လင်းဇီချန် သို့မဟုတ် အများအတွက် အန္တရာယ်
Vol. 38 Ch. 558
လင်းဇီချန်သည် လေဟာနယ်ကို ဖြိုခွဲပြီး စုမေရှောင်နောက်တွင် ပေါ်လာကာ ချီသွေးစွမ်းအားအပြည့်ပါသည့်လက်သီးက ကောင်းကင်နှင့်မြေကြီးကို ဖီဆန်နိုင်သည်အထိ အားပြင်းလှပြီး စုမေရှောင်၏ခေါင်းဆီသို့ ဦးတည်သွားသည်။ အာရုံခံမိသောစုမေရှောင်သည် လင်းဇီချန်၏တိုက်ခိုက်မှုကို ချက်ချင်းသိလိုက်သည်။ သို့သော်လည်း လင်းဇီချန်က မြန်လွန်းသောကြောင့် ရှောင်ချိန်မရလိုက်ပေ။ အမြန်ပင် ဘုန်းခနဲဟုသောမြည်သံကျယ်ကြီးကို ကြားလိုက်ရသည်။
လင်းဇီချန်၏လက်သီးချက်က စုမေရှောင်၏ခေါင်းကို မှန်သွားသည်။ အားပြင်းလှသောရိုက်ချက်သည် ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစသွေးနများအဖြစ် ပြောင်းလဲသွားစေသည်။ ထိုမြင်ကွင်းကို မြင်ရသောအခါတွင် ဆရာကြီးများအးာလုံးသည် အမူအရာသိသိသာသာပြောင်းသွားကြပြီး မျက်နှာများက မယုံကြည်နိုင်ဟန်ဖြင့်ပင် ဖြစ်သည်။ ထိုကလေးသည် ရှေးဘိုးဘေးအဆင့်သို့ ဆင့်ကဲပြောင်းလဲခါစဖြစ်သော်လည်း လက်သီးတစ်ချက်တည်းဖြင့် ရှေးဘိုးဘေးအဆင့်တစ်ယောက်ကို အနိုင်ပိုင်းနိုင်လိုက်သည်။
ယုံနိုင်ဖွယ်ရာ မရှိပေ။
လင်းဇီချန်က အံ့ဩနေသောလူအုပ်ကို အာရုံမစိုက်ပေ။ စုမေရှောင်သည် သွေးစများအဖြစ် ပြောင်းလဲသွားသည်နှင့် စိတ်ထဲတွင် ဝါးမျိုဟု ချက်ချင်းတွေးလိုက်သည်။
(သင်သည် အမြီးကိုးချောင်းမြေခွေးမိစ္ဆာ၏ မူလအသက်ဓာတ်နှင့် အမြီးဖြတ်ပြေးနိုင်စွမ်းဟုသော သွေးမျိုးဆက်စွမ်းအားကို ရရှိပါသည်။)
(အမြီးဖြတ်ပြေးနိုင်စွမ်းအား - သေစေနိုင်လောက်သောထိခိုက်မှုမျိုး ဖြစ်သည်နှင့် သင်၏အသုံးမကျသောခန္ဓာကိုယ်ကို စွန့်ခွာကာ ပြန်လည်မွေးဖွားနိုင်သည်။)
(သင်သည် အမြီးကိုးချောင်းမြေခွေးမိစ္ဆာထံမှ မူလအားများစွာကို ဝါးမျိုလိုက်နိုင်ပြီး ထိုမူလအားကို ချီသွေးနှင့်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲလိုက်နိုင်ပါသည်။ ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားနှစ်မျိုးလုံးသည် သိသိသာသာ တိုးမြင့်လာပါသည်။)
(သင်သည် သွေးမျိုးဆက်ဆိုင်ရာအဆင့်စွမ်းအားသည် ရှေးဘိုးဘေးတတိယအဆင့်မှ ရှေးဘိုးဘေးစတုတ္ထအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားပါပြီ။)
ထပ်၍ ဆင့်ကဲပြောင်းလဲသွားပြန်သည်။
ဝါးမျိုခြင်းက ဆင့်ကဲပြောင်းလဲနိုင်ရန်အတွက် အမြန်ဆန်ဆုံးနည်းလမ်းဖြစ်သည်။
လင်းဇီချန်သည် မိမိ၏ သွေးမျိုးဆက်ဆိုင်ရာစွမ်းအားအဆင့်ကို ကြည့်ကာ စိတ်ထဲတွင် အံ့ဩနေမိသည်။
တစ်ဖက်တွင်မူ ရှေးဘိုးဘေးအဆင့်အုပ်စုသည် ကြောက်လန့်နေသောအမူအရာမျိုးကို ပြသနေကြသည်။ လင်းဇီချန်တစ်ယောက် ထပ်၍ဆင့်ကဲပြောင်းလဲသွားသည်ကို အားလုံး အာရုံခံမိကြသည်။ မိနစ်ပိုင်းအတွင်းတွင်ပင် ဒဏ္ဍာရီအဆင့်မှ ရှေးဘိုးဘေးအဆင့်ထိ တိုးသွားပြီး ထို့နောက်တွင် အဆင့်နိမ့်မှ အလယ်အလတ်အဆင့်ထိ တိုးသွားသည်။
ဆင့်ကဲပြောင်းလဲနှုန်းက မယုံကြည်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
"ဒီကလေးကို ဒီတိုင်းထားလို့မဖြစ်တော့ဘူး။"
သစ်သားနတ်ဘုရားအုပ်စုဘက်မျ တိတ်ဆိတ်ခြင်းအရှင်သည် ပုံမှန်အားဖြင့် အေးတိအေးစက်နိုင်လှသည့် သူ၏လေသံဖြင့် မတူစွာ စိတ်လှုပ်ရှားစွာ ပြောလာသည်။
"သူက ဆင့်ကဲပြောင်းလဲဖို့အတွက် အခြားသူရဲ့ မူလအားကို စုပ်ယူနိုင်တယ်။ သက်ရှိမသေမျိုးအားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခုပဲ။"
"သူ့ကို ဒီလိုမျိုးသာ ဆင့်ကဲပြောင်းလဲခွင့်ပြုထားမယ်ဆိုရင် အနှေးနဲ့အမြန် ငါတို့အားလုံး သူ့ဆီမှာ ဝါးမျိုခံရမှာပဲ။"
"အရင်ဆုံး ငါတို့ အဲ့ကလေးကို ဖြေရှင်းရမယ်။"
"...."
တိတ်ဆိတ်ခြင်းအရှင်ဆီမှ ထွက်လာသောစကားများကြောင့် ရုတ်တရက်ပင် မြင်ကွင်းက ငြိမ်သက်သွားသည်။ လင်းဇီချန်ကလုပ်ဆောင်ချက်က လွန်လွန်းသည်ထက် ပိုသည်။ အခြားသက်ရှိအားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်နေသည်။ ထိုနေရာတွင် ရှိနေသော အခြားသောဘိုးဘေးအဆင့်သက်ရှိများသည် အတော်လေးစိတ်မသက်မသာခံစားနေရသည်။
အခြားသက်ရှိများကို ဝါးမျိုရင်းဖြင့် အားကောင်းလာနိုင်သော သက်ရှိတစ်ဦး ရှိနေသည်။ အသန်မာဆုံးအောင်မြင်မှုအရ သူ့ထက် အားနည်းသောသူများသည် သူ၏အစာဖြစ်ရပေလိမ့်မည်။
ထိုအချိန်တွင် ကမ္ဘာဘက်နှင့် မူလမြေ နှစ်ဖက်လုံး ရှေးဘိုးဘေးအဆင့်များသည် လင်းဇီချန်ကို သတိထားနေကြပြီး အခြားသူများကို ဝါးမျိုနိုင်သောသက်ရှိက လောကကြီးတွင် မရှိသင့်ဟု တွေးနေမိကြသည်။
"အရင်ဆုံး သူ့ကို သတ်ရအောင်။ ပြီးမှ တိုက်ပွဲကို ဆက်တိုက်ကြတာပေါ့။"
ကမ္ဘာသားများလည်း ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါတွင် တိတ်ဆိတ်ခြင်းအရှင်က ချက်ချင်းတိုက်တွန်းလိုက်လေသည်။ အကြီးအကဲလီနှင့် စီမာရွှမ်းတို့ကလည်း လင်းဇီချန်ကိုသာ ကြည့်နေကြပြီး သတ်ဖြတ်လိုသောအကြည့်များဖြင့် ဖြစ်သည်။ နှစ်ဦးလုံးသည် တိတ်ဆိတ်ခြင်းအရှင်ပြောသည်ဟု အဓိပ္ပာယ်ရှိသည်ဟု ထင်မိသည်။ လင်းဇီချန်၏ဝါးမျိုနိုင်စွမ်းအားက အခြားသောသက်ရှိများအတွက် အန္တရာယ်များလွန်းလှသည်။
လင်းဇီချန်သည်သာ ထိုသို့ဆက်၍ ဝါးမျိုနေလျှင် ယခုနေရာတွင်ရှိသော ရှေးဘိုးဘေးအဆင့်များအားလုံး ဘာမှမဟုတ်သည့်အတိုင်း ဝါးမျိုခံရရန်အတွက် အချိန်ကြာမည်မဟုတ်ပေ။ ရက်စက်ကာ သစ္စာမဲ့ရာကျသော်လည်း မိမိတို့၏ဆင့်ကဲပြောင်းလဲခြင်းအတွက်ဆိုလျှင် သက်ရှိတိုင်းက တူညီသောရွေးချယ်မှုကိုလုပ်ကြပေလိမ့်မည်။ ထို့ကြောင့် လင်းဇီချန်၏တည်ရှိမှုကို ဦးစွာဖြေရှင်းရန် လိုအပ်နေသည်။ မည်သို့ဖြေရှင်းရမည်ကိုသာ စဉ်းစားရပေတော့မည်။
မဟုတ်လျှင် လောကနှစ်ခုကြားက တိုက်ပွဲသည် အဆုံးသတ်သွားသည်နှင့် လင်းဇီချန်၏ဆင့်ကဲပြောင်းလဲခြင်းကလည်း သိသိသာသာတိုးမြင့်လာကာ ၎င်းကိုရင်ဆိုင်ရန်က ထိုမျှထိရိုးရှင်းတော့မည်မဟုတ်ပေ။
တစ်ဖက်တွင်မူ ရွှမ်ယွမ်ဝမ်ယွီနှင့် ချီချင်းမော့တို့ကလည်း လင်းဇီချန်ကို ကြည့်နေကြသည်။ ရွှမ်ယွမ်ဝမ်ယွီသည် မျက်မှောင်ကြုတ်လျက်သားဖြင့် တွန့်ဆုတ်နေမိကာ မည်သို့လုပ်ရမည်ကို မသိဖြစ်နေသည်။ စိတ်ထဲတွင်မူ တိတ်ဆိတ်ခြင်းအရှင်ပြောသည်ကို လက်သင့်ခံနိုင်ပေသည်။
သို့သော်လည်း လင်းဇီချန်က ကမ္ဘာသားဖြစ်သည်ကို စဉ်းစားကြည့်ပါလျှင် သူမက တိုက်ခိုက်ရန်မလှုပ်ရှားသင့်ဟု ထင်မိသည်။ ထိုစဉ်တွင် ချီချင်းမော့သည်လည်း အတွေးသံသရာထဲတွင် ကျရောက်နေသည်။ သို့သော်လည်း သူမက အခြားသူများနှင့်မတူပေ။ လင်းဇီချန်ကို တိုက်ခိုက်ရန်အတွက် မကြိုးပမ်းလိုပေ။ လင်းဇီချန်သည် ဝါးမျိုးနိုင်စွမ်းဟုသောသွေးမျိုးဆက်စွမ်းအား ရှိခြင်းကြောင့်သာ ဆင့်ကဲပြောင်းလဲခြင်းက ရေသောက်သကဲ့သို့ လွယ်ကူနေသည်။ သူ၏ဘဝက အစကတည်းကပင် လွယ်ကူစွာစတင်ခဲ့ကာ အသက်နှစ်ဆယ်ဖြင့် ရှေးဘိုးဘေးအဆင့်သို့ ကူးပြောင်းနိုင်ခဲ့သည်။
မလှမ်းမကမ်း၌ရှိသော လင်းဇီချန်ကမူ မိမိပတ်ချာလည်မှ သတ်ဖြတ်လိုသောအငွေ့အသက်များကို မျက်မှောင်ကြုတ်၍ အာရုံခံမိပြီး မိမိဘာဘာ နမော်နမဲ့နိုင်လှသည်ဟု ထင်မိသည်။ စောနက ရှေးဘိုးဘေးတစ်ယောက်ကျသွားသည်ကိုမြင်သောအခါတွင် ဝါးမျိုလိုသည့်ဆန္ဒစောသွားပြီး မိမိ၏စွမ်းအားကို ဖုံးကွယ်ထားရန် မေ့လျောသွားခဲ့ကာ အခြားသောစွမ်းအားကြီးများရှေ့တွင် ထုတ်ပြလိုက်မိသည်။
ယခုတွင်မူ ထိုနမော်နမဲ့နိုင်မှုကြောင့် အများ၏ရန်သူဟုသော ရာထူးကို ရသွားလေသည်။
"အရင်ဆုံး သူ့ကိုသတ်ကြ။"
တိတ်ဆိတ်ခြင်းအရှင်က ကမ္ဘာဘက်ခြမ်းမှ အကြီးအကဲလီနှင့် စီမာရွှမ်းကို ပြောလိုက်သည်။ ထိုနှစ်ယောက်က သေချာပေါက်ပူးပေါင်းတိုက်ခိုက်မည်ကို သိနေသောကြောင့်သာ ဖြစ်သည်။
"ဝှစ်"
ထိုစကားဆုံးသည်နှင့် တိတ်ဆိတ်ခြင်းအရှင်က ချက်ချင်းပင် ပြေးထွက်သွားပြီး အနက်ရောင်အငွေ့များက လင်းဇီချန်ကို တိုက်ခိုက်ရန် ရောက်လာသည်။ အကြီးအကဲလီနှင့် စီမာရွှမ်းက အကြည့်ချင်းဖလှယ်ပြီးနောက်တွင် ခန္ဓာကိုယ်ထဲမှချီသွေးစွမ်းအားများကို အသက်သွင်းလိုက်ပြီး တိတ်ဆိတ်ခြင်းအရှင်ဖြင့် ပူးပေါင်းရန် အဆင်သင့်ဖြစ်နေလေပြီ။
တစ်ခုသောအကြောင်းရင်းက လင်းဇီချန်သည် မိမိတို့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုကြီးဖြစ်နေပြီး မည်သို့ပင်ဖြစ်စေ ဖယ်ရှားရမည်သာ ဖြစ်သည်။ နောက်ထပ်အကြောင်းရင်းကမူ လင်းဇီချန်က စုမေရှောင်ကို သတ်လိုက်သောကြောင့်သာဖြစ်သည်။ သူမ၏ချစ်လှစွာသောချစ်သူများအနေဖြင့် စိတ်ထဲတွင် အငြှိုးထားကြပြီး ယခုတွင်မူ စုမေရှောင်အတွက် လက်စားချေပေးတော့မည်ဖြစ်သည်။ ထိုအချက်နှစ်ချက်ပေါ်မူတည်၍ လင်းဇီချန်ကို သတ်ရန် ထိုက်တန်နေလေပြီ။
သို့သော်လည်း အကြီးအကဲလီနှင့် စီမာရွှမ်းတို့ လင်းဇီချန်ဆီ ပြေးမဝင်ခင်တွင်ပင် ချီချင်းမော့က ချက်ချင်းပင် အလင်းတန်းအသွင်ပြောင်းကာ ပြေးထွက်သွားသည်။ နောက်တွင်မူ ဘုန်းခနဲအသံကျယ်ကြီးကို ကြားလိုက်ရတော့သည်။
လင်းဇီချန်ကို တိုက်ခိုက်ရန် ပြေးဝင်သွားသော တိတ်ဆိတ်ခြင်းအရှင်သည် ချက်ချင်းပင် သွေးစသွေးနများအဖြစ် ပြောင်းသွာကာ ချီချင်းမော့လက်ချက်ပင်ဖြစ်ပြီး ချက်ချင်းပင် သေပွဲဝင်သွားရတော့သည်။
သို့သော်လည်း ထာဝရအသက်ကြောင့် သွေးစများသည် လွန်စွာမြန်သောအရှိန်နှုန်းဖြင့် ပြန်ပေါင်းစည်းလာသည်။ သို့သော်လည်း အသားစဖွဲ့စည်းသည်နှင့် ချီချင်းမော့က နောက်ထပ်လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်ပြီး နေရာတွင်ပင် အပိုင်းပိုင်းပြန်ဖြစ်သွားကာ ရုပ်ရော၊နာမ်ပါ ပျက်စီးသွားပြီး ဇီဝိန်ချုပ်သွားတော့သည်။
"မြန်မြန်ဝါးမျို...."
တိတ်ဆိတ်ခြင်းအရှင်ကို လက်ဖဝါးနှစ်ချက်ဖြင့် အဆုံးသတ်ပေးပြီးနောက်တွင် ချီချင်းမော့က ချက်ချင်းပင် လင်းဇီချန်ကို တိုက်တွန်းလိုက်သည်။
သူမသည် ထိုနေရာတွင်ရှိသောသူများနှင့်မတူပေ။ လင်းဇီချန်၏အကျင့်စရိုက်ကိုယုံပြီး လင်းဇီချန်အားကောင်းလာလျှင် သူမကို ဝါးမျိုမည်ကို စိတ်မပူပေ။ မျက်နှာချင်းဆိုင်မှာ လင်းဇီချန်က စကားမပြောသော်လည်း စိတ်ထဲတွင် 'အရိုအသေပေးပါတယ် မွေးစားအမေ' ဟု စိတ်ကူးနေမိပြီး အမြန်ပင် တိတ်ဆိတ်ခြင်းအရှင်၏သွေးစများရှေ့သို့ ရောက်သွားပြီး ထိကာ ဝါးမျိုဟု တွေးလိုက်သည်။
(သင်သည် ပြင်းထန်ယင်ဓာတ်နမိတ်ဆိုးအသက်ဓာတ်များစွာကို ရရှိပြီး ပြင်းထန်ယင်ခန္ဓာကိုယ်ကို ရရှိပါသည်။)
(ပြင်းထန်ယင်ခန္ဓာကိုယ် - အမှောင်ထုပတ်ဝန်းကျင်များတွင် သင်၏စွမ်းအားသည် သိသိသာသာ တိုးတက်လာပါသည်။)
(သင်သည် ပြင်းထန်ယင်ဓာတ်နမိတ်ဆိုးထံမှ မူလအားများစွာကို ဝါးမျိုလိုက်နိုင်ပြီး ထိုမူလအားကို ချီသွေးနှင့်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲလိုက်နိုင်ပါသည်။ ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားနှစ်မျိုးလုံးသည် သိသိသာသာ တိုးမြင့်လာပါသည်။)
(သင်သည် သွေးမျိုးဆက်ဆိုင်ရာအဆင့်စွမ်းအားသည် ရှေးဘိုးဘေးစတုတ္ထအဆင့်မှ ရှေးဘိုးဘေးပဥ္ဇမအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားပါသည်။)
ထပ်မံ၍ ဆင့်ကဲပြောင်းလဲသွားပြန်ကာ ရှေးဘိုးဘေးပဥ္ဇမအဆင့်သို့ ရောက်သွားလေပြီ။
လင်းဇီချန်သည် စိတ်ထဲတွင် ဝမ်းသာနေမိသည်။ အချိန်တိုအတွင်းတွင်ပင် ရှေးဘိုးဘေးထိပ်ဆုံးအဆင့်ထိ တိုးမြင့်သွားသည်။ ဆန့်ကျင်ဘက်အနေဖြင့် အခြားသောရှေးဘိုးဘေးအဆင့်များသည် မျက်မှောင်ကြုတ်ကာ စိတ်မသက်မသာဖြစ်နေကြသည်။ ထပ်ပြီးဆင့်ကဲပြောင်းလဲသွားပြန်ပြီ။
အသက်နှစ်ဆယ်သာရှိသေးသောကမ္ဘာသားသည် ယခုတွင် ရှေးဘိုးဘေးပဥ္ဇအဆင့်သို့ ပြောင်းသွားလေပြီ။ ထိုတိုင်းသာထားလိုက်လျှင် အားလုံးထက် ကျော်လွန်သွားပေတော့မည်။ ထိုအချိန်တွင် အားကြီးသောသူများကမူ လင်းဇီချန်က မိမိတို့အတွက်ခြိမ်းခြောက်မှုကြီးကြီးမားမား ဖြစ်နေလေသည်။
ထိုသူများကြားတွင် အကြီးအကဲလီ၊ စီမာရွှမ်း၊ ရွှမ်ယွမ်ဝမ်ယွီသည် အကြည့်ချင်းဖလှယ်နေကြပြီး လင်းဇီချန်ကို တိုက်ရမည်လားကို စဉ်းစားနေကြလေ၏။ ယခုတွင်မူ သစ်သားနတ်ဘုရားအုပ်စုဘက်တွင် သစ်သားနတ်ဘုရားနှင့် သစ်ပင်အကြီးအကဲတို့သာ ကျန်ခဲ့ပြီး စိတ်ပူစရာမလိုတော့ပေ။ ယခုတွင် အကြီးမားဆုံးခြိမ်းခြောက်မှုက လင်းဇီချန်ဖြစ်နေပြီး မည်သည့်အရာကိုမဆို ဝါးမျိုသွားနိုင်သည်။
ထိုသုံးဦးစဉ်းစားနေသည်ကို သိသော ချီချင်းမော့က သတိပေးစကားဆိုလိုက်သည်။
"ငါတော့ အမြဲတမ်း သူ့ဘက်မှာပဲ ရပ်တည်မှာ။ မင်းတို့တွ သူ့ကို တိုက်ဖို့တွေးနေရင် ပြန်စဉ်းစားတာ ကောင်းလိမ့်မယ်။"
သူမသည် ထိုသုံးဦးထက် လင်းဇီချန်ကို ပို၍ယုံကြည်သည်။ သူမနှင့် ထိုသုံးဦးသည် ရှေးခေတ်ကာလတည်းက အသက်ရှင်လာကြသောကြောင့် ထိုသုံးဦးက မည်သို့အကျင့်ရှိသည်ကို ကောင်းကောင်းသိထားကြသည်။ ထိုခေတ်က ရှေးဘိုးဘေးအဆင့်ထိ တိုးတက်ပြောင်းလဲသွားသောသူများသည် တစ်ယောက်မှ သိမ်မွေ့သူမရှိဘဲ ရက်စက်ကြမ်းကြုတ်ကြသူများသာဖြစ်သည်။ ချီချင်းမော့အပါအဝင်ပင် ဖြစ်လေသည်။
သူသည် ရှေးဘိုးဘေးအဆင့်ထိ ဆင့်ကဲပြောင်းလဲနိုင်ရန်အတွက် သက်ရှိများစွာကို စတေးပစ်ခဲ့ပြီး လက်တွင်လည်း သွေးစွန်းခဲ့သည်။ မိမိခေတ်က ထိုသုံးဦးကလည်း အတူတူပင် ဖြစ်သည်။ ထို့ကြောင့် အကြီးအကဲလီ၊ စီမာရွှမ်းနှင့် ရွှမ်ယွမ်ဝမ်ယွီတို့နှင့်စာလျှင် လင်းဇီချန်ကို ပို၍ယုံသဖြင့် သူနှင့်အတူ ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်။ ချီချင်းမော့က လင်းဇီချန်ဘက်သို့ ပါသွားသည်ကို တွေ့ရသဖြင့် ရွှမ်ယွမ်ဝမ်ယွီနှင့်အခြားနှစ်ယောက်သည် အတော်လေးတွေဝေသွားရသည်။
မိမိတို့နားလည်ထားသောချီချင်းမော့သည် လင်းဇီချန်ကို ပထမဆုံးတိုက်မည့်သူမျိုးဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ ချီချင်းမော့ စမတိုက်ယုံသာမက ၎င်းဘက်တွင်ပါ ရပ်တည်ပေးလိုက်သေးသည်။ ထိုရွေးချယ်မှုက အမြဲတမ်းအေးစက်နေပြီး အကြင်နာကင်းမဲ့သောသူမ၏စရိုက်ဖြင့် နည်းနည်းလေးမှမအပ်စပ်ပေ။
ဖြစ်နိုင်သည်မှာ...ထိုနှစ်ယောက်က ပြောပြ၍မရသောပက်သက်ဆက်ဆံရေးမျိုး ရှိနေသည်များလား။
ရွှမ်ယွမ်ဝမ်ယွီတို့သည် ရုတ်တရက် ထိုသို့တွေးမိပြီး ချီချင်းမော့နှင့် လင်းဇီချန်တို့သည် ချစ်သူဆက်ဆံရေးမျိုးရှိမည်ဟု သံသယဝင်မိကြသည်။ ထိုသုံးဦးသည် အပြေးအလွှားတိုက်ရန် တွန့်ဆုတ်နေကြလေသည်။ မူလအား၏ဖိနှိပ်မှုအောက်တွင် မူလအားကို အခြေခံစွမ်းအားအဖြစ် သုံးရသော ၎င်းတို့ကဲ့သို့သူများသည် ကိုယ်ပိုင်စွမ်းအားက သိသိသာသာလျော့ကျလာနိုင်သည်။
ချီသွေးစွမ်းအားကို အခြေခံစွမ်းအားအဖြစ်သုံးသော ချီချင်းမော့ကဲ့သို့သူကမူ ထိုသို့စိုးရိမ်စရာမလိုပေ။ ထိုအခြေအနေတွင် အကြီးအကဲလီ၊ စီမာရွှမ်နှင့် ရွှမ်ယွမ်ဝမ်ယွီတို့ပေါင်းကာ ချီချင်းမော့ကို တိုက်လျှင်ပင် နိုင်နိုင်မည်မဟုတ်ပေ။ အခြေအနေက အတော်လေးတင်းမာလာပေသည်။
တစ်ချိန်လုံးတိတ်ဆိတ်နေသော ရေနတ်ဘုရားသည် အေးတိအေးစက်လေသံဖြင့် ပြောလာသည်။
"အခု ငါတို့ဦးစားပေးက သစ်သားနတ်ဘုရားနဲ့ သစ်ပင်အကြီးအကဲကို တိုက်ဖို့ပဲ။"
"သစ်သားနတ်ဘုရားကို တိုက်ပြီး သူ ဒြပ်စင်ငါးပါးပေါင်းစည်းမှာကို တားပြီး ကမ္ဘာကော မူလမြေကိုပါ ဖျက်ဆီးလို့မရအောင် လုပ်ရမယ်။"
"ဒီကိစ္စပြီးမှ ကျန်တာတွေကို ဖြေရှင်းမယ်။"
"...."
ရေနတ်ဘုရားက ထိုသို့ပြောလိုက်သည်နှင့် သစ်ပင်အကြီးအကဲ၏မျက်နှာက ဖျော့တော့သွားပြီး စိတ်ပျက်အားငယ်ခြင်းဖြင့် ပြည့်နှက်သွားသည်။ ဦးဆောင်သောသစ်သားနတ်ဘုရားကမူ တည်ငြိမ်နေဆဲဖြစ်ကာ စိတ်ခံစားချက်တစ်စက်မှ မပြပေ။
"ဝှစ်"
လေကိုခွင်းသောစူးရှသည့်အသံ ထွက်ပေါ်လာသည်။
ချီချင်းမော့၏ပုံရိပ်က ဖျက်ခနဲဆိုသလိုပင် အလင်းတန်းအဖြစ်ပြောင်းကာ သစ်ပင်အကြီးအကဲဆီသို့ ပြေးဝင်သွားသည်။ သစ်ပင်အကြီးအကဲသည် ထွက်ပြေးချင်သော်လည်း မူလအား၏ဖိနှိပ်ခြင်းကြောင့် အားနည်းနေပြီဖြစ်သဖြင့် သူနှ့င်ချီချင်းမော့ကြားတွင် စွမ်းအားကွာခြားချက်က ကြီးမားလှပြီး သူမ၏တိုက်ခိုက်မှုကို ခုခံရန်မှာ မဖြစ်နိုင်ပေ။ မကြာခင်တွင်ပင် ဘုန်းခနဲအသံကြီးကို ကြားလိုက်ကြရသည်။ သစ်ပင်အကြီးအကဲသည် မရှောင်နိုင်တော့သောကြောင့် ချီချင်းမော့လက်ချက်ဖြင့် သစ်သားအပိုင်းအစများစွာအဖြစ် တစ်စစီလွင့်စင်သွားပြီး အသက်ဓာတ်သည်လည်း ချက်ချင်းလျော့ပါးလာကာ နေရာတွင်ပင် ကျသွားလေတော့သည်။ တစ်ဆက်တည်းပင် ကောင်းကင်သည် ထူးဆန်းသောဖြစ်စဉ်များဖြင့် ပြည့်နှက်သွားပြီး သစ်သားအားလုံး ညှိုးနွမ်းခြောက်သွေ့သွားလေသည်။