← Chapters

ဝမ်ဟွမ်၏ အံ့အားသင့်ဖွယ် တောင်းပန်လက်ဆောင်

Vol. 84 Ch. 1249

ဝမ်ဟွမ်၏ အံ့အားသင့်ဖွယ် တောင်းပန်လက်ဆောင်

Vol. 84 Ch. 1249

သူသည် ယခင်က ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်ခဲ့ခြင်းကို တွေးမိသွားသောအခါ ချူးယွင်ဖန်းသာ ထိုအကြောင်းအရာကို သိရှိသွားပါက၊ ရယ်စဖွယ်ကောင်းသည်ဟု ထင်မှတ်နေပေလိမ့်မည်။ ချူးဟောက်ယွီသည် ကိုယ့်ကိုယ်ကို ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်ရန်ပင် ရည်ရွယ်ချက်မရှိတော့ပေ။ ၎င်းတို့သည် တူညီသောအဆင့်တွင် မရှိကြသည်မှာ သေချာသည်။

လင်းယုန်များနှင့် မြေကြီးပေါ်ရှိ ပုရွက်ဆိတ်များသည် အဆင့်အတန်းခြင်း မတူညီကြပေ။ ဤအခိုက်အတန့်တွင် သူသည် အချိန်မနှောင်းမီ ချူးယွင်ဖန်းနှင့် လက်တွဲခွင့်ရခဲ့သည့်အတွက် အနည်းငယ်ပင် ဝမ်းသာနေမိသည်။ မဟုတ်ပါက သူသည် ချန်ရှန်းဟုန်နှင့် ချူးရှို့ကျဲတို့ကဲ့သို့ အလွန်တရာ ထိခိုက်သွားပေလိမ့်မည်။ အခြားလူများကဲ့သို့ပင် သခင်မကြီးသည်လည်း အလွန်တုန်လှုပ်သွားခဲ့သည်။ ချူးယွင်ဖန်း၏ ခွန်အားကို မှန်းဆထားခဲ့သော်လည်း သူသည် ဤမျှအစွမ်းထက်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

သူမ၏ ချူးယွင်ဖန်းအပေါ်ထားရှိသော အမြင်သည် လွန်ခဲ့သော တစ်နှစ်ကျော်ခန့်တွင်သာ ပိတ်မိနေဆဲဖြစ်သည်။ ထိုအချိန်က ချူးယွင်ဖန်းသည် အလွန်ဆိုးရွားသော အခြအနေတွင်ရှိနေသည်။ သူသည် ထိုအချိန်တွင် နတ်အဆင့်စွမ်းအင်မဆိုနှင့် မည်သည့် သိုင်းပညာဆိုင်ရာ ခွန်အားမျှပင် မရှိခဲ့ပေ။ သူမ၏ ကာကွယ်မှုသာမရှိခဲ့ပါက၊ ချူးမိသားစုထဲတွင်ပင် ရှင်သန်နိုင်မည် မဟုတ်ပေ။ သူသည် တစ်နှစ်အတွင်း ဤမျှအစွမ်းထက်လာမည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

ယခု သူမ စဉ်းစားကြည့်လိုက်သောအခါ ချူးယွင်ဖန်းနှင့်ပတ်သက်၍ ယုတ္တိမတန်သော အကြောင်းအရာများစွာရှိခဲ့သည်။ ဥပမာအားဖြင့်၊ သူမနှင့် ချူးယောင်ဝေ့တို့ကို ရင်ဆိုင်ချိန်တွင်ပင် သူမထံမှ တစ်စုံတစ်ရာကိုမျှ မလိုချင်သည့်ဟန်ဖြင့် ခယခြင်းမရှိိသည့်အပြင် အထက်စီးဆန်ခြင်းလည်း မရှိခဲ့ပေ။ ဆိုရိုးစကားရှိသည့်အတိုင်း ချူးယွင်ဖန်းက စိတ်ဆန္ဒနည်းပါးလေ၊ လုံခြုံဘေးကင်းလေဖြစ်နေသည်။

ချူးယွင်ဖန်းသည် တိုက်ပွဲဝင်ရန် ခွန်အားမရှိသောကြောင့် စိတ်ဆန္ဒနည်းပါးနေခြင်းဟု သူမ ထင်မှတ်ခဲ့သည်။ ယခုအခါ ချူးယွင်ဖန်းသည် တိုက်ခိုက်ရန် ခွန်အားမရှိခြင်း မဟုတ်ဘဲ တိုက်ခိုက်ချင်စိတ်သာမရှိခဲ့ပုံပေါ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။

သို့သော် သူမသည် ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် ချက်ချင်းပင် အလွန်ဂုဏ်ယူလာမိသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤလူငယ်လေးသည် ၎င်းတို့၏ ချူးမိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ နေရာတစ်ခုလုံး အလွန်တိတ်ဆိတ်နေလေသည်။ တိတ်ဆိတ်လွန်းသောကြောင့် အပ်တစ်ချောင်း ပြုတ်ကျသွားလျှင်ပင် ကြားသိနိုင်ကြသည်။ လူတိုင်းသည် အသက်အောင့်၍ ချူးယွင်ဖန်းကို စိုက်ကြည့်နေကြသည်။ အချိန်အတော်ကြာပြီးနောက် အိုးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ ဆူပွက်လာခဲ့သည်။

"ကျုပ် နားကြားမှားနေတာလား။ ချူးယွင်ဖန်းက အမွေခံဓားစံအိမ် ပိုင်ရှင်ကိုတောင် တကယ် ဦးညွှတ်ခိုင်းခဲ့တာတဲ့လား"

"ဝမ်ဟွမ်က ခေါင်းငုံ့ပြီး တောင်းပန်မယ်တဲ့လား။ ကြောက်စရာကောင်းလွန်းတယ်"

"ဒါက ချူးယွင်ဖန်းရဲ့ခွန်အားအစစ်အမှန်ပေါ့လေ။ အသက်ရှည်ဆေးတွေ ထုတ်ယူလာနိုင်တာ မဆန်းတော့ပါဘူး’’

"ဒီချူးယွင်ဖန်းက တကယ်ပဲ ဘယ်ကရောက်လာတာလဲ၊ ဒီလောက်ကြောက်စရာကောင်းအောင် ဘယ်ဂိုဏ်းကများ သင်ပေးလိုက်တာလဲ"

နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်နေခဲ့ရာ၊ ၎င်းတို့၏ နှလုံးခုန်သံများ အဆတစ်ရာမျှ တိုးမြင့်လာလေသည်။ ချူးယွင်ဖန်း၏ ခွန်အားအစစ်အမှန်ကို ထိုးဖောက်မြင်ရောက်နိုင်ပြီဟု ထင်မှတ်ခဲ့ချိန်တိုင်း ချူးယွင်ဖန်းသည် အမှန်တရားကို အသုံးချ၍ ၎င်းတို့၏ မျက်နှာများကို ရက်စက်စွာ ရိုက်နှက်လိုက်ပြန်လိုက်သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်နေခဲ့သည်။ သူသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ဖြစ်၍ ခုန်းလုံမြို့တစ်ခုလုံးသို့ အတားအဆီးမရှိ လျှောက်လှမ်းနိုင်သူဖြစ်သည်။

"အသက်ရှည်ဆေးကို ထုတ်ပြဖို့ ဝန်မလေးတာ အံ့ဩစရာ မရှိပါဘူး။ သူ့မှာ ဒီလိုဝှက်ဖဲမျိုးရှိနေတာကို။ တစ်ယောက်ယောက်ကသာ သူ့ကို တိုက်ခိုက်ဖို့ သတ္တိရှိခဲ့ရင် အဲ့ဒီ့လူက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေတာပဲ"

"ဟုတ်ပါ့။ သူက ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူလေ။ အထူးသဖြင့် သူက အသက်ငယ်ငယ်လေးပဲရှိသေးတော့ တစ်နေ့ ရွှေအမတေအဆင့်ကို ဝင်နိုင်မှာ သေချာတယ်။ ဒီလိုအကန့်အသတ်မဲ့ အနာဂတ်မျိုးရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ဘယ်သူက ရန်ဆွရဲမှာလဲ"

"နောက်ဆုံးတော့ ဒီအင်အားကြီး ပုဂ္ဂိုလ်တွေက ဘာလို့ ဒီလောက်အောက်ကျို့နေတာလဲဆိုတာ ကျုပ် နားလည်သွားပြီ။ သူတို့အာလုံးက ကိုယ့်ကိုယ်ကို နှိမ်ချနေတာလို့ပဲ ကျုပ် ထင်ခဲ့တယ်၊ လက်စသတ်တော့ သူတို့က တစ်စုံတစ်ယောက်ကို ဂုန်းဆင်းဖို့ ဒီကိုရောက်လာတာပဲ”

ဤအခိုက်အတန့်တွင် ၎င်းတို့အားလုံး၏ အထင်အမြင်များ မှားယွင်းနေကြကြောင်း သိရှိလိုက်ကြသည်။ ဤလူများသည် ချူးယွင်ဖန်းကို မျက်နှာသာပေးရန်အတွက် ကိုယ့်ကိုယ်ကို နှိမ့်ချနေခြင်းမဟုတ်ဘဲ သူ၏အရှိန်အဟုန်နှင့် လိုက်ပါစီးနင်းရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ယခုအခါ ၎င်းတို့အားလုံး ထိုအကြောင်းအရာကို သိရှိသွားသောသည့်အတွက် နားလည်သဘောပေါက်သွားကြသည်။

ပြင်းထန်စွာ ဆွေးနွေးပြီးနောက် လူတိုင်း ရုတ်တရက် တည်ငြိမ်သွားကြသည်။ လူတိုင်းသည် ဝမ်ဟွမ်၏ ကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းပန်မှုကို စောင့်ဆိုင်းနေကြသည်။ ဤသို့သော မြင်ကွင်းမျိုးသည် ရှားပါးလွန်းလှသည်။ သာမာန်အားဖြင့်၊ ၎င်းတို့သည် တစ်စုံတစ်ဦးကို လူကိုယ်တိုင် လာရောက်တောင်းပန်သည့် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူမဆိုနှင့် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူနှင့်ပင် တွေ့ဆုံနိုင်ကြမည် မဟုတ်ပေ။ ဤသည်မှာ မည်သို့သောမြင်ကွင်းမျိုးဖြစ်သနည်း။

ဝမ်ဟွမ်သည်လည်း ၎င်းတို့ကို ကြာကြာမစောင့်ဆိုင်းစေခဲ့ရာ၊ မကြာမီတွင် အပြင်ဘက်ရှိ အစေခံတစ်ယောက်က တင်ပြလာသည်။

"အမွေခံဓားစံအိမ်ရဲ့ ပိုင်ရှင်ဝမ် ရောက်လာပါတယ်"

ချက်ချင်းပင် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေ၏။ ၎င်းတို့သည် ဤအခြေအနေအတွက် ပြင်ဆင်ထားသော်လည်း အမှန်တကယ် မြင်လိုက်ရချိန်တွင် လူအများအပြားသည် အလွန်စိတ်လှုပ်ရှားသွားကြသည်။ ဝမ်ဟွမ်သည် အမှန်တကယ် လူကိုယ်တိုင်လာရောက်၍ တောင်းပန်ခဲ့သည်။ အားလုံးက လှမ်းကြည့်လိုက်ချိန်တွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ခြေလှမ်းခပ်ကြဲကြဲဖြင့် လျှောက်လှမ်းလာကြောင်း မြင်တွေ့လိုက်ရသည်။ ဝမ်ဟွမ်သည် သူ၏ခန္ဓာကိုယ်ရှိ စူးရှမှုများကို ထိန်းချုပ်ထားခဲ့သည်။ သူသည် သာမာန်လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ထူးမခြားနားပေ။

ဤအရာသည် ချစ်ကြည်မှုနှင့် အားနည်းမှုကို ပြသသော လက္ခဏာတစ်ခုဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ ဒေါသကြီးသူဟု ကောလာဟလသတင်းများ ထွက်ပေါ်နေသော ဝမ်ဟွမ်သည် ဤမျှနှိမ့်ချသောပုံစံဖြင့် အမှန်တကယ် လာရောက်တောင်းပန်မည်ဟု ၎င်းတို့ စိတ်ကူးပင် မယဉ်ဝံ့ကြပေ။

လူတိုင်းသည် စူးရှစွာ စိုက်ကြည့်နေသောကြောင့် ဝမ်ဟွမ်ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။ ထိုလူများ၏ မျက်လုံးများတွင် သံသယများ၊ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ၍ နှစ်ထောင်းအားရဖြစ်နေသော အကြည့်များပင် ရှိနေကြသည်။ သာမာန်အခြေအနေအရဆိုလျှင် ထိုလူများသည် သူ့ကို ဤသို့ကြည့်ဝံ့ကြမည် မဟုတ်ပေ။ ထိုသို့ကြည့်ဝံခဲ့ပါက၊ ၎င်းတို့သည် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေခြင်းသာဖြစ်ပေလိမ့်မည်။

ယခုမူကား၊ သူသည် ဒေါသကို မျိုချရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူသည် ချူးယွင်ဖန်းဆီ လျှောက်လှမ်းလာကာ ဦးညွတ်လိုက်သည်။

"မင်္ဂလာပါ ဆေးဆရာချူး"

"အင်း" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

ချူးယွင်ဖန်း၏ ဘာသိဘာသာ အမူအရာကို မြင်လိုက်ရသောအခါ ဝမ်ဟွမ်သည် အံများကို ဖိကြိတ်မိသည်အထိ အလွန်ဒေါသလာမိသည်။ တစ်ဖက်လူသည် လူငယ်တစ်ဦးသာဖြစ်သော်လည်း သူအရှေ့တွင် မောက်မာစွာ ပြုမူနေခဲ့သည်။ သို့သော်လည်း သူသည် ချူးယွင်ဖန်းနှင့် အမှန်တကယ် ယှဉ်နိုင်ခြင်းမရှိသောကြောင့် ရှုံးနိမ့်မှုကိုသာ ဝန်ခံရပေလိမ့်မည်။

သူ မသိခဲ့သည်မှာ ချူးယွင်ဖန်းသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်မဆိုနှင့် ယခင်က ရွှေအမတေအဆင့်ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်ခဲ့သူဖြစ်သည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သာ ရှိသော ကျွမ်းကျင်သူသည် ချူးယွင်ဖန်းအရှေ့တွင် မောက်မာဝံ့ကြွားနေပါက၊ ဤသည်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေခြင်းသာ မဟုတ်လေသလော။ လူတိုင်းသည် ချူးယွင်ဖန်း၏ ဝှက်ဖဲများအားလုံးကို သိမြင်သွားပြီဟု ထင်မှတ်ခဲ့ကြသော်လည်း ၎င်းသည် ရေခဲတောင်၏အစွန်အဖျားမျှသာဖြစ်ကြောင်း ၎င်းတို့ မသိခဲ့ကြပေ။

"ဟိုတစ်ခေါက်က ကျုပ်ကို အသက်ရှင်ခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆေးဆရာချူး” ဝမ်ဟွမ်က ဦးညွှတ်၍ ပြောလိုက်သည်။

ထိုသို့ကြားသောအခါ လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ဝမ်ဟွမ်သည် အမှန်တကယ် နှိမ့်ချစွာ တောင်းပန်နေခဲ့သည်။ ချူးယွင်ဖန်းသည် ဝမ်ဟွမ်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။ မိမိသည် သူ၏အသက်ကို ချမ်းသာပေးခဲ့ခြင်းဖြစ်ကြောင်း ဝမ်ဟွမ်က မည်သို့ ခန့်မှန်းနိုင်ခဲ့သနည်း။

"သိထားရင် ပြီးတာပဲ" ချူးယွင်ဖန်းက ပေါ့လျော့စွာ ပြောလိုက်သည်။

လူတိုင်းသည် ချူးယွင်ဖန်း၏ အပြုအမူများနှင့်ပတ်သက်၍ လုံးလုံးလျားလျား ထုံကျင်နေကြပြီဖြစ်သည်။ သူသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကို ရင်ဆိုင်ရာတွင် သာမာန်နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ပြုမူနေခဲ့သည်။

"ပြီးခဲ့တဲ့တစ်ခေါက်က ဆေးဆရာချူးကို စိတ်အနှောက်အယှက်ဖြစ်စေမိတာကို တောင်းပန်တဲ့အနေနဲ့ ကျုပ် ယန်ဝိညာဉ်ကိုးပါးပြုပြင်ခြင်းမြက်ဆေးပင်တစ်ပင်ကို ယူလာခဲ့ပါတယ်။ ဒီဆေးပင်ကို ဆေးဆရာချူးက စျေးကွက်ထဲမှာ ရှာနေတယ်လို့ ကျုပ် ကြားလိုက်ရတဲ့အပြင် ဆေးပင်ရဲ့ တည်နေရာကို သိထားတော့ ဆေးဆရာချူးကို တောင်းပန်ဖို့ ကျုပ် ဈေးကြီးပေးပြီး ဝယ်လာခဲ့တာပါ။ ကျေနပ်ပါရဲ့လား ဆေးဆရာချူး"

ဝမ်ဟွမ်သည် သူ၏လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် အနီရောင်တောက်လောင်နေသည့် အရွက်ကိုးရွက်ပါရှိသော အပင်တစ်ပင် ပေါ်ပေါက်လာခဲ့သည်။ ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပလာသည်။ ၎င်းသည် ချူးယွင်ဖန်း ဖော်စပ်ရန်စီစဉ်နေသည့် ယန်ဝိညာဉ်ကိုးပါးပြုပြင်ခြင်းဆေး၏ အဓိကပါဝင်ပစ္စည်းဖြစ်သည်။

သာမာန်နည်းလမ်းများသည် သူ၏ဒဏ်ရာများအပေါ် မထိရောက်နိုင်တော့ပေ။ သူသည် ယခင်ထက် ပြင်းထန်သော ဆေးများကို အသုံးပြုရပေလိမ့်မည်။ ယန်ဝိညာဉ်ကိုးပါးပြုပြင်ခြင်းဆေးသည် အသက်ရှုနေသေးသရွေ့ လူတစ်ဦးကို ကယ်တင်နိုင်သည်ဟု ဆိုကြသည်။ အထူးသဖြင့် သူ၏ မရီးဒျန်များရှိ ဒဏ်ရာများအတွက် အလွန်ထိရောက်မှုရှိပေသည်။

All Chapters