ဝိညာဉ်သားရဲဘုရင်
Vol. 28 Ch. 391
ဝိညာဉ်သားရဲအင်ပါယာသို့ သွားရာ ဂူပေါက်ဝ မရောက်မီ…။
“ဒီနေရာလား… ဘာလို့ ဂူတစ်ခု ဖြစ်နေပြန်တာလဲ…”
ရဲရှင်းဟွေ့က ညည်းတွားလိုက်သည်။
“ဟုတ်တယ်… ဒီနေရာပဲ…”
ထိုသို့ ပြောပြီးနောက် ရဲယင်က ဂူပေါက်ဝဆီသို့ လျှောက်သွား၏။
သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအခါ အတားအဆီးတစ်ခုက သူ့လမ်းကို ပိတ်ဆို့လိုက်သည်။
အတားအဆီးကို ခံစားမိသောအခါ ရဲယင်က စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့ တိုးဝင်ရန် ကြိုးစားလိုက်၏။ သို့သော် သူ မလှုပ်ရှားမီမှာပင် ရဲရှင်းဟွေ့က သူ့ကို တားလိုက်သည်။
“အကြမ်းပတမ်း လုပ်ဖို့မလိုပါဘူး… ငါ့တာဝန်ထားလိုက်…”
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့က လေထဲမှ သစ်သားဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး နတ်ဘုရားစွမ်းအားကို ထည့်သွင်းကာ ညင်သာစွာ ခုတ်ပိုင်းလိုက်၏။ ထိုအခါ အတားအဆီးမှာ ဘေးနှစ်ဖက်မှ အလယ်သို့ တဖြည်းဖြည်း ကျုံ့ဝင်လာသည်။ အတိုင်းအတာတစ်ခုသို့ ရောက်သောအခါ အတားအဆီးမှာ တိုက်ရိုက် ပေါက်ကွဲသွား၏။
“တွေ့လား… ဘာလို့ အဖြစ်သည်းနေတာလဲ…”
ရဲယင်ကလည်း ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဦးလေးကတော့ တကယ်မိုက်တာပဲ…”
ဂူအတွင်းမှ အတားအဆီး ကျိုးပျက်သွားသည့် တစ်ခဏမှာပင် ဝိညာဉ်သားရဲအင်ပါယာမှ အစွမ်းထက်သော ပုဂ္ဂိုလ်များစွာက ထိုအဖြစ်ကို အာရုံခံမိလိုက်ကြသည်။
ပလ္လင်ထက်မှ ချောမောခန့်ညားသော မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦးက မျက်လုံးများ ဖွင့်ကြည့်၍ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
“ဟွန်း… ဝိညာဉ်သားရဲအင်ပါယာထဲကို တစ်ယောက်တည်း ကျူးကျော်ဝင်ရဲတဲ့သူ နောက်တစ်ယောက် ပေါ်လာပြန်ပြီလား…”
ထိုအမျိုးသား စကားဆုံးသည်နှင့် သံချပ်ကာဝတ် အမျိုးသမီးတစ်ဦးက နန်းတော်ထဲသို့ ဝင်လာပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။
“အရှင်မင်းကြီး… တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာ…”
အမျိုးသမီး စကားမဆုံးမီမှာပင် ထိုအမျိုးသားက လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။
“ဒီကိစ္စကို မင်းပဲ တာဝန်ယူလိုက်… ငါ့သမီးတော် မကြာခင် ရောက်လာတော့မယ်… လူကိုတော့ သတ်ချင်သတ်လိုက်၊ ဒါပေမဲ့ သိပ်ဆူညံအောင် မလုပ်နဲ့…”
“ဟုတ်ကဲ့ပါ…”
အမျိုးသမီးက ပြန်ဖြေပြီးနောက် နန်းတော်ထဲမှ ထွက်ခွာသွားသည်။
အမျိုးသမီး ထွက်သွားပြီး မကြာမီမှာပင် ဟူလိနှင့် ရှောင်လုံတို့က အားရိကို နန်းတော်ထဲသို့ ခေါ်ဆောင်လာကြ၏။
ဟူလိနှင့် ရှောင်လုံတို့ နှစ်ဦးစလုံးက နန်းတော်ထဲသို့ ဝင်သည်နှင့် ဒူးတစ်ဖက်ထောက်၍ အရိုအသေပေးကြသည်။ အားရိတစ်ယောက်သာ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး ပလ္လင်ထက်မှ အမျိုးသားကို ကြည့်နေ၏။
ထိုအမျိုးသား၏ မျက်နှာမှာ ဖြူစင်နုဖတ်ပြီး အသက်နှစ်ဆယ်အရွယ်ခန့် ရှိပုံပေါ်သော်လည်း သူ၏ အသက်အရွယ်မှာ မခန့်မှန်းနိုင်သည့် အဘိုးကြီးတစ်ဦး ဖြစ်လိမ့်မည်ဟု အားရိ သိနေသည်။
ဝိညာဉ်သားရဲဘုရင်က အားရိကို ကြည့်လိုက်သောအခါ သူ၏ မူလ ခံစားချက်မရှိသော မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။
“မင်းက အားရိလား…”
ဝိညာဉ်သားရဲဘုရင်ကို ကြည့်နေသော အားရိမှာ တစ်ခဏမျှ မတုံ့ပြန်နိုင် ဖြစ်နေ၏။ ရှောင်လုံက သူမကို ညင်သာစွာ တွန်းလိုက်မှ သူမက ကမန်းကတန်း ပြန်ဖြေလိုက်သည်။
“ဟုတ်… ဟုတ်ကဲ့… ကျွန်မက အားရိပါ…”
ဝိညာဉ်သားရဲဘုရင်က ထပ်မေးလိုက်၏။
“မင်းရဲ့ နားရွက်တွေနဲ့ အမြီး ဘယ်ရောက်သွားလဲ…”
“ဒါက…”
ဝိညာဉ်သားရဲဘုရင်၏ မေးခွန်းကို ကြားသောအခါ အားရိမှာ မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။
ဝိညာဉ်သားရဲဘုရင်က ထိုအဖြစ်ကို မြင်သောအခါ လက်ဖျောက်တစ်ချက်တီးလိုက်ပြီး အားရိကို စူးစိုက်စွာ ကြည့်လိုက်သည်။
သူ လက်ဖျောက်တီးလိုက်သည့် တစ်ခဏမှာပင် သွေးစွမ်းအင် အရှိန်အဟုန်တစ်ခုက အားရိ၏ ကိုယ်ထဲသို့ ဝင်ရောက်သွား၏။
ဝိညာဉ်သားရဲဘုရင်၏ အမြင်အရ တစ်စုံတစ်ယောက်၏ သွေးစွမ်းအင်ကို နိုးကြားစေခြင်းမှာ အလွန် လွယ်ကူသော ကိစ္စဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ အနည်းငယ် မျက်နှာပူသွားသည်။ အကြောင်းမှာ သူ မအောင်မြင်ခဲ့သောကြောင့် ဖြစ်သည်။
အားရိမှာ လူသားတစ်ဦး၏ ပုံစံအတိုင်းပင် ရှိနေသေးပြီး ဝိညာဉ်သားရဲဘုရင်ကို အနည်းငယ် ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေ၏။
သူမ၏ မျက်လုံးများက ဝိညာဉ်သားရဲဘုရင်ကို ပို၍ပင် မျက်နှာပူစေသည်။
“အဟမ်း… အဟမ်း…”
နှစ်ကြိမ် ချောင်းဟန့်ပြီးနောက် ဝိညာဉ်သားရဲဘုရင်က ရှောင်လုံဘက်သို့ လှည့်၍ ပြောလိုက်၏။
“ရှောင်လုံ… အားရိကို ရေချိုးပြီး အဝတ်လဲဖို့ ခေါ်သွားလိုက်…”
“အမ်…”
ထိုအခိုက်တွင် အားရိက လက်ထောင်၍ မေးလိုက်သည်။
“တဆိတ်လောက်ပါ… ရှင့်က ကျွန်မရဲ့ အဖေ အစစ် ဟုတ်ရဲ့လား…”
“ဟင်…”
ဝိညာဉ်သားရဲဘုရင်က အားရိကို ကြည့်၍ ပြောလိုက်၏။
“ဘာလို့ အဲဒီလို မေးရတာလဲ… မင်း ငါ့ကို မြင်တဲ့အချိန်မှာ ငါနဲ့ မင်းရဲ့ ဆက်ဆံရေးကို သိသင့်တယ် မဟုတ်လား…”
“ဟုတ်ပါတယ်… သွေးသားအရတော့ ကျွန်မက ရှင့်သမီးပါ… ကျွန်မ မေးချင်တာက ရှင့်က ကျွန်မရဲ့ အဖေ အစစ် ဟုတ်ရဲ့လား ဆိုတာပါ…”
အားရိ၏ မေးခွန်းကို ကြားသောအခါ ရှုပ်ထွေးနေသော ဟူလိက ဝိညာဉ်သားရဲဘုရင် စကားမပြောမီမှာပင် ဝင်ပြောလိုက်သည်။
“မင်းမှာ မင်းအဖေရဲ့ သွေးရှိနေတာပဲ… သူက မင်းအဖေ မဟုတ်လို့ ဘယ်သူဖြစ်မှာလဲ…”
ဟူလိ၏ စကားများက မှန်ကန်သော်လည်း ဝိညာဉ်သားရဲဘုရင်က အားရိ၏ မေးခွန်းမှ ဆိုလိုရင်း အမှန်ကို သိနေ၏။
အားရိ၏ မေးခွန်းမှာ ဖခင်တစ်ယောက်၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်နေပြီး သူက သူမကို သမီးတစ်ယောက်အဖြစ် အမှန်တကယ် ရှုမြင်ခြင်း ရှိ၊ မရှိ သို့မဟုတ် သမီးတစ်ယောက် လိုအပ်နေ၍သာ ရှာဖွေခြင်း ဟုတ်၊ မဟုတ်ကို မေးမြန်းနေခြင်း ဖြစ်သည်။
အားရိ၏ အတွေးများကို သိရှိသွားသဖြင့် ဝိညာဉ်သားရဲဘုရင်က ချက်ချင်း စကားမဆိုသေးချေ။
သူ အားရိကို ရှာဖွေရသည့် အကြောင်းရင်းမှာ သူ့တွင် သီးသန့်ရှိနေသည်။
ထို့အပြင် ထိုရည်ရွယ်ချက်က ဝိညာဉ်သားရဲအင်ပါယာ တစ်ခုလုံး၏ အသက်ရှင်သန်ရေး၊ သေဆုံးရေးနှင့် ဆက်စပ်နေ၏။
ဤသို့သော အကြောင်းအရာများကို အားရိအား ပြောပြ၍ မဖြစ်နိုင်သည်မှာ သေချာပါသည်။
“မင်းက ငါ့သမီး… ငါက မင်းအဖေ… ဒါပဲ… အခု သွားတော့…”
ဝိညာဉ်သားရဲဘုရင်က အားရိ၏ မေးခွန်းကို တိကျသော အဖြေတစ်ခု မပေးခဲ့ပေ။
သူမ၏ ဖခင်က သူမကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် ထိုအရာက ကောင်းသော အရာတစ်ခု ဖြစ်မည်ဟု မဆိုလိုကြောင်း အားရိ သိနေသည်။
အားရိမှာ ထိုအဖြစ်ကို ကျင့်သားရနေပြီ ဖြစ်သည်။ သူမ၏ မိခင် သေဆုံးပြီးနောက် သူမ တစ်ယောက်တည်း ကျန်ရစ်ခဲ့စဉ်က လူသားများက သူမကို ဝိုင်းပယ်၍ မထီမဲ့မြင် ပြုခဲ့ကြသည်။ ယခု ရုတ်တရက် သူမကို ရှာဖွေတွေ့ရှိရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူမ၏ ဖခင်အတွက် အသုံးဝင်မှု တစ်စုံတစ်ရာ ရှိနေသောကြောင့်သာ ဖြစ်ရမည်။
ယခုအချိန်အထိ သူမ၏ နှလုံးသားထဲမှ တစ်ဦးတည်းသော မျှော်လင့်အားထားရာမှာ သခင်လေး ရဲယင်သာ ဖြစ်ပေလိမ့်မည်။
အားရိက ခေါင်းငုံ့၍ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ရှောင်လုံ၏ နောက်သို့ လိုက်ပါသွား၏။
ဟူလိက နောက်မှ လိုက်သွားရန် ကြံလိုက်သော်လည်း ဝိညာဉ်သားရဲဘုရင်က သူ့ကို တားလိုက်သည်။
“ဟူလိ… မင်းနောက်ကို အမြီးတစ်ခုက ဝိညာဉ်သားရဲအင်ပါယာထဲအထိ လိုက်လာတယ်… မင်း ဖန်တီးခဲ့တဲ့ ပြဿနာမို့လို့ မင်းဘာသာ ဖြေရှင်းလိုက်…”
တစ်စုံတစ်ယောက်က သူ့နောက်သို့ ဝိညာဉ်သားရဲအင်ပါယာထဲအထိ လိုက်လာသည်ဟု ကြားသောအခါ ဟူလိက ထိုသူမှာ အစောက လူသားကောင်လေး ဖြစ်ရမည်ဟု ချက်ချင်း တွေးလိုက်မိသည်။
နန်းတော်ထဲမှ မထွက်ခွာရသေးသော အားရိကလည်း ဝိညာဉ်သားရဲဘုရင်၏ စကားများကို ကြားလိုက်ရ၏။ သူမက မသိစိတ်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်သော်လည်း ရှောင်လုံက သူမကို တားဆီးလိုက်သည်။
“မင်းအတွက် လိုက်လာတဲ့ လူသားတွေ မသေစေချင်ရင် ဘာမှ ဝင်မပြောနဲ့…”
ရှောင်လုံက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ၏ စကားများက အားရိကို တောင့်ခဲသွားစေ၏။
“ကျွန်မသာ ဝင်မပြောရင်… သခင်လေး သေမှာ မဟုတ်ဘူးလား…”
အားရိက စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။
ရှောင်လုံက ခေါင်းအသာခါ၍ ပြောလိုက်၏။
“မင်းသာ အဲဒီလူသားအတွက် အသနားမခံရင် သူ အသက်ရှင်ချင် ရှင်နိုင်လိမ့်မယ်… ဒါပေမဲ့… မင်း သူ့အတွက် ဝင်ပြောလိုက်တဲ့ အချိန်မှာတော့ အဲဒီလူသား သေလိမ့်မယ်…”
ရှောင်လုံ၏ စကားများက အားရိ၏ နှလုံးသားကို တုန်လှုပ်သွားစေပြီး သူမ၏ မျက်လုံးများမှာ နီရဲလာသည်။
တစ်ဖက်တွင်…။
ရဲရှင်းဟွေ့၊ ပေါင်ပေါင်းနှင့် ရဲယင်တို့က ဂူကို ဖြတ်သန်း၍ ဝိညာဉ်သားရဲအင်ပါယာ၏ အပြင်ဘက်ရှိ တောအုပ်ကြီးထဲသို့ ဝင်ရောက်လာကြသည်။
“သောက်ကျိုးနည်း… ဒါက ဒဏ္ဍာရီလာ ကမ္ဘာ့အလယ်ဗဟိုလား…”
ရဲရှင်းဟွေ့က ညည်းတွားလိုက်သည်။
ဤအဆုံးမဲ့ တောအုပ်နှင့် ၎င်းထဲတွင် နေထိုင်သော ဧရာမ သားရဲမျိုးစုံကို ကြည့်၍ ရဲရှင်းဟွေ့က ‘ကင်းကောင့်’ ရုပ်ရှင်ကို သတိရသွားသည်။
ဧရာမမျောက်ဝံကြီးများမှာ ကမ္ဘာ့အလယ်ဗဟိုမှ လာခြင်းဖြစ်ပြီး ထိုနေရာတွင် မြေမျက်နှာပြင်နှင့် မတူညီသော ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်တစ်ခု ရှိနေသည်။
“အားရိကို ပြန်ပေးဆွဲသွားတဲ့သူက သာမန်လူ မဟုတ်လောက်ဘူး…”
ရဲယင်က လေးနက်သော လေသံဖြင့် ပြောလိုက်၏။
ရှိနေသော လူသုံးယောက်အနက် ပေါင်ပေါင်းတစ်ယောက်သာ အောက်မှ ဧရာမသားရဲများကို ပို၍ စိတ်ဝင်စားနေသည်။
“ရဲရှင်းဟွေ့… ငါတို့ ပြန်သွားရင် အသားနည်းနည်း ယူသွားရမယ်နော်… အောက်က ကောင်တွေက စားလို့ ကောင်းမယ့်ပုံပဲ…”
သူတို့ သုံးယောက်က တောအုပ်ထဲသို့ ဝင်ရန် ပြင်ဆင်ရင်းနှင့် သူတို့၏ အတွေးများကို ပြောဆိုနေကြသည်။ အန္တရာယ်အတွက်မူ သူတို့ သုံးယောက် တောအုပ်ထဲသို့ ဝင်သွားသည်နှင့် သူတို့ကိုယ်တိုင်က အန္တရာယ် ဖြစ်လာပေလိမ့်မည်။ ထိုဧရာမသားရဲများမှာ အစားအစာများသာ ဖြစ်နိုင်၏။
သို့သော်လည်း သူတို့ သုံးယောက် အတွင်းပိုင်းသို့ မဝင်မီမှာပင် သံချပ်ကာဝတ် ဆံပင်နီ အမျိုးသမီးတစ်ဦးက သူတို့ရှေ့တွင် ပိတ်ရပ်လိုက်သည်။