စုရွှမ်၏ အနာဂတ်တစ်စွန်းတစ်စ၊ လောကကိုကျောခိုင်း၍ တစ်ကိုယ်တော်ခရီးဆက်ခြင်း
Vol. 3 Ch. 39
အဓိပတိမိစ္ဆာအလောင်းသည် လုံးဝပျောက်ကွယ်သွားသည့်အခိုက်တွင် အဓိပတိလျှို့ဝှက်နယ်မြေတစ်ခုလုံးရှိ မြူအများစုမှာ ချက်ချင်းဆိုသလိုပင် လွင့်ပြယ်သွားလေသည်။
ဤအဓိပတိမိစ္ဆာအလောင်းမှာ မြူများ၏ ရင်းမြစ်ဖြစ်ကြောင်း ထင်ရှားနေလေသည်။ ထူးဆန်းသောမြူများမရှိသောအခါ နေရာတစ်ခုလုံးမှာ အပြည့်အဝ ထွက်ပေါ်လာလေသည်။
ဤသည်မှာ လျှို့ဝှက်အခန်းနှင့်တူသော ကြီးမားကျယ်ပြန့်သည့် နေရာတစ်ခုဖြစ်လေသည်။ နေရာပတ်လည်ရှိ နံရံများတွင် သိပ်သည်းပြီး နားလည်ရခက်သောစာလုံးများ ထွင်းထုထား၏။ နေရာ၏အလယ်ဗဟိုတွင်မူ အနက်ရောင်ခေါင်းကြီးတစ်လုံးက ခိုင်မာစွာ တည်ရှိနေလေသည်။ ထိုနေရာမှာ အဓိပတိမိစ္ဆာအလောင်း ထွက်လာခဲ့သည့် နေရာပင်ဖြစ်၏။
ခေါင်း၏တစ်ဖက်တွင်မူ အမတဆေးပင်အချို့သည် မှိန်ဖျော့သော အလင်းရောင်နှင့် သင်းပျံ့သောရနံ့ကို ထုတ်လွှတ်နေကြသည်။
“ဒါ အမတဆေးပင်လား။ သုံးပင်တောင်ပါလား။ သိထားရမှာက ဒီလိုရတနာမျိုးက ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှာ မပြောနဲ့ တာအိုရွှမ်နယ်မြေ တစ်ခုလုံးမှာတောင် အရမ်းရှားပါးတာ”
“ငါယူမယ်”
ပါရမီရှင်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အမတဆေးပင်ဆီသို့ အလျင်အမြန် ပြေးဝင်သွားသည်။ အမတဆေးပင်၏ ဆွဲဆောင်မှုမှာ သူစွန့်စားရလောက်အောင်ပင် ကြီးမားလွန်းလှသည်။
“မင်းက ဘာအရည်အချင်းရှိလို့ လာပြိုင်တာလဲ”
ဘန်း
ဓားအလင်းတန်းတစ်ခု လက်ခနဲ ဖြတ်သန်းသွားသည်။ ထိုပါရမီရှင်မှာ အလောင်းတစ်လောင်း ဖြစ်သွားလေပြီ။
စုရွှမ်၏ ကိုယ်ရိပ်သည် တစ်ချက်လက်သွားပြီး ချက်ချင်းပင် အမတဆေးပင်ကို သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ သူ၏မျက်နှာထက်တွင် ကစားလိုသော အပြုံးတစ်ခုနှင့်အတူ ကျန်ရှိနေသေးသော ပါရမီရှင်များကို စိုက်ကြည့်ကာ အေးစက်သောလေသံဖြင့်ပြောလိုက်လေသည်။
“မင်းတို့လည်း ငါနဲ့ လုချင်ကြသေးတာလား”
စုရွှမ်၏ မျက်နှာမှာ တည်ငြိမ်နေပြီး အပြုံးတစ်ခု ဆင်မြန်းထားသော်လည်း လူတိုင်း၏အမြင်တွင်မူ သေမင်း၏အပြုံးကဲ့သို့ပင် ဖြစ်နေလေသည်။
“ကျွန်မတို့အသက်ကို တာယန်မြင့်မြတ်သားတော်က ကယ်တင်ပေးခဲ့တာပါ၊ ဘယ်လိုလုပ်ပြီး သူ့နဲ့ ရတနာလုပြိုင်ရဲမှာလဲ”
ယောင်ကွမ်းမြင့်မြတ်သူတော်စင်မက ညင်သာစွာ ဆိုလိုက်သည်။
ဤစကားထွက်လာသည်နှင့် သူ၏ဘေးမှ ကျီဖူမြင့်မြတ်သားတော်နှင့် ဓားခန်းမ၏ အမွေဆက်ခံသူတို့အားလုံး မှင်တက်သွားကြသည်။
ဘာတွေဖြစ်ကုန်တာလဲ။
ယောင်ကွမ်းမြင့်မြတ်သူတော်စင်မလို မာနကြီးတဲ့အမျိုးသမီးတစ်ယောက်က ဒီလိုစကားမျိုးကို ဘယ်လိုပြောထွက်ရတာလဲ။ သူမက သူတို့သိတဲ့ ယောင်ကွမ်းမြင့်မြတ်သူတော်စင်မ ဟုတ်သေးရဲ့လား။
သို့သော် သူတို့ မည်သည့်အခါမျှ တွေးထင်ထားမည် မဟုတ်သည်မှာ ယောင်ကွမ်းမြင့်မြတ်သူတော်စင်မသည် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြု၍ စုရွှမ်၏အနာဂတ်တစ်စွန်းတစ်စကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
မြင်ကွင်းထဲတွင် ပုံရိပ်တစ်ခုသည် ခြေဖဝါးအောက်၌ နေနှင့်လ ပခုံးထက်၌ ကြယ်တာရာတို့ကို တင်လျက် ကောင်းကင်ယံနှင့် ဟင်းလင်းပြင်၌ မားမားမတ်မတ် ရပ်တည်နေပြီး တန်ခိုးအာဏာမှာ ကြီးကျယ်ခမ်းနားလှသည်။
ရှေ့တွင် လမ်းမရှိတော့ဘဲ ဟင်းလင်းပြင်ကြီးသာရှိ၏။
သူသည် လောကကို ကျောခိုင်းထားပြီး အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသည်။
လက်တစ်ဖက်ကို မြှောက်လိုက်ရုံဖြင့် စကြာဝဠာတစ်ခုလုံး ကြေမွသွားလေပြီး ကောင်းကင်ကို လက်ဖျောက်တစ်ချက်တီးရုံဖြင့် ဖျက်ဆီးခြင်း အစစ်အမှန်ပင်။ ထိုမြင်ကွင်းသည် အဘယ်သို့သော မြင်ကွင်းမျိုးဖြစ်သနည်း။ တကယ်ကို အံ့မခန်းပင်။
စုရွှမ်သည် အနာဂတ်တွင် မည်သည့်အဆင့်သို့ ရောက်ရှိမည်ကို သူမမသိသော်လည်း သူမ စိတ်ကူးပင် မယဉ်နိုင်သော နယ်ပယ်တစ်ခုဖြစ်မည်ကိုမူ သူမသိလေသည်။ စုရွှမ်၏ အနာဂတ်ကို မြင်တွေ့ပြီးနောက် ယောင်ကွမ်းမြင့်မြတ်သူတော်စင်မသည် စုရွှမ်ကို လုံးဝ အသိအမှတ်ပြုသွားလေသည်။
ထို့ကြောင့် ယောင်ကွမ်းမြင့်မြတ်သူတော်စင်မသည် ယခုကဲ့သို့ စကားဆိုခဲ့ခြင်း ဖြစ်သည်။
အင်း
ယောင်ကွမ်းမြင့်မြတ်သူတော်စင်မ၏ စကားကို ကြားသောအခါ စုရွှမ်သည် အနည်းငယ် မှင်တက်သွားသည်။ သူ တစ်ဖက်လူကို ကြည့်လိုက်ရာ ထိုသူကလည်း သူ့ကို ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်ဝန်းထဲတွင် မိမိကိုယ်ကို အားကျလေးစားသော အကြည့်မျိုး ရှိနေပုံရသည်။
“မင်းတို့ကရော” စုရွှမ်က အခြားသူများကို ကြည့်လိုက်သည်။
အကယ်၍ သူတို့က သဘောမတူပါက သူတို့ကို သေလမ်းသို့ ချက်ချင်းပို့ဆောင်ရန် သူဝန်မလေးပေ။
တစ်ခဏအတွင်း နေရာတစ်ခုလုံးမှာ သေမတတ် တိတ်ဆိတ်သွားပြီး မည်သည့်အသံမျှ မကြားရတော့ပေ။ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြသည်။
ဘန်း
မည်သူမျှ စကားမပြောသည်ကို မြင်သောအခါ စုရွှမ်၏ကိုယ်ပေါ်မှ ဟွမ်သွမ့်အရှိန်အဝါသည် သူတို့ထံသို့ တိုက်ရိုက် ဖိနှိပ်သွားလေသည်။
“မ... ကျွန်တော်တို့ မလုရဲပါဘူး”
“မြင့်မြတ်သားတော်နဲ့ ပြိုင်ဘက်လုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး”
“သခင်လေး စိတ်မဆိုးပါနဲ့”
ချက်ချင်းပင် ပါရမီရှင်အားလုံးက စကားဆိုကြပြီး စုရွှမ်ကို ရပ်တန့်ရန် တောင်းပန်ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် စုရွှမ်၏ အစွမ်းကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းပြီး အဆုံးမရှိသော အဓိပတိမိစ္ဆာအလောင်းပင်လျှင် သူ့ကိုမယှဉ်နိုင်လျှင် သူတို့ဆိုလျှင် ပြောဖွယ်ရာမရှိတော့ပေ။ စုရွှမ်၏ ရှေ့မှောက်တွင် သူတို့သည် တိုက်ကွက်တစ်ကွက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
စုရွှမ်သည် အနည်းငယ် ပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
သူ၏ ကိုယ်ရိပ်သည် တစ်ချက်လက်သွားပြီး လမ့်ရိုလီ၏ ဘေးတွင် ပေါ်လာကာ သူမ၏လှပသောမျက်နှာလေးကို ပြုံး၍ ကြည့်လိုက်သည်။
“မိန်းမ ကိုယ် မင်းအတွက် ယူပေးမယ်လို့ ကတိပေးခဲ့တယ်လေ”
စုရွှမ်သည် အမတဆေးပင် သုံးပင်လုံးကို လမ့်ရိုလီထံသို့ ပေးလိုက်သည်။
လမ့်ရိုလီ မှင်တက်သွားခဲ့၏။ စုရွှမ်က သူမကို အမတဆေးပင် တကယ်ပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သိထားရမည်မှာ ဤအမတဆေးပင်၏ တန်ဖိုးမှာ အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည့် လူနှစ်ဦးကိုပင် သစ္စာဖောက်စေရန် လုံလောက်သည်။
ထို့နောက် လမ့်ရိုလီ သတိဝင်လာပြီး “မလိုဘူး ကျွန်မ တစ်ပင်ပဲ လိုတယ်” ဟု ပြောလိုက်သည်။
အမှန်တကယ်တွင် သူမအတွက်မူ နတ်ဖီးနစ်သစ်သီးများများရလေ ပိုကောင်းလေပင်။
သို့သော် ဤတစ်ကြိမ် အဓိပတိမိစ္ဆာအလောင်းကို သတ်ဖြတ်ရာတွင် အဓိကကျသည်မှာ စုရွှမ်သာ ဖြစ်သည်။ ထို့ကြောင့် လမ့်ရိုလီသည် တစ်ပင်သာ တောင်းဆိုခဲ့သည်။ တစ်ပင်တည်းဆိုလျှင် အာနိသင်မှာ ထိုမျှမကောင်းလှသော်လည်း အခြားနည်းလမ်းများ၏ အကူအညီဖြင့် လိုချင်တာရနိုင်သေးသည်။
စုရွှမ်သည် ဘာမှထပ်မပြောဘဲ လူတိုင်း၏ မနာလိုသော အကြည့်များအောက်တွင် ကျန်ရှိသော အမတဆေးပင်နှစ်ပင်ကို သိမ်းဆည်းလိုက်သည်။
“လူတိုင်းပဲ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြင်ရောက်ရင် ပိုပြီးသတိထားပြီး ပညာရှိရှိနေကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်”
စုရွှမ်သည် ရှိနေသော ပါရမီရှင်များကို ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တစ်ချက်ကြည့်ကာ ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။
ဤအဓိပတိလျှို့ဝှက်နယ်မြေခရီးစဉ်တွင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် လင်းတိ သေဆုံးခဲ့သည်။ ဘူထျန်းနှင့် ကျဲ့ထျန်း ဟူသော နတ်ဘုရားဂိုဏ်းကြီးနှစ်ခု၏ သူတော်စင်သားတော်များလည်း သေဆုံးခဲ့သည်။
လင်းတိကို လမ့်ရိုလီက သတ်ခဲ့၏။ နတ်ဘုရားဂိုဏ်းကြီးနှစ်ခု၏ သူတော်စင်သားတော်များကိုမူ သူသတ်ခဲ့သည်။
ဤသည်မှာ ကိစ္စကြီးတစ်ခု ဖြစ်သည်။
သူတို့၏ နောက်ကွယ်မှ အင်အားစုများသာ သိရှိသွားပါက စစ်ပွဲကြီးတစ်ခုကို ဖြစ်ပွားစေပေလိမ့်မည်။ စုရွှမ်က မကြောက်သော်လည်း မလိုအပ်သော ပြဿနာများကို လျှော့ချလိုသေးသည်။
စုရွှမ်၏ စကားမှာ အလွန်တည်ငြိမ်ပြီး မည်သည့်ခံစားချက်မျှ မပါဝင်သကဲ့သို့ ရှိသော်လည်း ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်တစ်စုမှာမူ သူ၏စကားမှ နှလုံးသားထဲအထိ စိမ့်ဝင်လာသော အအေးဓာတ်ကို ခံစားလိုက်ရသည်။
စုရွှမ်၏ ဆိုလိုရင်းမှာ အလွန်ရှင်းလင်းသည်။ သူက သူတို့ကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ အကယ်၍ သူတို့က ယနေ့ လျှို့ဝှက်နယ်မြေတွင် ဖြစ်ပျက်ခဲ့သည့်အရာကို ပြောပြရဲလျှင် စုရွှမ်၏ လက်စားချေခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
“တာယန်မြင့်မြတ်သားတော် ခင်ဗျား ဘာပြောနေတာလဲ ကျွန်တော်နားမလည်ဘူး။ ဒီတစ်ခေါက် အဓိပတိလျှို့ဝှက်နယ်မြေမှာ ဘာဖြစ်ခဲ့လို့လဲ”
ချက်ချင်းပင် ကျီဖူမြင့်မြတ်သားတော်က စကားဆိုလိုက်သည်။
မကြာမီပင် အခြားပါရမီရှင်များကလည်း ကျီဖူမြင့်မြတ်သားတော်၏ ဆိုလိုရင်းကို နားလည်သွားကြပြီး အလျင်အမြန် ဆိုကြသည်။
“ဟုတ်ပါတယ် မြင့်မြတ်သားတော်။ ကျွန်တော်တို့ တကယ်ပဲ ခင်ဗျားဆိုလိုရင်းကို နားမလည်ပါဘူး။ ကျွန်တော်တို့ ရတနာရှာဖို့ ဝင်လာခဲ့ကြတာ မဟုတ်ဘူးလား။ တခြားဘာများ ဖြစ်ခဲ့သေးလို့လဲ။ ကျွန်တော် ဘာလို့ မမှတ်မိရတာလဲ။"
စုရွှမ်သည် ဆက်မပြောတော့ဘဲ လမ့်ရိုလီကို ကြည့်လိုက်သည်။
“မိန်းမ ဒီကပတ်ဝန်းကျင်က ဆိုးလွန်းတယ်။ ငါတို့ အပြင်ထွက်ကြမလား”
လမ့်ရိုလီက ငြင်းချင်သော်လည်း စုရွှမ်က သူမကို အမတဆေးပင်တစ်ပင် ပေးခဲ့သည်ကို ပြန်သတိရလိုက်သည်။ ဤသည်မှာ ကျေးဇူးတစ်ခုဖြစ်သည်။ လမ့်ရိုလီသည် စုရွှမ်၏ ကျေးဇူးကို အတင်မခံလိုပေ။
“ကောင်းပြီ” လမ့်ရိုလီက ခေါင်းညိတ်လိုက်သည်။ မကြာမီပင် သူတို့နှစ်ဦးသည် ဤနေရာမှ အတူတကွ ထွက်ခွာသွားကြသည်။ ထွက်ခွာသွားသော လူနှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း လူတိုင်းမှာ စိတ်ရှုပ်ထွေးနေကြသည်။
ယနေ့ခရီးစဉ်သည် အိပ်မက်တစ်ခုနှင့် တူလှသည်။
အဓိပတိမိစ္ဆာအလောင်း၏ ကြောက်မက်ဖွယ်ကောင်းမှု၊ စုရွှမ်၏ ပြိုင်ဘက်ကင်းသော ပါရမီနှင့် ထိုနည်းတူ အံ့မခန်းလှပသော စုရွှမ်၏အမျိုးသမီး...
ဤအရာအားလုံးသည် သူတို့၏ နုနယ်သော စိတ်နှလုံးများအပေါ် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို ဆောင်ကြဉ်းလာခဲ့သည်။
“ငါ တံခါးပိတ်ကျင့်ကြံတော့မယ်။ အရင်က ငါ့ကိုယ်ငါ ပါရမီရှင်လို့ ထင်ခဲ့တာ တကယ်တော့ ငါက ရေတွင်းထဲက ဖားတစ်ကောင်ပဲ.”
ယဲ့မိသားစု၏ ဧကရာဇ်သားတော် ယဲ့ယွင်က သက်ပြင်းချလိုက်ပြီး နေရာတွင်ပင် ပျောက်ကွယ်သွားသည်။
“ဒီဘဝမှာ ကံကြမ္မာက ငါ့ကို မစောင့်ဘူး။ ဖြစ်နိုင်ရင် ငါတကယ်ပဲ ပြန်ပြီး အချိန်တစ်ခုလောက် စိတ်ငြိမ်အောင် နေသင့်တယ်...”
ပိုင်မိသားစု၏ ဧကရာဇ်သားတော် ပိုင်ရှန်းကလည်း သက်ပြင်းချကာ ထွက်ခွာရန် ရွေးချယ်လိုက်သည်။
“တာယန်မြင့်မြတ်သားတော်က ကောင်းကင်ပေါ်က လမင်းကြီးလိုပဲ ငါတို့က ပိုးစုန်းကြူးလေးတွေရဲ့ အလင်းရောင်လိုပဲ။ သူနဲ့တစ်ခေတ်တည်း အတူနေရတာ ငါတို့အတွက် ဝမ်းနည်းစရာပဲ။ ငါတို့ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားရင်းမြစ်ချိတ်ပိတ်ပြီး နောက်တစ်ခတ်ကို စောင့်တာ ပိုကောင်းပါတယ်လေ”
ပါရမီရှင်အချို့သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
သူတို့အားလုံးသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
သူသည် မူလက အဆုံးမရှိသော ယုံကြည်ချက်ရှိပြီး သူ၏ကံကြမ္မာအတွက် တိုက်ပွဲဝင်ကာ ဧကရာဇ်ဖြစ်လာရန် သပြုခဲ့သည်။ သို့သော် ယခု စုရွှမ်ကို မြင်ပြီးနောက် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။
စုရွှမ်၏ ရှေ့မှောက်တွင် သူတို့၏ ဂုဏ်ယူဖွယ် ပါရမီများမှာ ဟာသတစ်ခုနှင့်ပင် တူနေလေသည်။