စစ်ဝံပုလွေဂိုဏ်းသည် မည်သို့သော ကျေးဇူးအကြွေးမျိုး တင်ထားရခြင်းဖြစ်သနည်း
Vol. 84 Ch. 1246
ချူးယွင်ဖန်းသည် အနည်းငယ်မျှ စိတ်မပူသော်လည်း သခင်မကြီးကမူ စိုးရိမ်စပြုလာခဲ့သည်။ သူမ၏ အသိဉာဏ်အရ နောက်ပိုင်းတွင် ဆက်တိုက်ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်မှုများကို ခန့်မှန်းရန် မခက်ခဲလှပေ။ ၎င်းတို့၏မြို့ဝန်အိမ်တော်လျှင်ပင် ချူးယွင်ဖန်းကို အကာအကွယ်ပေးနိုင်မည် မဟုတ်ပေ။ ကျွမ်းကျင်သူအချို့သည် အသက်ရှည်ဆေးအတွက် မည်သည့်အပြုအမူမျိုးကိုမဆို ပြုလုပ်ကြပေလိမ့်မည်။ လုံလောက်သော ခွန်အားမျိုးမရှိပါက၊ ဤကဲ့သို့သော ချမ်းသာကြွယ်ဝမှုများကို လူတိုင်း တပ်မက်လာပေလိမ့်မည်။ ဤသည်မှာ ရွှေခွက်ကိုင်ထားသော ကလေးတစ်ယောက်သည် လမ်းမပေါ်တွင် ရပ်နေခြင်းနှင့် ထူးမခြားနားပေ။
သူမသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ချူးယွင်ဖန်းသည် သားသမီးတို့၏ ဝတ်တရားကျေပွန်သူဖြစ်သော်လည်း သူသည် စိတ်မြန်လွန်းလှသည်။ အကယ်၍ ချူးယွင်ဖန်းသည် ဤဆေးတစ်လုံးကိုသာ ထုတ်ပြခဲ့ပါက၊ သူမသည် ထိုဆေးလုံးကို သောက်သုံးလိုက်ရုံဖြင့် အားလုံးပြီးဆုံးသွားမည်ဖြစ်သည်။ ချူးယွင်ဖန်းတွင် အသက်ရှည်ဆေးများ ကျန်ရှိနေသေးသည်ဟု သံသယရှိကြလျှင်ပင် ၎င်းတို့သည် အကိုင်အမာ သိကြမည်မဟုတ်ပေ။
သို့သော် ချူးယွင်ဖန်းသည် တစ်ကြိမ်တည်းတွင် ဆေးငါးလုံးကို ထုတ်ပြလိုက်သောကြောင့် အခြေအနေများ လုံးလုံးလျားလျား ကွဲပြားသွားလေသည်။ သူ့တွင် အသက်ရှည်ဆေးများ ကျန်ရစ်နိုင်ခြေသည် ပို၍ များပေလိမ့်မည်။ အခြားလူများမဆိုနှင့် သူမလျှင်ပင် ထိုသို့ တွေးနေမိသည်။ ဤသို့သော အခြေအနေမျိုးတွင် တချို့လူများသည် မည်သည့်အပြုအမူကိုမဆို လုပ်နိုင်စွမ်းရှိကြသည်။ ဤနေရာတွင် လူအရေအတွက်များပြားလွန်းလှသဖြင့် ထိုသတင်းကို တားဆီးချင်လျှင်ပင် နောက်ကျနေပြီဖြစ်သည်။
စီတုမြောင်ယီသည် ဘေးဘက်မှ ချူးယွင်ဖန်းကို လှမ်းကြည့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများသည် မယုံကြည်နိုင်ဖြစ်နေသော အရိပ်အမြွက်များဖြင့် တောက်ပနေသည်။ အသက်ရှည်ဆေးသည် မည်မျှ အဖိုးတန်သည်ကို သူမ နားလည်သည်။ ချူးယွင်ဖန်းသည် ထိုသို့သော ဆေးမျိုးကို ထုတ်ယူနိုင်ခဲ့သည့်အတွက်ကြောင့် သူမ မယုံကြည်နိုင်ဖြစ်နေခြင်းဖြစ်သည်။
အန်းရှို့ရှို့သည် သူမထက် ပို၍ ငြိမ်သက်နေသည်။ သူမသည် စီတုမြောင်ယီနှင့်မတူဘဲ လွန်ခဲ့သောလများတွင် ချူးယွင်ဖန်းနှင့် အဆက်အသွယ်ရှိခဲ့သောကြောင့် အံ့ဖွယ်ဖြစ်စဥ်များစွာကို မြင်တွေ့ခဲ့ရသည်။ ချူးယွင်ဖန်းသည် လုံးလုံးလျားလျား ထုတ်ဖော်၍မရနိုင်သော ရတနာတစ်ခုကဲ့သို့ သူမကို မကြာခဏ အံ့အားသင့်မှုများ ပေးစွမ်းခဲ့သည်။
ချူးယွင်ဖန်းကို ထိပ်ဆုံးသို့ရောက်ရှိနေပြီဟု သူမ တွေးမိတိုင်း သူသည် အံ့အားသင့်ဖွယ်ဖြစ်စဥ်များ ပေးစွမ်းလေ့များရှိသည်။ အန်းကော်မြို့ဝန်၏ မျက်လုံးများသည် တောက်ပသော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ ချူးယွင်ဖန်းသည် သူ၏သမီးဖြစ်သူပြောသည့်အတိုင်း အမှန်တကယ်ပင် နားမလည်နိုင်အောင် နက်ရှိုင်းလှသည်။ ထိုသို့သောပုဂ္ဂိုလ်မျိုးနှင့် ဆက်ဆံရေးကောင်းမွန်ရန်သာ ဖြစ်နိုင်ပေသည်။ ရန်သူများဖြစ်လာပါက၊ ၎င်း၏အကျိုးဆက်ကို မှန်းဆ၍ ရနိုင်မည်မဟုတ်ပေ။
ထိုလူများအနက် အလွန်တရာ တုန်လှုပ်သွားသူသည် ချူးယောင်ဝေ့ဖြစ်သည်။ သူသည် ယခင်က ချူးယွင်ဖန်း၏ အတွေးအမြင်များကို လုံးလုံးလျားလျား ဆုပ်ကိုင်နိုင်ကာ သူနှင့် ပတ်သက်သည့်အမှန်တရားများကို သိရှိသွားပြီဟု ထင်မှတ်ခဲ့သော်လည်း မိမိသည် အမှန်တရားနှင့် ဝေးကွာနေသေးကြောင်း ချူးယွင်ဖန်းက သက်သေပြခဲ့သည်။ ဤအင်အားကြီးပုဂ္ဂိုလ်များအားလုံးသည် မည်သို့ကြောင့် ချူးယွင်ဖန်းအတွက် ရောက်ရှိလာကြသည်ကို သူ့ဘက်မှ မဖော်ထုတ်နိုင်မီ ချူးယွင်ဖန်းသည် သူ့ကို ဤအသက်ရှည်ဆေးဖြင့် အံ့ဩထိတ်လန့်အောင် ပြုလုပ်ခဲ့သည်။
အခြေအနေသည် ဒုက္ခများတော့မည်ဟု သူ ခံစားလိုက်ရသည်။ ၎င်းသည် သာမန်ပစ္စည်းများနှင့် မတူပေ။ သာမန်ပစ္စည်းများဖြစ်ပါက၊ ၎င်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ တန်ကြေးရှိသည့်တိုင် သူ၏ခွန်အားဖြင့် ကာကွယ်နိုင်ဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ဝေ့တိုင်းပြည်တစ်ခုလုံးသည် သူ၏အနောက်တွင် ရပ်တည်နေလေသည်။
ဝေ့တိုင်းပြည်သည် ပြည်ထောင်စုကဲ့သို့ အင်အားမကြီးသော်လည်း ၎င်းသည် ကြီးမားကျယ်ပြန့်သော တိုင်းပြည်တစ်ခုဖြစ်နေဆဲဖြစ်သည်။ မြို့ဝန်ကို ထိပါးဝံ့ခြင်းသည် ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်ခုလုံးကို ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်။ ထိုသို့သောသတ္တိမျိုး ပိုင်ဆိုင်ထားသူ လူအများအပြား မရှိလှပေ။
သို့သော် အသက်ရှည်ဆေးသည် ကွဲပြားခြားနားသည်။ လူတစ်ယောက်၏ သက်တမ်းကို တိုးမြင့်စေနိုင်သည်ဟုသည့်အချက်သည် မရေတွက်နိုင်သော လူများစွာကို ယောက်ယက်ခတ်သွားစေလိမ့်မည်။ ၎င်းတို့အားလုံးသည် အသက်ရှင်သန်နိုင်သရွေ့ ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်ခုလုံးကို စော်ကားမိခဲ့လျှင်ပင် မည်သို့ဖြစ်မည်နည်း။ အများဆုံးလျှင် ၎င်းတို့သည် မိုင်ထောင်ပေါင်းများစွာသော နေရာသို့ထွက်ပြေးကာ အပြင်ဘက်နယ်မြေတွင် ပုန်းအောင်းကြမည်ဖြစ်သည်။
ချူးယောင်ဝေ့သည် ထိုအကြောင်းကို တွေးကြည့်ရုံဖြင့် ခေါင်းခဲနေမိသည်။ ယနေ့တွင် ချူးယွင်ဖန်းသည် သူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။ ချူးယွင်ဖန်း၏ ဘာသိဘာသာ အမူအရာကို မြင်လိုက်ရခြင်းသည် သူ့ကို ပို၍ပင် စိတ်ဓာတ်ကျသွားစေသည်။ ချူးယွင်ဖန်းသည် ဤကိစ္စမှဖြစ်ပေါ်လာမည့်ဒုက္ခများ မည်မျှများပြားမည်ကို ယခုအချိန်ထိ နားမလည်သေးကြောင်း သူ ခံစားလိုက်သည်။
သို့သော် သူ အမုန်းဆုံးလူသည် ချူးယွင်ဖန်းမဟုတ်ဘဲ ချန်ရှန်းဟုန်ဖြစ်သည်။ ချန်ရှန်းဟုန်ကြောင့်သာမဟုတ်ပါက၊ ဤအကြောင်းအရာအားလုံးကို လျှို့ဝှက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ရုန်းရင်းဆန်ခတ် ကိစ္စမျိုးဖြစ်လာရန် မရည်ရွယ်ထားသော်လည်း ချန်ရှန်းဟုန်သည် သူ့ကို တွန်းအားပေးခဲ့ကြောင်း အားလုံး သိမြင်နိုင်ကြသည်။
ချူးယောင်ဝေ့သည် ချန်ရှန်းဟုန်ကို မည်သို့ပင်ကြည့်ပါစေ၊ မျက်စိစပါးမွေးစူးစရာဖြစ်နေမိသည်။ သူသည် မုန်းတီးစိတ်ဖြင့် အံကြိတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ လူတစ်ချို့သည် ချူးယွင်ဖန်းကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြောင်း သူ သိလိုက်သည်။ ၎င်းအကြည့်များအနက် အားလုံးသည် ဖော်ရွေနေခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ၊ အသက်ရှည်ဆေး၏ အကျိုးကျေးဇူးသည် အလွန်ကြီးမားလှသည်။ သတင်းများသာ ပျံ့နှံ့သွားပါက၊ ဈေးကြီးကြီးဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။
ချူးယောင်ဝေ့သည် ကျရောက်လာမည့်မုန်တိုင်းအတွက် ပြင်ဆင်ရန်အတွက် ဤမွေးနေ့ပွဲကို အဆုံးသတ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။ အထူးသဖြင့် ချူးယွင်ဖန်းသည် သူ့ထံမှ မည်သည့်အရာများ ဖုံးကွယ်ထားသေးသည်ကို သိချင်နေမိသည်။ ဤအင်အားကြီးပုဂ္ဂိုလ်များအနက် မည်သူတစ်ဦးတစ်ယောက်ကမျှ တုံးအသူများ မဟုတ်ပေ။ ၎င်းတို့အားလုံး အတူတူရောက်ရှိလာမှုအရ သူ မသိသေးသော အကြောင်းအရာတစ်ခုခု ရှိရပေလိမ့်မည်။ လူတိုင်း၏မျက်လုံးများ ပိုမိုစိတ်အားထက်သန်လာသည်နှင့်အမျှ ရုတ်တရက်ဆိုသလိုပင် အပြင်ဘက်မှ ကြေငြာချက်တစ်ခု ထွက်ပေါ်လာသည်။
"စစ်ဝံပုလွေဂိုဏ်းခေါင်းဆောင်မှ လက်ထောက်ခေါင်းဆောင်လျောင်နှင့်အတူ ကြွရောက်လာပါတယ်’’
လူတိုင်း အံ့အားသင့်သွားကြပြန်သည်။ အခြားသော အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ကြွရောက်လာပြန်သည်။ ဤတစ်ကြိမ်တွင် အားလုံးက ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်ကြသည်။ အမှားအယွင်းမရှိကြောင်း ၎င်းတို့အားလုံး အတည်ပြုလိုက်ကြသည်။ ထိုပုဂ္ဂိုလ်သည် ချူးယွင်ဖန်းအတွက် ရောက်ရှိလာခြင်းဖြစ်ပေလိမ့်မည်။ စစ်ဝံပုလွေဂိုဏ်းသည် ဂိုဏ်းတစ်ခုမျှသာဖြစ်သော်လည်း ၎င်းတို့သည် ခုန်းလုံမြို့တစ်ခွင်လုံးသို့ ပြန့်ကျဲလျက်ရှိပေသည်။ စစ်ဝံပုလွေဂိုဏ်း၏ခေါင်းဆောင်သည် မြို့၏ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်အများအပြားလျှင်ပင် စစ်ဝံပုလွေဂိုဏ်း၏ အဆက်အသွယ်နှင့် စွမ်းရည်များကို အားကိုးရပေလိမ့်မည်။
"ဝင်ခွင့်ပြုလိုက်ပါ"
ထိုအချိန်တွင် ချူးယောင်ဝေ့၏ ဒေါသများ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ရာ၊ သူသည် ကပျာကယာ ပြောလိုက်သည်။ ခဏအကြာတွင် စစ်ဝံပုလွေဂိုဏ်း၏ခေါင်းဆောင်သည် လျောင်သာ့ယီနှင့်အတူ ဝင်ရောက်လာခဲ့သည်။ စစ်ဝံပုလွေဂိုဏ်း၏ခေါင်းဆောင်သည် လူအုပ်ထဲသို့ ဖြတ်သန်းကြည့်ရှုလိုက်ရာ၊ ရင်းနှီးကျွမ်းဝင်သူ တချို့ရှိနေကြောင်း သတိထားမိသွားသည်။ သူသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ထိုအင်အားကြီးပုဂ္ဂိုလ်များသည်လည်း ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ၎င်းတို့အနက် တစ်ဦးချင်းစီသည် အလွန်အံ့ဩဖွယ်ကောင်းသူများဖြစ်ကြသည်။
"အားလုံးနဲ့ မတွေ့ရတာတောင် တော်တော်ကြာပြီပဲ၊ ခင်ဗျားတို့အားလုံးကို ဒီမှာတွေ့ရမယ်လို့ ကျုပ် တကယ် မထင်ထားမိဘူး" ဂိုဏ်းခေါင်းဆောင်က လူတိုင်းကို နှုတ်ဆက်လိုက်သည်။
ကုန်းပုယီနှင့် အခြားလူများသည်လည်း နှုတ်ခွန်းဆက်စကား ပြန်ပြောခဲ့ကြသော်လည်း ၎င်းတို့အားလုံး အနည်းငယ် အံ့ဩသွားကြသည်။ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာခြင်းအရ၊ ချူးယွင်ဖန်းနှင့် စစ်ဝံပုလွေဂိုဏ်းသည် မည်သို့သော ဆက်ဆံရေးမျိုးရှိနေသည်ကို ၎င်းတို့ သိချင်နေကြသည်။
ဂိုဏ်းခေါင်းဆောင်သည် ပထမဦးစွာ အရှေ့သို့ လှမ်းလာ၍ ချူးယောင်ဝေ့နှင့် သခင်မကြီးကို ပြောလိုက်သည်။
"မြို့ဝန်နဲ့ သခင်မကြီး၊ ကျုပ်တို့တွေ အလျင်စလို လာခဲ့ရတော့ ဘာမှသိပ်ပြီးမပြင်ဆင်ခဲ့ရဘူး။ ဒီတော့ ထျန်ဟဲလမ်းမပေါ်က ဆိုင်စာချုပ်တွေပဲ ပြင်ဆင်ခဲ့ရတယ်။ ဒါကို သခင်မကြီးရဲ့ မွေးနေ့ပွဲမှာ ပျော်ရွှင်စရာတွေ ထပ်ပေါင်းထည့်တယ်လို့ပဲ မှတ်ယူပေးပါ"
ဂိုဏ်းခေါင်းဆောင်သည် ၎င်းကို သာမန်မွေးနေ့လက်ဆောင်တစ်ခုကဲ့သို့ ပြောခဲ့သော်လည်း လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဆိုင်များသည် သာမန်ဆိုင်များမဟုတ်သောကြောင့်ဖြစ်သည်။ ထျန်ဟဲလမ်းမသည် ထျန်ဟဲမြို့၏ ရွှေရောင်စီးပွားရေးလမ်းများအနက် တစ်ခုဖြစ်သည်။ ၎င်း၏တန်ဖိုးသည် တိုင်းတာ၍မရနိုင်သော်လည်း ၎င်းကို မည်သူမျှ မတပ်မက်ရဲကြပေ။
မည်သို့ဆိုသော် ၎င်းသည် စစ်ဝံပုလွေဂိုဏ်း၏ နယ်မြေတစ်ခုသို့မဟုတ် ၎င်းလမ်းတစ်ခုလုံးကို စစ်ဝံပုလွေဂိုဏ်းမှ ချဲ့ထွင်ခဲ့သောကြောင့်ဖြစ်သည်။ အခြားလူများသည် ၎င်းကို လိုချင်တပ်မက်ကြလျှင်ပင် မလုယူရဲကြပေ။ လူများစွာသည် ၎င်းလမ်းမပေါ်ရှိ ဆိုင်တစ်ဆိုင်မျှသာဖြစ်လျှင်ပင် ဝယ်ယူချင်ကြသည်။ သို့သော် စစ်ဝံပုလွေဂိုဏ်းသည် ၎င်းဆိုင်များကို မည်သည့်အခါမျှ ရောင်းချချင်စိတ်မရှိခဲ့ပေ။ ရွှေဥမျညး ဥပေးနိုင်သော ကြက်မတစ်ကောင်ကို မည်သူက ရောင်းချချင်မည်နည်း။ ထိုသို့ပြုလုပ်ခဲ့လျှင် ရူးမိုက်လွန်းရာကျမည် မဟုတ်လေသလော။
ထိုနေရာရှိ ကြုံရာကျပန်းဆိုင်တစ်ခုလျှင်ပင် နေ့တိုင်း ဝင်ငွေအများအပြားရရှိနိုင်သော်လည်း ယခုအခါ စစ်ဝံပုလွေဂိုဏ်းသည် ရွှေဥများ ဥပေးနေသော ကြက်မကို မြို့ဝန်ထံ အမှန်တကယ် ပေးအပ်တော့မည်ဖြစ်လေသလော။ သို့သော်လည်း အားလုံးသည် ထိုအချိန်တွင် ချူးယွင်ဖန်းကို တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။ စစ်ဝံပုလွေဂိုဏ်းက ဤသို့ပြန်လည်ကျေးဇူးဆပ်ရရန် ချူးယွင်ဖန်းထံတွင် မည်သို့သော ကျေးဇူးအကြွေးမျိုး တင်နေရခြင်းဖြစ်သနည်း။