ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ၊ အဓိပတိမိစ္ဆာအလောင်းအား သတ်ဖြတ်ခြင်း
Vol. 3 Ch. 38
စုရွှမ်က သူ၏ခန္ဓာအစွမ်းကို ထုတ်ဖော်ပြသလိုက်သည်ကို လူတိုင်း မြင်လိုက်ရသောအခါ တစ်ခဏမျှ ထိတ်လန့်အံ့ဩသွားကာ ကြက်သေသေပြီး ဆွံ့အသွားကြလေသည်။
" ဒီခန္ဓာက ပျက်စီးခြင်းဆီကို တဖန်ပြန်ပြီး လောကသုံးထောင်ကိုဖန်တီးနေတာ။ ဒါက ဒဏ္ဍာရီထဲက ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ပဲမဟုတ်ဘူးလား"
ကျန်းမိသားစု၏ ဧကရာဇ်သားတော် ကျန်းဝူကျီသည် မျက်လုံးများ ပြူးကျယ်သွားကာ ထိန့်လန့် သွားလေသည်။
သူသည် ကျန်းမိသားစု၏ ရှေးဟောင်းကျမ်းများထဲတွင် ဤခန္ဓာကိုယ်အကြောင်းကို မြင်ဖူးခဲ့သည်။
၎င်းသည် ခန္ဓာကိုယ်သုံးထောင်တွင် အကောင်းဆုံးဖြစ်ပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ မတော်တဆ သေဆုံးခြင်းမရှိခဲ့ပါက သူ၏အနာဂတ်သည် စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ဖြစ်ပေလိမ့်မည်။
ဧကရာဇ်တစ်ပါးဖြစ်လာခြင်းကဲ့သို့သော အရာများသည် အသေးဖွဲ့သားဖြစ်သည်။ ပြီးလျှင် မည်သည့်နေရာတွင် အဆုံးသတ်မည်ကို မည်သူမျှ မသိနိုင်ပေ။
“ဘာ... ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ...။ ဒါက ခန္ဓာကိုယ်သုံးထောင်ထဲမှာ အဆင့်တစ် သတ်မှတ်ထားတဲ့ အကြောက်မက်ဖွယ်အကောင်းဆုံး ခန္ဓာကိုယ် မဟုတ်ဘူးလား။ ကျန်းမိသားစု၏ ဧကရာဇ်သားတော် ခင်ဗျားပြောတာက တာယန်မြင့်မြတ်သားတော် အခုပြသနေတဲ့ ခန္ဓာကိုယ်ဟာ ဒဏ္ဍာရီလာ ခန္ဓာကိုယ်ဆိုလိုတာလား။”
“မထင်မှတ်စရာ တစ်ခုခုမဖြစ်ခဲ့ရင်တော့ ဒါပဲဖြစ်သင့်တယ်။ ဒီလိုစွမ်းအားနဲ့ ဒီလောက် ကြွယ်ဝတဲ့ ဟွမ်သွမ့်စွမ်းအင်တွေ ထွက်ပေါ်နေတာကို ကြည့်ရင်...”
“ဘုရားရေ။ တကယ်ပဲ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာပါလား။ ဒီအဓိပတိခန္ဓာကိုယ်က ခေတ်ပေါင်းများစွာ ပေါ်မလာခဲ့တာ ကြာလွန်းလို့ လူတွေက ဒီလိုမျိုး ပြိုင်ဘက်ကင်းခန္ဓာကိုယ် ရှိတာကိုတောင် မေ့လုမတတ် ဖြစ်နေကြပြီ...”
ကျန်းမိသားစု၏ ဧကရာဇ်သားတော် ကျန်းဝူကျီထံမှ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ အခြားပါရမီရှင်များမှာ ပို၍ပင် တုန်လှုပ်သွားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့၏နှလုံးသားထဲ၌ နက်ရှိုင်းသော အားမတန်မာန်လျှော့စိတ်များ ဖြစ်ပေါ်လာသည်။ တာယန်မြင့်မြတ်သားတော်သည် ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာပိုင်ရှင် ဖြစ်နေသည်။ သူတို့က မည်သို့လျှင် တိုက်ခိုက်နိုင်ကြမည်နည်း။
“ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ။ ခန္ဓာကိုယ်သုံးထောင်ထဲမှာ အဆင့်တစ် သတ်မှတ်ထားတယ်။ ငါရဲ့ ကောင်းကင်ဘုံကိုးခု မြင့်မြတ်ဖီးနစ်ခန္ဓာထက်တောင် ပိုကြောက်ဖို့ကောင်းတယ်”
“ဒီလိုအဆင့်မျိုး ပါရမီရှင်တစ်ယောက်က လောကသုံးထောင်ထဲမှာ ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ...”
စုရွှမ်၏နောက်တွင် ရပ်နေသော လမ့်ရိုလီသည်လည်း ဤအခိုက်အတန့်တွင် သူမ၏လှပသောမျက်လုံးများ ပြူးကျယ်သွားသည်။
သူမ၏နှလုံးသားထဲ၌ လှိုင်းတံပိုးများ ထန်နေပြီး ဤအဖြစ်မှန်ကို မယုံနိုင်အောင် ဖြစ်နေလေသည်။ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာသည် ခေတ်ပေါင်းများစွာ ပေါ်ထွက်မလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ လောကသုံးထောင်၌ မဆိုထားနှင့်အမတဘုံ၌ပင် မရှိခဲ့ပေ။
ယခုမူ လောကသုံးထောင်ထဲတွင် အလယ်အလတ်တန်းစားဖြစ်သော လောကတစ်ခု၌ မွေးဖွားလာခဲ့သည်။ ဤသည်မှာ စိတ်ကူးပင် မယဉ်နိုင်စရာပင်။ ထို့အပြင် ဤသူမှာ စုရွှမ်ဖြစ်နေသည်။
“ငါက တကယ်ပဲ လောကသုံးထောင်သားတစ်ယောက်ကို မယှဉ်နိုင်ဘူးလား။” ဤအခိုက်အတန့်တွင် လမ့်ရိုလီသည် ကိုယ့်ကိုကိုယ် သံသယဝင်လာသည်။ မူလက သူမ၏ ယခင်ဘဝအတွေ့အကြုံဖြင့် စုရွှမ်အား နိုင်ယူရန် အလွန်လွယ်ကူမည်ဟု ထင်ထားခဲ့သည်။
သို့သော် ယခုမူ လမ့်ရိုလီသည် လုံးဝထိုသို့မဟုတ်ကြောင်း တွေ့ရှိလိုက်ရပြီး စုရွှမ်သည်လည်း ထင်သလောက် မရိုးရှင်းပေ။ သို့သော် လမ့်ရိုလီသည် သူမ၏စိတ်ကို လျင်မြန်စွာ ပြန်လည်ထိန်းချုပ်လိုက်သည်။
ငါက အမတဘုံရဲ့ ဧကရီဘုရင်မပဲ။ ပြီးခဲ့တဲ့ အနှစ်တစ်သိန်းအတွင်း လူ့ဘုံမှာ ပါရမီအရှိဆုံး ပုဂ္ဂိုလ်။ တကယ်ကို အံ့မခန်းထူးချွန်ပြီး သမိုင်းမှာ မကြုံစဖူးလို့ ပြောရင်တောင် လွန်မည်မဟုတ်ပေ။ သာမန် စုရွှမ်တစ်ယောက်ထက် ဘယ်လိုလုပ် နိမ့်ကျနိုင်မှာလဲ။
မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။
သူမ၏ ကျင့်ကြံခြင်းအတွေ့အကြုံသည် စုရွှမ် မည်သို့မျှ မမီနိုင်သောအရာ ဖြစ်သည်။ သူမကို အချိန်သာပေးလိုက်ပါ။ သူမသည် စုရွှမ်ကို ခြေဖဝါးအောက် ချနင်းနိုင်မည်မှာ သေချာသည်။
သူမ၏စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် လမ့်ရိုလီသည် သူမ၏ရှေ့မှ စုရွှမ်ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် စုရွှမ်၏တစ်ကိုယ်လုံးကို ဟွမ်သွမ့်စွမ်းအင်များက ဖုံးလွှမ်းထားပြီး အလွန်လျှို့ဝှက်ဆန်းကြယ်ကာ ထူးခြားနေပုံရသည်။
စုရွှမ်၏ကျောပြင်ကို ကြည့်ရင်း လမ့်ရိုလီ၏နှလုံးသားထဲ၌ ပြောမပြတတ်သော လုံခြုံမှုတစ်မျိုးကို ခံစားလိုက်ရသည်။
ထိုခန္ဓာကိုယ်သည် မကြီးပဲ အနည်းငယ် ပိန်လှီသော်လည်း ကောင်းကင်နှင့်မြေကြီးကို ခုခံနိုင်စွမ်းရှိပုံရလေသည်။ ဤခံစားချက်၌ နစ်မျောနေသော လမ့်ရိုလီသည် စိတ်ရှုပ်ထွေးသွားမိသည်။
“ခန္ဓာကိုယ်သုံးထောင်ထဲက နံပါတ်တစ် ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ။ ဟားဟားဟာ ငါ့ကံကြမ္မာက တကယ်ကို မကုန်သေးပါလား”
“မင်းလို လူသားပါရမီရှင်တစ်ယောက်က ဒီလိုခန္ဓာကိုယ်မျိုးနဲ့ မထိုက်တန်ဘူး။ ငါ့ကိုပေးလိုက်တာက ပိုကောင်းတယ်။ ဒါမှ မင်းမှာ ရှင်သန်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိလိမ့်မယ်။”
အဓိပတိမိစ္ဆာအလောင်းက အေးစက်လှသော လေသံဖြင့် ဆိုလိုက်သည်။ ဤအခိုက်အတန့်တွင် စုရွှမ် လှုပ်ရှားလိုက်သည်။ သူ၏လက်ထဲတွင် နတ်ဓားတစ်လက် ရုတ်တရက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအသိကို ထုတ်လွှတ်နေခဲ့သည်။
ကောင်းကင်ဘုံသတ်ဖြတ်ခြင်း၊ ချေမှုန်းခြင်း၊ အချိန်၊ လေဟာနယ်၊ ဟွမ်သွမ့်...
စုစုပေါင်း မူလဓားအသိ လေးဆယ် ထွက်ပေါ်လာခဲ့သည်။
ဘုန်း
တစ်ခဏအတွင်းမှာပင် လူတိုင်းသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ဖန် တုန်လှုပ်သွားကြပြန်သည်။
အထူးသဖြင့် ဓားခန်းမ၏ ဆက်ခံသူ ဓားသားတော်ပင် ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ခါနေပြီး သူ၏မျက်လုံးသူငယ်အိမ်များသည် အပ်ဖျားအရွယ်သို့ ကျုံ့ဝင်သွားကာ မယုံနိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
“မူလဓားအသိလေးဆယ်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“ငါ ဓားသားတော်ဆိုရင် သူကရော ဘာလဲ။”
“ရှီး...”
ဤအခိုက်အတန့်တွင် ဓားခန်းမ၏ ဆက်ခံသူသည် သူ၏ဘဝကို အမှန်တကယ် သံသယဝင်လာသည်။
သူသည် ဓားသားတော်ဟု လူသိများသူဖြစ်ပြီး သူ၏မျိုးဆက်တူများထဲတွင် ဓားပညာအမြင့်ဆုံးသူ ဖြစ်သင့်သည်။ သို့သော် စုရွှမ်၏ရှေ့တွင် သူ၏ဓားပညာသည် ဟာသတစ်ခုကဲ့သို့ ဖြစ်နေပြီး လုံးဝ နှိပ်ကွပ်ခံနေရသည်။
မူလဓားအသိလေးဆယ်သည် သူ၏ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မရောက်ရှိနိုင်မည့် အမြင့်တစ်ခု ဖြစ်ပေလိမ့်မည်...။
“ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားအသိ... တာယန်မြင့်မြတ်သားတော်က တကယ်ပဲ တာယန်မြင့်မြတ်နယ်မြေကပဲလား။”
အခြားသူများသည် ဓားပညာကို မလေ့ကျင့်ကြသဖြင့် မူလဓားအသိလေးဆယ်က မည်သည်ကို ကိုယ်စားပြုသည်ကို မသိကြပေ။ သူတို့သည် ဤအခိုက်အတန့်တွင် စုရွှမ် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ခံစားနိုင်သည်။
“တာယန်မြင့်မြတ်သားတော်က ဓားအသိရဲ့ အရည်အသွေးနဲ့ အရေအတွက်က ရှေးဟောင်းသမိုင်းမှာ မှတ်တမ်းတင်ထားတဲ့ ဓားဧကရာဇ်တွေထက်တောင် ပိုကြောက်ဖို့ကောင်းပုံရတယ်...”
ကျီဖူမြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော်၊ ယောင်ကွမ်းမြင့်မြတ်နယ်မြေ၏ သူတော်စင်သမီးတော်နှင့် ဧကရာဇ်သားတော်အချို့တို့သည် အားလုံး တုန်လှုပ်စွာဖြင့် သက်ပြင်းချလိုက်ကြသည်။
“သူက ဓားပညာမှာ ဒီလောက်တောင် ကျွမ်းကျင်နေတာလား။”
လမ့်ရိုလီသည် အနည်းငယ် မယုံနိုင်စွာဖြင့် မိမိကိုယ်ကို တီးတိုးရေရွတ်လိုက်သည်။
ယခင်ဘဝက လမ့်ရိုလီသည် အရာရာစုံလင်သူဖြစ်ပြီး နယ်ပယ်များစွာတွင် ပါဝင်ခဲ့သည်။ထို့ကြောင့် စုရွှမ်၏ မူလဓားအသိလေးဆယ်ကို နားလည်နိုင်စွမ်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူလည်း နားလည်သည်။
ဤသည်မှာ ဓားဧကရာဇ်တစ်ပါးထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
အကယ်၍ သူသည် ဓားဖြင့် ဧကရာဇ်ဖြစ်လာပါက သူ၏သတ်ဖြတ်စွမ်းအားသည် မည်မျှ အားကောင်းမည်ကို မည်သူသိနိုင်မည်နည်း။
လူတိုင်း တုန်လှုပ်နေစဉ်တွင် စုရွှမ် လှုပ်ရှားလိုက်သည်။
သူသည် သူ၏လက်ထဲမှ နတ်ဓားကို လွှဲယမ်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် ဟွမ်သွမ့်ဓားအသိဖြင့် ရစ်ပတ်ထားသော ဓားစွမ်းအင်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသည်။
အဆုံးမဲ့သော ဟွမ်သွမ့်စွမ်းအင်နှင့် ဟွမ်သွမ့်ဓားအသိတို့ ပေါင်းစပ်လိုက်သောအခါ ဤဓားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
“မင်း... မင်းက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားသိုင်းကွက်ကို နားလည်နိုင်ရတာလဲ။”
အဓိပတိမိစ္ဆာအလောင်းသည် တုန်လှုပ်သွားပြီး သူ၏ဟောက်ပက်ဖြစ်နေသော မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေသည်။
သူ၏ခန္ဓာကိုယ်မှာ တုန်ခါနေပြီး ကြောက်ရွံ့စိတ်က သူ့ကို လွှမ်းခြုံသွားသည်။
“ဒီနေရာမှာ ထာဝရ အိပ်စက်လိုက်တော့။”
စုရွှမ်၏အသံသည် အေးစက်ကာ ဟင်းလင်းပြင်တစ်ခုလုံး၌ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ဘုန်း...
ဓားတစ်ချက်တည်းဖြင့် ကောင်းကင်ပြိုကျကာ မြေကြီးကွဲအက်ပြီး ဟင်းလင်းပြင်သည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်။
ဓားတစ်ချက်ခုတ်လိုက်ပြီးနောက် အဓိပတိမိစ္ဆာအလောင်း၏ခန္ဓာကိုယ်သည် တိုက်ရိုက် ကြေမွသွားပြီး အနက်ရောင်ပုပ်သိုးနေသော အသားတစ်ပုံအဖြစ်သို့ ပြောင်းလဲကာ မြေပြင်တစ်ခုလုံး၌ ပြန့်ကျဲသွားခဲ့သည်။ အနည်းငယ် စက်ဆုပ်ဖွယ်ကောင်းလှသည်။
ဤသို့ဖြင့် အဓိပတိမိစ္ဆာအလောင်းသည် လုံးဝသေဆုံးသွားပြီး ထာဝရအိပ်စက်ခြင်းသို့ အမှန်တကယ် ကျရောက်သွားလေတော့သည်။