ကမ္ဘာသခင်ကျရှုံးခြင်း (၂)
Vol. 38 Ch. 564
ပုရွက်ဆိတ်တစ်ကောင်သည် အချိန်တိုအတွင်းတွင် ဆင်ကိုယှဉ်နိုင်သည့် ကြီးမားလှသည့်အရာအဖြစ်သို့ ပြောင်းလဲရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ပုရွက်ဆိတ်ကို ဆင်ကို မြန်မြန်အနိုင်တိုက်ချင်ပါလျှင် တစ်ခုတည်းသောရွေးချယ်စရာမှာ နောက်ထပ်ဆင်တစ်ကောင်ကိုရှာကာ အကူအညီတောင်းရန်ပင် ဖြစ်သည်။ ထိုအချိန်တွင် ချီချင်းမော့က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"ရေနတ်ဘုရားက အပြည့်အဝပြန်ကောင်းသွားတယ်ဆိုရင်တောင်မှ သူက ဒီအခြေအနေမျိုးမှာ အရေးသာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။"
ရေနတ်ဘုရား ပြန်ကောင်းသွား၍ မိမိတို့နှင့်ပေါင်းကာ တိုက်မည်ဆိုလျှင်ပင် ဒြပ်စင်လေးပါး ပေါင်းစပ်ထားသော သစ်သားနတ်ဘုရားကို တိုက်ရန်မှာ မဖြစ်နိုင်ပေ။ သစ်သားနတ်ဘုရားမှထုတ်လွှတ်လိုက်သောဖိအားကမူ ရေနတ်ဘုရားထုတ်လွှတ်သောအားထက် သာလွန်နေသည်။ သစ်သားနတ်ဘုရား၏အင်အားသည် ရေနတ်ဘုရားအထက်တွင် ရှိ၏။ ထိုမျှကြီးမားသောအင်အားကွာခြားချက်ဖြင့်ဆိုလျှင် ရေနတ်ဘုရားကိုနှိုးခြင်းကလည်း အရေးမပါလှပေ။
"ကောင်းကင်လူသားသခင် အဲ့လိုဆို လက်ရှိအခြေအနေကို ဘယ်လိုလုပ်ကြမလဲ။"
ရှန်ချင်းဟန်က စိုးရိမ်သောအမူအရာဖြင့် မေးလိုက်သည်။
ဒဏ္ဍာရီအဆင့်တစ်ယောက်အနေဖြင့် သစ်သားနတ်ဘုရားကဲ့သို့ အားကြီးသူတစ်ဦးကို ရင်မဆိုင်နိုင်ပေ။ အစက ရေနတ်ဘုရားပြန်ကောင်းသွားလျှင် အခြားသူများဖြင့်ပူးပေါင်း၍ သစ်သားနတ်ဘုရားကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။ ချီချင်းမော့ပြောသည်ကို ကြားလိုက်သောအခါတွင်မူ ရုတ်တရက်ပင် စိတ်ပျက်အားငယ်မိသွားသည်။
"အချိန်တိုအတွင်းမှာ သစ်သားနတ်ဘုရားကို ရင်ဆိုင်ရမယ်ဆိုရင် အဲ့လူက ဇီချန်ပဲဖြစ်မယ်လို့ ထင်တယ်။"
ထိုစကားကိုကြားသောအခါတွင် ရှန်ချင်းဟန်နှင့် ရွှမ်ယွမ်ဝမ်ယွီတို့နှစ်ယောက်လုံး လင်းဇီချန်ကို လှည့်ကြည့်လိုက်ကြသည်။
လင်းဇီချန်ကမူ ထိုနှစ်ယောက်ကို မကြည့်ဘဲ ထို့အစား ချီချင်းမော့ကိုကြည့်၍သာ မေးလိုက်သည်။
"ကောင်းကင်လူသားသခင်က ဘာကို အကြံပြုချင်တာလဲ။"
မေးရင်းဖြင့် ပြောမည့်အကြောင်းကိုလည်း ခန့်မှန်းပြီးသား ဖြစ်သည်။
ချီချင်းမော့ပြောသောအကြောင်းအရာများက မိမိ၏ဆင့်ကဲပြောင်းလဲနိုင်စွမ်းကို ဆိုလိုနေခြင်းပင် ဖြစ်သည်။ သေချာပေသည်။ ချီချင်းမော့ကလည်း မိမိခန့်မှန်းထားသည့်အတိုင်း ပြောလာသည်။
"ဇီချန် မင်းရဲ့ဝါးမျိုနိုင်တဲ့စွမ်းအားနဲ့ဆိုရင် မူလမြေက သခင်အဆင့်အထက်သက်ရှိအားလုံးကို ဝါးမျိုပြီး သစ်သားနတ်ဘုရားထက်မနည်းတဲ့အဆင့်ကို ဆင့်ကဲပြောင်းလဲနိုင်တာပဲ။"
ထိုစကားကို ကြားသောအခါတွင် ရွှမ်ယွမ်ဝမ်ယွီ၏အမူအရာက အနည်းငယ်မျှပြောင်းသွားသည်။
ရွှမ်ယွမ်ဝမ်ယွီကသာ ထိုသို့လုပ်ပါလျှင် နောက်ပိုင်းတွင် သူမတို့ကဲ့သို့သော ရှေးဘိုးဘေးအဆင့်များကိုပါ ဝါးမျိုနိုင်မည်ဖြစ်သည်။
တစ်ဖက်တွင်မူ လင်းဇီချန်က ရွှမ်ယွမ်ဝမ်ယွီ၏မသက်မသာဖြစ်မှုကိုခံစားမိသည်။ သို့သော်လည်း ဘာမှမပြောပေ။ ချီချင်းမော့စဉ်းစားထားသောနည်းလမ်းက အတော်လေးကြောင်းကျိုးဆီလျော်ပြီး လိုအပ်လျှင် တွန့်ဆုတ်ခြင်းမရှိ လုပ်နိုင်ပေသည်။ နောက်ထပ်ကိစ္စတစ်ခုမှာ ရွှမ်ယွမ်ဝမ်ယွီသည် အကြီးအကဲလီနှင့် စစ်မာရွှမ်းတို့ တိုက်ခိုက်ခံရစဉ်က မျက်မြင်ကိုယ်တွေ့တွေ့ဖူးထားသည်။
အခြားသူများတိုက်ခိုက်ခံရစဉ်က ရပ်ကြည့်နေခဲ့သော်လည်း မိမိအလှည့်ရောက်သောအခါတွင် တွန့်ဆုတ်နေမည်မဟုတ်ပေ။
"ဝှစ်"
"ဝှစ်"
"ဝှစ်"
ရုတ်တရက်ဆိုသလိုပင် လေကိုခွင်းသောအသံများကို ကြားလိုက်ရသည်။ အနီးအနားလေဟာနယ်က အက်ကွဲလာပြီး ကြောက်စရာကောင်းသောပက်ကြားအက်များ ပေါ်လာသည်။ ထိုပက်ကြားအက်များ ပေါ်လာသည်နှင့်မရေမတွက်နိုင်နွယ်ပင်များစွာပြေးထွက်လာသည်။
လင်းဇီချန်နှင့် ချီချင်းမော့တို့ တုံ့ပြန်မှုက မြန်လွန်းလှသည်။ ချက်ချင်းပင် ထွက်ပြေးသွားကြပြီး အလင်းအဖြစ် ပျောက်ကွယ်သွားကြသည်။ ရှန်ချင်းဟန်ကိုသယ်၍ ပြေးနေရသော လင်းဇီချန်သည် ချီချင်းမော့ထက်ပင် မြန်နေသေးသည်။ အားနည်းသော ရွှမ်ယွမ်ဝမ်ယွီကမူ ချက်ချင်းဆိုသလိုပင် သူမ၏ခန္ဓာကိုယ်ကို နွယ်ပင်များဖြင့် ရစ်ပတ်ထားခြင်းခံလိုက်ရပြီး နေရာတွင်ပင် မလှုပ်မယှက်ကျန်နေခဲ့ရှာသည်။ လျင်မြန်စွာဖြင့်ပင် အရောင်စုံနွယ်ပင်များက ရစ်ပတ်ရင်းဖြင့် ပုံတစ်ခုပေါ်လာသည်။ ထိုသူမှာ သစ်သားနတ်ဘုရားပင်ဖြစ်သည်။
"ပြေးတာ အတော်လေးမြန်တာပဲ။"
သစ်သားနတ်ဘုရားက မိမိရှေ့မှ ရွှမ်ယွမ်ဝမ်ယွီကို အာရုံမစိုက်ဘဲ ချီချင်းမော့တို့ထွက်ပြေးသွားရာကို ကြည့်ပြီး ပြောလိုက်မိသည်။
ရွှမ်ယွမ်ဝမ်ယွီသည် မိမိရှေ့၌ သစ်သားနတ်ဘုရားကို မြင်လိုက်ရသောအခါတွင် မျက်နှာက ဖျော့တော့သွားပြီး အကြောက်တရားဖြင့် ပြည့်နှက်သွားသည်။ အကြောက်တရားက သူမကို ကြီးစိုးသွားပြီး နှလုံးခုန်မြန်လာကာ တွန့်ဆုတ်ခြင်းမရှိဘဲဖြင့်ပင် ပြောလိုက်သည်။
"သစ်သားနတ်ဘုရားအရှင် ရှင့်ကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်။"
မရေမတွက်နိုင်သောခက်ခဲမှုများကို ကျော်လွန်းပြီးနောက်တွင်မှ ရှေးဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ကာ အဓိပ္ပာယ်မဲ့မသေလိုပေ။ အသက်မရှင်ခြင်းက နှိမ့်ချ၍ရှင်သန်ရခြင်းက ပိုသာသေးသည်။ ကမ္ဘာနှင့်မူလမြေကြားက အရေးကြီးကိစ္စသည် မိမိအသက်နှင့်နှိုင်းစာလျှင် အသေးအဖွဲကိစ္စသာ ဖြစ်၏။ ရှေးဘိုးဘေးတစ်ယောက်သည် အသက်ရှင်ရန်အတွက် နေရာမလိုပေ။ မည်သည့်ပတ်ဝန်းကျင်တွင်မဆို အသက်ရှင်နိုင်ပြီး တစ်နေရာတည်းတွင် နေရန်မလိုအပ်ပေ။ သူမအသက်ကိုသာ ခြိမ်းခြောက်ခံလာရပါလျှင် ကမ္ဘာဖြစ်ဖြစ် မူလမြေဖြစ်ဖြစ် ဖျက်ဆီးခံရခြင်းကလည်း အရေးမကြီးတော့ပေ။
"ငါ့ကို သစ္စာခံချင်တာလား။"
သစ်သားနတ်ဘုရားက သူ့ရှေ့မှ ရွှမ်ယွမ်ဝမ်ယွီကို ကြည့်ကာ လှောင်ရယ်သောလေသံဖြင့် ပြောလိုက်သည်။ အရာအားလုံးကိုထိန်းချုပ်နိုင်ရန်အတွက် မိမိလက်အောက်တွင် အခြားသက်ရှိကို ထားရန် မလိုအပ်ပေ။ ထို့ကြောင့် နောက်လိုက်ချင်သူတစ်ယောက်ဖြင့်တွေ့သော်လည်း မနှစ်မျို့မှုကို တိုက်ရိုက်ပင် ပြသလိုက်သည်။
"သစ်သားနတ်ဘုရားသခင် ကျွန်မအသက်ရှင်နိုင်တာနဲ့ ရှင်ဆန္ဒရှိတာ ဘာမဆိုလုပ်ပေးပါ့မယ်။ ရှင့်ရဲ့သစ္စာအရှိဆုံးသူဖြစ်ပေးပါ့မယ်။"
သူမသည် အသက်ရှင်နိုင်ရန်အတွက် ရှိသမျှသိက္ခာကို နှိမ့်ချပြီး အသနားခံနေရသည်။ သစ်သားနတ်ဘုရားကသာ မဟာမိတ်ဖွဲ့သည်ကို လက်ခံလျှင် အသက်ရှင်နိုင်မည်ဟု တွေးထားသည်။
"မင်းအညံ့ခံတာက နောက်ကျသွားပြီ။ မင်းရဲ့မဟာမိတ်ဖွဲ့တာက ငါ့အတွက် ဝန်ထုပ်ဝန်ပိုးပဲဖြစ်စေတယ်။"
ထိုစကားကို ပြောပြီးသည်နှင့် သစ်သားနတ်ဘုရားသည် ရွှမ်ယွမ်ဝမ်ယွီကိုပတ်ထားသောနွယ်ပင်များကို ချက်ချင်းပင် တင်းပစ်လိုက်သည်။ အသက်ရှင်ရန် အသနားခံနေသောသူမသည် နာကျင်မှုကိုခံစားချိန်ပင်မရလိုက်ဘဲ သွေးစများအဖြစ် ပေါက်ကွဲထွက်သွားရသည်။ ထို့နောက်တွင် အနီရောင်နွယ်ပင်တစ်ခုက ဘေးမှ ရောက်လာပြီး အမြန်ဆုံးနှုန်းဖြင့ သွေးစများရှိရာသို့ ရောက်သွားကာ ထိုသွေးစများသည် ချက်ချင်းပင် အငွေ့ပျံပျောက်ကွယ်သွားလေသည်။ သွေးစများ အငွေ့ပျံသွားသည်နှင့် ရွှမ်ယွမ်ဝမ်ယွီဟုသော ရှေးဘိုးဘေးအဆင့်သက်ရှိကလည်း ဘာမှမဟုတ်သည့်အတိုင်း ပျောက်ကွယ်သွားရတော့သည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခွင်၌ ထူးဆန်းသောမြင်ကွင်းများ ပေါ်လာသည်။ သစ်သားနတ်ဘုရားကမူ တစ်ချက်ပင် လှည့်မကြည့်ဘဲ နွယ်ပင်များအဖြစ် အသွင်ပြောင်း၍ လေထုထဲ၌ အက်ကြောင်းများပေါ်လာကာ ထိုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။