← Chapters

ရှောင်းယွင်ရှန်း၏ သတ်ဖြတ်လိုစိတ်

Vol. 28 Ch. 382

ရှောင်းယွင်ရှန်း၏ သတ်ဖြတ်လိုစိတ်

Vol. 28 Ch. 382

သရဲဂူ၏ အပြင်ဘက်၌။

တည်ကြည်လေးနက်သော မျက်နှာထားနှင့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်က ဂူပေါက်ဝတွင် ရပ်၍ မေးလိုက်၏။

“ပင်းအာက သရဲဂူထဲကို တကယ် ဝင်သွားတာလား…”

ရှောင်းယွင်ရှန်း၏ စကားကို ကြားသောအခါ ဝူလုံက ခေါင်းငုံ့၍ ပြန်ဖြေလိုက်သည်။

“ဂိုဏ်းခေါင်းဆောင်… သခင်မလေးက သရဲဂူထဲ ဝင်သွားပြီလို့ ကျွန်တော် ထင်တယ်…”

သူက ဆက်ပြော၏။

“အရင်တုန်းက အကြီးအကဲလော့ယန်ရဲ့ တပည့်အဖြစ် အခုလေးတင် လက်ခံခံထားရတဲ့ ရဲတံစဉ်က သရဲဂူကို မဖြစ်မနေ စူးစမ်းရှာဖွေချင်တယ်လို့ တောင်းဆိုခဲ့တယ်… ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို တားလို့မရခဲ့ဘူး… သခင်မလေးက သူ့ရဲ့ ဂျူနီယာညီလေး သရဲဂူထဲ ဝင်သွားတာကို သိသွားတော့ သူလည်း…”

ဤသို့ ပြောပြီးနောက် သူ့မျက်လုံးများက အနည်းငယ် နီရဲလာပြီးလျှင် မျက်ရည်များ ကျလာ၏။

တစ်ဖက်တွင် ရပ်နေသော ရှီထိုက်လုံမှာ ဝူလုံ၏ လက်ရှိ သရုပ်ဆောင်ချက်ကို မြင်သောအခါ အံ့အားသင့်သွားသည်။

‘တောက်စ်… ဝူလုံရဲ့ သရုပ်ဆောင် အရည်အချင်းက ဒီလောက်ကောင်းလိမ့်မယ်လို့ ငါမထင်ထားဘူး… လက်တွေ့ကမ္ဘာမှာသာဆိုရင် သူ အော်စကာဆုနဲ့ ထိုက်တန်မှာပဲ… ဒီကောင့်ကို ဒီအတိုင်း ထားလို့မဖြစ်ဘူးပဲ…’

လက်ရှိ ရှီထိုက်လုံက ဝိညာဉ်ဓားဂိုဏ်းတွင် ခိုင်မာသော ခြေကုပ်တစ်ခု ရရှိခြင်းမှာ ဂိုဏ်းခေါင်းဆောင်ကတော်က သူ့ကို သားတစ်ယောက်ကဲ့သို့ သဘောထားသောကြောင့် သာမက လက်တွေ့ကမ္ဘာမှ သူ၏ အသိပညာနှင့် အရှက်မရှိသော သရုပ်ဆောင် စွမ်းရည်များကြောင့်လည်း ဖြစ်သည်။

ယခု ဝူလုံတွင် ဤမျှ ကောင်းမွန်သော သရုပ်ဆောင် အရည်အချင်းများ ရှိနေသည်ကို မြင်သောအခါ ရှီထိုက်လုံ၏ စိတ်ထဲတွင် ရုတ်တရက် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။

‘ဝိညာဉ်ဓားဂိုဏ်းမှာ အော်စကာဆုနဲ့ ထိုက်တန်တဲ့ သရုပ်ဆောင်စွမ်းရည်ရှိတာ ငါတစ်ယောက်တည်းဆို လုံလောက်ပြီ…’

တစ်ဖက်၌လည်း သူ့သမီး သရဲဂူထဲသို့ မည်သို့ ဝင်သွားသည်ကို သိလိုက်ရပြီးနောက် ရှောင်းယွင်ရှန်း၏ အမူအရာမှာ တစ်စထက်တစ်စ ပို၍ မည်းမှောင်လာ၏။

‘ရဲတံစဉ် ဟုတ်လား… မင်း အထဲမှာပဲ သေသွားဖို့ ဆုတောင်းနေလိုက်တော့… မင်းသာ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ရင် မင်းကို ငါ ဘယ်လို လက်စတုံးမလဲဆိုတာ စောင့်ကြည့်လိုက်… လော့ယန် ဘာတွေ စဉ်းစားနေလဲတော့ ငါမသိဘူး… သူက တကယ်ပဲ…’

ဤသို့ တွေးလိုက်ပြီး ရှောင်းယွင်ရှန်းက ခေါင်းခါလိုက်၏။

အမှန်စင်စစ် လော့ယန်နှင့် အခြားသော ပြင်ပဂိုဏ်း အကြီးအကဲများမှာ ရှောင်းယွင်ရှန်းက နောက်ပိုင်း သရဲဂူထဲသို့ ဝင်သောအခါ အသုံးပြုရန် ပြင်ဆင်ထားသည့် အမြောက်စာများသာ ဖြစ်သည်။

သူ့သမီး ရှောင်ပင်းကို လော့ယန်၏ သင်ကြားမှုအောက်သို့ ဝင်ခွင့်ပြုရသည့် အကြောင်းရင်းမှာ ဤနည်းလမ်းဖြင့်သာ လော့ယန်နှင့် အခြား ပြင်ပဂိုဏ်း အကြီးအကဲများကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီး ဂိုဏ်းခေါင်းဆောင်ဖြစ်သော သူက ပြင်ပဂိုဏ်းကို အလွန်အမင်း အလေးထားသည်ဟု ထင်မြင်စေရန် ဖြစ်သည်။

ဤသို့ တွေးမိသောအခါ ရှောင်းယွင်ရှန်းက သူ့သမီးကို ကယ်တင်ရန်အတွက် အမြောက်စာ အနည်းငယ်ကို သရဲဂူထဲသို့ ခေါ်ဆောင်၍ စမ်းသပ်ကြည့်သင့်သည်ဟု ဆုံးဖြတ်လိုက်၏။

မည်သို့ပင် ဖြစ်စေကာမူ သူ့သမီးကို မည်သည့်အရာမျှ မဖြစ်စေရ။

ရှောင်းယွင်ရှန်းက ပြင်ပဂိုဏ်းမှ အကြီးအကဲများကို ဦးဆောင်၍ ခေါ်သွားတော့မည် ပြုလိုက်စဉ်တွင် သရဲဂူအတွင်းမှ ထွက်ပေါ်လာသော ခြေသံများကြောင့် သူ ရပ်တန့်သွားသည်။

ခြေသံကို ကြားသောအခါ ရှိနေသူအားလုံးက လေးနက်သော မျက်လုံးများဖြင့် ဂူပေါက်ဝ၏ အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်ကြ၏။

ခဏအကြာတွင် ပုံရိပ်နှစ်ခုက သူတို့၏ အမြင်အာရုံထဲသို့ ရောက်ရှိလာသည်။

ထိုသူတို့အနက် တစ်ယောက်က သတိလစ်နေသော ရှောင်ပင်းနှင့် လော့ယန်ကို ထမ်းထား၏။ သူတို့နှစ်ယောက်၏ အခြေအနေမှာ အသေအရှင် မသဲကွဲသေးချေ။

သူတို့ကို ထမ်းလာရသူမှာ ရဲယင် ဖြစ်သည်မှာ ပြောစရာမလိုပေ။

မည်သို့ပင်ဆိုစေကာမူ ရဲရှင်းဟွေ့၏ အဆိုအရ တစ်ယောက်က သူ၏ အမည်ခံ ဆရာဖြစ်ပြီး နောက်တစ်ယောက်က သူ၏ မိန်းမဆောင်တွင် ပါဝင်လာမည့်သူ ဖြစ်သည်။

ရဲရှင်းဟွေ့မှာ ဂူပေါက်ဝတွင် လူများစွာ ရှိနေသည်ကို မြင်သောအခါ အံ့အားသင့်သွားပြီးနောက် ပြုံး၍ ပြောလိုက်သည်။

“ခင်ဗျားတို့ ကျွန်တော်တို့ကို လာကြိုနေကြတာလား…”

ရှောင်းယွင်ရှန်းက သူ့သမီး ထွက်လာသည်ကို မြင်သောအခါ စကားတစ်ခွန်းမျှ မပြောဘဲ ရဲယင်ထံသို့ ပြေးသွား၏။

ရှောင်ပင်းမှာ သတိလစ်နေစဉ်အတွင်း အပေါက် ခုနစ်ပေါက်မှ သွေးများ ယိုစီးကျနေသည်ကို မြင်သောအခါ သူ ချက်ချင်း ဒေါသထွက်လာပြီး ရဲယင်ကို ကြည့်၍ မေးလိုက်သည်။

“မင်း ဘယ်သူလဲ…”

“ကျွန်တော်က ရဲ… တံစဉ်…”

ရဲယင်မှာ သူ့နာမည်အရင်းကို ပြောလိုက်မိတော့မည့်ဆဲဆဲ ဖြစ်သွားသော်လည်း သူ အနည်းငယ် ရှက်ကိုးရှက်ကန်းလည်း ဖြစ်သွားသည်။

“ဒါဆို မင်းက ရဲတံစဉ်ဆိုတာကိုး… ငါ့သမီးကို ဒီလိုဖြစ်အောင် လုပ်တဲ့ တရားခံပဲ…”

“ဟေ့… ကျွန်တော့်ကို အပုပ်မချနဲ့…”

ရဲယင်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ရှိနေကြသော ဝိညာဉ်ဓားဂိုဏ်း တပည့်များနှင့် အကြီးအကဲများအားလုံးက သူ့ကို ဒေါသထွက်နေသော အမူအရာများဖြင့် ကြည့်နေကြသောကြောင့် ဖြစ်သည်။

ထိုအခိုက်တွင် ရှီထိုက်လုံက ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

“အဖေ… သူ့ကို မြန်မြန် သတ်လိုက်ပါ… ပင်းအာကို ဒီလိုဖြစ်အောင် သူပဲ လုပ်တာ… ကြည့်ပါဦး… အပေါက် ခုနစ်ပေါက်လုံးကနေ သွေးတွေ ထွက်နေပြီ…”

ရှီထိုက်လုံ ထွက်လာသည်ကို မြင်သောအခါ ရဲယင်မှာလည်း အကြောင်းရင်းကို သိလိုက်သည်။

ဤသို့သောအခြေအနေမျိုးကို စစ်ဆင်ရေးတံစဉ်၏ မှတ်စုများတွင်လည်း ဖော်ပြထား၏။ ၎င်းကို လူဆိုးများက သူတစ်ပါးအား အပုပ်ချပြီး လူကောင်းများက အသိဉာဏ်မဲ့စွာ လိုက်ပါ ယုံကြည်ကြသည်ဟု ခေါ်သည်။

ရဲယင် တွေးထင်ထားသည့်အတိုင်းပင် ရှီထိုက်လုံ၏ စကားကို ကြားပြီးနောက် လူတိုင်းက ရဲယင်ကို စတင် ပြစ်တင် ဝေဖန်ကာ ကျိန်ဆဲကြပြီး အချို့မှာ သူ့ကို ချက်ချင်း သတ်ပစ်ချင်နေကြ၏။

“ဟွန့်… ရဲတံစဉ်လို့ခေါ်တဲ့ ဒီလူက သရဲဂူကနေ အသက်ရှင်လျက် ထွက်လာနိုင်တာ… အကြီးအကဲ လော့ယန်နဲ့ စီနီယာရှောင်ပင်းတို့က သူ့ကို ကာကွယ်ဖို့ အသက်စွန့် တိုက်ခိုက်ပြီး ပြန်လာခဲ့ကြလို့ ဖြစ်မှာ…”

“ဟုတ်တယ်… သူက တားမြစ်နယ်မြေထဲကို တစ်ယောက်တည်း ဝင်ရဲလောက်အောင် အသိတရား မရှိဘူး… သူ့ကို သတ်ပစ်သင့်တယ်…”

“ဂိုဏ်းခေါင်းဆောင်… စီနီယာရှောင်ပင်းအတွက် လက်စားချေပေးရမယ်…”

.

ဘေးတွင် ရပ်နေသော ရဲရှင်းဟွေ့မှာ အော်ဟစ် ကျိန်ဆဲသံများ ကြားသောအခါ အနည်းငယ် မကျေမနပ် ဖြစ်လာသည်။

သူ့ကိုယ်သူ လုံးဝ အရေးမစိုက်ခံရသလို ခံစားနေရ၏။

‘တောက်စ်… ငါလည်း ဂူထဲကနေ ထွက်လာတာလေ… ဘာလို့ ဘယ်သူမှ ငါ့အကြောင်း မပြောကြတာလဲ… ငါက အရမ်းချောနေလို့လား… ဒါမှမဟုတ် ရဲယင်က အရမ်းကို အားနည်းနေလို့လား…’

သူ အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ရဲရှင်းဟွေ့တွင် ထင်ပေါ်အောင် ထွက်၍ သူ့တည်ရှိမှုကို ပြသရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

လူတိုင်း၏ စွပ်စွဲမှုများကို ကြားသောအခါ ရဲယင်က သူ့လက်ထဲမှ ရှောင်ပင်းနှင့် လော့ယန်ကို မြေပြင်ပေါ်သို့ ပြန်ချထားလိုက်သည်။

အနီးအနားမှ ဝိညာဉ်ဓားဂိုဏ်း တပည့်အချို့က ချက်ချင်းပင် ထိတ်လန့်တကြား ပြေးလာပြီး သူတို့နှစ်ယောက်ကို သယ်ဆောင်သွားကြ၏။

“ရှီထိုက်လုံ… မင်းပဲ ငါ့ကို ဒီဂူထဲကို လှည့်စားပြီး ခေါ်ခဲ့တာ… ပြီးတော့ ရှောင်ပင်းကိုလည်း ဝင်လာအောင် လှည့်စားခဲ့တာ… မင်းက ဘယ်လိုလုပ်ပြီး ငါ့ကို အပုပ်ချရဲတာလဲ…”

ဤစကားကို ကြားသောအခါ ရှီထိုက်လုံက ရဲယင်ကို လက်ညှိုးထိုး၍ သူ့နောက်မှ တပည့်များကို ကြည့်ကာ အော်ဟစ်လိုက်သည်။

“သူ ကျွန်တော့်ကို အပုပ်ချနေတာ… သူက အကြံအိုက်နေပြီး ကျွန်တော့်ကို အပုပ်ချနေတာ…”

ရှောင်းယွင်ရှန်းက နောက်လှည့်၍ ရှီထိုက်လုံကို တစ်ချက် ကြည့်လိုက်၏။ ထိုအကြည့် တစ်ချက်ကပင် ရှီထိုက်လုံကို တစ်ကိုယ်လုံး တုန်တက်သွားစေပြီး စကားဆက်မပြောတော့စေရန် တားဆီးလိုက်သည်။

အမှန်စင်စစ် ရှီထိုက်လုံနှင့် ရဲတံစဉ်တို့ နှစ်ယောက်အနက် မည်သူက အပုပ်ချနေသည်ဖြစ်စေ ရှောင်းယွင်ရှန်းက ရဲတံစဉ်ကိုသာ လက်စတုံးမည် ဖြစ်သည်။

အခြားအကြောင်းရင်း မရှိပေ။ ရဲတံစဉ်က သရဲဂူထဲမှ ဘာမှမဖြစ်ဘဲ ပြန်ထွက်လာနိုင်သောကြောင့် ဖြစ်သည်။

ဤသို့ တွေးလိုက်ပြီး ရှောင်းယွင်ရှန်းက မည်သည့်အလုပ်မျှ မလုပ်ဘဲ ရပ်နေသော ရဲရှင်းဟွေ့ကို တစ်ချက် ကြည့်လိုက်၏။ ပြောစရာမလိုဘဲ ရဲရှင်းဟွေ့မှာလည်း သူ၏ သတ်ပစ်ရမည့် စာရင်းထဲတွင် ပါဝင်နေသည်။

တစ်စုံတစ်ယောက်က သူ့ကို အာရုံစိုက်နေသည်ကိုသာ ရဲရှင်းဟွေ့ သိခဲ့လျှင် သူ ပြုံး၍ ရှောင်းယွင်ရှန်း၏ ပခုံးကို ပုတ်ကာ ဓားတစ်ချောင်းသုံး၍ သူ့ကို ဒူးထောက် သီချင်းဆိုခိုင်းမည် ဖြစ်သည်။

ရဲယင်က ရှောင်းယွင်ရှန်းထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ရာ ဤအဘိုးကြီးက လက်စတုံးတော့မည်ကို သူ သိလိုက်သည်။

သူ့ရှေ့မှ ရှောင်းယွင်ရှန်းမှာ မသေမျိုးဧကရာဇ်ဘုံ အထွတ်အထိပ်အဆင့်တွင် ရှိနေ၏။ သူ့နောက်တွင် မသေမျိုးဧကရာဇ်ဘုံ အစောပိုင်းအဆင့် နှစ်ယောက်နှင့် အတုအယောင်မသေမျိုးဧကရာဇ်ဘုံမှ အကြီးအကဲ ဒါဇင်ပေါင်းများစွာ ရှိနေသည်။

အရေအတွက်အရ ဖြစ်စေ၊ တိုက်ခိုက်ရေးစွမ်းရည်အရ ဖြစ်စေ ရဲယင်မှာ အရေးနိမ့်နေသော်လည်း သူက ထိုသူတို့ကို သူ့မျက်စိထဲတွင်ပင် မထည့်ခဲ့ပေ။

သူ့ဦးလေးက သူ့ဘေးတွင် ရပ်နေသည် ဖြစ်ရာ သူ အဘယ်ကြောင့် ကြောက်ရမည်နည်း။

ထင်သည့်အတိုင်းပင် ရှောင်းယွင်ရှန်းက သူ၏ ဓားလက်ညှိုးကို ညွှန်လိုက်ရာ မြရောင်ဓားရှည်တစ်လက်က သူ့လက်ချောင်းထိပ်များမှ ပျံထွက်လာပြီး ရဲယင်၏ ရင်ဘတ်ဆီသို့ ထိုးစိုက်ဝင်သွားသည်။

ဤတိုက်ကွက်မှာ အဓိကအားဖြင့် စမ်းသပ်ခြင်းသာ ဖြစ်၏။ ထျန်းယန်ကျောက်ကြောင့် ရှောင်းယွင်ရှန်းမှာ ရဲယင်၏ ကျင့်ကြံမှုအဆင့် အမှန်ကို မမြင်နိုင်ခဲ့ပေ။

သူ့ထံသို့ ထိုးစိုက်လာသော ဓားရှည်ကို မြင်သောအခါ ရဲယင်က ပြုံး၍ တွေးလိုက်သည်။

‘ငါ ဂူထဲမှာ သင်ယူခဲ့တဲ့ ဓားသိုင်းကွက်တွေကို စမ်းသပ်ဖို့ အချိန်ကောင်းပဲ…’

ရဲယင်၏ လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာ၏။ ထိုဓားရှည်မှာ ခရမ်းရွှေရောင် ဖြစ်သည်။ ဤဓားကို ကြယ်တာရာဧကရာဇ်သုတ္တန်ကျမ်းထဲမှ ဝိညာဉ်စွမ်းအင်ဖြင့် ပျိုးထောင်သည့် နည်းလမ်းအတိုင်း ရဲယင်၏ ခန္ဓာကိုယ်ထဲတွင် ပျိုးထောင်ထားခြင်း ဖြစ်သည်။

ရဲယင်က ဤဓားကို ထျန်းယန်ဓားဟု အမည်ပေးထားသည်။

ထျန်းယန်ဓား ပေါ်ထွက်လာပြီးနောက် ၎င်းက ရှောင်းယွင်ရှန်း၏ မြရောင်ဓားကို တိုက်ရိုက် ရိုက်ချလိုက်၏။

ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

ရှောင်းယွင်ရှန်းက မည်သည့်အဆင့်တွင် ရှိနေသနည်း။ သူက မသေမျိုးဧကရာဇ် အထွတ်အထိပ်အဆင့် ဖြစ်သည်။ ဤသည်က သာမန်တိုက်ကွက်တစ်ခုသာ ဖြစ်လင့်ကစား ၎င်းမှာ မသေမျိုးဧကရာဇ် အထွတ်အထိပ်အဆင့်၏ တိုက်ကွက် ဖြစ်နေသေးသည်။

မသေမျိုးဧကရာဇ် အထွတ်အထိပ်အဆင့်၏ သာမန်တိုက်ကွက်ကို ခုခံနိုင်သောသူ၏ ကျင့်ကြံမှုအဆင့်မှာ မည်သည့်အဆင့် ဖြစ်မည်နည်း။ အနည်းဆုံးတော့ သူက အတုအယောင်မသေမျိုးဧကရာဇ်အဆင့် ဖြစ်သင့်သည်။

“ဟွန့်…”

ရှောင်းယွင်ရှန်းက အေးစက်စက် ရယ်၍ ပြောလိုက်သည်။

“မင်းက တကယ်ကို မရိုးရှင်းဘူးပဲ… ပြောစမ်း… ငါ့ရဲ့ ဝိညာဉ်ဓားဂိုဏ်းကို လာတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ… သရဲဂူအတွက်လား…”

ရဲယင်က အားလျော့စွာ ပြုံး၍ ပြောလိုက်သည်။

“ဝိညာဉ်ဓားဂိုဏ်းက စစ်ဆင်ရေးတံစဉ် ပြီးဆုံးတော့မယ်ထင်တယ်…”

သူ့စကားဆုံးသောအခါ ရဲယင်က ရဲရှင်းဟွေ့ကို ကြည့်လိုက်သည်။

“ဦးလေး… နောက်ဘာလုပ်ကြမလဲ…”

ထိုစကားကို ကြားသောအခါ ရဲရှင်းဟွေ့က ပခုံးတွန့်၍ ပြောလိုက်သည်။

“ဒီနေရာကို ကြယ်တာရာဂိုဏ်းရဲ့ ဂိုဏ်းခွဲအဖြစ် ပြောင်းလဲပစ်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူးလေ…”

ရှောင်းယွင်ရှန်း: “…”

All Chapters