← Chapters

ရေနတ်ဘုရားပြန်လည်သက်ဝင်လာခြင်း (၂)

Vol. 38 Ch. 566

ရေနတ်ဘုရားပြန်လည်သက်ဝင်လာခြင်း (၂)

Vol. 38 Ch. 566

ကံမကောင်းစွာဖြင့် မီတာတစ်ရာအထိ မပျံရသေးခင်တွင်နွယ်ပင်များဖြင့် ပြန်လည်ဝန်းရံခံလိုက်ရကာ ချက်ချင်းပင် ပို၍ကြီးမားသောပိုးကောင်အိမ်ထဲတွင် ပိတ်မိသွားသည်။

"ဘုန်း"

နောက်ထပ်ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

ပတ်ရန်ပြင်နေသောနွယ်ပင်များသည် ကောင်းကင်ထက်တွင် သစ်သားအပိုင်းအစများအဖြစ် လွင့်စင်သွားပြန်သည်။ နောက်တွင် ချီသွေးစွမ်းအားအပြည့်ဖြစ်နေသောလင်းဇီချန်က ထပ်မံ၍ ပြေးထွက်သွားပြန်သည်။

"ဝှစ် ဝှစ် ဝှစ်"

လေကိုခွင်းသွားသောအသံက တစ်နေရာရာမှ ထွက်ပေါ်လာသည်။ လင်းဇီချန်က ချက်ချင်းပင် ပြေးထွက်သွားသော်လည်း နွယ်ပင်များဖြင့်သာ ထပ်၍ပတ်ခံနေရသည်။ ယခုတစ်ခေါက်တွင်မူ အားကုန်လုနီးပါးဖြစ်နေသောကြောင့် သစ်သားနတ်ဘုရား၏နွယ်ပင်များကို မချိုးဖျက်နိုင်တော့ဘဲ ရှန်ချင်းဟန်ကို မကယ်နိုင်ဖြစ်နေရှာသည်။ သူသည် မှောင်မိုက်သောပိုးကောင်အိမ်ထဲတွင် ပိတ်မိနေပြီး အဆုံးအစမဲ့အမှောင်ထုကသာ ဝါးမျိုသွားလေသည်။

အကူအညီမဲ့သည်ဟု ခံစားနေရစဉ်တွင်ပင်

"ဘုန်း"

မိုးခြိမ်းသံတမျှကျယ်လောင်လှသောအသံကျယ်ကြီးကို ကြားလိုက်ရသည်။ ထို့နောက်တွင် မိမိကိုပတ်ထားသော နွယ်ပင်များက လျင်မြန်စွာပြေလျော့သွားသည်။ စက္ကန့်ပိုင်းအတွင်းပင် နွယ်ပင်များသည် ညှိုးခြော်ကသွားပြီး ထိလိုက်လျှင်ဖုံမှုန့်ဖြစ်သွားသည်။

ရေနတ်ဘုရား ပြန်လည်အသက်ဝင်လာလေပြီ။

လင်းဇီချန်က ချက်ချင်းပင် သိလိုက်သ်ည။ မိမိဘာသာ နွယ်ပင်များမှ လွတ်အောင်လုပ်ပြီးနောက်တွင် ထိုထဲမှထွက်လာကာ အပြာရောင်ဆံပင်များက လေတွင်လွင့်မျောနေသောမိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးမှာ ရှန်ချင်းဟန်ပင် ဖြစ်လေသည်။

တိကျစွာဆိုရလျှင် ရေနတ်ဘုရား၏အသိစိတ်ရှိနေသောရှန်ချင်းဟန်၏ခန္ဓာကိုယ်ပင် ဖြစ်လေသည်။ လင်းဇီချန်က ရေနတ်ဘုရားခန္ဓာကိုယ်မှထုတ်လွှတ်သောဖိအားကို အာရုံခံမိသည်နှင့် ယခင်ကထက် အဆပေါင်းများစွာ အားကောင်းလာသည်ကို သိလိုက်သည်။ ရေနတ်ဘုရားက အပြည့်အဝအသက်ဝင်လာပြီး ထိပ်ဆုံးအခြေအနေသို့ ရောက်သွားချေပြီ။ ထိုမြင်ကွင်းကြောင့် အနည်းငယ်မျှ စိတ်လှုပ်ရှားသွားပြီး သစ်သားနတ်ဘုရားကို ရင်ဆိုင်ရန် မျှော်လင့်ချက်ရှိလာလေပြီ။

တစ်ဖက်တွင်မူ ချီချင်းမော့ကလည်း သူမကို ချုပ်နှောင်ထားသည်မှ ရုန်းထွက်ပြီး လင်းဇီချန်‌ဘေးသို့ ရောက်လာသည်။ ရေနတ်ဘုရားက အနည်းငယ်မျှအားကောင်းလာသည်ကို သိလိုက်ရသဖြင့် လင်းဇီချန်ကဲ့သို့ပင် စိတ်လှုပ်ရှားမိပေသည်။ ဒြပ်စင်လေးပါးပေါင်းစပ်ထားသော သစ်သားနတ်ဘုရားက အားကောင်းသော်လည်း ရေနတ်ဘုရား၏ထိပ်ဆုံးအခြေအနေနှင့်အတူ မိမိတို့နှစ်ဦး၏အကူအညီဖြင့်ဆိုလျှင် မနိုင်သည်မှာ မဖြစ်နိုင်ပေ။

"ဘုန်း"

ကြောက်စရာကောင်းသောပေါက်ကွဲသံကြီးက ကြိုတင်အသိပေးခြင်းမရှိ ထွက်ပေါ်လာသည်။ ရေနတ်ဘုရားကို ဗဟိုပြု၍ မြေအောက်ရေများက ထွက်လာပြီး ကောင်းကင်၌ နဂါးနှင့်ဖီးနစ်ငှက်ကြီးတို့ဖြစ်သွားကာ သစ်သားနတ်ဘုရားရှိရာသို့ ပြေးသွားကြလေသည်။ နဂါးနှင့်ဖီးနစ်တို့က အနားမှဖြတ်သွားသည်နှင့် လေဟာနယ်ကကွဲအက်ကာ ကမ္ဘာမြေကတုန်ခါသွားပြီး အဆုံးသတ်သို့ ဦးတည်သွားသည့်နှယ်ပင်ဖြစ်ပြီး ကြောက်စရာကောင်းလှသောအားကို အထင်းသားမြင်နေရသည်။ လင်းဇီချန်နှင့်ချီချင်းမော့တို့လည်း ရပ်ကြည့်မနေနိုင်သောကြောင့် ဝိညာဉ်စွမ်းအားနှင့် ချီသွေးစွမ်းအားကို အပြည့်အဝထုတ်ကာ အားအကောင်းဆုံးပုံစံဖြင့် တိုက်ခိုက်ကြလေတော့သည်။

ချက်ချင်းဆိုသလိုပင် သုံးယောက်တစ်ယောက်တိုက်ပွဲက ဖြစ်ပွားတော့သည်။ ရေနတ်ဘုရားသည် မြေအောက်မှ ရေအောက်ရေများစွာကို အဆက်မပြတ်ထုတ်ပြီး သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင်ဖန်တီးကာ တိုက်ခိုက်သည်။ တစ်ချိန်တည်းတွင်ပင် သစ်သားနတ်ဘုရားကလည်း ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်၍ နွယ်ပင်အားလုံးကိုထုတ်၍တိုက်ခိုက်နေသည်။ ရေနတ်ဘုရားက ဝိညာဉ်စွမ်းအားဖြင့် ထိုနွယ်ပင်များထဲတွင်ရှိသောအစိုဓာတ်ကိုခမ်းခြောက်သွားအောင် လုပ်ပစ်သည်။

ထိုစဉ်တွင် လင်းဇီချန်နှင့် ချီချင်းမော့က စွမ်းအားများအဆက်မပြတ်ထုတ်၍ တိုက်ခိုက်နေပြီး နွယ်ပင်အားလုံးကို ဘာမှမရှိတော့သည်အထိ တိုက်ခိုက်နေသည်။

သုံးယောက်တစ်ယောက်တိုက်ပွဲဖြစ်နေသဖြင့် သစ်သားနတ်ဘုရားသည် တုံ့ပြန်ခြင်းမပြဘဲ တိတ်ဆိတ်စွာဖြင့်သာ နွယ်ပင်များကို ထုတ်နေသည်။ ရေနတ်ဘုရား၊ လင်းဇီချန်နှင့်ချီချင်းမော့ပင်ဖြစ်စေ စွမ်းအားက အကန့်အသတ်ရှိသည်ကို သိထားကာ ကြာကြာခုခံနိုင်မည်မဟုတ်ပေ။ သစ်သားနတ်ဘုရားအနေဖြင့် သူသည် ထာဝရအသက်ကိုပိုင်ဆိုင်ထားပြီး အမြန်ပင် အားပြန်ပြည့်နိုင်သည်။ ရန်သူ၏တိုက်ခိုက်မှုများက အတိုင်းအတာမကျော်လျှင် စွမ်းအားက ကုန်မည်မဟုတ်ဘဲ ရေရှည်တိုက်ပွဲကိုမကြောက်ပေ။

လက်ရှိပြိုင်ဘက်များဖြစ်သည့် ရေနတ်ဘုရား၊ လင်းဇီချန်နှင့်ချီချင်းမော့တို့သည် စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်ကြလျှင်ပင် သေစေနိုင်သောဒဏ်ရာများကို မရှောင်တိမ်းနိုင်ပေ။ မည်မျှပင် သုံးဦးပေါင်းတိုက်သည်က ပြင်းထန်သော်လည်း ကြောက်စရာကောင်းလှသောဒဏ်ရာများက ခန္ဓာကိုယ်ပေါ်တွင် ကျန်ခဲ့ပြီး သစ်သားနတ်ဘုရားကမူ ချက်ချင်းပင် ထာဝရအသက်ကျေးဇူးဖြင့် ချက်ချင်းပြန်လည်ကောင်းသွားသည်။

အခြေအနေမဟန်တော့ပေ။

ထိုသို့ဆက်တိုက်နေ၍ မဖြစ်ပေ။

သစ်သားနတ်ဘုရား၏ပြန်လည်ကုစားနိုင်စွမ်းက အားကောင်းလှသည်။ သစ်သားနတ်ဘုရားကို တိုက်ခိုက်နေသည်က သက်ရောက်မှုမရှိသည်ကို သိသောအခါတွင် လင်းဇီချန်က မျက်မှောင်ကြုတ်လိုက်မိကာ စိတ်သည် အသူရာချောက်နက်ထဲတွင် နစ်မြုပ်သွားသည်။ သူသည် ရေနတ်ဘုရား၏ပြန်လည်အသက်ဝင်လာခြင်းအပေါ်တွင် မျှော်လင့်ချက်ထားခဲ့သည်။ သို့သော် ယခုတွင်မူ မိမိ၏အတွေးသက်သက်သာ ဖြစ်ပေသည်။

ရေနတ်ဘုရား၏စွမ်းအားက အားကောင်းလွန်းသော်လည်း ဒြပ်စင်လေးပါးပေါင်းစပ်ထားသော သစ်သားနတ်ဘုရားရှေ့တွင်မူ သူမသည် ထိုခံစစ်ကို ထိုးဖောက်နိုင်သောအရည်အချင်းမျိုး မရှိပေ။ ရေဖြင့်ဖန်တီးထားသော ရှေးဟောင်းသားရဲများက ကြီးမားလှသော်လည်း သစ်သားနတ်ဘုရားရှေ့တွင်မူ ဘာမှမဟုတ်သည့်ငှက်လေးများသာသာ သာဖြစ်သည်။ သစ်သားနတ်ဘုရားကို ၎င်းတို့တိုက်ခိုက်နေသည်များ ကပ်ဆိုးကျသည်နှင့်တူသော်လည်း အမှန်တွင် အနည်းငယ်မျှပင် ဂယက်မထစေနိုင်ပေ။ လင်းဇီချန်သာမက ချီချင်းမာ့နှင့် ရေနတ်ဘုရားကလည်း သဘောပေါက်ပေသည်။

ချီချင်းမော့က အမူအရာပျက်သွားစဉ်တွင်ပင် ရေနတ်ဘုရား၏မျက်နှာကမူ တည်ငြိမ်နေဆဲဖြစ်သည်။ ရေနတ်ဘုရားသည် အမူအရာကင်းမဲ့နေသည်ကို မြင်ရသဖြင့် လင်းဇီချန်တစ်ယောက် အနည်းငယ်မျှ စိတ်အေးသွားရသည်။ ထိုသို့အခြေအနေမျိုးတွင်ပင် ‌ရေနတ်ဘုရားက မတုန်မလှုပ်အနေအထားဖြင့်ဖြစ်သောကြောင့် သူမတွင် ဝှက်ဖဲတစ်ခုခုရှိရပေမည်။ အဓိပ္ပာယ်ရှိပေသည်။ ရေနတ်ဘုရားသည်လည်း သစ်သားနတ်ဘုရားကဲ့သို့ပင် ဒြပ်စင်ငါးပါးနတ်ဘုရားများထဲမှတစ်ပါးဖြစ်သည်။ သူမတွင်သာ ဝှက်ဖဲမရှိပါလျှင် ထိုမျှထိတည်ငြိမ်နေလိမ့်မည်မဟုတ်ပေ။ သူမသည် အခြေအနေကိုပြောင်းပစ်ရန် နည်းလမ်းရှိသောကြောင့်သာ ဖြစ်ပေမည်။ လင်းဇီချန်က ထိုသို့တွေးနေစည်တွင်ပင်

"ဝှစ်"

‌

မလှမ်းမကမ်းတွင်ရှိသောရေနတ်ဘုရားသည် ရုတ်တရက်ပင် ရှောင်ချိန်မရလိုက်ဘဲ သူမ၏ရင်ဘတ်ကို အညိုရောင်နွယ်ပင်က ထိမှန်သွားသည်။ ထိုနွယ်ပင် ထိမှန်သွားသည်နှင့် ခန္ဓာကိုယ်က ချက်ချင်းတောင့်တင်းသွားပြီး လှုပ်ပင်မလှုပ်နိုင်တော့ပေ။ ထို့နောက်တွင်မူ-

"ဝှစ် ဝှစ် ဝှစ်"

အညိုရောင်နွယ်ပင်များစွာက သူမ၏ခြေလက်များကိုပါ မှန်သွားသည်။

"ဝှစ်"

အစိမ်းရောင်နွယ်ပင်တစ်ခုသည် ရေနတ်ဘုရား၏ကောင်းကင်တံခါးဝကို မှန်သွားပြီး အသိစိတ်ပင်လယ်ကိုထိသွားလေသည်။ တိတိကျကျဆိုရလျှင် ရှန်ချင်းဟန်၏အသိစိတ်ပင်လယ်ကို ထိုးဖောက်သွားပြီး သူမ၏အတွင်းစိတ်ထဲ၌ရှိသော ‌ရေနတ်ဘုရား၏စိတ်ဆန္ဒကိုပင် ဖြစ်၏။

လင်းဇီချန်နှင့်ချီချင်းမော့တို့၏အကြည့်အောက်တွင်ပင် ရုတ်ချည်းဆိုသလိုပင် ရှန်ချင်းဟန်၏အသိစိတ်ပင်လယ်ထဲမှ အပြာရောင်ပုံရိပ်တစ်ခုထွက်လာသည်။ အမျိုးသမီးပုံရိပ်ပင်ဖြစ်သည်။ ထိုအမျိုးသမီးသည် လင်းဇီချန်အပျက်အစီးများကြားတွင်မြင်ခဲ့ဖူးသောမိန်းမနှင့်တူပေသည်။ အမှန်တွင် ပင်လယ်အခွံထဲတွင်လှဲလျောင်းပြီး များစွာသောသက်ရှိတို့ဒူးထောက်အရိုအသေပေးနေရသောသူသည် ရေနတ်ဘုရားပင် ဖြစ်လေသည်။

ရေနတ်ဘုရား၏စိတ်ဆန္ဒက အသိစိတ်ပင်လယ်ထဲမှ ထွက်သွားသည်နှင့် ရှန်ချင်းဟန်သည်လည်း သစ်သားနတ်ဘုရားကို မခုခံနိုင်တော့ပေ။ ရှန်ချင်းဟန်ကိုပတ်ထားသော နွယ်ပင်များက နွမ်းခြောက်သွားလေသည်။

ထိုနွယ်ပင်များက လွှတ်ပေးလိုက်သည်နှင့် ရှန်ချင်းဟန်သည်လည်း ကောင်းကင်မှပြုတ်ကျလာသည်။ ပြုတ်ကျလာသည့်အရှိန်က မြန်သည်။ သူမ၏ဝိညာဉ်သည် ရေနတ်ဘုရားဆုတ်ခွာသွားသည့်အတွက် ဒဏ်ရာရထားသဖြင့် သတိလစ်နေကာ သူမဘာသာပင် မကယ်တင်နိုင်တော့ပေ။

"ဝှစ်"

ရုတ်တရက်ပင်စူးရှသောအသံတစ်သံကို ကြားလိုက်ရသည်။

လင်းဇီချန်က အလင်းတန်းအသွင်ပြောင်းပြီး ပြုတ်ကျလာသောရှန်ချင်းဟန်ကို အချိန်မီဖမ်းလိုက်နိုင်ကာ ရင်ခွင်ထဲတွင် ပွေ့ချီလိုက်သည်။ ရှန်ချင်းဟန်၏ခန္ဓာကိုယ်ကို ကြည့်ကြည့်လိုက်ပြီး ခြေလက်၊ ရင်ဘတ်နှင့်နဖူးတို့က သွေးထွက်နေသည့်အပေါက်များဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါတွင် မိမိကိုပင် နာကျင်သွားစေမိသည်။ ကံကောင်းစွာဖြင့် ထိုအပေါက်များက မျက်စိဖြင့်မြင်နိုင်သောနှုန်းဖြင့် ပြန်ကောင်းသွားပြီး မကြာခင်ပင် အကောင်းအတိုင်းပြန်ဖြစ်သွားသည်။ တစ်ခုတည်းသောစိတ်ပူရသည်မှာ ရှန်ချင်းဟန်၏ဝိညာဉ်က ဒဏ်ရာရသွားသောကြောင့် သတိလစ်နေခြင်းပင်ဖြစ်သည်။ အပြင်ပိုင်းမဟုတ်ဘဲ ဝိညာဉ်ဒဏ်ရာရသွားလျှင် ပြန်လည်ကုစားခြင်းလောက်ဖြင့် မရနိုင်ပေ။

All Chapters