← Chapters

လင်မယားနှစ်ယောက် လက်တွဲတိုက်ခိုက်ခြင်း

Vol. 3 Ch. 37

လင်မယားနှစ်ယောက် လက်တွဲတိုက်ခိုက်ခြင်း

Vol. 3 Ch. 37

"ရိုလီ"

လမ့်ရိုလီ၏ ပုံစံကိုမြင်သောအခါ စုရွှမ်သည် အနည်းငယ် ကြောင်အသွားပြီးနောက် ပြုံးလျက်ဆိုသည်။ "ဘာလဲ? မင်း ငါ့အတွက် စိတ်ပူနေတာလား"

"ဟမ့် ကိုယ့်ကိုကိုယ် ထင်မကြီးနေနဲ့"

လမ့်ရိုလီသည် စုရွှမ်ကို အေးစက်စွာ ကြည့်လိုက်သည်။

"ဒီအဓိပတိမိစ္ဆာအလောင်း မသေရင် ငါတို့ထဲက တစ်ယောက်မှ ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး"

"ငါက ငါ့အတွက် ငါလုပ်တာ"

လမ့်ရိုလီက အေးစက်စွာ ထပ်ပြောလိုက်သည်။

"ဟုတ်ပါပြီ။ ငါ့မိန်းမပြောတာ မှန်ပါတယ်"

စုရွှမ်သည် မျက်နှာပြောင်တိုက်စွာ ဆိုလိုက်၏။

“…”

တစ်ခဏမျှ အားလုံး တိတ်ဆိတ်သွားကြသည်။

ဘုန်း!

ထိုအချိန်တွင် နေဟာနယ်သည် နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပြန်သည်။

အဓိပတိမိစ္ဆာအလောင်း၏ သတ်ဖြတ်ခြင်းရောင်ဝါသည် လုံးဝဥဿုံ ပျံ့နှံ့ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကို တိုက်ခတ်ဖုံးလွှမ်းသွားသည်။ တစ်ခဏအတွင်းမှာပင် လူတိုင်းသည် ခုခံရန် မိမိတို့၏ နတ်ဘုရားစွမ်းအင်များကို ထုတ်သုံးလိုက်ကြသည်။

"ဒီနေ့ မင်းတို့အားလုံး ဒီမှာနေခဲ့ရမယ်။ ဘယ်တစ်ယောက်မှ ထွက်သွားလို့မရဘူး"

အဓိပတိမိစ္ဆာအလောင်းသည် အေးစက်စွာ လေသံဖြင့် ဆိုလိုက်၏။

ဤအခိုက်အတန့်တွင် အဓိပတိမိစ္ဆာအလောင်း၏ ရောင်ဝါသည် အစွမ်းကုန် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

"သူ့ရဲ့ရောင်ဝါက ချမ်းသွမ့်အလယ်အလတ်အဆင့်လောက်ကို ရောက်နေလောက်ပြီ။ တာယန်မြင့်မြတ်သားတော်က ခုခံနိုင်ပါ့မလား" ကျီဖူမြင့်မြတ်တားတော်က စိုးရိမ်သောမျက်နှာဖြင့် ပြောလိုက်သည်။

"ဘာလို့လဲ။ မင်းက သူ့အတွက် စိတ်ပူနေတုန်းပဲလား"

ဓားခန်းမ၏ ဆက်ခံသူသည် မျက်နှာတွင် လှောင်ပြောင်သည့်အမူအရာဖြင့် ဆိုလိုက်သည်။

"ဟားဟား။ အရူးကောင် တာယန်မြင့်မြတ်သားတော်သာ သေသွားရင် ငါတို့ထဲက တစ်ယောက်မှ ဒီနေ့ လွတ်မှာမဟုတ်ဘူး။ ငါတို့အားလုံး ဒီမှာ မြေမြှုပ်ခံရမှာ"

ကျီဖူမြင့်မြတ်သားတော်သည် ထိုအချိန်တွင် မျက်နှာသာမပေးတော့ဘဲ ဓားခန်းမ၏ ဆက်ခံသူကို အေးစက်သောလေသံဖြင့် ဆဲဆိုလိုက်သည်။

ယခုအချိန်တွင် သူတို့ကိုယ်တိုင် အသက်ရှင်နိုင်မလား မရှင်နိုင်မလားပင် မသိကြသောကြောင့် အခြားအရာများကို ထည့်စဉ်းစားရန် မလိုအပ်တော့ပေ။

သူ၏အသံ ထွက်ပေါ်လာသည်နှင့်အညီ မည်းမှောင်းသော လက်သီးတစ်ချက်သည် စုရွှမ်ရှိရာသို့ နောက်တစ်ကြိမ် ထိုးနှက်ဝင်ရောက်လာသည်။

သို့သော် ယခုတစ်ကြိမ်တွင် စုရွှမ်နှင့်အတူ ရပ်နေသော နောက်ထပ်တစ်ယောက်ရှိနေလေသည်။

"ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် လက်သီးသိုင်း!"

"အမတဖီးနစ်တံဆိပ်!"

တစ်ခဏအတွင်းမှာပင် စုရွှမ်နှင့် လမ့်ရိုလီတို့သည် တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ရာ ရွှေရောင်လက်သီးအလင်းတန်းနှင့် အနီရောင်မီးလျှံများသည် တောက်ပစွာ ပေါက်ကွဲထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် လေဟာနယ်ထဲ၌ နတ်ဘုရားစွမ်းအင်များ လှိုင်းထန်လာပြီး အလွန်အမင်း တင့်တယ်လှပနေသည်။

ဘုန်း!

ကြယ်များ ကြေမွသွားသကဲ့သို့ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာပြီး အဓိပတိလျှို့ဝှက်နယ်မြေတစ်ခုလုံးကို တုန်ခါသွားစေသည်။

"သောက်ကျိုးနည်း! ဒီလူပုံစံနဲ့တောင်မတူတဲ့ နှစ်ယောက်က တကယ်ပဲ ငါတို့နဲ့ မျိုးဆက်တူတွေလား"

ပတ်ဝန်းကျင်ရှိ လွှမ်းမိုးနေသော စွမ်းအားကိုကြည့်ရင်း ပါရမီရှင်အချို့သည် ရင်ထဲမှ ထွက်ပေါ်လာသော မေးခွန်းကို မေးလိုက်မိကြသည်။ သူတို့နှစ်ဦး၏ အစွမ်းသည် မျိုးဆက်သစ်များနှင့် နှိုင်းယှဉ်လျှင် ကွာဟလွန်းနေပြီး အစမတန်အောင် ချေမှုန်းခံလိုက်ရသလိုပင်။

ထိုအရိပ်နှစ်ခုကိုကြည့်ရင်း ပါရမီရှင်အုပ်စုသည် ကြီးမြတ်သော နတ်ဘုရားနှစ်ပါးကို မြင်တွေ့နေရသကဲ့သို့ ခံစားရပြီး အသက်ပင် ကောင်းစွာမရှူနိုင်တော့ပေ။ သို့သော်လည်း ဤအချိန်တွင် မျိုးဆက်သစ်များထဲမှ ဤသို့သော ထူးကဲသည့် ပုဂ္ဂိုလ်နှစ်ဦး ပေါ်ထွက်လာသည့်အတွက် သူတို့ ဝမ်းသာမိကြသည်။ မဟုတ်ပါက သူတို့အားလုံး ယနေ့တွင် သေကြေပျက်စီးကြရပေလိမ့်မည်။ တိုက်ပွဲ၏ရလဒ်အရ စုရွှမ်နှင့် လမ့်ရိုလီတို့သည် အဓိပတိမိစ္ဆာအလောင်းနှင့် မတိမ်းမယိမ်းသာ ရှိနေသည်။

"ဟားဟား စူးသွပ်တဲ့လူငယ်တွေပဲ။ မင်းတို့နှစ်ယောက်တည်းနဲ့ ငါ့ကိုတားနိုင်မယ်လို့ တကယ်ထင်နေတာလား"အဓိပတိမိစ္ဆာအလောင်း၏ အေးစက်သောအသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် အဓိပတိမိစ္ဆာအလောင်းသည် သူ၏လက်များဖြင့် မန္တာန်ပုံရိပ်ဖွဲ့လိုက်ရာ မည်းမှောင်သည့် မိစ္ဆာစွမ်းအင်လုံးတစ်ခုသည် နေရာတခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

"သွားပြီ။ အဓိပတိမိစ္ဆာအလောင်းရဲ့ ရောင်ဝါက အထွတ်အထိပ်ကို ရောက်သွားပြီ။ ချမ်းသွမ့်အဆင့်ရဲ့ အမြင့်ဆုံးကိုတောင် ရောက်တော့မယ်။ ငါတို့ ဒီနေ့ ဒီမှာ တကယ်ပဲ သေဆုံးကြရတော့မယ်ထင်တယ်"

"အာ နောက်ဆုံးတော့ သေရတော့မှာလား"

"ဒီတစ်ခါတော့ တကယ်ပဲ လွတ်လမ်းမရှိတော့ဘူး။ အခြေအနေကို ပြန်ကယ်နိုင်မယ့် နည်းလမ်းမရှိတော့ဘူး"

အဓိပတိမိစ္ဆာအလောင်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် ရောင်ဝါကို ခံစားမိသောအခါ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များသည် ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားပြီး ချက်ချင်းဆိုသလို မျှော်လင့်ချက်ကင်းမဲ့သွားကြသည်။

တစ်ခဏအတွင်းမှာပင် မျှော်လင့်ချက်မဲ့ခြင်းဟုခေါ်သော ခံစားချက်သည် ရှိနေသူအားလုံး၏ မျက်နှာများပေါ်တွင် ဖုံးလွှမ်းသွားတော့သည်။

"အဓိပတိအဆင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ရောင်ဝါပဲ။ အလောင်းတစ်လောင်းက တကယ်ပဲ ဒီလိုစွမ်းအားမျိုး ထုတ်ဖော်နိုင်တာလား"

လမ့်ရိုလီ၏ ကြယ်များကဲ့သို့ တောက်ပသော မျက်ဝန်းတစ်စုံထဲတွင် အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး သူမသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ဒီကောင်ကို ငါမသတ်နိုင်ရင် နတ်ဖီးနစ်အသီးကို မရရုံတင်မကဘူး။ ငါ့အသက်ကိုပါ ဒီမှာ ပေးဆပ်လိုက်ရလိမ့်မယ်"

"ဒီလိုအခြေအနေမျိုးမှာတော့ ငါ တားမြစ်နည်းလမ်းကိုပဲ သုံးမှရတော့မယ်"

အမတလောက၏ ဧကရီဘုရင်မ ပြန်လည်ဝင်စားလာသူဖြစ်သောကြောင့် သူမသည် တားမြစ်နည်းလမ်းများစွာကို ပိုင်နိုင်စွာ တတ်မြောက်ထားသည်။ သို့သော် ထိုကဲ့သို့သော နည်းလမ်းများသည် အလွန်ကြီးမားသော တန်ဖိုးကို ပေးဆပ်ရ၏။ အနည်းဆုံးကျင့်ကြံမှုအဆင့် ဆုတ်ယုတ်သွားမည်ဖြစ်ပြီး အဆိုးဆုံးမှာ သေဆုံးသွားခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤအခြေအနေသို့ ရောက်ရှိလာပြီးမှတော့ လမ့်ရိုလီသည် လက်ဗလာဖြင့် ပြန်မသွားချင်တော့ပေ

"အလောင်းကောင်လေးတကောင်ပါပဲ။ မင်းကိုယ်မင်း တကယ်ပဲ အဓိပတိလို့ ထင်နေတာလား"

"မင်းသေပြီးသားဆိုရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ အနားယူလိုက်ပါ"

လမ့်ရိုလီ၏ ခန္ဓာကိုယ်ပေါ်တွင် ရွန်းစာလုံးများ ယှက်နွယ်လာပြီး နတ်အလင်းများ ပွင့်လန်းကာ တားမြစ်နည်းလမ်းကို အသုံးပြုတော့မည်လုစဥ် တိုးညင်းသော အသံတစ်ခုသည် လေဟာနယ်တစ်ခုလုံးသို့ ရုတ်တရက် ပျံ့နှံ့လာရာ လမ့်ရိုလီ၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေသည်။

"တာယန်မြင့်မြတ်သားတော်ပဲ။ သူမှာ ဝှက်ဖဲတွေများ ရှိနေသေးတာလား"

"တာယန်မြင့်မြတ်သားတော်သာဆိုရင်တော့ မျှော်လင့်ချက် အလင်းတန်းလေးတော့ ရှိနိုင်သေးတယ်"

ဤသို့ မျှော်လင့်ချက်ကင်းမဲ့နေချိန်တွင် စုရွှမ်၏အသံသည် လူတိုင်း၏ နှလုံးသားထဲ၌ မျှော်လင့်ချက် အလင်းတန်းတစ်ခုကို မီးထွန်းညှိပေးလိုက်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

"စုရွှမ်သူ့မှာ တခြားဝှက်ဖဲတွေ ရှိနေသေးတာလား"

လမ့်ရိုလီသည် စိတ်ရှုပ်ထွေးသွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။

'စုရွှမ်က ငါ့လိုပဲ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံပဲ...'

ထို့နောက်တွင် စုရွှမ်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းများ ထွက်ပေါ်လာကာ သူ၏ရောင်ဝါသည် မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ဖွင့်စမ်း

ဤအခိုက်အတန့်တွင် စုရွှမ်သည် အလွန်အကျွံ မစဉ်းစားနိုင်တော့ပေ။

သူ၏ နောက်ဆုံးဝှက်ဖဲကို မထုတ်ဖော်ပါက သူနှင့် လမ့်ရိုလီတို့ ပူးပေါင်းလျှင်ပင် ဤအဓိပတိမိစ္ဆာအလောင်းကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထိုအခါကျလျှင် အမတဆေးပင်ကို မဆိုထားနှင့် အသက်ရှင်လျက် ထွက်သွားနိုင်မလားဆိုသည်ကပင် ပြဿနာဖြစ်နေပြီ။

ထိုသို့ဖြစ်လျှင်တော့ ဖွင့်ပစ်လိုက်မည်သာ။ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာသည် အပြည့်အဝ မနိုးထသေးသော်လည်း စုရွှမ်သည် ၎င်း၏စွမ်းအား အနည်းငယ်ကို အသုံးပြုနိုင်နေပြီဖြစ်သည်။

တစ်ခဏအတွင်းမှာပင် စုရွှမ်၏ ခန္ဓာကိုယ်မှ မျက်စိကျိန်းလောက်အောင် တောက်ပသော နတ်ဘုရားအလင်းများ ထွက်ပေါ်လာပြီး နက်နဲဆန်းကြယ်သော ရောင်ဝါတစ်ခုသည် လေဟာနယ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာသည် ခန္ဓာသုံးထောင်တွင် အဆင့်တစ် သတ်မှတ်ခံထားရသည့် ပြိုင်ဘက်ကင်းခန္ဓာဖြစ်သည်ဟု ဆိုရပေမည်။ ဤခန္ဓာအမျိုးအစားသည် အလွန်အမင်း နက်နဲဆန်းကြယ်ပြီး မရေမတွက်နိုင်သော ခေတ်ကာလများစွာတွင် တစ်ယောက်မွေးဖွားရန်ပင် ခဲယဉ်းလှသည်။

သူ၏ခန္ဓာကိုယ်သည် အစွမ်းထက်ရုံသာမက မဟာတာအိုနှင့် သဘာဝအတိုင်း ထပ်တူကျနေသည်။ သူသည် မဟာတာအိုမှ ဆင်းသက်လာသော ဟွမ်သွမ့်၏ သားတော်ပင်။ ဤခန္ဓာအသွေးအသားသည် ရှေးယခင်မှ ယနေ့အထိ ရှုံးနိမ့်ခြင်းမရှိဘဲ လောကကို တုန်လှုပ်စေ၏။

ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ထွက်ပေါ်လာသည်နှင့်အညီ စုရွှမ်၏ အရေပြားတစ်လက်မတိုင်းမှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တာအိုရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုကဲ့သို့သော တာအိုသည် စုရွှမ်၏ ခန္ဓာကိုယ်ကို အလွန်အမင်း နက်နဲဆန်းကြယ်စေပြီး ထူးကဲသာလွန်သော ရောင်ဝါကို ပေးစွမ်းသည်။

စုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် စကြဝဠာတစ်ခု ပွင့်ထွက်လာပြီး လောကသုံးထောင်ကို ဆင့်ကဲဖန်တီးနေသည့်အလား မြင်ကွင်းအမျိုးမျိုး ပေါ်ထွက်နေသည်။ ၎င်းသည် ဟွမ်သွမ့်မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး မှိုင်းဝေလျက်ရှိ၏။

ထို့နောက် စုရွှမ်၏ ခန္ဓာကိုယ်မှ မြင့်မြတ်သောအလင်းရောင်တစ်ခု စတင်ပွင့်လန်းလာသည်။ ၎င်းသည် ကမ္ဘာလောကကြီး စတင်ဖြစ်တည်ချိန်က နတ်ဘုရားအလင်းတန်းကဲ့သို့ လောကရှိ အရာအားလုံး၊ ကျယ်ပြန့်သော စကြဝဠာနှင့် လောကဓံ၏ အတက်အကျများကို ဖော်ကျူးနေသည်။

အနီးကပ်ကြည့်မည်ဆိုလျှင် စုရွှမ်၏ နက်ရှိုင်းသော မျက်ဝန်းများထဲ၌ လောကသုံးထောင် ထင်ဟပ်နေသည်ကိုပင် တွေ့မြင်နိုင်သည်။

ထိုအရာသည် အချိန်၏ ထာဝရတည်မြဲမှုကို လျစ်လျူရှုလိုက်သကဲ့သို့၊ ဟွမ်သွမ့်နှင့် တစ်သားတည်းကျသွားသကဲ့သို့ မဟာတာအိုကိုယ်တိုင် ဖြစ်သွားသကဲ့သို့ပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်များ ပြောင်းလဲသွားပြီး တာအိုလမ်းစဉ် ပျက်စီးသွားခြင်းအားလုံးသည် စုရွှမ်၏ မျက်ဝန်းများထဲတွင် ရှိနေသည်။

"သေစမ်း။ ဒါက ခန္ဓာကိုယ်အသွေးအသားရဲ့ အလင်းရောင်ပဲ။ တာယန်မြင့်မြတ်သားတော်က အဓိပတိရိုး မဟုတ်ဘူးလား။ အခု ဒါက ဘာဖြစ်နေတာလဲ"

"ဟွမ်သွမ့်ဗလာနတ္ထိ ဒါက ဘယ်လို ခန္ဓာကိုယ်အသွေးအသားမျိုးလဲ။အရမ်းကြောက်ဖို့ကောင်းတာပဲ"

"တာယန်မြင့်မြတ်သားတော်က မဟာဧကရာဇ်နတ်အာရုံနှစ်ခုကို ကျင့်ကြံနိုင်တာ မထူးဆန်းတော့ဘူး။ သူ့ရဲ့အရည်အချင်းက ငါတို့မြင်တာထက် အများကြီး ပိုသာနေတာပဲ!"

All Chapters