ရှောင်ပင်းတွင် စေ့စပ်ထားသူ ရှိနေသည်လား
Vol. 28 Ch. 386
ရဲရှင်းဟွေ့က သတိလစ်နေသော ရှောင်းယွင်ရှန်းကို ဝိညာဉ်ဓားဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်သွားချိန်၌ မလှမ်းမကမ်းတွင် ရှိနေကြသည့် ရဲယင်နှင့် ရှောင်ပင်းတို့မှာ စကားပြောဆိုနေကြသဖြင့် သူ့ကို သတိမပြုမိလိုက်ကြချေ။
ခုလေးတင်က ပေါင်ပေါင်းက သူမ၏ စွမ်းအားကို ထုတ်ပြပြီး ကလေးငယ်များကို ထိုးကြိတ်နေသည့်အလား လူများကို ထိုးကြိတ်လိုက်ပြီးနောက် ရှောင်ပင်းမှာ သတိပြန်လည်လာခဲ့သည်။
လက်ရှိ အခြေအနေကို မြင်လိုက်ရသောအခါ ရှောင်ပင်း၏ ပထမဆုံး အတွေးမှာ ရဲယင်က ဝင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်ဟု ဖြစ်၏။
ရှောင်ပင်းမှာ ယခင်က သရဲဂူထဲတွင် ရဲယင်၏ စွမ်းအားကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
ဝိညာဉ်ဓားဂိုဏ်းမှ လူများက ရဲယင်နှင့် အဘယ်ကြောင့် တိုက်ခိုက်နေကြသည်ကို သူမ မသိသော်လည်း ချက်ချင်းပင် ထရပ်လိုက်၏။
အခြားအကြောင်းကြောင့် မဟုတ်ပေ။ သူမက ရဲယင်နှင့် ဝိညာဉ်ဓားဂိုဏ်းတို့ ဆက်လက်၍ ပဋိပက္ခ ဖြစ်နေသည်ကို မလိုလားသောကြောင့် ဖြစ်သည်။
အကယ်၍ သူမအဖေ ရောက်လာပြီး ဤမြင်ကွင်းကို မြင်သွားပါက ရဲယင်မှာ ဒုက္ခရောက်သွားမည် ဖြစ်ပြီး ထိုနေရာ၌ပင် သူမအဖေ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ခြေ ရှိသည်။
မြေပြင်ပေါ်တွင် သတိလစ် မေ့မြောနေကြသော ဝိညာဉ်ဓားဂိုဏ်းမှ အကြီးအကဲများကို ကြည့်၍ သူတို့ သေသည်ရှင်သည် မသိနိုင်သောကြောင့် ရှောင်ပင်းမှာ အဘယ်သို့ပြုလုပ်ရမည်ကို မသိသည့်အမူအရာဖြင့် ပြောလိုက်၏။
“ရဲတံစဉ်... ဒီလိုမလုပ်ပါနဲ့... ငါတို့က ရန်သူတွေမှမဟုတ်တာ...”
ထိုစကားကို ကြားသောအခါ ရဲယင်မှာ အနည်းငယ် ဆွံ့အသွား၏။ သို့သော်လည်း သူက ပခုံးတွန့်၍ ပြောလိုက်သည်။
“ဒီလူတွေက ငါ့ကို အရင် လာတိုက်တာပါ... ငါက ခုခံကာကွယ်ရုံ သက်သက်ပဲ... ပြီးတော့... ဒါတွေက ငါလုပ်တာလည်း မဟုတ်ဘူး... ငါတစ်ယောက်တည်း သူတို့အားလုံးကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူးလေ...”
ရှောင်ပင်းက သက်ပြင်းချ၍ ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် ဒီကိစ္စက မင်းနဲ့ သက်ဆိုင်နေတာပဲ... မင်းအခုပဲ ထွက်သွားတော့... ငါ့အဖေ ရောက်လာရင် မင်းထွက်သွားနိုင်တော့မှာ မဟုတ်ဘူး...”
ရှောင်ပင်း၏ စကားကို ကြားသောအခါ ရဲယင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။
“မင်းအဖေက ဒီကိစ္စတွေကို ဖြေရှင်းနိုင်လောက်ဦးမှာ မဟုတ်ဘူးထင်တယ်... သူ့ကို ငါ့ရဲ့ ခေါင်းမကောင်းတဲ့ ဦးလေး ခေါ်သွားပြီ... သူ အသက်ရှင်လျက် ပြန်လာနိုင်မလား ဆိုတာကို ထားလိုက်ဦး... တကယ်လို့ အသက်ရှင်လျက် ပြန်လာနိုင်ဦးတော့ သူက အကောင်းပကတိတော့ ဟုတ်တော့မှာ မဟုတ်ဘူး... မသန်စွမ်း ဖြစ်သွားလောက်ပြီ...”
ရဲယင်မှာ ရဲရှင်းဟွေ့ကို အတော်အတန် နားလည်ထား၏။
ရဲရှင်းဟွေ့က တိုက်ခိုက်ရသည်ကို များစွာ မနှစ်သက်ပေ။ သူ့အတွက်မူ တိုက်ခိုက်ခြင်းက ပျော်စရာမကောင်းချေ။ ထိုအစား ရဲရှင်းဟွေ့က ရန်သူ၏ စိတ်ဓာတ်ကို ကစားရသည်မှာ အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆသည်။
သူ၏ ယခင် အတွေ့အကြုံများကို ပြန်စဉ်းစားကြည့်သောအခါ ရဲယင်မှာ ရှောင်းယွင်ရှန်း ပြန်ရောက်လာသည့်အခါ ရှောင်ပင်း၏ အဖေ မဟုတ်နိုင်တော့ဟု တွေးလိုက်မိသည်။ သူက သူမ၏ ဒုတိယမြောက် အမေအဖြစ် ပြန်ရောက်လာနိုင်၏။
ရှောင်ပင်းက ရှောင်းယွင်ရှန်း၏ စွမ်းအားကို ဖော်ပြ၍ ရဲယင်ကို အမြန်ဆုံး ထွက်ပြေးရန် ပြောမည် ပြုလိုက်စဉ်တွင် ညည်းညူသံတစ်ခုက သူမစကားကို ဖြတ်တောက်လိုက်သည်။
ရှောင်ပင်း နောက်လှည့်ကြည့်လိုက်သောအခါ ဖြူဖျော့နေသော မျက်နှာနှင့် ပါးစပ်ထောင့်တွင် သွေးစများ ချိတ်ဆွဲနေသော ရှောင်းယွင်ရှန်းက သူ့မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာသည်ကို တွေ့လိုက်ရ၏။
ထိုမြင်ကွင်းကြောင့် ရှောင်ပင်းက ရှောင်းယွင်ရှန်း၏ အခြေအနေကို စစ်ဆေးရန် အမြန် ပြေးသွားလိုက်သည်။
ထိုအချိန်တွင် ရဲယင်က ပေါင်ပေါင်းနှင့် စကားပြောနေသော ရဲရှင်းဟွေ့ကို မြင်လိုက်၏။
“ဟေး... ဦးလေး... ခင်ဗျားကိစ္စတွေကို ဒီလောက် နှေးနှေးကွေးကွေး ဖြေရှင်းလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး...”
“အင်း... အဓိက အကြောင်းရင်းကတော့ ရှောင်းယွင်ရှန်းက ဘာကြောင့်မှန်းမသိဘဲ သူ့ရဲ့ အင်အားအပြည့်ကို တစ်ခါမှ မသုံးခဲ့လို့ပဲ... အဲဒါကြောင့် ငါ သူ့ကို ရိုက်ရမှာ နည်းနည်း အားနာသွားတယ်...”
ရဲရှင်းဟွေ့၏ စကားကြောင့် ရှောင်ပင်းက သူ့ကို လှည့်ကြည့်လိုက်သည်။
“ရှင်က ကျွန်မအဖေကို ဒီလိုဖြစ်သွားတဲ့အထိ ရိုက်ခဲ့တာလား...”
ထိုစကားကို ကြားသောအခါ ရဲရှင်းဟွေ့က ပခုံးတွန့်၍ ပြောလိုက်၏။
“အထင်မလွဲပါနဲ့... ငါ မဟုတ်ဘူး... သူက သူ့ဘာသာ သွေးအန်တာ... နောက်ပြီး... သူက ငါ့တူအကြီးဆုံးရဲ့ ယောက္ခမလောင်းတွေထဲက တစ်ယောက် ဖြစ်လာနိုင်တာကြောင့်သာ မဟုတ်ရင် မီတာ တစ်သောင်း အမြင့်ကနေ ပြုတ်ကျလာတုန်းက သူ့ကို ဒီအတိုင်းပဲ ပစ်ထားခဲ့မှာ...”
ထိုအခိုက်တွင် ရှောင်းယွင်ရှန်းက ရှောင်ပင်း၏ လက်ကို ဆုပ်ကိုင်၍ ရဲရှင်းဟွေ့ကို အားနည်းစွာ ပြောလိုက်သည်။
“ဝိညာဉ်ဓားဂိုဏ်းကို... ခင်ဗျားလက်ထဲ... ကျွန်တော်... အပ်နိုင်တယ်... ဒါပေမဲ့... ပင်းအာကိုတော့... ဘယ်လိုမှ မဖြစ်နိုင်ဘူး...”
“ဟမ်...”
ရဲရှင်းဟွေ့က ရှောင်းယွင်ရှန်းကို ဆွံ့အစွာ ကြည့်၍ ပြောလိုက်သည်။
“ဟေး... ခင်ဗျားသမီးနဲ့ ကျွန်တော့်တူတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာကို မမြင်ဘူးလား... ခုလေးတင်ကပဲ သူမက ကျွန်တော့်တူကြောင့် ခင်ဗျားနဲ့ အဆက်ဖြတ်ချင်နေတာလေ...”
ရဲရှင်းဟွေ့၏ စကားကို ကြားပြီးနောက် ရှောင်ပင်း၏ မျက်နှာမှာ နီရဲသွားသည်။
ရှောင်ပင်းမှာ အဘယ်ကြောင့်မှန်း မသိပေ။ သူမက ရဲယင်ကို လူရှုပ်လူပွေဟု ထင်မြင်သော်လည်း သူ့ကို အမြဲတစေ အာရုံစိုက်နေမိ၏။
ထို့အပြင် သူမအဖေက ရဲယင်ကို တိုက်ခိုက်လိုပါက သူမ၏ အသက်ကို စွန့်၍ သူ့ကို ကယ်တင်မည်ဟု ခုလေးတင်ကပင် တွေးတောမိခဲ့သည်။
ရှောင်ပင်း စဉ်းစားနေသည်များကို ရဲရှင်းဟွေ့သာ သိရှိပါက သူက မုချ ပြောပေလိမ့်မည်။
“ညီမလေး... မင်း အရမ်း နုံတာပဲ... ဘယ်လှပတဲ့ မိန်းကလေးမှ ဇာတ်လိုက်ရှေ့မှာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘူး... မင်းက စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း မပြောတတ်တဲ့ ကောင်မလေး ဖြစ်နေတာကို ထည့်ပြောစရာတောင် မလိုဘူး...”
စာရင်းဇယားများအရ ဇာတ်လမ်းများတွင် ရုပ်ရည်ချောမောပြီး စိတ်ထဲရှိသည့်အတိုင်း မပြောတတ်သော ဇာတ်ကောင်တစ်ယောက် ရှိနေသရွေ့ သူမမှာ ဇာတ်လိုက်၏ ချစ်သူများထဲမှ တစ်ယောက် မုချ ဖြစ်လာမည် ဖြစ်ပြီး ဇာတ်လမ်းထဲတွင် အခန်းကဏ္ဍများစွာပင် ပါဝင်လာပေလိမ့်မည်။
သို့သော်လည်း ရဲရှင်းဟွေ့ မမျှော်လင့်ထားသည်မှာ ရှောင်းယွင်ရှန်း၏ သဘောထားက အလွန် တင်းမာနေဆဲ ဖြစ်သည်။ သူက သူ့သမီးမှာ ရဲတံစဉ်ကို စိတ်ဝင်စားနေကြောင်း မြင်နိုင်သော်လည်း အလျှော့ပေးရန် ငြင်းဆန်နေဆဲ ဖြစ်၏။
“ဟွန်း... ငါ့သမီးကို ဒီရဲတံစဉ်ဆိုတဲ့ကောင်နဲ့ သဘောတူဖို့ဆိုတာ... ဘယ်လိုမှ... ဘယ်လိုမှ သဘောမတူနိုင်ဘူး...”
ရဲရှင်းဟွေ့က ပြန်ပက်လိုက်သည်။
“ဒါဆိုရင်... ကျွန်တော်က ဝိညာဉ်ဓားဂိုဏ်းကို မလိုချင်တော့ဘူးဆိုရင်ရော...”
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ရှောင်းယွင်ရှန်းမှာ ခဏမျှ စိတ်ထဲတွင် လွန်ဆွဲနေသော်လည်း သူက ငြင်းဆန်နေဆဲ ဖြစ်သည်။
“ဟွန်း... မင်းက ငါ့ကို အဘိုးကြီး အသုံးမကျတဲ့ကောင်လို့ ထင်နေတာလား... ပင်းအာသာ အဲဒီ ရဲတံစဉ်နဲ့ ပေါင်းသွားရင် ဝိညာဉ်ဓားဂိုဏ်းက မကြာခင် ဒါမှမဟုတ် နောင်တစ်ချိန်မှာ သူ့လက်ထဲ ကျသွားမှာပဲ... ပြီးတော့... ပင်းအာမှာ စေ့စပ်ထားတဲ့သူ ရှိနေပြီ... သူ စေ့စပ်ထားတဲ့သူက ကြယ်တာရာမသေမျိုးဧကရာဇ်တောင် မတတ်နိုင်တဲ့သူပဲ...”
ရှောင်းယွင်ရှန်း၏ စကားကို ကြားသောအခါ ရှောင်ပင်းမှာ အနည်းငယ် အံ့ဩသွားပြီး မေးလိုက်သည်။
“သမီး စေ့စပ်ထားတာကို သမီး ဘယ်လိုလုပ် မသိရတာလဲ...”
ရှောင်ပင်းမှာ ပထမတန်းစား ဂိုဏ်းများစွာက ဝိညာဉ်ဓားဂိုဏ်းသို့ အိမ်ထောင်ပြုရန် ကမ်းလှမ်းခဲ့ကြသည်ကို သိသော်လည်း ရှောင်ပင်းက သူတို့ထဲမှ တစ်ယောက်ကိုမျှ မကြိုက်ပေ။
ရှောင်းယွင်ရှန်းက သူ့သမီးကို ကြည့်၍ ကူကယ်ရာမဲ့စွာ ပြုံးကာ ပြောလိုက်သည်။
“အဖေက သမီးကို မပြောချင်လို့ မဟုတ်ပါဘူး... ဒါပေမဲ့... သမီး လက်မခံနိုင်မှာကို စိုးရိမ်လို့ပါ... သမီး စေ့စပ်ထားတဲ့သူက... မြင့်မြတ်နယ်မြေနန်းတော်ရဲ့ နန်းတော်သခင်ပဲ...”
“မြင့်မြတ်နယ်မြေနန်းတော်...”
ရှောင်ပင်းမှာ ပို၍ပင် ရှုပ်ထွေးသွားသည်။ သူမက မြင့်မြတ်နယ်မြေနန်းတော်အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပေ။
ရှောင်ပင်း၏ ရှုပ်ထွေးနေသော အမူအရာကို မြင်သောအခါ ရှောင်းယွင်ရှန်းက ရှင်းပြလိုက်၏။
“မြင့်မြတ်နယ်မြေနန်းတော်က မသေမျိုးကျင့်ကြံရေးလောကတစ်ခုလုံးမှာ အလျှို့ဝှက်ဆုံးနဲ့ အင်အားအကြီးဆုံး အဖွဲ့အစည်းပဲ... သူတို့ရဲ့ နန်းတော်သခင်က တခြား နယ်မြေသခင်တစ်ပါးလို့ ပြောကြတယ်... မြင့်မြတ်နယ်မြေနန်းတော်သာ လှုပ်ရှားလိုက်ရင် ငါတို့ ဝိညာဉ်ဓားဂိုဏ်းက မသေမျိုးကျင့်ကြံရေးလောကထဲကနေ သေချာပေါက် ပျောက်ကွယ်သွားလိမ့်မယ်...”
ရှောင်းယွင်ရှန်း၏ ရှင်းပြချက်ကြောင့် ဦးလေးနှင့် တူတော်စပ်သူ ရဲရှင်းဟွေ့နှင့် ရဲယင်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရဲရှင်းဟွေ့က ရှောင်းယွင်ရှန်း ပြောခဲ့သော အသုံးအနှုန်းဖြစ်သည့် တခြား နယ်မြေသခင် ဆိုသည်ကို ပို၍ စိတ်ဝင်စားနေ၏။
အခြားတစ်ဖက်တွင်မူ ရဲယင်က သူ၏မာနကို ဘေးဖယ်ထားပြီး မြင့်မြတ်နယ်မြေနန်းတော်ကို သွားရောက် ချေမှုန်းရန် သူ့ဦးလေးကို တောင်းဆိုသင့်၊ မသင့် စဉ်းစားနေသည်။
ရှောင်ပင်းက သူမအဖေကို မျှော်လင့်ချက် အနည်းငယ် ကင်းမဲ့စွာဖြင့် ကြည့်လိုက်၏။
ဤမျှနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှောင်ပင်းက ရှောင်းယွင်ရှန်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုကို ဖတ်ရှုလိုက်မိသည်။
သူက ရဲရှင်းဟွေ့ကို ရှုံးနိမ့်ခဲ့ပြီး ဤသို့ ရှက်စရာကောင်းသော အခြေအနေသို့ ရောက်ခဲ့သော်လည်း ရှောင်းယွင်ရှန်း၏ မျက်လုံးထဲတွင် အနည်းငယ်မျှသော ကြောက်ရွံ့မှုပင် မရှိခဲ့ချေ။
သို့သော် မြင့်မြတ်နယ်မြေနန်းတော်အကြောင်း ပြောသောအခါ၌မူ ရှောင်းယွင်ရှန်းမှာ ကြောက်ရွံ့တုန်လှုပ်လာသည်။
“တခြား... တခြားနည်းလမ်း မရှိတော့ဘူးလား...”
ရှောင်ပင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
“စိတ်မပူပါနဲ့...”
ထိုအခိုက်တွင် ရဲယင်က သူမပခုံးပေါ်သို့ လက်တစ်ဖက်တင်၍ ဆက်ပြောလိုက်သည်။
“ငါရှိနေသရွေ့တော့ မြင့်မြတ်နယ်မြေနန်းတော်ဆိုတာ ဘာမှမဟုတ်ဘူး...”
ရဲရှင်းဟွေ့က ရဲယင်ကို မျက်စိတစ်ဖက် မှိတ်ပြပြီး ရှောင်ပင်းကို နှစ်သိမ့်ရန် သူ့ကို အချက်ပြလိုက်၏။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ရဲရှင်းဟွေ့က ရှောင်းယွင်ရှန်းကို မေးလိုက်သည်။
“နယ်မြေသခင်အကြောင်း ခင်ဗျားသိတာတွေ ပြောပြ... ပြီးတော့ တခြား နယ်မြေသခင်ဆိုတာက ဘာ သောက်ရေးလဲ ပြောစမ်း...”
ထိုအချိန်တွင် ရှောင်းယွင်ရှန်းမှာ သူ့သမီးကို ဝက်တစ်ကောင်က ခေါ်သွားသောကြောင့် စိတ်မသက်မသာ ဖြစ်နေသည်။
ရဲရှင်းဟွေ့၏ မေးခွန်းကို ကြားသောအခါ သူက ဘာကိုမျှ ဖုံးကွယ်မထားဘဲ သူသိသမျှ အကုန် ဖွင့်ဟလိုက်တော့၏။