငြိမ်နေတုန်းပဲ။ သူ့မှာ ဖြေရှင်းမယ့်နည်းလမ်းတစ်ခုခု ရှိပြီးသားဖြစ်လောက်တယ်လို့ ငါထင်တယ်"

"ဒါ ဖြစ်နိုင်တယ်။ တာယန်မြင့်မြတ်သားတော်က အဓိပတိရိုးကို ပိုင်ဆိုင်ထားရုံသာမက မဟာဧကရာဇ်ရဲ့ နတ်အာရုံ နှစ်ခုကိုလည်း ကျင့်ကြံထားသေးတယ်။ သူ့ရဲ့ ပါရမီက အရင်က မရှိခဲ့ဖူးသလို သူ့ရဲ့ အစွမ်းကလည်း ခန့်မှန်းလို့မရနိုင်ဘူး။ သူ့မှာ တကယ်ပဲ နည်းလမ်းတစ်ခု ရှိလောက်တယ်"

အချို့သော ပါရမီရှင်များသည် သူတို့၏ မျှော်လင့်ချက်များကို စုရွှမ်အပေါ်၌ ပုံအပ်ထားကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် စုရွှမ်၏ အစွမ်းကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူသည် သူတို့ထက် များစွာ သာလွန်နေပြီး မျိုးဆက်ဟောင်းမှ အင်အားကြီးသူများကိုပင် အမီလိုက်နိုင်လုနီးပါး ဖြစ်နေလေသည်။

သို့သော် စုရွှမ်ပင်လျှင် ခေါင်းတလားထဲမှ အဓိပတိအလောင်းကို မဖြေရှင်းနိုင်ပါက သူတို့အားလုံး ယနေ့ ဤနေရာ၌ သေပွဲဝင်ကြရပေလိမ့်မည်။

ထွက်ပြေးရန်မှာမူ မဖြစ်နိုင်ပေ။ အဓိပတိတစ်ပါး၏ ရှေ့မှောက်တွင် သူတို့၌ ရှင်သန်ရန် အခွင့်အရေး ရှိမည် မဟုတ်ချေ။ ဤအခိုက်အတန့်တွင် အနက်ရောင်မြူခိုးများကြားမှ အနက်ရောင် ပုံရိပ်တစ်ခုသည် တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ထိုပုံရိပ်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လူသတ်ငွေ့များ ထွက်ပေါ်နေလေသည်။ သူ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော မီးခိုးရောင်အငွေ့အသက်များသည် အဆက်မပြတ် ထွက်ပေါ်နေ၏။ ထင်ရှားသည်မှာ ဤအရာသည် မီးခိုးရောင်မြူခိုးများ၏ ရင်းမြစ်ဖြစ်ပြီး အဓိပတိလျှို့ဝှက်နယ်မြေ ပြောင်းလဲသွားရခြင်း၏ အဓိကအကြောင်းအရင်းပင် ဖြစ်သည်။

"တကယ်ပဲ အဓိပတိပါလား။ သူ ပြန်ရှင်လာတာပဲ"

"မဟုတ်ဘူး။ ပြန်ရှင်လာတာ မဟုတ်ဘူး။ အဆုံးမဲ့တဲ့ နှစ်တွေကြာပြီးနောက်မှာ အသိစိတ်တစ်စွန်းတစ်စ ဖြစ်ပေါ်လာတာ ဖြစ်သင့်တယ်။ ဒါကြောင့်ပဲ အဓိပတိလျှို့ဝှက်နယ်မြေက ပြောင်းလဲသွားတာ ဖြစ်ရမယ်"

"ဒီပုဂ္ဂိုလ်က လွန်ခဲ့တဲ့ နှစ်ငါးထောင်က ထင်ရှားကျော်ကြားခဲ့တဲ့ ချင်လုံအဓိပတိနဲ့ တူတယ်။ သူ သေဆုံးသွားပြီး ဒီလိုအခြေအနေမျိုး ရောက်သွားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး"

"သူက ချင်လုံအဓိပတိလား။ ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်၊ ဖြောင့်မတ်တဲ့လမ်းစဉ်နဲ့ ဧကရာဇ်ဖြစ်လာဖို့ ကံပါလာတဲ့သူလေ"

"ဟင်းးး တကယ်ကို နှမြောစရာပဲ"

လွန်ခဲ့သော နှစ်ငါးထောင်က ချင်လုံအဓိပတိသည် အစွမ်းအစမရှိသူများကြားမှ ထိုးထွက်လာကာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ လူတိုင်းက သူသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာမည်ဟု ယုံကြည်နေကြသည့်အချိန်တွင် သူသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ဤလောကမှ ထွက်ခွာသွားခဲ့သည်။

မထင်မှတ်စွာပင် သူသည် သေဆုံးသွားခဲ့ပြီး ယခုအခါ သူ၏ ရုပ်အလောင်းသည်ပင် မိစ္ဆာအဖြစ်သို့ ပြောင်းလဲကာ အနီရောင်အမွေးများဖြင့် ဖုံးလွှမ်းနေပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေလေသည်။

ဂါးးး!

အဓိပတိမိစ္ဆာအလောင်းသည် မိစ္ဆာကောင်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ သူ၏ အသံသည် ချက်ချင်းပင် အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားကာ နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။

လူတိုင်းသည် သူတို့၏ နားများကို ပိတ်ထားကြရသည်။ ဤအသံတွင် လူတို့၏ စိတ်ကို ထိခိုက်စေနိုင်သော မှော်အစွမ်းတစ်ခု ရှိနေ၏။ တစ်ကြိမ် တိုက်ခိုက်ခံရသည်နှင့် သေဆုံး၍ မြှုပ်နှံရန် နေရာပင် ရှိတော့မည် မဟုတ်ပေ။

"အဓိပတိမိစ္ဆာအလောင်းက ဘယ်လောက်တောင် အားကောင်းနေတာလဲ" ပါရမီရှင်တစ်ဦးက ထိတ်လန့်စွာ မေးလိုက်သည်။

"အဓိပတိမိစ္ဆာအလောင်းက အသက်ရှိတုန်းက အဓိပတိတစ်ပါး ဖြစ်ခဲ့ပေမဲ့ သူ သေဆုံးသွားတာ အရမ်းကြာနေပြီ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အသက်ရှိစဉ်ကရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိရင်တောင် တော်တော်ကောင်းနေပြီ။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်ကလည်း ဆွေးမြေ့နေတာကြာပြီ။ ဆိုလိုတာက သူ့ရဲ့ခန္ဓာက အရိုးစုတခုပဲ။ သူက ငါတို့ထင်သလောက် ကြောက်စရာကောင်းချင်မှ ကောင်းမှာ"

ကျန်းမိသားစုမှ ဧကရာဇ်သားတော် ကျန်းဝူကျိက ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။ ထိုနေရာတွင် မည်သို့မျှ တုံ့ပြန်ရန် အချိန်မရခင်မှာပင် အဓိပတိမိစ္ဆာအလောင်းသည် သူနှင့် အနီးဆုံးဖြစ်သော လမ့်ရိုလီကို တိုက်ခိုက်ရန် သူ၏ နည်းလမ်းများကို အသုံးပြုလိုက်လေသည်။

"ဟမ်"

လမ့်ရိုလီ၏ မျက်ဆံများသည် ကျုံ့သွားပြီး သူမသည် သူနှင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရန် သူ၏ စွမ်းအားများကို ချက်ချင်း အသုံးပြုလိုက်သည်။

မိစ္ဆာအလောင်းမှာ အားကောင်းသော်လည်း လမ့်ရိုလီ၌ ထွက်ပြေးရန် အစီအစဉ် မရှိချေ။ သူမ၏ တာအိုစိတ်ကို မည်သူမျှ မယှဉ်နိုင်ပေ။

ဘုန်း!

နတ်ဖီးနစ်ငှက်နတ်မီးတောက်နှင့် အမှောင်မိစ္ဆာစွမ်းအင်တို့သည် လေထဲ၌ တိုက်မိကြ၏။ လေဟာနယ်ပင် ချက်ချင်းပင် စုတ်ပြဲသွား၏။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ၏ အရှိန်ကြောင့် နေရာတစ်ခုလုံးသည် တဝီဝီမြည်သံများဖြင့် တုန်ခါသွားသည်။ တစ်ခဏအတွင်းမှာပင် လမ့်ရိုလီသည် နောက်သို့ ဆုတ်ခွာသွားရသည်။

တိုက်ကွက်တစ်ကွက်တည်းဖြင့် သူမသည် ဤအဓိပတိမိစ္ဆာအလောင်း၏ အစွမ်းကို သိရှိသွားလေသည်။ ယင်းက ချမ်းသွမ့်အဆင့် အလယ်အလတ်အဆင့်လောက်ရှိ၏။ ဤကဲ့သို့သော အစွမ်းက သူမကို မသတ်နိုင်ချေ။

သူမသည် အလိုရှိသည့် အချိန်တိုင်း ထွက်ခွာသွားနိုင်သည်။သို့သော်လည်း လမ့်ရိုလီ၌ ထွက်ခွာရန် အစီအစဉ် မရှိပေ။ လမ့်ရိုလီသည် ဤတစ်ကြိမ် အဓိပတိလျှို့ဝှက်နယ်မြေသို့ လာရောက်ခဲ့သည်မှာ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ အမတဆေးဖြစ်သော ဖီးနစ်သစ်သီးကို ရယူရန် ဖြစ်သည်။

ယခုအခါတွင်မူ ဖီးနစ်သစ်သီးသည် မလှမ်းမကမ်းတွင် ရှိနေပြီး သူမ၏ အမြင်အာရုံအတွင်း၌ပင် ရှိနေသည်။ ဤအခြေအနေတွင် လမ့်ရိုလီသည် လက်လျှော့နိုင်မည် မဟုတ်ချေ။ သို့သော် ဖီးနစ်သစ်သီးကို ရယူလိုပါက အဓိပတိမိစ္ဆာအလောင်းကို အနိုင်တိုက်ရပေမည်။

"ငါ့ကိုတားရင် မင်းသေရမယ်"

လမ့်ရိုလီ၏ ဆံနွယ်နက်သုံးထောင်သည် လေထဲ၌ လွင့်ပျံနေပြီး သူမ၏ အဖြူရောင်စကတ်မှာ လှုပ်ခါနေကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် သူမ၏ ကျင့်ကြံမှုအဆင့်သည် ချမ်းသွမ့်အဆင့်သို့ တက်လှမ်းသွားသည်။

လျှို့ဝှက်နည်းစနစ်!

စုရွှမ်၏ မျက်လုံးများသည် ရုတ်တရက် စူးစိုက်သွားသည်။

"ရိုလီ မင်း လျှို့ဝှက်နည်းစနစ်ကို အလွယ်တကူ မသုံးသင့်ဘူး"

တစ်ချက်ရှူရှိုက်လိုက်သည့် အချိန်အတွင်းမှာပင် စုရွှမ်သည် လမ့်ရိုလီ၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်ကို ဆန့်တန်းကာ သူမကို သူ၏ နောက်တွင် ကာကွယ်ထားလိုက်သည်။

"ငါ ဖီးနစ်ငှက်နတ်အသီးကို လိုတယ်။ ငါ ရအောင်ယူရမယ်"

လမ့်ရိုလီသည် အလွန်ပင် စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့် ပြောလိုက်သည်။

"ငါ မင်းအတွက် ယူပေးမယ်"

သူ စကားဆုံးသည်နှင့် စုရွှမ်၏ မျက်လုံးများသည် ချက်ချင်းပင် အနီမြန်းသွားခဲ့သည်။

”လျှို့ဝှက်စကားလုံးကျိန်စာ ဖွင့်စမ်း”

"ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီး"

ထို့နောက် စုရွှမ်သည် တိုက်ရိုက် ထိုးနှက်လိုက်သည်။

ဘုန်း!

အဓိပတိမိစ္ဆာအလောင်း၏ နီရဲသော မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားပြီး သူသည်လည်း တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ တစ်ခဏအတွင်းမှာပင် မည်းနက်သော လက်သီးတစ်လုံးသည် စုရွှမ်ထံသို့ ဦးတည်လာသည်။ လက်သီးနှစ်လုံးသည် တစ်လုံးနှင့်တစ်လုံး ထိမိသွားကြသည်။

ဘန်း!

မိုးခြိမ်းသံကဲ့သို့ ကြီးမားသော အသံတစ်ခု ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် မှော်စွမ်းအင်များ တိုးပွားလာပြီး နေရာလွတ် တုန်ခါကာ ကောင်းကင်နှင့် မြေကြီး ပြိုကျပျက်စီးသွား၏။ တစ်ခဏမျှ လူတိုင်းမှာ ထိတ်လန့်သွားကြသည်။

ဤမြင်ကွင်းသည် အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းပြီး စူပါစစ်ပွဲကြီးတစ်ခု ဖြစ်သည်။ လက်သီးနှစ်လုံး၏ တိုက်မိခြင်းသည် ဂြိုဟ်သိပ်များ တိုက်မိခြင်းကဲ့သို့ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

လျှို့ဝှက်နယ်မြေ၏ နက်ရှိုင်းသော နေရာတစ်ခုလုံးသည် လေလှိုင်းများဖြင့် တိုက်ခတ်ခံရသကဲ့သို့ ဖြစ်ကာ ပြိုကျပျက်စီးလုနီးပါး ဖြစ်သွားသည်။

"စုရွှမ်..."

စုရွှမ်၏ နောက်တွင် လမ့်ရိုလီသည် သူမ၏ နှလုံးသားထဲမှ စိုးရိမ်စိတ်များ တိုးပွားလာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤကောင်လေး စုရွှမ်သည် အမြဲတမ်း လူအများ၏ အာရုံစိုက်မှုကို ခံလို၏။ လျှို့ဝှက်နည်းစနစ်များကို အသုံးပြုပြီး သူမကို အဘယ်ကြောင့် တိုက်ခိုက်ခွင့် မပေးရသနည်း။

အဓိပတိမိစ္ဆာအလောင်းသည် နောက်သို့ ဆုတ်ခွာသွားပြီး မြေပြင်ပေါ်၌ နက်ရှိုင်းသော ခြစ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။

"မင်းက ဘယ်လောက်ကြာကြာ သေနေပြီမှန်း မသိတဲ့ အလောင်းတစ်လောင်းပဲလေ။ မင်းက တကယ်ပဲ သန်မာကယ်လို့ ထင်နေတာလား"

စုရွှမ်၏ မျက်လုံးများမှာ သွေးများဖြင့် နီရဲနေပြီး သူသည် အေးစက်စွာ ပြောလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် နေရာလွတ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ကြီးမားကျယ်ပြန့်သော မိစ္ဆာအရှိန်ဝါက ထွက်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် အဓိပတိမိစ္ဆာအလောင်း၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားသည်။ တစ်ခဏမျှ နေရာတစ်ခုလုံးသည် အေးစက်သော လေပြင်းများ တိုက်ခတ်ကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေလေသည်။

"ဘာဖြစ်နေတာလဲ။ အဓိပတိမိစ္ဆာအလောင်းရဲ့ အရှိန်အဝါက ရုတ်တရက် အများကြီး တိုးလာပါလား"

ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်အားလုံးမှာ တုန်လှုပ်သွားကြသည်။ သူတို့တစ်ဦးချင်းစီ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်များ ထင်ဟပ်နေပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်ရီသွားကြသည်။

ရှေ့ပိုင်းစွန့်ပစ်နယ်မြေတွင် သူတို့သည် မည်သူမျှ မယှဉ်နိုင်သော ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ သို့သော် ဤအခိုက်အတန့်တွင် သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ ခံစားနေရသည်။ အဓိပတိမိစ္ဆာအလောင်း၏ ရှေ့မှောက်တွင် တန်ပြန်တိုက်ခိုက်ရန် အင်အားပင် မရှိချေ။

ရွှမ်းးး!

ဤအခိုက်အတန့်မှာပင် အဖြူရောင်ဝတ်စုံနှင့် သန့်စင်သော ပုံရိပ်တစ်ခုသည် စုရွှမ်၏ ဘေးတွင် ပေါ်လာသည်။ အဖြူရောင်ဝတ်စုံနှင့် လှပသော ပုံရိပ်သည် အဓိပတိမိစ္ဆာအလောင်းကို တိုက်ခိုက်ရန် စုရွှမ်နှင့် ဘေးချင်းယှဉ်၍ ရပ်လိုက်၏။ ဤပုံရိပ်မှာ လမ့်ရိုလီပင်။

All Chapters